အခန်း (၆၄၉)
Vol. 47 Ch. 649
တစ်ချိန်တည်း၌…
စန်းရိမြို့တော်ကြီးသည် အလွန်စည်ကားသက်ဝင်နေသည်။
ရှန်ရှန့်ကျုံဂိုဏ်းမှ ဂိုဏ်းတပည့်သစ်ရွေးချယ်မည်ဟူသော သတင်းစကားသည် လုံးဝပျံ့နှံ့သွားခဲ့ပြီး စန်းရိမင်းဆက်တစ်ခွင်ကို ကိုင်လှုပ်ခဲ့ရုံသာမက ကျန်ပြည်ထောင်၆ခု၏ မျိုးဆက်သစ်များကိုပါ စိတ်လှုပ်ရှားမှုကြောင့် အော်ဟစ်နေစေခဲ့သည်။
အကွာအဝေးမည်မျှဝေးကွာသည်ဖြစ်စေ စန်းရိမြို့တော်သို့ အရူးအမူး ခရီးနှင်ကြလေသည်။ ချန်ခွမ်းအထွတ်အမြတ်ဘုံလောကတစ်ခွင်လုံးရှိ မျိူးဆက်သစ်အားလုံးနီးပါးသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းတပည့်သစ်ရွေးချယ်ပွဲတွင် ပါဝင်လိုကြသည်။
ရှန်ရှန့်ကျုံဂိုဏ်းသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောကအတွင်း ထွက်ပေါ်လာသည်မှာ အချိန်မကြာမြင့်သေးပေ။ သို့သော်ငြား ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရှိအင်အားသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောကတစ်ခုလုံးထက် သာလွန်သည်ဟု သတ်မှတ်နိုင်ပေသည်။ ခုနစ်ပြည်ထောင်သည်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ရန်သူ မဖြစ်ဝံ့ကြပေ။
ထို့ပြင် မွန်မြတ်ခြင်းခုနစ်ပါးစေတီကိုးထပ်သို့ လီချင်းတို့အုပ်စု တက်ရောက်နိုင်ခဲ့ခြင်းသည်လည်း ချန်ခွမ်းအထွတ်အမြတ်ဘုံတစ်ခွင် ပျံ့နှံ့နေခဲ့ပြီးဖြစ်ကာ မျိုးဆက်သစ်လူငယ်အားလုံးသည် ရှန်ရှန့်ကျုံဂိုဏ်းသည် ကိုးကွယ်ယုံကြည်ဖွယ်ရာကောင်းလှသည်ကို သိရှိထားကြပြီးဖြစ်သည်။
အထုံပါရမီ မကောင်းမွန်လှသည့်တိုင် ရှန်ရှန့်ကျုံဂိုဏ်းသို့ အချိန်ခဏတာ ဝင်ရောက်နိုင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏ သင်ကြားပြသခြင်းကို ခံယူပြီးလျှင် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။
ရှန်ရှန့်ကျုံဂိုဏ်းသည် အဘယ်နည်းဖြင့် ထိုသို့လုပ်ဆောင်နိုင်သည်ကို မည်သူမျှ မသိကြပေ။ သို့သော် ထိုအကြောင်းရာသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ရန်အတွက် ဆွဲဆောင်မှုအရှိဆုံးသော မက်လုံးကြီးဖြစ်သည်။
အချို့သော အင်အားကြီးဂိုဏ်းများပင်လျှင် သူတို့၏ဂိုဏ်းတပည့်များကို ပါဝင်ရန် စေလွှတ်ခဲ့ကြသည်။ ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ အင်အားစုများအားလုံးသည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်လိုကြသည်။ စန်းရိမင်းဆက်မှအပ အခြားသောပြည်ထောင်၆ခုသည် တော်ဝင်တပည့်များကို ရှန်ရှန့်ကျုံဂိုဏ်းတပည့်ရွေးချယ်ပွဲတွင် ပါဝင်ရန် ခေါ်ဆောင်လာခဲ့၏။
စန်းရိမြို့တော်ကွင်းပြင်ကြီးထဲတွင် ဒါဇင်နှင့်ချီသော ကြီးမားသော ပြိုင်ကွင်းများကိုဆောက်လုပ်ခဲ့သည်။ စန်းရိမြို့တော်သည် အလွန်တရာကြီးမားကျယ်ဝန်းလှပေသည်။ သိူ့မဟုတ်ပါက ဤသို့ကြီးကျယ်ခမ်းနားသည့်ပွဲကြီးကို ကျင်းပနိုင်လိမ့်မည်မဟုတ်ပေ။
စန်းရိမြို့တော်သည် အဓိကရုဏ်းမဟုတ်ပါဘဲ မြို့တစ်ခွင် လူထူထပ်နေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ဤတစ်ကြိမ်ကျင်းပသည့် ဂိုဏ်းတပည့်ရွေးချယ်ပွဲသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ အင်အားစုကြီးများအားလုံးကို စုဝေးစေခဲ့သည်ကို အားလုံးသိထားကြပေသည်။
အမောက်မာထောင်လွှားဆုံးသောလူပင်လျှင် ဤအချိန်အခါသမယတွင် ရဲတင်းဝံ့တော့မည် မဟုတ်ပေ။
လမ်းမထက်တွင် ချန်ခွမ်းယွမ်အဆင့်ကျင့်ကြံသူများ ပျားပန်းခတ်နေသည်။ ရံဖန်ရံခါတွင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် အရှိန်အဝါများပင် ဖြတ်သန်းသွားတတ်လေသည်။
အမှန်တကယ်ပင်။ ဤအချိန်အခါတွင် မည်သူမျှ မောက်မာထောင်လွှားမနေနိုင်ကြပါချေ။
ဒါဇင်ကျော်ပြိုင်ကွင်းကြီးများရှေ့တွင် မြင့်သွန်းသည့် ပွဲကြည့်စင်ကြီးရှိသည်။ ပွဲကြည့်စင်ထက်တွင် လီချင်းနှင့်အခြားတပည့်များ တစ်ဦးပြီးတစ်ဦး နေရာယူထိုင်လိုက်ကြပြီး အလယ်ေနရာတွင် မဟာနတ်ဆိုးရွှမ်ရှထိုင်နေသည်။
ထိုအနီးတွင် အမိန့်နာခံထိန်းသိမ်းသည့် တော်ဝင်မျိုးနွယ်၏ဦးရီးတော်ကြီးများ နေရာယူကြသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းတပည့်ရွေးချယ်ပွဲအတွက် စန်းရိမင်းဆက်တစ်ခုလုံးနီးပါးသည် အပြည့်အဝ ပံ့ပိုးခဲ့ကြသည်။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် တော်ဝင်မျိုးနွယ်ဦးရီးတော်ကြီးများပင်လျှင် အမိန့်ေတာ်ထိန်းသိမ်းခြင်းအတွက် လူကိုယ်တိုင်ထွက်လာခဲ့ကြသည်။ မဟာနတ်ဆိုးရွှမ်ရှ သဘောမတူညီခဲ့သောကြောင့် မဟုတ်ခဲ့လျှင် ဧကရီလန်လင်းသည်လည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ ရှန်ရှန့်ကျုံဂိုဏ်းကို ထောက်ပံ့မည်ဖြစ်သည်။
ကွင်းပြင်ကျယ်တစ်ခုလုံး၌ လူငယ်များစွာရပ်ေနသည်။ ထိုလူငယ်များထဲတွင် မင်းဆက်များ၏ တော်ဝင်မျိုးနွယ်ကလေးများ၊ ပြည်ထောင်ခုနစ်ခု၏ အထက်တန်းလွှာမျိုးနွယ်ကလေးများ၊ ဂိုဏ်းအင်အားစုများ၏ကလေးများနှင့် အခြားအခြားသော လူငယ်များစွာ ပါဝင်ကြသည်။
လူအပေါင်းသည် တိတ်ဆိတ်စွာဖြင့် စင်မြင့်ထက်ရှိ မဟာနတ်ဆိုးရွှမ်ရှနှင့်အခြားသူများကို အားမာန်တက်ကြွသောအကြည့်များဖြင့် ကြည့်နေကြသည်။ ဤခြံဝန်းထဲတွင် အနည်းဆုံးသော်မှ သန်းချီသောလူငယ်များရှိနေသည်။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းတပည့် ဖြစ်လာနိုင်သူသည် အရေအတွက်ဘယ်လောက်များ ရှိနိုင်ပါအံ့နည်း။
“ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းတပည့်ရွေးချယ်ပွဲ တရားဝင်စတင်ပြီဖြစ်ကြောင်း ငါကိုယ်တော်ကြေညာတယ်”
တိတ်ဆိတ်နေသည့်အခြေအနေကို မဟာနတ်ဆိုးရွှမ်ရှမှ ရုတ်တရက်ထရပ်၍ ထိုသို့ကျယ်လောင်စွာပြောဆိုလိုက်ခြင်းဖြင့် ဖြိုခွင်းလိုက်သည်။
အဟုန်သည် မိုးခြိမ်းသံကဲ့သို့ အရပ်လေးမျက်နှာကို တုန်ခါသွားစေသည်။ မဟာနတ်ဆိုးကြီး၏ ကြောက်ခမန်းလိလိသောအရှိန်အဝါကြောင့် နေရာရှိလူအားလုံး တုန်လှုပ်သွားကြလေသည်။
“ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းက အထုံပါရမီ၊ အရည်အချင်း၊ ရုပ်ခန္ဓာတွေ၊ ကျင့်ကြံဆင့်တွေကို မကြည့်ဘူး။ အကျင့်စရိုက်၊ နားလည်မှု၊ စိတ်န္ဒနဲ့ ဉာဏ်ပညာကိုပဲ ကြည့်တယ်”
“စစ်ဆေးမှုကို အောင်မြင်သ၍ ပါရမီရှင်ပဲဖြစ်ဖြစ် အသုံးမကျတဲ့ကောင်ပဲဖြစ်ဖြစ် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်နိုင်တယ်”
မဟာနတ်ဆိုးရွှမ်ရှမှ ဆက်ပြော၏။
မဟာနတ်ဆိုးရွှမ်ရှ၏စကားအဆုံး၌ ယခင်က တိတ်ဆိတ်နေခဲ့သော ကွင်းပြင်ကျယ်တွင် လူငယ်များ၏ ဟစ်ကြွေးသံများဖြင့် ပြည့်လျှံသွားခဲ့သည်။
နိမ့်ပါးသောအထုံပါရမီနှင့် ကျင့်ကြံဆင့်နိမ့်သော လူငယ်များသည် သူတို့သည်လည်း ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးရှိသည်ဟု သိလိုက်ရသောကြောင့် ပို၍စိတ်လှုပ်ရှားတက်ကြွလာကြသည်။
အတိတ်ကာလများ၌ သူတို့၏ နိမ့်ပါးသောအထုံပါရမီ၊ကျင့်ကြံဆင့်တို့ကြောင့် မည်သည့်အင်အားစုမျှ သူတို့ကို အလိုမရှိခဲ့ကြပေ။ ပြည်ထောင်ခုနစ်ခုကို မဆိုထားနှင့် ဂိုဏ်းအင်အားစုလေးများပင်လျှင် သူတို့ကိုခေါ်ယူရန် ဆန္ဒမရှိကြချေ။
သူတို့အတွက် မိမိကိုယ်ကိုထင်ပေါ်ေစရန်နှင့် ကျင့်ကြံမှုရင်းမြစ်များကို ရယူနိုင်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ စစ်တပ်ထဲသို့ဝင်ရန်ဖြစ်ခဲ့သည်။
သို့သော် ယခု၌ ရှန်ရှန့်ကျုံဂိုဏ်းသည် အခြားအင်အားစုများကဲ့သို့ ကြည့်ရှုဆုံးဖြတ်မည်မဟုတ်ရာ အလွန်တရာ စိတ်လှုပ်ရှားမိကြသည်။ မည်သို့ပင်ဖြစ်စေ ရှန်ရှန့်ကျုံဂိုဏ်း၏ စစ်ဆေးမှုကို အောင်မြင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်နိုင်ရမည်ဟု စိတ်ထဲမှ ကျိန်ဆိုနေမိကြသည်။
“ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းတပည့်ရွေးချယ်ပွဲ တရားဝင်စတင်ပါပြီ!”
မဟာနတ်ဆိုးရွှမ်ရှသည် ဟစ်ကြွေးနေသည့်လူအုပ်ကြီးကို လျစ်လျူရှု၍ ဆက်လက်ေကြညာခဲ့သည်။ သူ၏အသံသည် ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွား၏။
မဟာနတ်ဆိုးရွှမ်ရှ၏စကားအဆုံး၌ ဘေးရှိ စန်းရိမင်းဆက်တော်ဝင်မျိုးနွယ်ဦးရီးတော်များသည်လည်း အမိန့်တော်ထိန်းရန်နှင့် ရှန်ရှန့်ကျုံဂိုဏ်း၏စစ်ဆေးမှုကို လူငယ်များအား ရှင်းပြရန် လူများစေလွှတ်ခဲ့သည်။
စန်းရိမင်းဆက်၏ အပြည့်အဝ ပံ့ပိုးမှုမရှိခဲ့လျှင် မဟာနတ်ဆိုးရွှမ်ရှနှင့်အခြားသူများ၏ စီစဉ်မှုတစ်ခုတည်းဖြင့် ဤဂိုဏ်းတပည့်ရွေးချယ်ပွဲကို အောင်မြင်စွာလုပ်ဆောင်နိုင်ရန် ခက်ခဲလောက်ပေသည်။
ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ မျိုးဆက်သစ်လူငယ်များသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ဝင်ရောက်ရန် မစောင့်ဆိုင်းနိုင်ဖြစ်နေကြသည့် မြင်ကွင်းကြောင့် လီချင်းနှင့်အခြားသူများမှာ မထိန်းချုပ်နိုင်စွာ ဂုဏ်ယူဝံ့ကြွားမိကြရပေသည်။
ရှန်ရှန့်ကျုံဂိုဏ်းသည် နိမ့်ပါးသော အစပြုခြင်းမှသည် ယနေ့အခြေအနေအထိ ရောက်ရှိလာခဲ့ရသည်။ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသော်ငြား ဂိုဏ်းချုပ်၏ဦးဆောင်မှုအောက်တွင် သူတို့အားလုံး ရှင်သန်နိုင်ခဲ့ကြသည်။ ယခု၌ သူတို့သည် လောကတစ်ခုကို လွှမ်းခြုံစိုးမိုးနိုင်စွမ်းရှိသည့် အင်အားစုတစ်ခု ဖြစ်လာခဲ့လေပြီ။
လီချင်းသည် စိတ်ခံစားချက်များအတွင်း နစ်မြုပ်နေခဲ့၏။ ဝမ်ဖုန်း၏ ပထမဆုံးသောတပည့်ဖြစ်ရာ လီချင်းသည်လည်း ရှေးဟောင်းနယ်မြေမှ ဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်း၏ တစ်ဆင့်ချင်းတစ်ဆင့်ချင်း တိုးတက်မှုများကို စောင့်ကြည့်ခဲ့ရသည်။
လီချင်းသည် ကမ္ဘာလောကလေးတစ်ခု၏ ဖက်တီးကောင်လေးမှသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ ပါရမီရှင်မျိုးဆက်သစ်လူငယ်လေး ဖြစ်လာခဲ့သည်။
ကံကြမ္မာသည် လွန်စွာဆန်းကြယ်လှပေသည်။
ထိုအချိန်က ဂိုဏ်းချုပ်နှင့် မဆုံတွေ့ခဲ့လျှင် ယခုအချိန်ခန့်တွင် လက်ထပ်ထိမ်းမြားပြီးေနာက် ဇနီးမယားဖြင့် ဒုက္ခများကြားရုန်းကန်နေရမည် စိုးရပေသည်။
သူ၏ရင်ခွင်တွင်းရှိ လက်ရှိဇနီးသည်,သည် လူသန်းရာချီမှ လေးစားရသူဖြစ်ေလသည်။
ဤကံကြမ္မာအပြောင်းအလဲများသည် ဂိုဏ်းချုပ်မှ သူ့အား ဆောင်ကြဉ်းပေးလာခဲ့ခြင်းဖြစ်သည်။ လီချင်းသည် ဝမ်ဖုန်းကို နတ်ဘုရားကဲ့သို့ လေးစားယုံကြည်ပြီး ဝမ်ဖုန်းအား သူ၏ကိုယ်ပိုင်ယုံကြည်သက်ဝင်မှုကဲ့သို့ လေးစားကိုးကွယ်ပေသည်။
လီချင်းသာမက လင်းဖေးဝူနှင့် အခြားသူများသည်လည်း ဝမ်ဖုန်းကို လေးစားယုံကြည်ကြသည်။ တစ်နည်းဆိုရသော် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များအားလုံးသည် ဝမ်ဖုန်းကို လေးစားယုံကြည်ကြပေသည်။
သူတို့အားလုံးသည် ဝမ်ဖုန်း၏နောက်သို့ တစ်ဆင့်ချင်းတစ်လှမ်းချင်း လိုက်ပါခဲ့ကြပြီး လက်ရှိအမြင့်အထိ ရောက်ရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့အတွက်မူ ရှန်ရှန့်ကျုံဂိုဏ်းအတွင်း ကုန်ဆုံးရသည့်နေ့ရက်များသည် အဖိုးတန်လှ၏။ ရှန်ရှန့်ကျုံဂိုဏ်းကို သူတို့၏အိမ်အဖြစ် သတ်မှတ်ထားခဲ့ကြပြီး သူတို့၏တစ်သက်တာကို အသုံးပြု၍ ကာကွယ်ရန်ဆန္ဒရှိကြသည်။
လီချင်းနှင့်အခြားသူများ စိတ်ခံစားချက်များအတွင်း နစ်မြုပ်နေလျက် ဝမ်ဖုန်းအပေါ် ယုံကြည်သက်ဝင်မှုများဖြင့် ပြည့်နှက်နေချိန်တွင် သူတို့ထံမှ ရွှေရောင်အလင်းမျှင်တန်းလေး မြင့်တက်သွားခဲ့သည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။ ထိုရွှေရောင်အလင်းမျှင်လေးများသည် အချိန်ကာလံဒေသတို့ကို ဖြတ်ကျော်သွားပြီးနောက် ဝမ်ဖုန်း၏ ကမ္ဘာဝန်းထဲမှ လီထျန်းတင်း(လီထျန်းမျိုးနွယ်စု၏ ရှေးဟောင်းဒယ်စောက်ကြီး)သို့ ဆင်းသက်သွားသည်။
ကမ္ဘာဝန်းထဲရှိ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များထံမှလည်း ရွှေရောင်အလင်းမျှင်လေးများ ထွက်ပေါ်မြင့်တက်သွားသည်။ ထိုရွှေရောင်အလင်းမျှင်များသည် လီထျန်းတင်းသို့ အဆက်မပြတ်စုဝေးသွားနေကြရာ မူလက မည်းနက်နေခဲ့သော လီထျန်းတင်းသည် ရွှေရောင်အလင်းတောက်ပလာခဲ့သည်။
ယခုအခိုက်အတန့်၏ ထိုရွှေရောင်အလင်းသည် အလွန်အားနည်းမှိန်ဖျော့သော်ငြား အချိန်များစွာကြာမြင့်ပြီးနောက်တွင် လီထျန်းတင်းအတွင်းရှိ သစ္စာစွမ်းအင်များသည် အလွန်တရာ ကြောက်ခမန်းလိလိ အားကောင်းသောအခြေအနေသို့ မလွဲမသွေ ရောက်ရှိလာမည်ဖြစ်သည်။