← Chapters

အခန်း (၆၄၄)

Vol. 46 Ch. 644

အခန်း (၆၄၄)

Vol. 46 Ch. 644

ကပ်ဘေးများ မဖြစ်ပေါ်မီတွင် နိမိတ်လက္ခဏာများ တစ်ခုပြီးတစ်ခုဖြစ်ပေါ်တတ်သည်။ ဤရှေးဟောင်းအကြွင်းအကျန်များ ထွက်ပေါ်လာခြင်းသည်လည်း နိမိတ်လက္ခဏာပြသနေခြင်းပေလော။

ဝမ်ဖုန်း၏မျက်လုံးတို့ အလင်းတစ်စတောက်ပသွားကာ နှလုံးအိမ်တုန်လှုပ်သွားသည်။

ဝမ်ဖုန်းသည်လည်း မိမိ၏ခန့်မှန်းချက် မှန်ကန်လိမ့်မည်ဟု မသေချာပေ။ ဤရှေးဟောင်းအကြွင်းအကျန်များထွက်ပေါ်လာခြင်းသည် ကပ်‌ေဘးတစ်ခုခုအတွက် ရှေ့ပြေးနိမိတ်ပေလော မသေချာပေ။ သို့သော် မည်သို့ပင်ဖြစ်စေ အင်အားကြီးမားပြင်းထန်လွန်းကြသည်မှာ အမှန်ပင်ဖြစ်သည်။

ဤရှေးဟောင်းအကြွင်းအကျန်များ ထွက်ပေါ်လာခြင်းသည် ကပ်ဘေးတစ်ခုခုအတွက် နိမိတ်လက္ခဏာဖြစ်လျှင်သော်မှ မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ပါချေ။ ဝမ်ဖုန်းလုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ မိမိကိုယ်ကိုနှင့် ရှန်ရှန့်ကျုံဂိုဏ်းကို ပိုမိုအင်အားကြီးမားလာစေရန်ဖြစ်သည်။

ကြိုတင်မှန်းဆ၍မရနိုင်သော အဖြစ်အပျက်များ မဖြစ်ပျက်မီတွင် မိမိကိုယ်ကိုကာကွယ်နိုင်သည့် အင်အားရှိနေရပေမည်။

လီပိုင်နှင့်အခြားသူများအတွက် မရဏမျိုးနွယ်စု၏ရတနာများကို ရှာဖွေရန် အချိန်မကြာမြင့်လိုက်ပေ။ ရှာဖွေသိမ်းဆည်းပြီးသည့် ရတနာများကို ဝမ်ဖုန်းအား အပ်နှံရန်ပြန်လာချိန်တွင် ဝမ်ဖုန်းသည် ပျောက်ကွယ်သွားလေပြီ။

လီပိုင်နှင့်အခြားသူများသည် တစ်ဦးနှင့်တစ်ဦး တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။ ထို့နောက် တုံ့ဆိုင်းတွေဝေခြင်းမရှိ အက်ကွဲကြောင်းထဲသို့ ဆင်းသွားကြသည်။

ကျောက်တံခါးရှေ့တွင်ရပ်နေသည့် ဝမ်ဖုန်းကိုမြင်သောအခါ လီပိုင်တို့မှာ ထိတ်လန့်သွားရသည်။ မရဏမျိုးနွယ်စု၏အခြေစိုက်စခန်းအောက်တွင် ဤသို့ရှေးဟောင်းအမွေအနှစ်များ ပုန်းကွယ်တည်ရှိနေမည်ဟု သူတို့မျှော်လင့်မထားခဲ့ပါချေ။

“ဂိုဏ်းချုပ်”

လီပိုင်တို့သည် စိတ်နှလုံးအတွင်းမှ အံ့အားသင့်မှုကို ချုပ်တည်း၍ ဝမ်ဖုန်း၏ဘေးသို့ လျှောက်သွားကြသည်။

ဝမ်ဖုန်းသည် လီပိုင်တို့ထံမှ ရတနာများကို လက်ခံယူလိုက်ပြီး ကမ္ဘာဝန်းထဲရှိ ရှန်ရှန့်ကျုံဂိုဏ်း ရတနာသိုလှောင်စံအိမ်သို့ ပို့ဆောင်သိမ်းဆည်းလိုက်သည်။ ဝမ်ဖုန်းသည် လီပိုင်တို့ကို တစ်ချက်သာ ဝေ့ဝဲကြည့်ခဲ့ပြီး စကားမဆိုပေ။

ရှေးဟောင်းအကြွင်းအကျန်ထဲတွင် အန္တရာယ်ရှိခဲ့လျှင်သော်မှ ဝမ်ဖုန်းသည် ရင်ဆိုင်နိုင်မည့် ယုံကြည်ချက်ရှိသည်။ လက်ရှိဝမ်ဖုန်းသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောကကို ဝင်ရောက်ခါစ မဟုတ်တော့ချေ။

လက်ဝှေ့ယမ်းလိုက်ပြီး ဘေးရှိ လီပိုင်ကို ကျောက်တုံးဂိတ်တံခါးကိုဖွင့်ရန် အချက်ပြလိုက်သည်။

ဝမ်ဖုန်း၏ အမိန့်ကိုလက်ခံရရှိပြီးနောက် လီပိုင် မတုန်လှုပ်ပေ။ ကျောက်တံခါးသို့ လျှောက်သွားပြီး အသက်ပြင်းပြင်းရှူသွင်းကာ တံခါးကိုတွန်းဖွင့်သည်။

လီပိုင်သည် အင်အားကြီးမားသည့် ဆန့်ကျင်အားနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် ကျောက်တံခါးကြီးမှာ အင်အားများစွာ မစိုက်ထုတ်ရဘဲ အလွယ်တကူ ပွင့်သွားခဲ့လေသည်။

ကျောက်ဂိတ်တံခါးပွင့်သွားသည်နှင့်တစ်ပြိုင်နက် ရှေးကျ၍ကျယ်ပြောသောအရှိန်အဝါများ တိုးဝင်လာခဲ့ပြီး အချဉ်ဓာတ်ကဲ့သို့သော ရနံ့များလည်း တိုးဝင်လာသည်။ ဤနေရာမှာ အချိန်ကာလများစွာ ဖုန်အလိမ်းလိမ်းတက်နေခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ကျောက်ဂိတ်တံခါးကိုဖွင့်ပြီးနောက် ဝမ်ဖုန်းနှင့်အခြားသူများအားလုံး၏ အမြင်အာရုံကို ဆွဲဆောင်သွားသည်မှာ အခြားလောကသို့ ဝင်ပေါက်ဖြစ်သည်။

ဤရှေးဟောင်းအကြွင်းအကျန်များသည် မြေပြင်အောက်ထဲတွင်ဖြစ်သည်။ သို့သော် ဇာမဏီစစ်နတ်ဘုရား၏နတ်ဘုရားဘုံလောက၊ ဝိဉာဉ်ကျေးရွာ၊ လီထျန်းမျိုးနွယ်စုတို့နှင့် ဆင်တူသည့် ထူးခြားသည့်နယ်မြေရှိနေသည်။

ဝမ်ဖုန်း၏ဦးဆောင်မှုဖြင့် အားလုံးဂိတ်တံခါးထဲသို့ ဖြေးဖြေးချင်းဝင်ရောက်ကြသည်။ အချိန်ခဏမျှ အမှောင်ထုကြီးစိုးနေပြီးနောက် ဝမ်ဖုန်းနှင့်အခြားသူများသည် ထိုနယ်မြေထဲသို့ ရောက်ရှိလာကြသည်။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရာ မရေမတွက်နိုင်သော ကပ်ဘေးများကို ကြုံတွေ့ခဲ့ပြီးသည့် ကျိုးပျက်နေသည့်နံရံကို တွေ့ရသည်။ မီးလောင်ထားပြီးသော ကမ္ဘာကဲ့သို့ အကောင်းပကတိရှိသည့် အဆောက်အဦးဟူသည် မရှိပေ။

သို့သော် တစ်ချက်ကြည့်ရုံဖြင့်ပင် ဤနယ်မြေတွင် အန္တရာယ်တစ်စုံတစ်ရာမျှ မရှိသည့်အလား အကြွင်းမဲ့တိတ်ဆိတ်နေပေသည်။

ဝမ်ဖုန်းနှင့်အခြားသူများသည် တစ်ဦးနှင့်တစ်ဦးအကြည့်ချင်းဆုံလိုက်ကြပြီးနောက် နယ်မြေထဲသို့ ဖြေးဖြေးချင်းဝင်ရောက်ကြသည်။ ထျန်းရွှမ်တာ့အိုနန်းတော်သည် မည်သို့သော ကပ်ဘေးအန္တရာယ်ကို ခံစားခဲ့ရသည်မသိပေ ဤသို့ပုံစံမျိုးအထိ ဖျက်စီးခံထားရလေသည်။

ဤသို့သီးသန့်တည်ရှိနေသည့် ကျယ်ပြောသောနယ်မြေထဲတွင် ဤထျန်းရွှမ်တာ့အိုနန်းတော်တည်ရှိနေကြောင်းကို သိရှိရန်ခက်ခဲသည်။ အနည်းဆုံးတော့ ဤချန်ခွမ်းအထွတ်အမြတ်ဘုံထဲတွင် ဤသို့သီးသန့်နယ်မြေကြီးကို ပိုင်ဆိုင်နိုင်သည့်အင်အားဟူသည် မရှိနိုင်သည်မဟုတ်ပါလော။

ဒီနေရာကရော ထပ်ပြီး ဟုန်မန်နတ်ဘုရားနယ်ပယ်ရဲ့ ဘုန်းတော်ကြီးမြတ်တဲ့ အကြွင်းအကျန်အမွေအနှစ်တွေပဲလား။

ဝမ်ဖုန်းသည် အနည်းငယ်အံ့အားသင့်နေလျက် စိတ်ထဲမှတွေးလိုက်သည်။

ဝမ်ဖုန်း ယခင်က ကြုံ‌ေတွ့ခဲ့ရသည့် ဇာမဏီစစ်နတ်ဘုရား၏နတ်ဘုရားဘုံလောကကဲ့သို့သော အကြွင်းအကျန်အမွေအနှစ်များသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောကဟု ထင်မှတ်ရသည့်တိုင် တကယ်တမ်းတွင် ဟုန်မန်နတ်ဘုရားနယ်ပယ်နှင့် ဆက်စပ်နေပေသည်။ ဝိဉာဉ်ကျေးရွာသည် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သေးသည်။

ဝမ်ဖုန်းသည် နယ်မြေတစ်ခုလုံးကို ကြည့်ရှုနေရင်းဖြင့် အံ့အားခြင်းကြီးစွာ တွေးတောနေခဲ့သည်။

ဤနေရာတွင် အချို့သောအပျက်အစီးများအပြင် မပျက်စီးသေးသည့် အဆောက်အဦးအချို့နှင့် အလုံးစုံမပျက်စီး‌သေးသော အဆောက်အဦးများလည်း ပြန့်ကျဲတည်ရှိနေသေးသည်။

ဝမ်ဖုန်း၏လက်ရှိပိုင်ဆိုင်မှုနှင့်ပစ္စည်းများဖြင့် ဤအရာများကို လေးလေးနက်နက် မစဉ်းစားပါချေ။ ဝမ်ဖုန်း အမှန်တကယ် ဂရုစိုက်သည်မှာ ကောင်းကင်ကျောက်စိမ်းနန်းတော်ရှိ ရတနာဖြစ်သည်။ ထိုရတနာတစ်မျိုးသာလျှင် ဝမ်ဖုန်း၏စိတ်ဝင်စားမှုကို ရယူနိုင်စွမ်းပေသည်။

ထျန်းရွှမ်တာ့အိုနန်းတော်သည် အလွန်တရာကြီးမားလွန်းသောကြောင့် ဝမ်ဖုန်း၏လက်ရှိကျင့်ကြံမှုဖြင့်ပင် တစ်ထိုင်တည်းဖြင့် အလုံးစုံ မစစ်ဆေးနိုင်ပေ။ ထျန်းရွှမ်တာ့အိုနန်းတော်၏ အစွန်ဖျားလေးကိုပင် မစစ်ဆေးနိုင်သေးပေ။

ကြယ်စင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံမှုဖြင့် ဝမ်ဖုန်း၏အတွေးတစ်ချက်သည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက တစ်ဝက်ခန့်ကို လွှမ်းခြုံစစ်ဆေးပစ်နိုင်သည်။ သို့သော် ဤထျန်းရွှမ်တာ့အိုနန်းတော်ကိုဖြင့် ထိုသို့ မစစ်ဆေးနိုင်ပါချေ။ ဤထျန်းရွှမ်တာ့အိုနန်းတော်၏ အပျက်အစီးများသည် မည်မျှကြီးမားကျယ်ပြန့်သည်ကို စိတ်ကူးမှန်းဆ၍ မရနိုင်ပါချေ။

ထျန်းရွှမ်တာ့အိုနန်းတော်၏ အပျက်အစီးများသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောကထက် ပို၍ကြီးမားနိုင်ကောင်းသည်။

ဝမ်ဖုန်း၏နှလုံးအိမ်တုန်လှုပ်သွားပြီး မျက်လုံးများတောက်ပသွားသည်။ သို့သော် ခြေလှမ်းများသည် ရပ်တန့်မသွားဘဲ ဖြေးလေးစွာ ဆက်သွားနေသည်။

အဆောက်အဦ်းများကို စူးစမ်းစစ်ဆေးပြီးနောက် လီပိုင်နှင့်အခြားသူများသည် စိတ်ပျက်လက်ပျက်ဖြင့် ဝမ်ဖုန်းသို့ ပြန်လာကြသည်။ အသေးစားပစ္စည်းလေးအချို့သာလျှင် ရှာဖွေတွေ့ရှိခဲ့ကြလေသည်။

ထို့နောက် အားလုံးသည် ဝမ်ဖုန်း၏နောက်မှလိုက်၍ ထျန်းရွှမ်တာ့အိုနန်းတော်၏ အတွင်းပိုင်းထဲသို့ ဦးတည်ကြသည်။

အပျက်အစီးအကျိုးအပဲ့များကြားထဲတွင် ရတနာရှာဖွေရန်ဟူသည် စဉ်းစား၍ပင် မရနိုင်ချေ။

ရှပ်!

သို့သော် ထိုအခိုက်အတန့်၌ ဝမ်ဖုန်းနှင့်အခြားသူများအားလုံး ရပ်တန့်သွားကြသည်။ မျက်နှာအမူအရာများ မည်းမှောင်လာကြကာ ရှေ့တူရူသို့ အာရုံစူးစိုက်ကြည့်နေကြသည်။

အရှေ့ဘက်မှ အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ထိုအသံနှင့်အတူ အင်အားကြီးမားသော စွမ်းအင်လှိုင်းလည်း ထွက်ပေါ်လာခဲ့သည်။

ဝမ်ဖုန်း မျက်ခုံးတစ်ချက်ပင့်၍ စွမ်းအင်လှိုင်းကို ခံစားကြည့်လိုက်သည်။ ဘုံနန်းရှင်ဧကရာဇ်အဆင့်စွမ်းအင်ဖြစ်ပြီး နိယာမဧကရာဇ်အဆင့်အရှိန်အဝါ ခပ်ဖျော့ဖျော့ကိုလည်း ခံစားရနေသည်။

လီပိုင်နှင့်အခြားသူများသည် ထိုစွမ်းအင်လှိုင်းကြောင့် ထိတ်လန့်သွားကြပြီး မထိန်းချုပ်နိုင်စွာ ကြောက်ရွံ့စိတ်‌ဖြစ်ပေါ်လာရသည်။

ဒီထျန်းရွှမ်တာ့အိုနန်းတော်ထဲမှာ အသက်ရှိနေတဲ့အရာတော့ ရှိမနေလောက်ပါဘူးနော် ဟုတ်တယ်မလား။

ထျန်းရွှမ်တာ့အိုနန်းတော်၏ဇာစ်မြစ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး မြေအောက်တွင် နစ်မြုပ်နေခဲ့သည်မှာ မည်မျှကြာမြင့်ခဲ့ပြီမသိပေ။ အကယ်၍များ အသက်ရှိနေသည့်အရာ ရှိနေခဲ့ပါလျှင် အဘယ်သို့သော ကြောက်ခမန်းလိလိသောအရာကြီး ဖြစ်လိမ့်မည်နည်း။

မည်သို့ပင်ဖြစ်စေ စွမ်းအင်လှိုင်း၏ကျင့်ကြံဆင့်ကို ခံစားသိရှိပြီးနောက်တွင် လီပိုင်တို့အားလုံး အနည်းငယ်စိတ်သက်သာရာရသွားကြသည်။ နိယာမဧကရာဇ်အဆင့်ဖြစ်ပါက ကြောက်ရွံ့နေရန်မလိုအပ်ပေ၊

ဝမ်ဖုန်းနောက်သို့လှည့်၍ လီပိုင်တို့ကို နောက်မှလိုက်လာရန် မျက်စိမှိတ်အချက်ပြလိုက်သည်။ ထို့နောက် သူတို့အားလုံးသည် စွမ်းအင်လှိုင်း၏လားရာအတိုင်း ဦးတည်သွားကြသည်။

ဝမ်ဖုန်းတို့သည် အသက်ရှူအောင့်ထားလျက် တောင်ကုန်းသို့တက်သည်။ ထို့်နောက် တောင်ကုန်းနောက်သို့ အကဲခတ်ကြည့်ကြသည်။

တောင်ကုန်း၏နောက်တွင် အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားသည့် ရာချီသောလူများရှိနေသည်။ သူတို့၏အရှိန်အဝါသည် အင်အားကြီးမား၍ အားလုံးမှာ ပျက်သုဥ◌်းခြင်းဧကရာဇ်နယ်ပယ်အဆင့်များ ဖြစ်ကြသည်။

ထိုလူများ၏ဆန့်ကျင်ဘက်တွင် တူညီသောအင်အားအရှိန်အဝါတို့ဖြင့် အနီရောင်ဝတ်ရုံများ ဝတ်ဆင်ထားကြသည့်လူတစ်စုသည် အနက်ရောင်ဝတ်ရုံဖြင့်လူအုပ်စုနှင့် မျက်နှာချင်းဆိုင်ရပ်နေကြသည်။

ဘုန်း!

ပြင်းထန်သည့်စွမ်းအင်များ ဝမ်ဖုန်းတို့ထံ တိုးဝင်လာသောကြောင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် တောင်ကုန်းနောက်သို့ သေချာကြည့်ရှုလိုက်ရာ အုပ်စုနှစ်စု၏အလယ်တွင် မျက်နှာချင်းဆိုင်တိုက်ခိုက်နေကြသည့် နိယာမဧကရာဇ်အဆင့်လူငယ်နှစ်ဦးကို မြင်တွေ့လိုက်ရသည်။

ကြမ်းကြုတ်ခက်ထန်လှစွာသော တိုက်ခိုက်မှုစွမ်းအင်နှစ်ခုသည် ထိုလူငယ်နှစ်ဦး၏လက်ဖဝါးမှ ဖြာထွက်နေကြသည်။ နှစ်ဦးသားသည် သားရဲကောင်ကြီးများကဲ့သို့ အလွန်တရာ ကြမ်းကြုတ်ကြသည်။

ထိုမြင်ကွင်းကြောင့် ဝမ်ဖုန်းတို့အားလုံး အံ့အားသင့်ကုန်ကြသည်။ ဤနယ်မြေထဲသို့ သူတို့ထက်ဦးစွာ ဝင်ရောက်ပြီးသူရှိနေမည်ဟု ဝမ်ဖုန်းတို့ မျှော်လင့်မထားခဲ့ပေ။ ပို၍ထူးဆန်းသည့်အချက်မှာ ထိုလူများ၏ကျင့်ကြံဆင့်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်များ ဖြစ်နေခြင်းပင်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?

All Chapters