အခန်း (၆၄၅)
Vol. 46 Ch. 645
လက်ရှိအနေအထားတွင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်သည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ ထိပ်တန်းအင်အားစုကြီးဖြစ်သော ရှန်ရှန့်ကျုံဂိုဏ်းအတွက် ပြဿနာမဟုတ်ပေ။
ချန်ခွမ်းအထွတ်အမြတ်ဘုံလောကတွင် ရှန်ရှန့်ကျုံဂိုဏ်းမှအပ မည်သည့်အင်အားစုကများ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အား အရေးမထားဘဲ လျစ်လျူရှုဝံ့ပါအံ့နည်း။
ထို့ပြင် ဤလူအုပ်စု၌ ချန်ခွမ်းအထွတ်အမြတ်ဘုံလောကအတွင်း ရှန်ရှန့်ကျုံဂိုဏ်းမှအပ အခြားမည်သူမျှ မပိုင်ဆိုင်နိုင်သည့် ရာချီသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်ကျင့်ကြံသူများကို ပိုင်ဆိုင်ထားပေသည်။
ဒီချန်ခွမ်းအထွတ်အမြတ်ဘုံလောကမှာ ပုန်းကွယ်နေတဲ့အင်အားစုတွေ ရှိနေတာများလား?
ဝမ်ဖုန်းတို့သည် အံ့အားသင့်စွာဖြင့် မျက်စိရှေ့ရှိအခြေအနေကို အသက်အောင့်လျက် စောင့်ကြည့်နေကြသည်။
“ဂိုဏ်းချုပ် သူတို့တွေက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်က လူတွေပဲ”
ဝမ်ဖုန်း၏ဘေးရှိ ရွှမ်းယွမ်မှ မျက်မှောင်ကြုတ်လျက် တီးတိုးပြောသည်။
“ဟမ်?”
ရွှမ်းယွမ်၏စကားအဆုံး၌ ဝမ်ဖုန်းနှင့်အခြားသူများမှာ အံ့အားသင့်သွားကြလျက် ရွှမ်းယွမ်သို့ ရုတ်ချည်းကြည့်လိုက်ကြသည်။ မျက်လုံးအစုံတို့မှာ စူးစမ်းသိလိုစိတ်များ ထင်ရှားနေကြပေသည်၊
“အနက်ရောင်ဝတ်ရုံတွေနဲ့အုပ်စုက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် အနက်ရောင်ဆန်းကြယ်ကောင်းကင်နန်းတော်ပဲ။ အနီရောင်ဝတ်ရုံတွေနဲ့က မီးလျှံနီကောင်းကင်နန်းတော်က လူတွေပါ”
ဝမ်ဖုန်း မမေးမြန်းမီတွင် ရွှမ်းယွမ်မှ ရှင်းပြလာသည်။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ အင်အားအကြီးမားဆုံးသော အင်အားစုကြီးများထဲမှ အင်အားစုကြီးတစ်ခု၏ ဆက်ခံသူတစ်ဦးအနေဖြင့် ရွှမ်းယွမ်သည် အလေးမထားတတ်သည့်အကျင့်စရိုက်ရှိသည့်တိုင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်နှင့် ပတ်သက်သော အခြေခံအချက်အလက်များကိုမူ သိရှိပေသည်။
“ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှာ အင်အားစုတွေက ဘယ်လိုခွဲခြားတည်ရှိနေကြလဲ”
ဝမ်ဖုန်း အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး လျှို့ဝှက်မေးမြန်းလိုက်သည်။
“ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်က အရမ်းကျယ်ဝန်းတယ်။ အဲဒါကြောင့် အင်အားစုတွေကလည်း ကြီးမားကြတယ်။ အင်အားစုတွေကို အခြေခံအင်အားစု၊ အင်အားကြီးအင်အားစုနဲ့ အကြီးမြင့်ဆုံးသောအင်အားစုဆိုပြီး ခွဲခြားကြတယ်”
“အခြေခံအင်အားစုတွေက အခြေခံအားဖြင့် ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အဆင့်အောက်က အင်အားစုတွေပဲ။ အဲဒီ့အင်အားစုတွေရဲ့ အင်အားအကြီးမားဆုံးကတောင် ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အဆင့်ပဲရှိတတ်ကြတယ်။ အရမ်းအင်အားကြီးမားတဲ့ အခြေခံအင်အားစုတွေလည်း ရှိတတ်ပြီး လောင်ထျန်းဧကရာဇ်အထွတ်အထိပ်အဆင့်ဘိုးဘေးတွေလည်း ရှိတတ်တယ်။ ဒါပေမဲ့ အရေအတွက် အများကြီးမရှိကြဘူး”
“ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှာ ကြောက်ဖို့အကောင်းဆုံးက အကြီးမြင့်ဆုံးသောအင်အားစုကြီးတွေပဲ။ ပြီးရင်တော့ အင်အားကြီးအင်အားစုတွေပေါ့”
“အင်အားကြီးအင်အားစုတစ်စုမှာ အနည်းဆုံး လောင်ထျန်းဧကရာဇ်အဆင့်အထက်ကျင့်ကြံသူ ၁၀ဦးလောက်ရှိကြတယ်။ အင်အားကြီးအင်အားစုရဲ့ အရှင်သခင်ဟာဆိုရင် စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်ရှိပြီး အင်အားစုကြီးရဲ့ဘိုးဘေးတွေကတော့ ကြက်သွေးရောင်ဧကရာဇ်အဆင့် ရှိရတယ်”
“သူတို့တွေက ကျွန်တော့်ရဲ့ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စုလိုပဲ ကြက်သွေးရောင်ဧကရာဇ်အဆင့်ကျင့်ကြံသူ ၁၀၀အထက်ရှိပြီး သူတော်စင်ဧကရာဇ်အဆင့်ကျင့်ကြံသူ ၃၀အထက်ရှိတယ်။ အင်မော်တယ်ဧကရာဇ်အဆင့်လည်း ရှိနိုင်တယ်”
ဝမ်ဖုန်း၏အမေးကို ရွှမ်းယွမ်မှ တုံ့ဆိုင်းတွေဝေခြင်းမရှိ ရှင်းပြသည်။
ထို့နောက် ရွှမ်းယွမ်မှ ဆက်ပြောသည်။
“ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှာ အင်အားကြီးအင်အားစုတွေ၊ အကြီးမြင့်ဆုံးသောအင်အားစုတွေနဲ့ နှိုင်းစာရင် မရေမတွက်နိုင်တဲ့ အခြေခံအင်အားစုတွေရှိကြတယ်”
“ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံးမှာ အကြီးမြင့်ဆုံးသောအင်အားစုကြီး ၁၈ခုရှိပြီးတော့ အဲဒီ့အင်အားစုကြီး ၁၈ခုက မဟာနတ်ဘုရားမျိုးနွယ်စုကြီး ၄ခု၊ မဟာဧကရာဇ်ဂိုဏ်းကြီး ၆ခုနဲ့ မဟာကောင်းကင်နန်းတော်ကြီး ၈ခုတွေပဲ”
“ပြီးတော့ ဒီအနက်ရောင်ဆန်းကြယ်ကောင်းကင်နန်းတော်နဲ့ မီးလျှံနီကောင်းကင်နန်းတော်က မဟာကောင်းကင်နန်းတော်ကြီး၈ခုထဲမှာ ပါဝင်ကြတယ်”
“ဒီအုပ်စုတွေက အဲဒီ့မဟာကောင်းကင်နန်းတော်ကြီးနှစ်ခုရဲ့လက်အောက်က ဖြစ်လိမ့်မယ်”
ရွှမ်းယွမ်၏စကားအဆုံး၌ ဝမ်ဖုန်းတို့အားလုံးမှာ မျက်မှောင်ကြုတ်သွားရကာ စိတ်တုန်လှုပ်ကုန်ကြသည်။ သူတို့သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကို အမြဲလိုလို အထင်ကြီးခဲ့သည့်တိုင် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ဧကရာဇ်နယ်ပယ်အဆင့်ကျင့်ကြံသူများမှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တွင် အဆင့်သတ်မှတ်ချက်ပင် မပြည့်မီချေ။ အစစ်အမှန်ဧကရာဇ်အဆင့်ကျင့်ကြံသူများသာလျှင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တွင် အဆင့်သတ်မှတ်ချက် ပြည့်မီနိုင်လေသည်။
ထျန်းရွှမ်တာ့အိုနန်းတော်ထဲတွင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏အင်အားစုများနှင့် ဆုံတွေ့ရမည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။ သူတို့တွေ ဘယ်လိုများ ဒီထျန်းရွှမ်တာ့အိုနန်းတော်ထဲကို ဝင်လာခဲ့ကြတာလဲ။
ထျန်းရွှမ်တာ့အိုနန်းတော်က ချန်ခွမ်းအထွတ်အမြတ်ဘုံလောကနဲ့ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကို ဆက်သွယ်ပေးနိုင်တာလား။
ဘုန်း!
ဝမ်ဖုန်း တွေးတောနေစဥ◌်တွင် အဝေးရှိ တိုက်ပွဲအခြေအနေသည်လည်း ပြောင်းလဲသွားခဲ့သည်။ မြည်ဟီးသံတစ်ခုနှင့်အတူ နိယာမဧကရာဇ်အဆင့် လူငယ်ကျင့်ကြံသူနှစ်ဦးသည် အဝေးသို့လွင့်ထွက်သွားကြပြီး သွေးများအန်ထွက်လျက် မြေပြင်သို့ပြုတ်ကျသွားကြသည်။ အခြေအနေမှာ နှစ်ဖက်လုံး ထိခိုက်မှုရှိသည့်အခြေအနေဖြစ်ပေသည်။
အခြေအနေပြောင်းလဲမှုကြောင့် ဝမ်ဖုန်းလည်း အသိစိတ်ပြန်ကပ်သွားခဲ့ပြီး တိုက်ပွဲကို အသေးစိတ်သေချာကြည့်ရှုသည်။၊
“တစ္ဆေအိုကြီးရွှမ်ဝူ မင်းရောငါရောက တပည့်အသစ်တွေကို စမ်းသပ်စစ်ဆေးဖို့ရည်ရွယ်ချက်ကို ဦးတည်နေကြတာပဲ။ ငါတို့ ဒီလိုဆက်ပြီး တင်းမာနေမယ်ဆိုရင် အချိန်ဖြုန်းတီးနေသလိုပဲဖြစ်မှာ။ ဘာလို့ ဒီလောက်နဲံ့ ကိုယ့်လမ်းကို မသွားလိုက်ကြတာလဲ”
အနီရောင်ဝတ်ရုံအုပ်စု၏ခေါင်းဆောင်မှ တစ်ဖက်အုပ်စုကိုကြည့်၍ ကျယ်လောင်စွာပြောသည်။ ၎င်းအသံသည် နယ်မြေတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး တောငိကုန်းနောက်တွင်ပုန်းကွယ်နေသည့် ဝမ်ဖုန်းတို့ကို နိုးကြားသွားစေသည်။
ဝမ်ဖုန်းသည် ပို၍ပင် ထိတ်လန့်သွား၏။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ အကြီးမြင့်ဆုံးသောအင်အားစုကြီး ပီသလှပေသည်။ မျိုးဆက်သစ်တပည့်များပင်လျှင် အင်အားကြီးလွန်းလှပေသည်။
ထျန်းရွှမ်တာ့အိုနန်းတော်သည် တပည့်များအတွက် စမ်းသပ်စစ်ဆေးရန်နယ်မြေ ဖြစ်နေခဲ့မည်ဟု တွေးထင်မထားခဲ့ချေ။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?
“တစ္ဆေအိုကြီဟုန်မြောင် မင်းတို့ငါတို့ ကောင်းကင်နန်းတော်နှစ်ခုမှာ ဒီနေရာကိုရှာတွေ့ပြီး ဒီနေရာတစ်ခုလုံးကိုသိမ်းပိုက်ပြီးတဲ့အထိ တစ်ခါမှ အနိုင်အရှုံး မပေါ်ခဲ့ဖူးဘူး။ အခု ငါတို့တွေ မျက်နှာချင်းဆိုင်ဆုံကြပြီဆိုမှတော့ အနိုင်အရှုံးပေါ်လွင်အောင် မသတ်မှတ်လိုက်ရရင် နှမြောဖို့ကောင်းတယ်မဟုတ်လား”
ရွှမ်ဝူသည် မျက်လုံးအိမ်တို့မှေးကျုံ့လျက် ခပ်ထေ့ထေ့အပြုံးဖြင့် အော်ပြော၏။
ယခုလက်ရှိအခြေအနေတွင် ကောင်းကင်နန်းတော်နှစ်ခု၏ မျိုးဆက်သစ်တပည့်များ၏အင်အားသည် အတူတူခန့်ပင်ဖြစ်သည်။ သို့သော် ရွှမ်ဝူသည် ဟုန်မြောင်ထက် အင်အားကြီးမားပေသည်။
ရွှမ်ဝူနှင့်ဟုန်မြောင်တို့သည် မိမိတို့၏ ကောင်းကင်နန်းတော်၏ အပြင်စည်းအကြီးအကဲများဖြစ်ကြပြီး နှစ်ဦးလုံး၏ကျင့်ကြံဆင့်သည် ဧကရာဇ်ဘိုးဘေးအစောပိုင်းအဆင့်ဖြစ်ကြသည်။
ထိပ်တန်းအင်အားစုကြီများတွင် အပြင်စည်းအကြီးအကဲများသည်လည်း အဆင့်သတ်မှတ်ချက်များ သတ်မှတ်ကြသည်။ ထိပ်တန်းအင်အားစုများ၌ ဧကရာဇ်အဆင့်အောက်ကျင့်ကြံသူများသည် အပြင်စည်းအကြီးအကဲနေရာကိုသာ ရရှိနိုင်ကြသည်။ အမြင့်သို့တက်လှမ်းလိုပါက အင်အားစုများအတွက် အထောက်အကူဖြစ်စေခြင်းဖြင့် ကျင့်ကြံဆင့်တိုးမြင့်နိုင်မည့် ဆုလာဘ်တို့ကို ရယူနိုင်သည်။
ဤကျယ်ပြောသည့်ရှေးဟောင်းနယ်မြေကြီးကို အပြည့်အဝ သိမ်းယူနိုင်ခဲ့လျှင် ရရှိမည့်အောင်မြင်မှုနှင့်ဆုလာဘ်များသည် ရွှမ်ဝူအား အပြင်စည်းအကြီးအကဲများတွင် အင်အားအကြီးမားဆုံးသောတည်ရှိမှုကြီးအဖြစ် ပြောင်းလဲပေးရန်လုံလောက်ပေသည်။ ဤမျှကြီးမားသောမက်လုံးကြီးဖြစ်ရာ ရွှမ်ဝူအား စွန့်စားစေရန် လုံလောက်သည်။
ရွှမ်ဝူ၏စကားအဆုံး၌ ဟုန်မြောင်သည် ရွှမ်ဝူသို့ မျက်မှောင်ကြုတ်လျက် တည့်တည့်ကြည့်လာခဲ့ပြီး လှောင်ရယ်၏။
“တစ္ဆေအိုကြီးရွှမ်ဝူ လောဘကြီးတယ်ဆိုတာ မကောင်းဘူးနော်။ ကိုယ့်သွားကိုယ် မချိုးမိစေနဲ့ဦး”
ကောင်းကင်နန်းတော်နှစ်ခုသည် ဤနယ်မြေကို မိမိတို့တစ်ဦးတည်းအပိုင်အဖြစ် သိမ်းယူလိုသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၏။ ဤနယ်မြေသည် ရှေးကျ၍လျှို့ဝှက်ဆန်းကြယ်သည်။ သူတို့ရှာဖွေတွေ့ရှိခဲ့ချိန်မှ စတင်၍ ကောင်းကင်နန်းတော်နှစ်ခု၏ ကျင့်ကြံသူများစွာတို့သည် ဤနယ်မြေအတွင်း စူးစမ်းလိုခဲ့ကြသည်။ သို့သော် သတ်မှတ်ချက်တစ်ခုကို ကျော်လွန်သွားလျှင် ဤနယ်မြေအတွင်း ဆက်လက်စူးစမ်းသွားလာ၍ မရနိုင်တော့ချေ။
အင်မော်တယ်ဧကရာဇ်အဆင့် ဘိုးဘေးများပင်လျှင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ဖူး၏။ သို့သော် အပြည့်အဝ စူးစမ်းမရနိုင်ဘဲရှိလေရာ ကောင်းကင်နန်းတော်နှစ်ခုမှာ ဤနယ်မြေကို လိုချင်တပ်မက်လာကြတော့သည်။
ဤနယ်မြေကြောင့် တိုက်ခိုက်လုနီးထိ ဖြစ်သွားခဲ့ဖူး၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကောင်းကင်နန်းတော်နှစ်ခုသည် မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်ကြပြီး ကောင်းကင်နန်းတော်နှစ်ခု၏ မျိုးဆက်သစ်တပည့်များအတွက် စမ်းသပ်စစ်ဆေးခြင်းနယ်မြေအဖြစ် အသုံးပြုကြရန် ကတိထားခဲ့ကြသည်။ နယ်မြေအတွင်းရှိ ရတနာများအတွက်မူ မိမိ၏ကံ၌သာ မူတည်ပေသည်။
သို့သော် ကတိကဝတ်ဟူသည် ကတိတစ်ခုသာဖြစ်ပြီး ကောင်းကင်နန်းတော်နှစ်ခုသည် အပေါ်ယံ၌သာ ငြိမ်းချမ်းကြသည်။ မျိုးဆက်သစ်တပည့်များ စမ်းသပ်စစ်ဆေးချိန်တိုင်းတွင် လျှို့ဝှက်လှုပ်ရှားကြပေသည်။
ဤသို့ လျှို့ဝှက်ဆန်းကြယ်၍ကျယ်ပြောသော ရှေးဟောင်းနယ်မြေကို မည်သူမျှ လက်မလွှတ်လိုကြပေ။
ထိုအချိန်က ကောင်းကင်နန်းတော်နှစ်ခု၏ သဘောတူညီချက် ကတိသည် ဤသို့ဖြစ်၏:
အကယ်၍ စမ်းသပ်စစ်ဆေးခံ တပည့်တစ်ဦး သုတ်သင်ခံခဲ့ရလျှင် ဤနယ်မြေကို တစ်ဖက်ကောင်းကင်နန်းတော်မှ နှစ်တစ်သောင်းပိုင်ဆိုင်သည်။ နှစ်တစ်သောင်းကြာမြင့်ပြီးမှသာ တစ်ဖန်ပြန်၍ အညီအမျှ ခွဲဝေအသုံးပြုကြမည်ဟူ၏။
နှစ်တစ်သောင်းဟူသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ကျင့်ကြံသူများအတွက် လက်ဖျောက်တစ်ချက်စာမျှသော အချိန်ဖြစ်သည်။ သို့သော် တပည့်များကို ရှာဖွေရန် စေလွတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်နန်းတော်တစ်ခုမှ နှစ်တစ်သောင်းအတွင်း နယ်မြေ၏တစ်ဝက်ကျော်ခန့်သော ရတနာများကို ရှာဖွေပြီးနိုင်လေသည်။ နောက်တစ်ကြိမ် ထပ်မံခွဲဝေအသုံးပြုချိန်တွင် တစ်ဖက်ကောင်းကင်နန်းတော်သည် မည်သည့်အကျိုးကျေးဇူးမျှ ရရှိနိုင်တော့မည်မဟုတ်ပေ။