အခန်း (၆၄၆)
Vol. 46 Ch. 646
“စကားတွေ အများကြီးပြောနေလည်း အသုံးမဝင်ဘူး တိုက်!”
ဟုန်မြောင်၏စကားအဆုံး၌ ရွှမ်ဝူမှ အထင်အမြင်သေးစွာဖြင့် အသံပြုလိုက်သည်။ ထို့နောက် ဧကရာဇ်ဘိုးဘေးအဆင့်များ ဖြာထွက်ထုတ်လွှတ်လျက် လေဟာပြင်ထက်မှနေ၍ ဟုန်မြောင်ကို ရန်လိုသည့်အကြည့်များဖြင့် ကြည့်နေသည်။
ဘုန်း!
ခမ်းနားကြီးကျယ်သောစွမ်းအင်များ ဖြာထွက်လာပြီး နတ်ဘုရားတစ်ပါးကဲ့သို့ လောကတစ်ခွင်ကို တုန်လှုပ်စေသည်။
ဤရှေးဟောင်းနယ်မြေအတွင်းဖြစ်၍ တော်သေးသည်။ ချန်ခွမ်းအထွတ်အမြတ်ဘုံလောကဖြစ်ပါက ဤမျှအင်အားကြီးမား၍ ခမ်းနားကြီးကျယ်သော အင်အားကြီးသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ နေရာအများစုကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
“ရွှမ်းမင်ဧကရာဇ်လက်သီး!”
ရွှမ်ဝူ၏ မျက်လုံးအိမ်တို့မှေးကျဉ်းသွားပြီး လက်သီးဆုပ်လိုက်သည်။ ခမ်းနားကြီးကျယ်သောစွမ်းအင်များသည် လက်သီးတွင် စုစည်းသွားပြီး တောက်ပနက်စွေးသော အလင်းများတောက်ပနေသည်။ အနက်ရောင်တွင်းပေါက်ကြီးကဲ့သို့ လူ၏ဝိဉာဉ်ကို အငမ်းမရဝါးမျိုတော့မည့်အလား မြင်ရသူအပေါင်းကို တုန်လှုပ်စေသည်။
ရွှမ်ဝူ လက်သီးထိုးချက်ကို ပစ်လွှတ်လိုက်သည်။ နက်စွေးတောက်ပသော ဧရာမလက်သီးသဏ္ဍာန်ကြီးသည် အနက်ရောင်နဂါးတစ်ကောင်ကဲ့သို့ တစ်ဟုန်ထိုးဦးတည်သွားပြီး အင်အားကြီးမားလှစွာသောစွမ်းအင်ကြောင့် လေဟာပြင်မှာ အပေါက်ကြီးအဖြစ် ဆုတ်ဖြဲခံလိုက်ရလေသည်။
ဟမ့်!
ရွှမ်ဝူမှ အထင်မြင်သေးစွာ တိုက်ခိုက်လာသည်ကိုမြင်သောအခါ ဟုန်မြောင်သည် အလွန်ဒေါသထွက်သွားပြီး အေးစက်စွာနှာမှုတ်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းတွေဝေခြင်းမရှိ စူးရှကျယ်လောင်စွာ စွမ်းအင်ထုတ်လွှတ်လျက် လက်သီးထိုးချက်ဖြင့် ရွှမ်ဝူ၏လက်သီးထိုးချက်ကို တန်ပြန်တိုက်ခိုက်သည်။
ဘုန်း!
မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်း၌ နှစ်ဦး၏တိုက်ကွက်များ ထိခတ်သွားပြီး နားကွဲလုမတတ်သော ပေါက်ကွဲသံကြီးဖြင့် လောကတစ်ခွင် လွှမ်းခြုံသွားသည်။ လူငယ်တပည့်အုပ်စုမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားရပြီး နားစည်နာကျင်မှုကြောင့် အလိုအလျောက်ပင် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်မိသွားရသည်။
ပြင်းထန်လှစွာသောအင်အားသည် ထိုနှစ်ဦးကို ဗဟိုတည်၍ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့ရိုက်ခတ်၏။ မြေဆီလွှာတစ်လွှာလည်း လွင့်တက်သွားရပြီး လူငယ်တပည့်အချို့မှာ အင်အား၏ရိုက်ခတ်မှုကို မရှောင်တိမ်းနိုင်ခဲ့ကြချေ။ ပါးစပ်မှ သွေးအပြည့်အန်ထွက်သွားကြရပြီး မျက်နှာတို့မှာ ဖြူဖျော့ကုန်ကြတော့သည်။
ထိုမြင်ကွင်းကြောင့် အခြားတပည့်များသည်လည်း ကြောက်ရွံ့စွာ နောက်ဆုတ်ကုန်ကြသည်။ အလင်းတန်းနှစ်ခုသည် အဆက်မပြတ် ထိခတ်နေ၏။ ဤတပည့်များအားလုံးသည် အရည်အချင်းရှိသူများ ဖြစ်ကြသည့်တိုင် ကျင့်ကြံဆင့်သည် အဆင့်နိမ့်ကြသေးသည်။ ကျင့်ကြံဆင့်အမြင့်ဆုံးတပည့်သည်ပင် နိယာမဧကရာဇ်အထွတ်အထိပ်အဆင့်သာ ဖြစ်လေရာ ဧကရာဇ်ဘိုးဘေးအဆင့်ကျင့်ကြံသူများ၏ တိုက်ပွဲကို ကြည့်ရှုရန် လုံလောက်သည့်အင်အားမရှိပေ။
ဝမ်ဖုန်းတို့သည် လုံးဝမလှုပ်ရှားကြဘဲ တောင်ကုန်းနောက်မှနေ၍ လေဟာပြင်ထဲရှိ တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ တိုက်ပွဲ၏ ပြင်းထန်သောစွမ်းအင်ရိုက်ခတ်မှု ရိုက်ခတ်လာသည့်တိုင် ဝမ်ဖုန်းတို့အတွက်မူ လေပြေလေးတိုက်ခတ်သွားသကဲ့သို့သာ ဖြစ်လေသည်။
ဝမ်ဖုန်းဖြစ်စေ၊ ရှီကန်တန့်ဖြစ်စေ သူတို့သည် ကြယ်စင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် ဧကရာဇ်ဘိုးဘေးအဆင့်စွမ်းအင်သက်ရောက်မှုကို ဖိအားမခံစားရပေ။ နောက်ဆက်တွဲစွမ်းအင်ရိုက်ခတ်မှုလေးသာ ဖြစ်လေရာ အဘယ်သို့များ သူတို့ကို ထိခိုက်စေနိုင်ပါအံ့နည်း။
ဘုန်း!
လေဟာပြင်ထက်တွင် မိုးခြိမ်းသံတမျှသော မြည်ဟီးသံများ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ရွှမ်ဝူနှင့် ဟုန်မြောင်တို့သည် အလွန်လျင်မြန်သောအရှိန်နှုန်းဖြင့် ထိခတ်ကြ၏။ သူတို့နှစ်ဦး၏ စွမ်းအင်များ ထိခတ်သွားသည့်အချိန်တိုင်းတွင် မုန်တိုင်းထန်သည့်ပင်လယ်ပြင်ကဲ့သို့ အံ့အားသင့်ဖွယ်သော အင်အားသက်ရောက်မှုကြီး ဖြစ်ပေါ်စေသည်။ ထို့ကြောင့်ပင် ကောင်းကင်နန်းတော်နှစ်ခု၏ တပည့်လေးများမှာ မူးနောက်ကုန်ကြလေသည်။
“ဟားဟား တစ္ဆေအိုကြီးဟုန်မြောင်ရာ မင်း ဧကရာဇ်ဘိုးဘေးအဆင့် ရောက်နေပြီဆိုရင်တောင်မှ မင်းက မကြာသေးခင်ကမှ အဆင့်တက်လှမ်းထားတာလေ။ ဘယ်လိုလုပ်ပြီး ငါ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ”
ရွှမ်ဝူသည် ကောက်ကျစ်စဉ်းလဲသော မျက်နှာအမူအရာဖြင့် မောက်မာထောင်လွှားစွာ အော်ရယ်နေသည်။ အံ့ချီးဖွယ်သောစွမ်းအင်များသည် ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံနေပြီး သူ၏လက်သီးစွမ်းအင်တို့သည် နဂါးများကဲ့သို့ အလွန်တရာအင်အားကြီးမားသည်။
ရွှမ်ဝူ၏မောက်မာထောင်လွှားမှုကြောင့် ဟုန်မြောင်၏မျက်နှာအမူအရာမှာ မည်းမှောင်သွားတော့သည်။ တပည့်များ၏ရှေ့တွင် ဖိနှိပ်ခံရခြင်းသည် ဟုန်မြောင်ကို အရှက်ကြီးစွာရစေသည်။
သူသည် အပြင်စည်းအကြီးအကဲတစ်ဦးသာဖြစ်ပြီး ဧကရာဇ်ဘိုးဘေးအဆင့်ကျင့်ကြံသူမျှသာ ဖြစ်စေကာမူ ကြီးမားစွာသောအကျိုးကို ရရှိစေနိုင်ခဲ့လျှင် အဆုံးမဲ့ကျေးဇူးပြုခြင်းအမှုကို လက်ခံရရှိလိမ့်မည်ဖြစ်သည်။
ယနေ့တွင် ကောင်းကင်နန်းတော်သို့ ဝင်ရောက်လာခဲ့သည်မှာ အချိန်မကြာေသးသည့် တပည့်ငယ်များရှေ့တွင် အရှက်ရခဲ့သည်ဖြစ်ရာ ဟုန်မြောင်သည် အလွန်အမင်းဒေါသထွက်နေ၏။
အဆုံးမဲ့ဒေါသအဟုန်သည် မီးတောင်ပေါက်ကွဲခြင်းကဲ့သို့ အင်အားကြီးမားလှစွာသော မိစ္ဆာစွမ်းအင်များကို ဖြာထွက်ေစခဲ့သည်။ ဒေါသသည် ဟုန်မြောင်၏အင်အားကို မလျော့ကျစေသည့်အပြင် ဟုန်မြောင်၏အင်အားသည် အမြင့်ဆုံးသို့ တစ်ဟုန်ထိုးတိုးတက်သွားခဲံ့သည်။
ဘုန်း!
ဟုန်မြောင်၏ခန္ဓာကိုယ်တစ်ခုလုံး၌ မီးလျှံများလွှမ်းခြုံနေသည်မှာ မီးနတ်ဘုရားတစ်ပါးအလားပင်။ အလွန်တရာကြောက်မက်ဖွယ်ကောင်းလှသည်။
ဟုန်မြောင်ထံမှ ဖြာထွက်နေသော ပူပြင်းသည့်အရှိန်အဝါများကြောင့် ကမ္ဘာလောက၏အပူချိန်သည် ရုတ်တရက်မြင့်မားလာခဲ့သည်။ အဝေးမှစောင့်ကြည့်နေသည့် တပည့်များသည်လည်း ချွေးများစိုရွှဲလာရသည်။
“နဂါးနှိမ်နင်းမီးလျှံနီ”
ဟုန်မြောင်ထံမှ မိုးခြိမ်းသံတမျှသော ဟိန်းဟောက်သံထွက်ပေါ်လာပြီး မျက်လုံးအစုံမှာ တောက်ပသော မီးပွားစများ ပြည့်နှက်နေသည်။ လူတစ်ကိုယ်လုံးသည် မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင် ဖြစ်တော့သည်။
ဂါးးး!
ထို့နောက်တွင် မီးလျှံများမှ နဂါးဟိန်းဟောက်သံထွက်ပေါ်လာသည်။ မီးလျံများကြားမှ မီးလျံနဂါးတစ်ကောင်ထွက်ပေါ်လာပြီး ကြောက်ခမန်းလိလိသော နဂါးအရှိန်အဝါသည် အရပ်လေးမျက်နှာသို့ ဖြာထွက်ပျံ့နှံ့သည်။
အရှိန်တငြီးငြီးတောက်လောင်နေသော မျက်လုံးကြီးများသည် ရွှမ်ဝူကို စူးရဲစွာစိုက်ကြည့်နေကြသည်။ ရွှမ်ဝူသည်လည်း မျက်မှောင်ကြုတ်သွားရကာ အော်ဟစ်လေသည်။
“မင်းတကယ်ပဲ မီးလျံနီကောင်းကင်နန်းတော်ရဲ့ မှော်စွမ်းအင်ကိုကျင့်ကြံခဲ့တာလား”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ရွှမ်ဝူ အလွန်အမင်းတုန်လှုပ်နေခဲ့၏။ မီးလျံနီကောင်းကင်နန်းတော်၏ အပြင်စည်းအကြီးအကဲတစ်ဦးဖြစ်သော ဟုန်မြောင်သည် ဟုန်ယန်နန်းဆောင်၏မှော်စွမ်းအင်ကို ကျင့်ကြံနိုင်ခဲ့မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဤမီးလျံနီနဂါးကြီးမြည်တမ်းလျှင် မီးလျံကောင်းကင်နန်းတော်၏ အားအနည်းဆုံးသောမှော်စွမ်းအင်ဖြစ်လျှင်သော်မှ နန်းတော်ကြီးကိုထိန်းချုပ်နိုင်စွမ်းသည့် မှော်စွမ်းအင်မျိုးဖြစ်သည်။
မီးလျံကောင်းကင်နန်းတော်၏မှော်စွမ်းအင်အဖြစ် သတ်မှတ်ထားသည့်စွမ်းအင်ဖြစ်ရာ အားအနည်းဆုံးသောစွမ်းအင်သည်ပင် အဘယ်သို့များ အားနည်းနိုင်ပါအံ့နည်း။ သို့ဖြစ်ရာ ဟုန်မြောင်၏ ဧကရာဇ်ဘိုးဘေးအဆင့်စွမ်းအင်နှင့် ပေါင်းစည်းလိုက်သည်တွင် ထိပ်တန်းမှော်စွမ်းအင်အဖြစ် သတ်မှတ်နိုင်တော့သည်။
ယေဘုယျအားဖြင့်ဆိုရသော် ကောင်းကင်နန်းတော်များ၏ အပြင်စည်းအကြီးအကဲများသည် နန်းတော်များ၏မှော်စွမ်းအင်ကိုကျင့်ကြံရန် အရည်အချင်းမပြည့်မီကြပေ။ အချို့သောလက်ရွေးစင်တပည့်များနှင့် အတွင်းစည်းအကြီးအကဲများပင်လျှင် အရည်အချင်းမပြည့်မီကြချေ။ စစ်မှန်သောတပည့်များနှင့် အကြီးအကဲများသာလျှင် နန်းတော်ဆောင်တစ်ခု၊နှစ်ခု၏ မှော်စွမ်းအင်များကိုကျင့်ကြံရန် အရည်အချင်းပြည့်မီကြသည်။
“ဟားဟား မမျှော်လင့်ထားဘူးမလား? ငါက နဂါးနှိမ်နင်းမီးလျံနီကို ကျင့်ကြံထားမယ်လို့လေ”
“ငါကိုယ်တော်က ဧကရာဇ်ဘိုးဘေးအဆင့်ကို တက်လှမ်းတာ မကြာသေးဘူးဆိုပေမယ့် ငါက စစ်မှန်တဲ့တပည့်တစ်ဦးဆီမှာ ခိုလှုံထားပြီးပြီလေ။ အဲဒါကြောင့် နန်းတော်ရဲ့မှော်စွမ်းအင်ကိုလည်း သင်ယူထားပြီးပြီ”
ရွှမ်ဝူ၏ အံ့အားထိတ်လန့်နေခြင်းကို ဟုန်မြောင်မှ လှောင်ရယ်၏။ ဂုဏ်ယူဝံ့ကြွားနေသော ရယ်မောသံသည် မီးလျံနဂါးထံမှ ထွက်ပေါ်နေသည်။
ရွှမ်ဝူ မျက်မှောင်ကြုတ်လိုက်သည်။ အပြင်စည်းအကြီးအကဲတစ်ယောက်မှ စစ်မှန်သောတပည့်တစ်ဦးထံ ခိုလှုံခြင်းဟူသည် ရှက်ရွံ့ဖွယ်လုပ်ရပ်မဟုတ်ပေ။
အပြင်စည်းအကြီးအကဲတွေ ဘယ်လောက်အများကြီးက စစ်မှန်တဲ့တပည့်တစ်ယောက်ရဲ့ တန်ဖိုးထားခံရဖို့ကို ဘယ်လောက်တောင်မျှော်လင့်နေလိုက်ကြသလဲ?
ရွှမ်ဝူသည်လည်း ဟေးရွှမ်ထျန်းနန်းဆောင်၏ စစ်မှန်သောတပည့်တစ်ဦးထံတွင် ခိုလှုံခဲ့ဖူးသည်။ သို့သော် သူသည် ဟုန်မြောင်ကဲ့သို့ ကံမကောင်းပေ။ စစ်မှန်သောတပည့်ကို ကျန်းမျိုးနွယ်စု၏မှော်စွမ်းအင်ကိုသာ ခွင့်ပြုစေနိုင်ခဲ့သည်။
သေချာပေါက်ပင် ကျန်းမျိုးနွယ်စု၏မှော်စွမ်းအင်သည် အလွယ်တကူပေးကမ်းနိုင်သည့်အရာ မဟုတ်ပါချေ။ သို့သော် စစ်မှန်သောတပည့်များသည် ကောင်းကင်နန်းတော်မျိုးဆက်သစ်များ၏ မဏ္ဍိုင်များဖြစ်ကြရာ ကောင်းကင်နန်းတော်၏ အဖိုးတန်ရတနာများဖြစ်ကြသည်။ ထို့ကြောင့် စည်းကမ်းထိန်းသိမ်းသည့်အကြီးအကဲများသည် စစ်မှန်သောတပည့်များမှ ကျန်းမျိုးနွယ်စုမှော်စွမ်းအင်ကို အသုံးပြု၍ လူစုဆောင်းသိမ်းသွင်းခြင်းအား မျက်ကွယ်ပြုထားပေးကြသည်။
“မင်းမှာ မီးလျံနီနဂါးရှိတယ်ဆိုရင်တောင် ငါ့ကို အနိုင်ရဖို့ စိတ်ကူးယဉ်မနေနဲ့”
အချိန်ခဏမျှ ထိတ်လန့်နေပြီးနောက်တွင် ရွှမ်ဝူသည် အသိပြန်ဝင်လာခဲ့သည်။ အဘယ်အရာကိုမျှ ဂရုမစိုက်တော့သည့်မျက်နှာအမူအရာသို့ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးကို နက်စွေးတောက်ပသောအလင်းများဖြင့် လွှမ်းခြုံသွားသည်။
သွေးအမြုတေလောင်ကျွမ်းခြင်း။
နန်းတော်၏မှော်စွမ်းအင်ကို အသုံးပြုသည့်ဟုန်မြောင်နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ရွှမ်ဝူသည်လည်း အားကုန်ထုတ်သုံးတော့သည်။ အားအနည်းဆုံးသောစွမ်းအင်ပင်လျှင် သာမန်ထက်ကျော်လွန်ထူးကဲသောအင်အားကြီးကို ဖြစ်တည်စေနိုင်လေရာ နန်းတော်၏မှော်စွမ်းအင်ကို မည်သူမျှ အထင်မြင်သေးစွာ မဆုံးဖြတ်ဝံ့ပါချေ။