အခန်း (၆၅၀)
Vol. 47 Ch. 650
ထျန်းရွှမ်တာ့အိုနန်းတော်နယ်မြေထဲ၌
ရွှမ်ဝူနှင့်အဖွဲ့သည် ထိုကောင်းကင်အလင်းရှေ့သို့ ရောက်နေပြီဖြစ်သည်။ ဝမ်ဖုန်းတို့သည်လည်း အသက်အောင့်၍ ရွှမ်ဝူနှင့်အဖွဲ့တို့နှင့် မဝေးကွာသည့်နေရာတွင် ပုန်းကွယ်နေကြသည်။
အားလုံးရောက်လာပြီးနောက် ထိုကောင်းကင်အလင်းကို စူးစမ်းအကဲခတ်ကြသည်။
မြင်လိုက်ရသည့်မြင်ကွင်းတွင် နေရာရှိလူအားလုံး မျက်လုံးအိမ်တို့မှေးကျုံ့သွားကြကာ အံ့ဩတုန်လှုပ်ကုန်ကြသည်။
ကောင်းကင်အလင်းထက်တွင် ကြီးမားသော အဖြူရောင်ကျောက်စိမ်းနန်းတော်ကြီး မျောလွင့်တည်ရှိနေသည်။ ကျောက်စိမ်းဖြူနတ်သားရဲကြီးကဲ့သို့ အဆုံးအစမဲ့အရှိန်အဝါများ ထုတ်လွှတ်နေသည်။
ကျောက်စိမ်းဖြူနန်းတော်ကြီးထက်တွင် လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းများ ထွင်းထုထားရာ နန်းတော်ကြီးတစ်ခုလုံးမှာ အလွန်တရာလျှို့ဝှက်ဆန်းကြယ်ဟန် ဖြစ်နေတော့သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ရှေးဟောင်းနတ်ဘုရားကြီးကို ကြည့်ရှုရသည်ကဲ့သို့ လူ၏ဝိဉာဉ်ကိုတုန်လှုပ်စေပေသည်။
ကျောက်စိမ်းဖြူနန်းတော်ကြီးအထက်တွင် ‘ထျန်းရွှမ်တာ့အိုနန်းတော်'ဟူေသာ အက္ခရာလေးလုံးကို ရေးထွင်းထားသည်။
ထိုအက္ခရာလေးလုံး၌ အချို့သော လျှို့ဝှက်ဆန်းကြယ်သည့် အနုပညာအရည်အသွေးတစ်မျိုး ပါဝင်နေသည်ကဲ့သို့ပင်… ရွှမ်ဝူနှင့်အခြားသူများမှာ တစ်ချက်အကြည့်တွင် နစ်မြောသွားရပြီး မိမိတို့ကိုယ်ကို နစ်မြောမှုအတွင်းမှ မလွတ်မြောက်စေနိုင်ဘဲ စိတ်နှလုံးမှာ အလွန်အမင်းတုန်လှုပ်နေတော့သည်။
ဝမ်ဖုန်းနှင့်အခြားသူများသည်လည်း ထိုအက္ခရာလေးလုံးကို ကြည့်ရှုလိုက်ချိန်တွင် ပြင်းထန်သည့်တုန်လှုပ်မှုတစ်မျိုးကို ခံစားလိုက်ရသည်။
ဤအက္ခရာလေးလုံးအား ကြီးမြတ်သောတည်ရှိမှုကြီးတစ်ဦးမှ ရေးထွင်းထားခြင်းဖြစ်ကြောင်းကို စဉ်းစားနေရန် မလိုအပ်ဘဲ သိနိုင်ပေသည်။ သို့မဟုတ်ပါလျှင် ဤမျှကြာမြင့်လှသော အချိန်ကာလ၏တိုက်စားမှုအောက်၌ ဤမျှလျှို့ဝှက်ဆန်းကြယ်သောအင်အားဖြင့် တည်မြဲနေရန် မဖြစ်နိုင်ပါချေ။
ဂျွတ်!
အက္ခရာလေးလုံးကြောင့် အားလုံးအံ့အားသင့်နေကြစဉ် ကျိုးပဲ့သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြောင့် နေရာရှိလူအားလုံး အသိပြန်ဝင်သွားခဲ့ကြပြီး စိတ်နှလုံးတုန်လှုပ်စွာဖြင့် ထျန်းရွှမ်တာ့အိုနန်းတော်ကို စူးစိုက်ကြည့်လိုက်ကြသည်။
အားလုံး၏အကြည့်များအောက်၌ မြင့်သွန်းသော ထျန်းရွှမ်တာ့အိုနန်းတော်ဂိတ်တံခါးကြီးသည် ဖြေးဖြေးချင်း ပွင့်ဟလာခဲ့ကာ သက်တမ်းကြာမြင့်လှစွာသော ဘဝသက်တမ်း၏ ကံကြမ္မာအပြောင်းအလဲသည် သူတို့ထံသို့ ရိုက်ခတ်သွား၏။ နေရာရှိလူအားလုံးသည် ရှည်လျားလွန်းလှသော အချိန်နှင့်ကာလံဒေသမြစ်ကြောင်းကို ဖြတ်သန်းခဲ့ရသည့်အလား အင်အားကြီးမားလှစွာသော ရှေးဟောင်းအင်အားစုများ၏ ခြိမ်းခြောက်နိုင်သည့်အရှိန်အဝါကို အကြမ်းဖျင်းခံစားမိလာရသည်။
နန်းတော်ဂိတ်တံခါးအတွင်းရှိ အခြေအနေများကို မမြင်ရချေ။ အမှောင်ထုကိုသာ မြင်တွေ့နိုင်သည်။
“သွား အထဲဝင်ကြည့်ကြမယ်”
ရွှမ်ဝူ မျက်မှောင်ကြုတ်လိုက်ပြီး လက်ဝှေ့ယမ်းလျက်ပြော၏။
ရွှမ်ဝူစကားအဆုံး၌ ကောင်းကင်နန်းတော်နှစ်ခု၏ တပည့်များသည် အချိန်ဆွဲမနေကြဘဲ ကျောက်စိမ်းဖြူနန်းတော်ကြီးအတွင်းသို့ ဦးတည်သွားကြသည်။ ကောင်းကင်နန်းတော်နှစ်ခု ဝင်သွားပြီးနောက်တွင် ဝမ်ဖုန်းတို့သည်လည်း တုံ့ဆိုင်းတွေဝေမနေဘဲ နန်းတော်ကြီးထဲသို့ ဝင်ခဲ့သည်။
ကျောက်စိမ်းဖြူနန်းတော်ကြီးအတွင်းသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် မိမိတို့ထံ အင်အားပြင်းထန်သည့် ဆွေးမြေ့နေသောအရှိန်အဝါတစ်မျိုး ဦးတည်လာနေသည်ကို ခံစားမိလိုက်သည်။ ရှေ့မှ ဦးဆောင်လျှောက်နေသည့် ရွှမ်ဝူနှင့်အဖွဲ့သည် ဝမ်ဖုန်းတို့ ဝင်ရောက်လာခြင်းကို သတိမထားမိကြချေ။ သူတို့အားလုံးသည် နန်းတော်၏အသွင်အပြင်တွင် နက်နက်ရှိုင်းရှိုင်းဆွဲဆောင်ခံထားရလေသည်။
ဝမ်ဖုန်းနှင့်အခြားသူများ ရောက်ရှိနေသည့်နေရာသည် ကြီးမားကျယ်ဝန်းသော ခန်းမကြီးတစ်ခုဖြစ်သည်။
ခန်းမကြီးအလယ်တွင် အခင်းအကျင်း၈ပါးကဲ့သို့သော တစ်မူထူးခြားသည့်ပုံသဏ္ဍာန်ရှိနေသည်။ ၎င်းသဏ္ဍာန်၏ အလယ်ဗဟို၌ တင်ပျဉ်ခွေထိုင်နေသည့် လူသေအရိုးစုတစ်ခုရှိသည်။ ထိုလူအရိုးစုအထက်တွင် အလင်းဖျော့ဖျော့အချို့ တောက်ပနေသည်။
ရွှမ်ဝူနှင့်အခြားသူများ အံ့ဩတုန်လှုပ်သွားကြ၏။ ဤမျှနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးသည့်တိုင် ဤအရိုးစုမှာ နတ်အလင်းတောက်ပနေဆဲ ဖြစ်လေသည်။ ဤအရိုးစုပိုင်ရှင်သည် သူ၏အသက်ရှိစဉ်ကာလများတွင် ကြောက်ခမန်းလိလိသော ကျင့်ကြံမှုအခြေခံရှိတန်ခဲ့ရာ၏။
အရိုးစုရှေ့၌ သံလိုက်အိမ်မြှောင်တစ်စုံရှိသည်။ ၎င်းသံလိုက်အိမ်မြှောင်ထက်တွင် အက္ခရာစာတန်းအချို့ မှိန်ဖျော့ဖျော့တည်ရှိနေသည်။
ထိုအက္ခရာစာတန်းများကြောင့် ရှေ့ဘက်ရှိ ရွှမ်ဝူတို့အားလုံး မျက်မှောင်ကြုတ်သွားရရုံမျှမက နောက်ဘက်ရှိ ဝမ်ဖုန်းတို့မှာလည်း အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။
ကပ်ဘေးအန္တရာယ်၊ နတ်ဘုရား၊ ထျန်းနိ၊ ဧကရာဇ်ကျဆုံးခြင်း… စသည့်ဖြင့် ရေးထွင်းထား၏။ ထိုစကားလုံးများသည် ဆက်စပ်မှုမရှိဟု ထင်ရပေသည်။ သို့သော် သံလိုက်အိမ်မြှောင်ထက်တွင် ထိုစကားလုံးများအားလုံး အတူတကွတည်ရှိနေလေရာ ဝမ်ဖုန်းကို တုန်လှုပ်သွားစေ၏။
ဒီလူက ဘာကိုရှာတွေ့ခဲ့တာလဲ?
ဤအခြေအနေကို ခြုံငုံသုံးသပ်လိုက်ပါက ဤအရိုးစုပိုင်ရှင်သည် ကောင်းကင်ဘုံပညာရပ်တွင် ကျွမ်းကျင်သည့် အင်အားကြီးမားသည့်လူတစ်ဦးဖြစ်နိုင်သည်။ သို့မဟုတ်ပါက ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်များကို အဖြေထုတ်ကောက်ချက်ချသည့် သံလိုက်အိမ်မြှောင်မျိုးကို ပိုင်ဆိုင်ထားခဲ့မည်မဟုတ်ပေ။
ဤသည်မှာ ၎င်းကပ်ဘေးဟူသည့်အရာ ရောက်ရှိမလာမီ၌ အရိုးစုပိုင်ရှင်မှ တွက်ချက်ခဲ့သည့် နောက်ဆုံးသောဆဌဂံလည်း ဖြစ်နိုင်ပေသည်။
ထျန်းရွှမ်တာ့အိုနန်းတော်သို့ ဝင်ရောက်နိုင်သူများသည် ထျန်းရွှမ်တာ့အိုနန်းတော်သားများ ဖြစ်လာကြပြီး ထျန်းရွှမ်တာ့အိုနန်းတော်သား ဖြစ်လာနိုင်သူများသည် အားအနည်းဆုံးကျင့်ကြံသူပင်လျှင် ဟုန်မန်နတ်ဘုရားနယ်ပယ်အတွင်း ရှိခဲ့ကြပေလိမ့်မည်။
ဤလူ၏ရုပ်ခန္ဓာအရ အသက်ရှိစဉ်အချိန်က ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည်မှာ သေချာ၏။ ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိပြီးလျှင် တမင်ရည်ရွယ်၍ ကြိုးစားအားထုတ်မှုမရှိလျှင်သော်မှ ကျင့်ကြံသူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုအင်အားသည် အင်မော်တယ်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
သို့သော် သူတို့အားလုံး ဤနန်းတော်ထဲသို့ ဝင်ရောက်လာပြီးနောက်၌ အရိုးစုသည် ပြာမှုန်များအဖြစ် ပျက်စီးသွားတော့မည်ကဲ့သို့ ခပ်ဖျော့ဖျော့ခံစားရလေသည်။
ဝမ်ဖုန်းသည် သံလိုက်အိမ်မြှောင်ကိုကြည့်၍ ဤအရိုးစုပိုင်ရှင် တွက်ချက်ခဲ့သည့်ရလဒ်ကို တွက်ချက်ကြည့်ရန် ကြိုးပမ်းနေသည်။ သို့သော် မည်မျှတွက်ချက်သည်ဖြစ်စေ ဆီလျော်သောတွက်ချက်မှုရလဒ်ကို မရနိုင်ဘဲ ဖြစ်နေခဲ့သည်။
ထိုစကားလုံးအက္ခရာများသည် စိုးစဉ်းသော်မျှ ဆက်စပ်မှုမရှိဟု ထင်ရ၏။ သို့သော် ဤအရိုးစုပိုင်ရှင်မှ တွက်ချက်ခဲ့သည်ဖြစ်ရာ ထိုအက္ခရာစကားလုံးများတွင် ဝမ်ဖုန်းတို့မသိနိုင်သည့် ဆက်နွယ်မှုတစ်ခုခု တည်ရှိနေသည်ဟု ဆိုလိုပေသည်။ ထိုအက္ခရာစကားလုံးများသည် ထျန်းရွှမ်တာ့အိုနန်းတော်၏ ပျက်စီးခြင်းအကြောင်းတရားကို ရှာဖွေနိုင်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေခြင်းလည်း ဖြစ်နိုင်သည်။
အချိန်အတော်ကြာ စဉ်းစားတွေးတောနေပြီးနောက်တွင်လည်း ဝမ်ဖုန်းမှာ အနည်းငယ်သော်မျှ အဖြေထုတ်မရနိုင်ဘဲ ဖြစ်နေရသည်။ ဝမ်ဖုန်း ခေါင်းခါရမ်းလိုက်ပြီး ဤအက္ခရာများ၏ပဟေဠိတွင် ဆက်လက်မွေ့လျော်မနေတော့ရန် ကိုယ့်ကိုယ်ကိုထိန်းချုပ်လိုက်သည်။
ဘုန်း!
ဝမ်ဖုန်း စဉ်းစားတွေးတောနေစဉ် ကောင်းကင်နန်းတော်နှစ်ခု၏ တပည့်များမှာ သံလိုက်အိမ်မြှောင်အတွက် စတင်တိုက်ခိုက်နေကြလေပြီ။ အရေအတွက်၂၀၀ကျော်သော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများသည် ခမ်းနားကြီးကျယ်သောစွမ်းအင်များ ဖြာထွက်ထုတ်လွှတ်လျက် အပြင်းအထန်တိုက်ခိုက်နေကြရာ ခန်းမသည်လည်း အနည်းငယ်တုန်ခါလာခဲ့သည်။
ကောင်းကင်နန်းတော်နှစ်ခု၏တပည့်များ တိုက်ခိုက်ရသည့်အကြောင်းရင်းမှာ ထိုသံလိုက်အိမ်မြှောင်တစ်စုံကြောင့်ဖြစ်၏။
သံလိုက်အိမ်မြှောင်၌ မည်သည့်အရှိန်အဝါမျှ မရှိပေ။ သို့သော် အနီးကပ်ကြည့်ရှုလျှင် သံလိုက်အိမ်မြှောင်မှာ အဆုံးမဲ့သောပြောင်းလဲမှုများ တည်ရှိနေသည်ကို ရှာတွေ့နိုင်ပြီး တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ၎င်းအတွင်း နစ်မြောသွားနိုင်ပေသည်။
“ကောင်းကင်ဘုံသံလိုက်အိမ်မြှောင်!”
ရွှမ်ဝူနှင့်ဟုန်မြှောင်တို့သည် အချင်းချင်းအကြည့်ချင်းဆုံလိုက်ပြီးနောက် အံ့အားသင့်စွာ ပြောလိုက်ကြသည်။
ထိုစကားကြောင့်ပင် ကောင်းကင်နန်းတော်နှစ်ခု၏တပည့်များ စတင်တိုက်ခိုက်ကြခြင်းဖြစ်လေသည်။
ကောင်းကင်ဘုံသံလိုက်အိမ်မြှောင်ကို တွက်ချက်ရာ၌ မကျွမ်းကျင်သူများပင်လျှင် ၎င်းသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ဆိုင်ရာ အကူပစ္စည်းတစ်ခုဖြစ်ကြောင်းကို သိကြသည်။ ၎င်းအကူပစ္စည်းတွင် မှန်းဆ၍မရနိုင်သော လျှို့ဝှက်ဆန်းကြယ်များ ပါဝင်ကြောင်းကိုလည်း သိကြသည်။
ထို့ပြင် ဤကောင်းကင်ဘုံသံလိုက်အိမ်မြှောင်၌ ကောင်းကင်ဘုံလျှို့ဝှက်ချက်ဆိုင်ရာ လမ်းစဉ်များ၏ အမွေအနှစ်များလည်း ပါဝင်ပေသည်။ ၎င်းကို ပိုင်ဆိုင်ရပါက ထိုကောင်းကင်ဘုံသံလိုက်အိမ်မြှောင်တွင် ပါဝင်သည့် ကောင်းကင်ဘုံလျှို့ဝှက်ချက်ဆိုင်ရာ အမွေအနှစ်များအား အရင်းခံ၍ ကောင်းကင်ဘုံလျှို့ဝှက်ချက်များအား တွက်ချက်ရာ၌ ပြဿနာမရှိနိုင်တော့ပေ။
အကူပစ္စည်း!
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှာ အကူပစ္စည်းလက်နက်တွေ ဘယ်လောက်တောင်ရှိနေတာလဲ?
၎င်းအကူပစ္စည်းများကို ရယူပိုင်ဆိုင်နိုင်လျှင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံး၌ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်လာလိမ့်မည်မှာ မလွဲဧကန်ပင်။
ထို့ပြင် ၎င်းအကူပစ္စည်းမှ သခင်ကို အသိအမှတ်ပြုလိုက်သည်နှင့်တစ်ပြိုင်နက် အခြားသူများမှ ဆန္ဒအလျောက် အသုံးမပြုနိုင်ပေ။
ထို့ကြောင့်ပင် ကောင်းကင်နန်းတော်နှစ်ခု၏တပည့်များမှာ ရူးသွပ်သွားကြခြင်းဖြစ်သည်။ ထိုသံလိုက်အိမ်မြှောင်ကို လူတိုင်းပိုင်ဆိုင်လိုကြသည်။
ကောင်းကင်နန်းတော်နှစ်ခုသည် မကြာသေးခင်က သဘောတူညီမှု ထားရှိပြီးသော်ငြား တပည့်များအပေါ် မှီခိုနေရသည့် ရွှမ်ဝူနှင့်ဟုန်မြောင်တို့သည် တင်ပျဉ်ခွေထိုင်၍ ဒဏ်ရာကုသခြင်း၌သာ အာရုံစိုက်ထားကြလေသည်။
အကူပစ္စည်းတစ်ခု ပေါ်ထွက်လာသည်ဖြစ်ရာ သူတို့နှစ်ဦးသည်လည်း ဘာမျှမလုပ်ဘဲ ထိုင်ကြည့်မနေနိုင်ပါချေ။
အကူပစ္စည်း၏ရှေ့၌ မည်သူမျှ တည်ငြိမ်မနေနိုင်ပေ။ ဤရှေးဟောင်းနယ်မြေထဲ ဝင်ရောက်လာခဲ့ပြီးဖြစ်ရာ ရတနာများ ရယူလိုသည်မှာ သေချာပေါက်ပင်ဖြစ်၏။ ဤအကူပစ္စည်းသည် ရတနာများအတွင်း တန်ဖိုးအကြီးဆုံးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဤအကူပစ္စည်းကို ပိုင်ဆိုင်ရသည်နှင့်
အပြင်စည်းအကြီးအကဲဆိုတော့ရော ဘာအရေးလဲ. စစ်မှန်တဲ့တပည့်ဆိုတော့ရော ဘာဖြစ်သလဲ. အကုန်သုံးစားမရတဲ့ဟာတွေချည်းပဲ!!
သူတို့ကျင့်ကြံမှုအခြေခံ မလုံလောက်လျှင်သော်မှ ဤအကူပစ္စည်းလက်နက်နှင့် ဤကောင်းကင်ဘုံအကူပစ္စည်း၏ အမွေအနှစ်ကြောင့် ကောင်းကင်နန်းတော်သည် သူတို့အပေါ် အရေးပေးဆက်ဆံလာပေလိမ့်မည်။ သူတို့၏အဆင့်အတန်းသည်လည်း တစ်ဟုန်ထိုးမြင့်တက်သွားပြီး အခြားသူများကို မျက်နှာလိုမျက်နှာရလုပ်နေရန်လည်း မလိုအပ်နိုင်တော့ပေ။
ရွှမ်ဝူနှင့်ဟုန်မြောင်၏အမြင်တွင် ထိုသံလိုက်အိမ်မြှောင်သည် အကူပစ္စည်းလက်နက်တစ်ခုသာ မဟုတ်ဘဲ ကြီးမြတ်သည့်အဆင့်အတန်းနှင့် အင်အားအာဏာ၏ အမှတ်တံဆိပ်ဖြစ်လေသည်။
ဤသို့စွဲမက်တပ်မက်ဖွယ်ရတနာရှေ့မှောက်၌ သူတို့မှာ အဘယ်သို့များ တပည့်များကို စီမံခန့်ခွဲနေနိုင်ပါအံ့နည်း။ ဤအကူပစ္စည်းနတ်လက်နက်သည် အခြားသူ၏အပိုင်မဖြစ်နိုင်ချေ။ ငါရွှမ်ဝူ၏အပိုင်သာ ဖြစ်ရပေမည်!