အခန်း (၆၄၃)
Vol. 46 Ch. 643
အနောက်ပိုင်းဒေသ၏ မရဏမျိုးနွယ်စုတည်ရှိရာအရပ်၌ လီပိုင်နှင့်အခြားသူများသည် အထက်ကောင်းကင် ဘုံကိုးဆင့်တွင် ရပ်နေသကဲ့သို့ မရဏမျိုးနွယ်စု၏အခြေစိုက်စခန်းကို အထက်လေဟာပြင်မှ အုပ်မိုးရပ်ကြည့်နေကြသည်။
ယခင်က အလွန်တရာအင်အားကြီးမားသော မရဏမျိုးနွယ်စုသည် ယခု၌ အလွန်တရာအားလျော့ပျက်ပြယ်နေပေသည်။ ချန်ခွမ်းအထွတ်အမြတ်ဘုံလောကရှိ မရဏမျိုးနွယ်စုသားများစွာသည်လည်း ပျက်စီးသေဆုံးကုန်ကြလေပြီ။
ဤသည်မှာ မရဏမျိုးနွယ်စုတစ်ခုတည်း၏ အရေးကိစ္စမဟုတ်ပါဘဲ ရွှမ်းဟိုင်မျိုးနွယ်စုနှင့် ဖျက်စီးခြင်းမျိုးနွယ်စုတို့၏ အရေးကိစ္စလည်းဖြစ်၏။
ရှုံးနိမ့်ခဲ့ပြီးဖြစ်သည့် မြေအောက်ကမ္ဘာ၏မျိုးနွယ်စုများ၏ လက်ရှိအခြေအနေအရ ဝမ်ဖုန်း ကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်ပါချေ။ သို့သော် မျှော်လင့်မထားသည့်ကိစ္စရပ်များ ဖြစ်ေပါ်ခြင်းကို ကာကွယ်ရန်အတွက် ဝမ်ဖုန်းသည် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုစစ်ဆေးရန် ဆန္ဒရှိခဲ့သည်။
ဂျစ်!
အချိန်ခဏမျှကြာမြင့်ပြီးနောက်တွင် လီပိုင်နှင့်အခြားသူများ၏ရှေ့ရှိ လေဟာပြင်သည် ရုတ်တရက်တုန်ခါလာခဲ့ပြီး ၎င်းလေဟာပြင်မှ ဝမ်ဖုန်း ထွက်ပေါ်လာခဲ့သည်။
“ဂိုဏ်းချုပ်!”
ဝမ်ဖုန်းကိုမြင်သောအခါ လီပိုင်နှင့်အခြားသူများသည် ရိုသေလေးစားစွာဖြင့် လက်ဟန်ဖြင့်အရိုအသေပြုကြသည်။
“အရမ်းယဉ်ကျေးဖို့မလိုပါဘူး”
ဝမ်ဖုန်း လက်ဝှေ့ယမ်းလျက်ပြောလိုက်သည်။
ထို့နောက် ဝမ်ဖုန်း မျက်မှောင်ကြုတ်၍ မရဏမျိုးနွယ်စု၏နယ်မြေတစ်ခုလုံးကို ကြည့်ရှုစစ်ဆေးခဲ့သည်။ သို့သော် မည်သည့် မူမမှန်ခြင်းမျှ ရှာမတွေ့ခဲ့ချေ။ ဝမ်ဖုန်း၏ လက်ရှိကျင့်ကြံဆင့်သည် ကြယ်စင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်၏။ ထို့ကြောင့် မရဏမျိုးနွယ်စုနယ်မြေအတွင်း၌ မူမမှန်မှုတစ်စုံတစ်ရာရှိခဲ့လျှင် ဝမ်ဖုန်းကို ဖုံးကွယ်ထားနိုင်ရန် မဖြစ်နိုင်ပေ။
အချိန်ခဏကြာ စဉ်းစားတွေးတောပြီးနောက် ဝမ်ဖုန်း လက်ဝှေ့ယမ်း၍ လီပိုင်တို့ကို မရဏမျိုးနွယ်စုအခြေစိုက်စခန်းနှင့် ပုန်းကွယ်နေသည့် မရဏမျိုးနွယ်စုသားများထံမှ ရတနာများကို စတင်ရှာဖွေရန် ညွှန်ကြားလိုက်သည်။
ဘုန်း!
ဝမ်ဖုန်း၏ညွှန်ကြားမှုဖြင့် လီပိုင်တို့သည် စိုးရိမ်ပူပန်မှု စိုးစဉ်းမျှမရှိဘဲ အရှိန်အဝါများကို တစ်ဟုန်ထိုးထုတ်လွှတ်လိုက်ကြသည်။ သိမြင်ခြင်းစွမ်းအင်များ ဖြာထွက်လာကြပြီး မြေအောက်ကမ္ဘာ၏ မရဏမျိုးနွယ်စုနယ်မြေတစ်ခုလုံးကို စစ်ဆေးကြသည်။
ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်၍ လေဟာပြင်ထက်တွင် မလှုပ်မယှက်ရပ်နေ၏။ ဝမ်ဖုန်း ဤနေရာသို့ လာခဲ့ခြင်းအကြောင်းရင်းမှာ လီပိုင်နှင့်အခြားသူများကို ကူညီပေး၍ လီပိုင်တို့ ရင်ဆိုင်နိုင်စွမ်း မရှိနိုင်လောက်သော ပိုမိုအင်အားကြီးမားသည့် တည်ရှိမှုကြီးတစ်ခုခု ရောက်ရှိလာခြင်းမှ ကာကွယ်ရန်ဖြစ်သည်။
ဝမ်ဖုန်း၏လက်ရှိအင်အားသည် ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးတွင် အင်အားအကြီးဆုံးဖြစ်၏။ ကြယ်စင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်သော ရှီကန်တန့်ပင်လျှင် သူ၏ပြိုင်ဘက် မဟုတ်ပေ။ အစောင့်အရှောက်၃သာလျှင် ဝမ်ဖုန်းကို ဖိနှိပ်နိုင်စွမ်းသည်။
သို့သော် တကယ်တမ်း လက်တွေ့တိုက်ခိုက်လျှင်မူ ရလဒ်ကို မသိနိုင်ပေ။
မိစ္ဆာအရိုးနှင့် ပေါင်းစပ်မှုသည် ဝမ်ဖုန်း၏ရုပ်ခန္ဓာကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားသန်မာသွားစေခဲ့သည်။ အလိုအလျောက်ပင် သူ၏အင်အားသည်လည်း တစ်ဟုန်ထိုးမြင့်တက်သွားခဲ့၏။ ကြယ်စင်ဧကရာဇ်အထွတ်အထိပ်အဆင့်သာ ဖြစ်သည့်တိုင် တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် သာမန်ဧကရာဇ်ဘိုးဘေးအဆင့်၏ ပြိုင်ဘက်မဟုတ်ပေ။
ဘုန်း!
လီပိုင်နှင့်အခြားသူများ ရှာဖွေပြီးနောက် မရဏမျိုးနွယ်စု၏ ပုန်းကွယ်နေသောလူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြကာ လီပိုင်တို့နှင့် တိုက်ခိုက်ကြသည်။ ပြင်းထန်လွန်းလှစွာသောစွမ်းအင်များ မရဏမျိုးနွယ်စု၏အခြေစိုက်စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကနဦး၌ မရဏမျိုးနွယ်စု၏အခြေစိုက်စခန်းကို လွှမ်းခြုံနေသည့် မီးခိုးရောင်မြူခိုးထုသည် ထိုပုန်းကွယ်နေသော မရဏမျိုးနွယ်စုများသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ကမ္ဘာလောကတစ်ခုလုံးသည် ကြောက်ခမန်းလိလိသောစွမ်းအင်ကြီး၏ ဆုတ်ဖြဲခံလိုက်ရပြီး မြေပြင်ထက်တွင် ချောက်ကမ်းပါးနက်ကဲ့သို့ အက်ကွဲကြောင်းကြီးများ ဖြစ်တည်သွားသည်။ ပုန်းကွယ်နေရာမှ ထွက်ပေါ်လာသော မရဏမျိုးနွယ်စုသားများသည်လည်း မကြာလိုက်သည့် အချိန်ခဏလေးအတွင်း လီပိုင်တို့၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်။
လေဟာပြင်ထက်တွင်ရပ်လျက် ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မရဏမျိုးနွယ်စုသားများကို သတ်ဖြတ်ပြီးနောက် ရှန်ရှန့်ကျုံဂိုဏ်း၏ ကံကောင်းမှုချီသည် တစ်ဟုန်ထိုးမြင့်တက်သွားသည်။ အနည်းဆုံး နှစ်ဆမြင့်တက်သွားခြင်းဖြစ်၏။
ဤများပြားလှသော ကံကောင်းမှုချီပမာဏဖြင့် ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပြီး ရှန်ရှန့်ကျုံဂိုဏ်း နဝမဘိုးဘေး မျောက်ဘုရင်စွန်းဝူခုန်းကို အမြဲတမ်းအတွက် ဆင့်ခေါ်နိုင်သည်။
“အမ်?”
သို့သော် ထိုအခိုက်အတန့်၌ ဝမ်ဖုန်း တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။ မျက်နှာအမူအရာမှာ အံ့အားသင့်သွားပြီး မျက်လုံးအစုံသည် လေးနက်အေးစက်သွားကာ တစ်နေရာသို့ အကြည့်မလွှဲတမ်း ကြည့်နေသည်။
လီပိုင်တို့နှင့် မရဏမျိုးနွယ်စုသားများ၏ တိုက်ပွဲအတွင်း ဖြစ်တည်သွားခဲ့သော အက်ကွဲကြောင်းတစ်ခုထံမှ မှေးမှိန်သောအလင်းတန်းများ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအလင်းတန်းသည် အလွန်မှေးမှိန်လှသည်။ မရဏမျိုးနွယ်စုနယ်မြေတစ်ခုလုံးကို ဝမ်ဖုန်းသည် သိမြင်ခြင်းစွမ်းအင်တို့ ထုတ်လွှတ်ဖြန့်ကျက်ထားခဲ့သောကြောင့် မဟုတ်ခဲ့လျှင် ထိုအလင်းတန်းကို သတိထားမိခဲ့မည် မဟုတ်ပေ။
ထို့နောက်၌ မရဏမျိုးနွယ်စုသည် မီးခိုးရောင်မြူခိုးထုများ လွှမ်းခြုံထားပြီး အခြေစိုက်စခန်းသည် များစွာပို၍မှောင်မိုက်နေသည်။ ထို့ကြောင့် အက်ကွဲကြောင်းထဲမှ မူမမှန်မှုကို သတိထားမိရန် ခက်ခဲသည်။
ရှပ်!
ဝမ်ဖုန်း၏ပုံရိပ်သည် အလင်းတစ်စနှင့်အတူ အက်ကွဲကြောင်းထဲသို့ ဆင်းသွားပြီး အလင်းဖျော့ဖျော့တောက်ပစေသည့်အရာကို စုံစမ်းစစ်ဆေးသည်။ ထိုအလင်းဖျော့ဖျော့ကို သတိထားမိချိန်မှစ၍ ထိုအလင်းမှာ မရိုးရှင်းဟု ဝမ်ဖုန်း စိတ်ထင့်နေမိသည်။ အက်ကွဲကြောင်းထဲသို့ ဆင်းသွားပြီးနောက် သူတွေးထင်ထားသည့်အတိုင်းဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။
အလင်းဖျော့ဖျော့ထုတ်လွှတ်နေသည့်အရာသည် ဗလာဖြစ်ေနသည့် ကျောက်ဂိတ်တံခါးတစ်ခု ဖြစ်နေသည်။ လူတစ်ရပ်ခန့်မျှ မြင့်မားပြီး ကျိုးပျက်နေသောအစီအရင်ဖွဲ့စည်းမှုများ ဝန်းရံနေသည်။ ထိုအစီအရင်ဖွဲ့စည်းမှုများသည် မရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာ၏ တိုက်စားမှုခံခဲ့ရပြီးဖြစ်၏။
“ရှေးဟောင်းအကြွင်းအကျန်လား?
ဝမ်ဖုန်း ကျောက်ဂိတ်တံခါးကို စေ့စပ်စွာကြည့်ရှုနေသည်။ အနည်းငယ်ထိတ်လန့်နေလျက် ခပ်တိုးတိုးရေရွတ်၏။
မရဏမျိုးနွယ်စု၏ အခြေစိုက်စခန်းအောက်တွင် ဖုံးကွယ်ထားသည့် အမွေအနှစ်ရှိနေမည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။ လီပိုင်နှင့်အခြားသူများမှ မရဏမျိုးနွယ်စုနယ်မြေကို တိုက်ပွဲအပြီးတွင် ရှာဖွေနေခဲ့ခြင်းကြောင့် မဟုတ်ခဲ့လျှင် ဤဂိတ်တံခါးကို မည်သူမျှ ရှာဖွေတွေ့နိုင်ခဲ့မည် မဟုတ်ပေ။
ဒီနေရာက ဘာလဲ?
ရှန်ရှန့်ကျုံဂိုဏ်း မဆင်းသက်လာမီက မရဏမျိုးနွယ်စုသည် ဤလောကတစ်ခွင် အင်အားအကြီးမားဆုံးသော အင်အားစုများထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ သာမန်လူများမှာ အဘယ်သို့များ ဤနေရာတွင် ရဲတင်းစွာ ပြုမူဝံ့ပါအံ့နည်း။
မရဏမျိုးနွယ်စုသားများသည်တော့ မိမိတို့၏နေထိုင်ရာအရပ်ကို အကြောင်းမဲ့ ကိုယ်တိုင်ဖျက်စီးကြမည် မဟုတ်ပေ။ သို့ဖြစ်ရာ ဤအခြေစိုက်စခန်းအောက်တွင် ပုန်းကွယ်နေသည့် ဂိတ်တံခါးကိုလည်း ရှာတွေ့နိုင်မည်မဟုတ်ပေ။
ဝမ်ဖုန်းသည် ကျောက်ဂိတ်တံခါးကို ချက်ချင်း မဖွင့်သေးပေ။ မျက်လုံးအိမ်ကို အနည်းငယ်မှေးကျဉ်းလျက် ဂိတ်တံခါးနှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွေရန် ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးအကဲခတ်နေသည်။
အချိန်ခဏကြာပြီးနောက် အက်ကွဲကြောင်း၏ အခြားတစ်နေရာတွင် ကျောက်ကမ္ပည်းပြားတစ်ခုကို တွေ့လိုက်သည်။ ထိုကျောက်ကမ္ပည်းတိုင်မှာ အချိန်ကာလကြာမြင့်စွာသော သက်တမ်းရှိပြီးဖြစ်ကြောင်းထင်ရှားပေသည်။ နဂိုက အက္ခရာများကို သိပ်သည်းစွာ ရေးထွင်းထားခဲ့ခြင်းဖြစ်နိုင်သည်။ သို့သော် နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက်တွင် အချိန်ကာလ၏တိုက်စားမှုကြောင့် အက္ခရာစာလုံးများ ဝေဝါးသွားပြီး အလယ်ဗဟိုရှိ စာလုံးကြီးလေးလုံးသာလျှင် ရှင်းရှင်းလင်းလင်းမြင်ရပေသည်။
“ထျန်းရွှမ်တာ့အိုနန်းတော်လား?
ဝမ်ဖုန်း မျက်မှောင်ကြုတ်လျက် ထိုစာလုံးများကို ခပ်ဖျော့ဖျော့ရေရွတ်လိုက်သည်။
မည်သည့်အကြောင်းကြောင့် မသိပေ။ ထိုစာလုံးလေးလုံးကို အသံထွက်ဖတ်ပြီးနောက် ဝမ်ဖုန်း၏ဝိဉာဉ်၏ နက်ရှိုင်းသောတစ်နေရာမှ ရင်းနှီးသည့်ခံစားချက်ကို ခံစားလိုက်ရသည်။ ထိုရင်းနှီးမှုခံစားချက်သည် လျင်မြန်လွန်းစွာ ဖြတ်ပြေးသွားခဲ့လေရာ ဝမ်ဖုန်းမှာ ထင်ယောင်ထင်မှားဖြစ်ခြင်းပေလောဟုပင် တွေးထင်မိလေသည်။
ဝမ်ဖုန်းသည် အဓိပ္ပာယ်ဖော်ဆောင်၍မရနိုင်သော မျက်နှာအမူအရာဖြင့် ကျောက်ကမ္ပည်းပြားရှေ့တွင် ရပ်၍ စဉ်းစားတွေးတောနေ၏။
တိုတောင်းသည့်အချိန်ကာလအတွင်း၌ ဝမ်ဖုန်းသည် ဇာမဏီစစ်နတ်ဘုရား၏နတ်ဘုရားနယ်မြေ၊ လျှို့ဝှက်ဆန်းကြယ်သော ဝိဉာဉ်ကျေးရွာ၊ ထို့နောက် လီထျန်းမျိုးနွယ်စု စသော များစွာသော တိမ်းပါးပျောက်ကွယ်ခဲ့ပြီးသော အရာများနှင့် ကြုံတွေခဲ့ရသည်။ ယခု၌ ထျန်းရွှမ်တာ့အိုနန်းတော်နှင့် ကြုံတွေ့ရပြန်လေပြီ။
ဒီအရာတွေ ဆက်တိုက်ပေါ်ထွက်လာတာက တစ်ခုခုကို နိမိတ်ပြနေတာများလား?
အဲ့လိုမှမဟုတ်ရင် အချိန်အကြာကြီး ဖုန်အလိမ်းလိမ်းတက်ပြီး ပျောက်ကွယ်နေတဲ့ ဒီရှေးဟောင်းအကြွင်းအကျန်တွေက မိုးရွာပြီးထွက်လာတဲ့ ဝါးစို့တွေလို ဘာလို့များ ဆက်တိုက်ထွက်ပေါ်လာရတာလဲ? ပြီးတော့ ဆက်တိုက် ငါ့ကိုပဲ ကြုံတွေ့စေနေတာ?
တစ်ကြိမ်၊နှစ်ကြိမ်ဖြစ်ပါက တိုက်ဆိုင်မှုဖြစ်နိုင်သေးသည်။ သို့သော် ထိုထက်ပိုပါက တိုက်ဆိုင်မှု မဖြစ်နိုင်တော့ပေ။ ကျိုးကြောင်းဆက်နွယ်နေသည့် ကံကြမ္မာသာ ဖြစ်ချေရော့မည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အမှောင်ထုအတွင်းရှိ ကံကြမ္မာသည် ရှေးဟောင်းအကြွင်းအကျန်များကို ထွက်ပေါ်လာစေပြီး သူ့အား ထိုရှေးဟောင်းအကြွင်းအကျန်များ ထွက်ပေါ်လာရာသို့ ဦးတည်စေခြင်း ဖြစ်နိုင်ပေသည်။