← Chapters

အခန်း (၆၄၇)

Vol. 46 Ch. 647

အခန်း (၆၄၇)

Vol. 46 Ch. 647

“မင်းရူးသွားပြီပဲ”

“ဒါက တကယ်ကြီး သွေးအမြုတေလောင်ကျွမ်းခြင်းလား?”

သွေးအမြုတေအား လောင်ကျွမ်းစေလိုက်သည့် ရွှမ်ဝူ၏လုပ်ရပ်ကိုမြင်သောအခါ ဟုန်မြောင်၏မျက်လုံးတို့တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။

ဒါက ဒီတိုင်းအငြင်းပွားရုံလေးပဲကို ရွှမ်ဝူက ဘာလို့ဒီလောက်တောင် အလေးအနက်လုပ်နေရတာလဲ?

သွေးအမြုတေလောင်ကျွမ်းစေ!

သတိမမူသောလုပ်ရပ်လေးတစ်ခုသည် အခြေခံတည်ဆောက်မှုအားလုံးကို ပျက်စီးစေနိုင်လေသည်။ ဤလောက၌ ကောင်းကင်ဘုံဧကရာဇ်အဆင့်ကို တက်လှမ်းရန်ဟူသည် မဖြစ်နိုင်‌ေချ။

“ရက်ရက်စက်စက်နဲ့ မပြတ်သားဘူးဆိုရင် ရှင်ကျန်ရစ်နိုင်မှာဟုတ်ဘူး”

ဟုန်မြောင်၏အံ့အားသင့်သွားမှုကို ရွှမ်ဝူ အေးစက်စွာနှာမှုတ်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းတွေဝေခြင်းမရှိ ခမ်းနားကြီးကျယ်သောစွမ်းအင်များကို ဖြာထွက်ထုတ်လွှတ်လိုက်သည်။ အနီရောင်နှင့်အနက်ရောင်အလင်းတန်းများ ရောယှက်နေလျက် လေဟာပြင်သည် ရေစီးဆင်းနေသကဲ့သို့ အနက်ရောင်လှိုင်းများလည်းရှိနေသည်။

ရွှမ်ဝူ၏ကြောက်မက်ဖွယ်စွမ်းအင်အောက်၌ လေဟာပြင်ကြီးတစ်ခုလုံးသည် အဆုံးမဲ့အနက်ရောင်ရေပြင်ကျယ်တွင် နစ်မြုပ်နေသည့်အလားပင်။ စွမ်းအင်သည် ကျယ်ပြောသောပင်လယ်ပြင်ကဲ့သို့ အပြင်းအထန်ရိုက်ခတ်လျက် ဟုန်မြောင်၏မီးလျံနဂါးကို တိုက်ခိုက်သည်။

ဂါးးး

ဟုန်မြောင် ကောင်းကင်သို့ဟိန်းဟောက်လျက် ပါးစပ်မှ မီးတောက်မီးလျံများ မှုတ်ထုတ်လိုက်သည်။ ထိုမီးတောက်သည် လေဟာပြင်ကို လောင်ကျွမ်းသွားသည်ကဲ့သို့ သာမန်မျက်လုံးဖြင့် မြင်တွေ့နိုင်သည်အထိ လေဟာပြင်ကို ပျက်ယွင်းသွားစေသည်။

မီးတောက်၏လွှမ်းမိုးမှုသည် ရွှမ်ဝူ၏ အနက်ရောင်ရေပြင်ကျယ်ကဲ့သို့သောစွမ်းအင်ကို လောင်ကျွမ်းသွားစေခဲ့သည်။ သို့သော် ရွှမ်ဝူ၏စွမ်းအင်သည် မမောပန်းမကုန်ဆုံးနိုင်သောစွမ်းအင်ကဲ့သို့ ဟုန်မြောင်၏မီးလျံများကို တန်ပြန်တိုက်ခိုက်နေသည်။

“ဟမ့် သွေးအမြုတေကိုလောင်ကျွမ်းပစ်လိုက်ရင်တောင် ငါ့ရဲ့မီးလျံနဂါးတိုက်ခိုက်မှုကို မဟန့်တားနိုင်ပါဘူး”

ဟုန်မြောင်မှ အေးစက်စွာ နှာမှုတ်သည်။ ထို့နောက် တစ်ဟုန်ထိုးတိုက်ခိုက်ပြန်သည်။ ဧရာမမီးလျံနဂါးကြီးသည် လှည့်ပတ်ယိမ်းနွဲ့လျက် မီးတောက်မီးလျံများကို ထုတ်လွှတ်ကာ ကမ္ဘာလောကကို မီးလျံနယ်မြေအဖြစ် ပြောင်းလဲသွားစေသည်။ အဆုံးမဲ့သော ပူပြင်းသည့်မီးလျံများ ဖြာထွက်ပျံ့နှံ့နေလေရာ အဝေးတွင် စောင့်ကြည့်နေကြသော တပည့်များပင်လျှင် ကြောက်ရွံ့ထိတ်လန့်လာကြရသည်။

ဘုန်းး

ရွှမ်ဝူသည်လည်း‌ ကြောက်ရွံ့ခြင်းမရှိဘဲ ခန္ဓာကိုယ်သည် အနက်ရောင်နဂါးတစ်ကောင်ကဲ့သို့ ဟုန်မြောင်သို့ အပြင်းအထန် ဦးတည်တိုက်ခိုက်သည်။

ဘုန်းး

လေဟာပြင်ထက်တွင် နဂါးပုံရိပ်နှစ်ခုထိခတ်သွားပြီး အင်အားကြီးမားသောစွမ်းအင်များ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့ရိုက်ခတ်သွားသည်။ စွမ်းအင်လှိုင်းများသည်လည်း ပေါက်ကွဲသံကြီးနှင့်အတူ လှိုင်းဂယက်များဖြစ်ပေါ်သွားကြသည်။

သူတို့နှစ်ဦး၏တိုက်ခိုက်မှုစွမ်းအင်များ သက်ရောက်မှုကြောင့် အနီးဝန်းကျင်သည်လည်း အဆက်မပြတ်တုန်ခါမှုနှင့်အတူ ပျက်စီးကုန်ကြသည်။

ကမ္ဘာတုန်လှုပ်စေသော တိုက်ပွဲကြီးကြောင့် နေရာရှိလူအပေါင်းမှာ တုန်လှုပ်ကုန်ကြသည်။

ဝမ်ဖုန်းတို့သည် အဝေးမှပင် ပူနွေးသည့်တိုက်ပွဲကိုကြည့်လျက် မျက်လုံးအစုံတို့မှာ တောက်ပနေကြသည်။ ဝမ်ဖုန်းတို့သည် ထိုနှစ်ဦး၏တိုက်ပွဲသည် နှစ်ဦးနှစ်ဖက်လုံး အထိအခိုက်များဖြင့် အဆုံးသတ်သွားပြီး နောက်ဆုံးတွင် အကျိုးအမြတ်ရယူရန် စောင့်ဆိုင်းနေကြပေသ ည်။

ဤတစ်ကြိမ်တွင် ရွှမ်ဝူနှင့်ဟုန်မြောင်တို့မှ ထုတ်လွှတ်လိုက်သောစွမ်းအင်သည် ဝမ်ဖုန်းနှင့် ရှီကန်တန့်တို့ကိုပါ ထိတ်လန့်သွားစေသည်။ ထိုလူနှစ်ဦး၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ဝမ်ဖုန်းတို့မှ ကြားဝင်သတ်ဖြတ်လျှင်ပင် လွယ်ကူလိမ့်မည် မဟုတ်ချေ။

သို့သော် ယခု၌ ထိုနှစ်ဦးသည် ထိခိုက်ဒဏ်ရာရထားကြပြီးဖြစ်ရာ ယခုနေ ရင်ဆိုင်ပါလျှင် များစွာပို၍ လွယ်ကူသွားလေပြီ။

ဘုန်း!

ဝမ်ဖုန်း စဉ်းစားတွေးတောနေစဉ်တွင် ကြောက်မက်ဖွယ်အသံကြီး ထွက်ပေါ်လာပြန်သည်။ အင်အားကြီးမားသောစွမ်းအင်လှိုင်းများသည် သာမန်မျက်လုံးဖြင့်မြင်နိုင်သည်အထိ လှိုင်းဂယက်များရိုက်ခတ်လာခဲ့ရာ အဝေးရှိ ကောင်းကင်နန်းတော်နှစ်ခု၏တပည့်များမှာ နားစည်များစူးအောင့်၍ သွေးများစီးကျလာရသည်။

ထိုကြောက်ခမန်းလိလိသောအဟုန်နှင့်အတူ ကြမ်းကြုတ်သော တုနှိုင်းမဲ့လောက်စွာသော အင်အားသက်ရောက်မှုကြီးလည်း ရိုက်ခတ်ခဲ့သည်။ ထိုအင်အားသက်ရောက်မှုကြောင့် လေဟာပြင်သည် တစ်လွှာပြီးတစ်လွှာပြိုကျလာခဲ့သည်မှာ ကောင်းကင်ပြိုကျပျက်စီးသည့်အလားပင်.. ကမ္ဘာလောကတစ်ခုလုံး အဆုံးမဲ့အမှောင်ထုအတွင်း ကျဆင်းသွားတော့မည်ကဲ့သို့ ရုတ်ချည်း မှေးမှိန်လာခဲ့သည်။

ဘုန်း!

ထို့နောက် ချက်ချင်းပင် ပေါက်ကွဲမှုအလယ်မှ ပုံရိပ်နှစ်ခု လွင့်ထွက်လာခဲ့ပြီး မြေပြင်သို့ပြုတ်ကျလေသည်။ ကမ္ဘာလောကကြီးတုန်လှုပ်သွားပြီး ပြုတ်ကျရာနေရာတွင် ဧရာမတွင်းနက်ကြီးနှစ်ခု ဖြစ်တည်သွား၏။ ထိုတွင်းနက်ကြီးကိုဗဟိုပြုလျက် အရပ်မျက်နှာအသီးသီးသို့ အက်ကွဲကြောင်းများ ပျံ့နှံ့သွားသည်။

အဟွတ်! အဟွတ်!

ထိုပုံရိပ်နှစ်ခုမှာ ရွှမ်ဝူနှင့် ဟုန်မြောင်ဖြစ်သည်။

နှစ်ဦး၏ပုံစံမှာ အလွန်တရာ သနားချင့်ဖွယ်ကောင်းလောက်အောင်ပင် ဝတ်ရုံများစုတ်ပြဲနေကြလေသည်။ ခန္ဓာကိုယ်တစ်ခုလုံး၌ ဒဏ်ရာဒဏ်ချက်များ အပြည့်ဖုံးလွှမ်းလျက် ဒဏ်ရာများမှ သွေးများစီးကျနေရာ လူတစ်ကိုယ်လုံး သွေးချင်းချင်းနီရဲနေတော့သည်။။

ဟုန်မြောင်သည် ‌နန်းတော်၏မှော်စွမ်းအင်ကို ကျင့်ကြံထားခဲ့သည့်တိုင် ရွှမ်ဝူ၏ အားကုန်ထုတ်သုံးတိုက်ခိုက်သည့် သွေးအမြုတေလောင်ကျွမ်းခြင်းဖြင့် ရင်ဆိုင်ရသည်တွင် အသာစီး မရနိုင်တော့ချေ။ ရွှမ်ဝူ၏ မူလကျင့်ကြံဆင့်သည်ပင် ဟုန်မြောင်ထက် မြင့်မားသည် မဟုတ်ပါလော။

ဤတိုက်ပွဲတွင် နှစ်ဦးနှစ်ဖက်လုံး အကျိုးအမြတ် မရရှိခဲ့ကြဘဲ နှစ်ဖက်လုံး ထိခိုက်ရသည့်အခြေအနေဖြင့် အဆုံးသတ်သွားခဲ့သည်။

“အကြီးအကဲ!”

ကောင်းကင်နန်းတော်နှစ်ခု၏ တပည့်များသည် အကြီးအကဲနှစ်ဦး၏ အနာတရများ‌ေသာ အခြေအနေကိုမြင်သောအခါ အပြေးရောက်လာကြသည်။

လူအုပ်စုလိုက်ကြီးသည် သူတို့နှစ်ဦးကို တွင်းနက်ကြီးထဲမှ သယ်ထုတ်၍ ဒဏ်ရာကုသပေးကြသည်။

နှစ်ဖက်လုံးမှ တပည့်များသည် အမျက်ဒေါသများဖြင့် အပြန်အလှန်ကြည့်နေကြ၏။ အကြီးအကဲနှစ်ဦး၏ဒဏ်ရာများကို ကုသရန်လိုအပ်နေသောကြောင့် မဟုတ်ခဲ့လျှင် နှစ်ဖက်အုပ်စုမှာ အမှန်တကယ် တိုက်ခိုက်ကြလောက်၏။

ထိုမြင်ကွင်းကိုမြင်သောအခါ တောင်ကုန်းနောက်တွင် ပုန်းကွယ်နေကြသည့် ဝမ်ဖုန်းတို့၏မျက်နှာထက်တွင် ထူးဆန်းသည့်အပြုံးတစ်ခု ဖြစ်တည်လာသည်။ နောက်ဆုံးတွင်တော့ ဤနယ်မြေတွင် အကြီးမားဆုံးအကျိုးအမြတ်ကို ရရှိသူမှာ ရှန်ရှန့်ကျုံဂိုဏ်းပင် ဖြစ်ချေရော့မည်။

ထို‌ကောင်းကင်နန်းတော်နှစ်ခုသည် ထျန်းရွှမ်တာ့အိုနန်းတော်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ အချိန်မည်မျှကြာမြင့်ခဲ့ပြီ မသိရသော ထျန်းရွှမ်တာ့အိုနန်းတော်သည် ဝမ်ဖုန်းတို့ သိမြင်နားလည်နိုင်သည်ထက် များစွာသာလွန်သည်။

မောက်မာထောင်လွှားသော ကောင်းကင်နန်းတော်နှစ်ခု၏ ဤလူနှစ်ဦးသည် ထျန်းရွှမ်တာ့အိုနန်း‌ေတာ်၏ သတင်းအချက်အလက်များကို ပိုမိုသိရှိရယူလိုကြသည်။ ထို့ကြောင့် ထုံးတမ်းစဉ်လာနှင့်မညီသော နည်းလမ်းများကို အသုံးပြုကြလေသည်။

ဘုန်း!

ဝမ်ဖုန်းတို့အုပ်စု ‌ပုန်းကွယ်နေရာမှ ထွက်လာတော့မည့်ဆဲဆဲတွင် နယ်မြေတစ်ခုလုံး ရုတ်တရက်တုန်ခါသွားခဲ့သည်။ ဝမ်ဖုန်း လက်ကိုဝှေ့ယမ်း၍ လီပိုင်နှင့်အခြားသူများကို အချက်ပြလိုက်သည်။ ထို့နောက် အသံလာရာအဝေးသို့ အကဲခတ်ကြည့်လိုက်သည်။

ကောင်းကင်နန်းတော်နှစ်ခု၏ တပည့်များသည်လည်း မျက်နှာအမူအရာပြောင်းလဲသွားကြကာ တုန်ခါမှု၏လားရာသို့ လှည့်ကြည့်လိုက်ကြသည်။

ဘုန်း!

မြေအောက်ရှိ မြေနဂါးကြီး ထွက်ပေါ်လာတော့မည်ကဲ့သို့ နယ်မြေကြီးတစ်ခုလုံး အပြင်းအထန်တုန်ခါနေပေသည်။

အဝေးရှိ ကောင်းကင်ထက်တွင် အလင်းဖျော့ဖျော့တစ်ခု တောက်ပလာခဲ့ပြီးနောက် စူးရှတောက်ပသောအလင်းတန်းများ ပွင့်အာပြန့်ကားလာခဲ့သည်။ ဝေးကွာလွန်းလှသော အကွာအဝေးမှပင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းသော အရှိန်အဝါကို ခံစားနိုင်ပေသည်။

“ဘာဖြစ်တာလဲ?”

“ရတနာထွက်ပေါ်လာတာများလား?”

ဝမ်ဖုန်းသည် မျက်လုံးအိမ်ကိုမှေးကျဉ်းလျက် အလင်းတန်းထွက်ပေါ်ရာ ကောင်းကင်ကို အာရုံစူးစိုက်ကြည့်နေသည်။ ထို့နောက် သံသယဖြင့်ရေရွတ်၏။ ထိုအလင်းတန်းထွက်ပေါ်ရာကောင်းကင်မှ ကြောက်ခမန်းလိလိသောအရှိန်အဝါကို ဝမ်ဖုန်း ခံစားနိုင်ပေသည်။

၎င်းအရှိန်အဝါသည် ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်စွာ ကြီးမားကျယ်ပြန့်သည်။ ထို့ကြောင့် ဝမ်ဖုန်းသည် ၎င်းအရှိန်အဝါမှ ထုတ်လွှတ်နေသည့်စွမ်းအင်မှာ အဘယ်အရာဖြစ်သည်ကို ဝမ်ဖုန်းသည်လည်း မသိနိုင်ပါချေ။

“မဟုတ်မှ… ထျန်းရွှမ်တာ့အိုနန်းတော်ရဲ့ စစ်မှန်တဲ့ဆက်ခံသူ ထွက်ပေါ်လာတာများလား?”

ဝမ်ဖုန်း ရှုပ်ထွေးနေစဉ်၌ ရွှမ်ဝူနှင့်ဟုန်မြောင်တို့သည် တစ်စုံတစ်ရာကို စဉ်းစားမိသွားဟန်ရ၏။ မျက်လုံးအစုံတွင် ကြောက်မက်ဖွယ်အလင်းများ တောက်ပသွားပြီး သူတို့၏တပည့်များသည်လည်း နှစ်ဦးသားကို စူးစမ်းသည့်အကြည့်များဖြင့် ကြည့်နေကြသည်။

All Chapters