← Chapters

အခန်း (၆၄၈)

Vol. 46 Ch. 648

အခန်း (၆၄၈)

Vol. 46 Ch. 648

“အကြီးအကဲ ဒီစမ်းသပ်စစ်ဆေးနယ်မြေထဲမှာ အမွေအနှစ်တွေရှိနေတာလား?”

မီးလျံနီကောင်းကင်နန်းတော်၏ တပည့်တစ်ဦးမှ အလျင်စလိုမေးမြန်းသည်။

ထိုတပည့်၏အသံအဆုံး၌ ကောင်းကင်နန်းတော်နှစ်ဦး၏ တပည့်များအားလုံးသည် ရွှမ်ဝူနှင့်ဟုန်မြောင်တို့ကို အသီးသီးကြည့်လာကြသည်။

သူတို့သည် ဤစမ်းသပ်စစ်ဆေးနယ်မြေအကြောင်းကို အတိအကျမသိကြသည့်တိုင် ကောင်းကင်နန်းတော်နှစ်ခုအတွက် စမ်းသပ်စစ်ဆေးနယ်မြေဖြစ်လာသည့် နယ်မြေဟူသည် အဘယ်သို့များ ရိုးရှင်းနိုင်ပါအံ့နည်း။ ဤနယ်မြေ၏ အမွေအနှစ်များဟူသည်လည်း အဘယ်မျှ အံ့ချီးဖွယ်ဖြစ်ပါအံ့နည်း။

အမွေအနှစ်များကိုရရှိနိုင်လျှင် သူတို့၏တန်ဖိုးသည် ရုတ်ချည်း တစ်ဟုန်ထိုးတိုးတက်သွားမည်ဖြစ်သည်။ ထို့ပြင် မိမိတို့၏ကောင်းကင်နန်းတော်အသီးသီး၏ တန်ဖိုးထားခြင်းကိုလည်း ခံရပေလိမ့်မည်။

ကောင်းကင်နန်းတော်နှစ်ခု၏ တပည့်ဖြစ်လာနိုင်သူများသည် မူလအစတည်းကပင် အရည်အချင်းရှိသူများ ဖြစ်ကြသည်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၌ သူတို့အားလုံးသည် ပထမတန်းစားပါရမီရှင်များဖြစ်ကြပြီး သို့ဖြစ်ရာ သဘာဝကျကျပင် အင်အားကြီးမားသည့် ကောင်းကင်နန်းတော်တစ်ခု၏ တပည့်ဟူသော ခေါင်းစဉ်အောက်၌သာ အဆုံးသတ်မသွားလိုကြပေ။

စစ်မှန်သောတပည့် သို့မဟုတ် ကောင်းကင်နန်းတော်၏ နန်းတော်သခင်ငယ်ဖြစ်ရန်ဟူသည် ထိုတပည့်များ၏ ရည်မှန်းချက်ဖြစ်သည်။

သို့သော် သူတို့၏အထုံပါရမီဖြင့်ပင် အကြီးမြင့်ဆုံးသောအင်အားစုကြီးများ၏ စစ်မှန်သောတပည့်ဖြစ်လာရန် သို့မဟုတ် နန်းတော်သခင်ငယ်ဖြစ်ရန်မှာ ကောင်းကင်ဘုံကိုဆန့်ကျင်ဆန်တက်နိုင်သည့် အခွင့်အရေးကြီး ထွက်ပေါ်မလာသ၍ မဖြစ်နိုင်ချေ။

အကြီးမြင့်ဆုံးသောအင်အားစုကြီးများ၏ တပည့်အဖြစ် ဝင်ရောက်နိုင်သူများတွင် မည်သူကများ သာလွန်ထူးကဲသည့် အထုံပါရမီ မရှိပါအံ့နည်း။ ထို့ကြောင့် ဤတပည့်များအလယ်တွင် ထင်ပေါ်နေရန်မှာ မလွယ်ကူပေ။ သို့သော် ယခု၌ မိမိတို့‌၏ရှေ့မှောက်တွင် အခွင့်အရေးရောက်ရှိနေပြီဖြစ်ရာ အဘယ်ကြောင့်များ လက်လွတ်ခံရပါမည်နည်း။

“အင်း ဒီစမ်းသပ်စစ်ဆေးရေးနယ်မြေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အကြမ်းဖက်အင်အားစုဖြစ်ခဲ့တဲ့ ထျန်းရွှမ်တာ့အိုနန်းတော်ကြီးပဲ”

ထိုတပည့်၏အမေးစကားကို ရွှမ်ဝူနှင့်ဟုန်မြောင်တို့သည် အချင်းချင်းအကြည့်ဖလှယ်လိုက်ကြပြီး ဖုံးကွယ်သိုဝှက်လိုခြင်းမရှိဘဲ ပွင့်လင်းစွာပြောပြသည်။

“ထျန်းရွှမ်တာ့အိုနန်းတော်?”

အံ့အားသင့်နေသောအသံများ တပည့်များအတွင်း ပဲ့တင်ထပ်သွား၏။ ကောင်းကင်နန်းတော်နှစ်ခု၏တပည့်များသည် ဟုန်မြောင်ကို ရှုပ်ထွေးနေသော မျက်နှာအမူအရာများဖြင့် ကြည့်လာကြပြီး ဟုန်မြောင်မှ ရှင်းပြပေးလာမည်ကို စောင့်ဆိုင်းနေကြသည်။

သူတို့၏အသိပညာသည် သာလွန်ထူးကဲပြီး လူအများစုနှင့် ယှဉ်နိုင်စွမ်းသည်။ သို့သော် သူတို့မည်မျှ ပြန်လည်စဉ်းစားပါစေ ထျန်းရွှမ်တာ့အိုနန်းတော်နှင့်ဆက်နွယ်မှုရှိသည့် မည်သည့်အချက်အလက်ကိုမျှ စဉ်းစားမ‌ရပေ။

“အစပိုင်း ငါတို့ကောင်းကင်နန်းတော်နှစ်ခု ဒီနယ်မြေကို ရှာတွေ့ခဲ့ချိန်တုန်းကပဲ ဒီထျန်းရွှမ်တာ့အိုနန်းတော်ရဲ့ အချက်အလက်တွေကို ရှာတွေ့ခဲ့ကြတာ”

“ဒဏ္ဍာရီတွေအရတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ထျန်းရွှမ်တာ့အိုနန်းတော်လို့ အမည်တွင်တဲ့ ကြောက်မက်ဖွယ်အင်အားစုကြီးတစ်ခု ရှိတယ်တဲ့”

“အဲဒီ့အင်အားစုက ဟုန်မန်နတ်ဘုရားနယ်ပယ်မှာ အင်အားကြီးမားတဲ့ အင်အားစုတစ်ခုဖြစ်ပြီး အဆင့်အတန်းလည်း အလွန်မြင့်မားတယ်လို့ဆိုကြတယ်”

“နန်းတော်သခင် တာ့အိုကျင့်ကြံသူထျန်းရွှမ်က ဟုန်မန်နတ်ဘုရားနယ်ပယ်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေထဲ တစ်ဦးအပါအဝင်ဖြစ်တယ်။ နတ်ဘုရားအရှိန်အဝါဟာ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်လေတယ်”

ဟုန်မြောင် ရှင်းပြသည်ကိုနားထောင်ပြီးနောက် ကောင်းကင်နန်းတော်နှစ်ခု၏တပည့်များသည် စိတ်နှလုံးတုန်လှုပ်လျက် အံ့အားထိတ်လန့်ကြ‌ေလသည်။ သူတို့၏ စမ်းသပ်စစ်ဆေးနယ်မြေသည် ဤသို့ ကြောက်မက်ဖွယ် ဇာစ်မြစ်ရှိနေလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ဖူးပေ။

ဟုန်မန်နတ်ဘုရားနယ်ပယ်၏ အင်အားအကြီးမားဆုံးသော အင်အားစုများထဲ တစ်ခုအပါအဝင်ဖြစ်နေခဲ့၏။

ကောင်းကင်နန်းတော်နှစ်ခုသည် ဤနယ်မြေကို တစ်ဦးတည်းပိုင်ဆိုင်မှုရရှိရန်အတွက် နည်းလမ်းမျိုးစုံကြိုးစားနေကြသည်မှာ အံ့ဩဖွယ်မဟုတ်ပါတော့ချေ။

ရှေးဟောင်းအကြွင်းအကျန်နယ်မြေတစ်ခုသာ ဖြစ်သည့်တိုင် ဤနေရာ၌ မည်သို့သော အမွေအနှစ်မျိုး ပုန်းကွယ်နေသည်ကို မသိနိုင်ပေ။ ဟုန်မန်နတ်ဘုရားနယ်ပယ်၏ အင်အားအကြီးမားဆုံးသော အင်အားစုတစ်ခုဖြစ်လေရာ ဤထျန်းရွှမ်တာ့အိုနန်းတော်သည် အလွန်တရာအင်အားကြီးမားလိမ့်မည် မဟုတ်ပါလော။

နန်းတော်တစ်ခုလုံးရှိ ကျင့်ကြံသူအားလုံးသည် ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံဆင့်များ ဖြစ်နိုင်ပေသည်။

ဘယ်လိုတောင် ကြောက်မက်ဖွယ်ကောင်းလိုက်သလဲ?

ဤနယ်မြေ၏အမွေအနှစ်များကို ရယူနိုင်လျှင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံး၏ မျိုးဆက်သစ်များတွင် ထိပ်တန်းတည်ရှိမှုကြီး ဖြစ်လာလိမ့်မည်ကို မဆိုထားနှင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကြီးတစ်ခုလူံးတွင် သူတို့နှင့်ယှဉ်နိုင်စွမ်းမည့်သူပင်လျှင် အတော်လေးရှားပါးသွားပေလိမ့်မည်။

ထို့ပြင် ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများ၏ အမွေအနှစ်ကိုရရှိခြင်းအားဖြင့် ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိကောင်းရောက်ရှိနိုင်ပေသည်။ ၎င်းမှာ ပျက်သုဉ်းခြင်းဧကရာဇ်တစ်ခုလုံးရှိ ကျင့်ကြံသူများ၏အိပ်မက်ဖြစ်ပေသည်။

တောင်ကုန်းနောက်တွင် ပုန်းကွယ်နေသည့် ဝမ်ဖုန်းတို့ပင်လျှင် အံ့အားသင့်သွားခဲ့သည်။

ဝမ်ဖုန်းသည် ထိုသို့ အကြမ်းဖျင်းခန့်မှန်းထားခဲ့သည့်တိုင် ထျန်းရွှမ်တာ့အိုနန်းတော်၏ဇာစ်မြစ်သည် ဤမျှကြောက်မက်ဖွယ်ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ထျန်းရွှမ်တာ့အိုနန်းတော်၏ အမွေအနှစ်များသည် သူကြုံတွေ့ခဲ့ဖူးသည့် ရှေးဟောင်းအကြွင်းအကျန်များ၏ အမွေအနှစ်များထဲတွင် တန်ဖိုးအကြီးမားဆုံးဖြစ်နိုင်ပေသည်။

ဇာမဏီစစ်နတ်ဘုရား၏နတ်ဘုရားဘုံလောက၌လည်း တန်ဖိုးကြီးအမွေအနှစ်များ အများအပြားရှိနေပါ၏။ သို့သော် စိတ်ရှိသလို မယူဆောင်နိုင်ခဲ့ပေ။ ခြုံငုံလိုက်ပါလျှင် ဇာမဏီစစ်နတ်ဘုရားသည် အသက်ရှင်သန်နေဆဲ ဖြစ်သေည်။

“အကြီးအကဲ အဲ့လောက်အင်အားကြီးမားတဲ့ အင်အားစုကြီးက ဘယ်လိုလုပ်ပြီး ပျက်စီးသွားခဲ့ရတာလဲ”

အခြားတပည့်တစ်ဦးမှ မေးမြန်းလာသည်။ ဝမ်ဖုန်းတို့လည်း အံ့အားသင့်နေရာမှ နားစွင့်နားထောင်ကြသည်။

“ဒီနယ်မြေထဲမှာ အဲဒီ့အကြောင်းရာနဲ့ပတ်သက်တဲ့ မှတ်တမ်းမရှိဘူး။ စကားလုံးအနည်းငယ်ပဲရှိတယ်”

“အဘယ်ရုတ်တရက်ကပ်ဘေးဖြစ်ပေါ်လျှင် အဘယ်သို့သော ရင်ဆိုင်ဖြေရှင်းနည်းလမ်း တည်ရှိပါစေ ထျန်းရွှမ်တာ့အိုနန်းတော်၏ ပျက်စီးခြင်းကိုသာ ဦးတည်စေလိမ့်မည်”

ဟုန်မြောင်မှ တည်ကြည်လေးနက်စွာ ပြော၏။

“အဲဒီ့နောက် ဒီလူမွေးဖွားခဲ့တယ်ဆိုတော့ အဲဒါက ထျန်းရွှမ်တာ့အိုနန်းတော်ရဲ့ ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူရဲ့ ဆက်ခံသူလား”

ဟုန်မြောင်၏စကားအဆုံး၌ တပည့်များသည် ခေါင်းညိတ်စဉ်းစားနေကြပြီး တပည့်တစ်ဦးမှ တောက်လောင်နေသောမျက်လုံးအစုံဖြင့် မေးမြန်းလာပြန်သည်။

ထိုတပည့်၏အမေးစကားကြောင့် အခြားတပည့်များမှာ စိတ်နှလုံးခုန်လှုပ်သွားရပြီး ဟုန်မြောင်သို့ ရုတ်ချည်းကြည့်လာကြသည်။ ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူကို မည်သူမျှ လျစ်လျူမရှုဝံ့ကြပေ။ ဆိုလိုသည်မှာ ဤနယ်မြေထဲတွင် သူတို့ထက်အင်အားကြီးမားသည့် မည်သည့်တည်ရှိမှုမျိုးမှ ရောက်မလာသင့်ပေ။ သို့မဟုတ်ပါက သူတို့၏အင်အားဖြင့် မတိုက်ခိုက်နိုင်ကြောင်း သိသာရှင်းလင်းလှပေသည်။

ကောင်းကင်နန်းတော်နှစ်ခု၏ များစွာသောဘိုးဘေးများနှင့် ထိပ်တန်းကျင့်ကြံသူများသည်လည်း ဤနယ်မြေ၏အမွေအနှစ်များကိုရှာဖွေရန် စိတ်အားထက်သန်စွာ လာရောက်ရှာဖွေခဲ့ပြီးလောက်ပေပြီ။

အင်မော်တယ်ဧကရာဇ်အဆင့်ကျင့်ကြံသူများမှ ဟုန်မန်နတ်ဘုရားနယ်ပယ်၏အမွေအနှစ်များကို ရရှိနိုင်ခဲ့လျှင် ဟုန်မန်နတ်ဘုရားနယ်ပယ်သိူ့ တက်လှမ်းနိုင်ခြေ မြင့်မား၏။ ဤသို့သော မက်လုံးကြီးကို မည်သူမျှ ခံနိုင်ရည်မရှိပါချေ။

ဤအကြောင်းရာသာ အပြင်လောကသို့ပေါက်ကြားသွားခဲ့လျှင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကြီးတစ်ခုလုံး ဤနယ်မြေသို့ရောက်လာကြပြီး စိတ်အားထက်သန်စွာ လှန်လှောရှာ‌ဖွေကြလောက်၏။

ဤကောင်းကင်နန်းတော်နှစ်ခုသည်လည်း ကြီးမားသည့်တန်ကြေးပေးဆပ်ခဲ့လောက်ချေသည်။ မကြာသေးမီကပင် ထျန်းရွှမ်တာ့အိုနန်းတော်အကြောင်းကို အလုံးစုံဖုံးကွယ်ထားခဲ့ပြီး မျိုးဆက်သစ်တပည့်များအတွက် စမ်းသပ်စစ်ဆေးခြင်းနယ်မြေဟု ထုတ်ပြန်ထားခဲ့သည်။

အမွေအနှစ်ထွက်ပေါ်လာခြင်းကဲ့သို့သော တုန်ခါမှုကြီးကြခြင်းကြောင့် မဟုတ်ခဲ့လျှင် ဟုန်မြောင်၊ရွှမ်ဝူတို့သည် တပည့်များကို ထျန်းရွှမ်တာ့အိုနန်းတော်အကြောင်း ပြောပြခဲ့မည်မဟုတ်ပေ။

“အဲ့လိုမဟုတ်ရင်တောင် သာလွန်ထူးကဲတဲ့ရတနာ ထွက်ပေါ်လာတာဖြစ်လိမ့်မယ်”

“ဘာပဲဖြစ်ဖြစ် တစ်ချက်သွားကြည့်ကြတာပေါ့”

ဟုန်မြောင်သည် မျက်လုံးအိမ်တို့မှေးကျုံ့လျက် အဝေးရှိ ကောင်းကင်အလင်းတန်းကို ကြည့်နေသည်။ ၎င်းကောင်းကင်အလင်းတန်းတွင် အဘယ်အရာရှိနေသည်ကို သူသည်လည်း ခံစားမသိ‌နိုင်ချေ။

ဟုန်‌မြောင်၏စကားကြောင့် ကောင်းကင်နန်းတော်နှစ်ခု၏တပည့်များသည် စိတ်လှုပ်ရှားတက်ကြွသွားကြပြီး ကောင်းကင်အလင်းတန်းသို့ ကြည့်နေကြသည့် မျက်လုံးအစုံတို့မှာ ပူပြင်းတောက်လောင်နေကြသည်။ ၎င်းအလင်းတန်းသည် ဟုန်မန်နတ်ဘုရားနယ်ပယ်၏အမွေအနှစ်ဖြစ်ရန် မျှော်လင့်နေခဲ့ကြသည်။

“တစ္ဆေအိုကြီးရွှမ်ဝူ အခု နှစ်ဖက်လုံးထိခိုက်ထားမှတော့ ဆက်ပြီးတိုက်ခိုက်မနေကြရအောင်။ တပည့်တွေကို သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ ရတနာရှာကြပါစေ ဟုတ်ပြီလား”

“ဒါပေါ့ မင်းထပ်ပြီးကြိုးစားကြည့်ချင်ရင်လည်း ငါမင်းကို အဖော်လုပ်ပေးနိုင်ပါတယ်”

ဟုန်မြောင်သည် ရွှမ်ဝူသို့ ရုတ်တရက်ကြည့်လာခဲ့ပြီး လေးနက်စွာပြောသည်။

ရွှမ်ဝူသည် ချက်ချင်း သဘောမတူသေးဘဲ အချိန်ခဏမျှစဉ်းစားနေခဲ့သည်။

နန်းတော်၏မှော်စွမ်းအင်ကိုကျင့်ကြံထားသည့် ဟုန်မြောင်သည် သူအလွယ်တကူသတ်ဖြတ်နိုင်မည့်သူ မဟုတ်တော့ပေ။ သူ့တွင် ကိုယ်ပိုင်ရည်မှန်းချက်များရှိသည့်တိုင် ဟုန်မြောင်နှင့် မတိုက်ခိုက်လိုပါတော့ချေ။

“သွားမယ်!”

ရွှမ်ဝူထံမှ ကတိစကားရရှိပြီးသောအခါ ဟုန်မြောင်သည် မီးလျံနီကောင်းကင်နန်းတော်၏တပည့်များကို ဦးဆောင်၍ ကောင်းကင်အလင်းတန်းသို့ ဦးတည်သွားသည်။

ရွှမ်ဝူနှင့်တပည့်များသည်လည်း သူတို့နောက်မှ လိုက်ပါကြသည်။

ရွှမ်ဝူတို့အုပ်စု ထွက်ခွာသွားပြီးနောက်တွင် ဝမ်ဖုန်းတို့သည်လည်း တောင်ကုန်းနောက်မှ ထွက်လာကြပြီး အသက်ရှူနှုန်းကို ထိန်းချုပ်လျက် ရွှမ်ဝူ၊ဟုန်မြောင်တို့နောက်သို့ လိုက်ခဲ့ကြသည်။

All Chapters