အစီအရင်ကြီး၏ အောက်ဝယ်။
Vol. 47 Ch. 651
ဘာသာပြန်- The Fate
ကောင်းကင်နန်းတော်နှစ်ခု၏ တပည့်များက ထျန်းကျိသံလိုက်အိမ်မြှောင်အတွက် တိုက်ခိုက်နေကြစဥ်တွင် ပုန်းကွယ်နေကြသော လီပိုင်တို့အုပ်စုသည် ဝမ်ဖုန်းကို တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ ဝမ်ဖုန်းသာအမိန့်ပေးပါက သူတို့ဟာလည်း ထျန်းကျိသံလိုက်အိမ်မြှောင်အတွက် အပြင်းအထန်တိုက်ခိုက်မှာဖြစ်သည်။
မှော်ဝင်ပစ္စည်း၏ရှေ့မှောက်တွင် လီပိုင်နှင့်အခြားသူများဟာ တည်ငြိမ်၍ မနေနိုင်တော့ပါ။ ထူးမြတ်သည့်တည်ရှိမှုဖြစ်သော ရွှမ်းယွမ်ကတောင် ဤအချိန်၌ အလွန်အမင်းဂဏာမငြိမ်ဖြစ်နေခဲ့သည်။
မှော်ရတနာများ....!
သူ၏ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စုတွင်တောင် မှော်ရတနာများစွာမရှိပါချေ။
သို့သော်လည်း ဝမ်ဖုန်းက မျက်မှောင်ကျုံ့လိုက်ပြီး သူ၏ခေါင်းကို ဖြည်းလေးစွာခါယမ်းလျက် လီပိုင်တို့ကို တားဆီးခဲ့သည်။
ဝမ်ဖုန်းဟာ အလျှင်လိုခြင်း မရှိပါချေ။ ဘယ်သူပဲ သံလိုက်အိမ်မြှောင်ကိုရရှိပါစေ နောက်ဆုံးအနိုင်ရသူဟာ သူသာဖြစ်ရမည် !
ဤနန်းတော်ကြီးအတွင်း၌ ထူးဆန်းသောအရှိန်အဝါတစ်ခုရှိနေကြောင်းကို သူခပ်ရေးရေးမျှ ခံစားနေရသည်။ဤခံစားချက်ကြောင့် ဝမ်ဖုန်းက အလျှင်စလို မဆောက်ရွက်ရဲခဲ့ချေ။ သူဟာ ကောင်းကင်နန်းတော်နှစ်ခု ၏တပည့်များကို တိုက်ခိုက်ခိုင်းပြီး စမ်းသပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထူးဆန်းသည့်အရာ ဘယ်အရာမှရှိမနေခဲ့ပါလျှင် သူဟာ အချိန်မှီ သွားရောက်လုယက်မှာဖြစ်၏။
လီပိုင်တို့အားလုံးသည် ပဟေဠိဖြစ်သွားကြသော်လည်း ဝမ်ဖုန်း၏အမိန့်ကိုတော့ မနာခံဘဲ မနေရဲကြပါ။
ဝမ်ဖုန်းရဲ့ကျင့်ကြံမှုက ပို၍သန်မာလာသည်နှင့်အမျှ သူ၏စွမ်းအားကလည်း ပို၍ကြောက်လန့်ဖွယ်ကောင်းလာခဲ့သည်။ ရှီကန်းတန်လိုတည်ရှိမှုကတောင် ဝမ်ဖုန်း၏အမိန့်များကို မလွန်ဆန်ရဲပါချေ။
" ဘုန်း.... ! "
ကောင်းကင်နန်းတော်နှစ်ခု၏တပည့်များသည် တစ်ဖက်နဲ့တစ်ဖက် ပြင်းထန်စွာပိုမို၍ တိုက်ခိုက်လာကြသည်။နန်းတော်ကြီးအတွင်း၌ အစွမ်းထက်သောစွမ်းအားများ ပျံ့လွှင့်လျက်ရှိချေသည်။ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်အယောက်(200)ကျော်၏တိုက်ကွက်သည် ကမ္ဘာလောကကို ဖျက်စီးတော့မည့်အလား အစွမ်းထက်လှချေသည်။
ကျောက်စိမ်းဖြူနန်းတော်အတွင်း၌ ရှိနေ၍သာ တော်တော့သည်။ မွန်မြတ်ဘုံလောကအတွင်း၌ဆိုပါက ဤစွမ်းအားသည် ဘုံလောကကြီးတစ်ခုလုံးကို ဖျက်စီးပစ်ရန် လုံလောက်လေ၏
။
ရှန်ရှန်ကျုံဂိုဏ်းမပေါ်ပေါက်လာခင်က မွန်မြတ်ဘုံလောကအတွင်းရှိ အင်အားစုအားလုံးစုပေါင်းလိုက်ရင်တောင် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်အယောက်(200) မရှိနိုင်ပါ။ အသန်မာဆုံးပုဂ္ဂိုလ်ကလည်း ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်၌သာ ဖြစ်သည်။
သို့ပေသိ လက်ရှိလူအယောက်(200)အတွင်း၌ ဘယ်တစ်ယောက်ကမှ ဧကရာဇ်နှလုံးသားအဆင့်ထက် နိမ့်ကျခြင်းမရှိပါ။ သူတို့ကြားတွင် ဒါဇင်ကျော်သောစွမ်းအားရှင်များကတော့ နိယာမဧကရာဇ်အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ ဖြစ်သည်။
ဤတိုက်ပွဲမှာ မွန်မြတ်ဘုံလောကအတွင်း ဝမ်ဖုန်းရောက်ရှိလာပြီးနောက် ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရသည့် အစွမ်းအထက်ဆုံးတိုက်ပွဲကြီး ဖြစ်ပါ၏။
ထိုများစွာသောစွမ်းအားရှင်များကသာ မွန်မြတ်ဘုံလောကအတွင်း စစ်မက်ဖြစ်ပွားနေပါက တွေးဖွယ်ရာတောင် မရှိတော့ပါချေ !
ဝမ်ဖုန်းသည် သူ၏အရှိန်အဝါများကို သိုဝှက်လိုက်ပြီး စိတ်အာရုံကို ဖြန့်ကျက်လိုက်ကာ ခန်းမကြီးတစ်ခုလုံးကို ဂရုတစိုက် စစ်ဆေးလိုက်သည်။
" အမ်...? "
ဤအချိန်တွင် ဝမ်ဖုန်းသည် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားခဲ့ကာ သူ၏မျက်ဝန်းများက လှုပ်ရှားသွားခဲ့သည်။ သူသည် ခန်းမအလယ်၌ရှိနေသော သေဆုံးနေသည့်အရိုးစုကြီးကို စူးစိုက်ကြည့်လိုက်သည်။
ဝမ်ဖုန်း၏ထူးဆန်းသောအပြုအမူက လီပိုင်နဲ့အခြားသူများကို သတိထားမိစေခဲ့သည်။ သူတို့ဟာလည်း ဝမ်ဖုန်း၏အကြည့်အတိုင်း ထိုအရပ်သို့ လှမ်းကြည့်လိုက်ကြကာ မျက်နှာထက်တွင် အံ့သြနေသောအမူအရာများ ရှိနေကြ၏။
ကောင်းကင်နန်းတော်နှစ်ခုမှ တပည့်များ၏တိုက်ပွဲအောက်တွင် သေဆုံးနေသောအရိုးစုကြီးများသည် တဖြည်းဖြည်းကွဲကြေသွားခဲ့ကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဝမ်ဖုန်းတို့ကို အံ့သြသွားစေသည်က ၎င်းဖုန်မှုန့်များသည် ပြင်းထန်သောစွမ်းအားများ၏ ဖျက်စီးခြင်းကို မခံခဲ့ရပါ။ ၎င်းတို့သည် လေထုအတွင်း တိုက်ရိုက်လွှင့်ပျံ့သွားခဲ့ကာ မြေပြင်ပေါ်၌ရှိနေသော အစီအရင်ကြီးရှစ်ခုထံ ကျဆင်းသွားခဲ့သည်။
အဆိုပါအရိုးစုအမှုန်ကလေးများသည် အလင်းမှုန်ကလေးများအလား အစီအရင်ကြီးရှစ်ခုစလုံးကို အလက်လက်တောက်ပလာစေခဲ့သည်။
အရိုးမှုန်များကျဆင်းသွားပြီးနောက် ဝမ်ဖုန်းသည် အစီအရင်ရှစ်ခုထံမှ အလင်းတန်းဖျော့ဖျော့တောက်ပလာကြောင်းကို ရှင်းရှင်းလင်းလင်းသတိပြုမိလိုက်သည်။ သူဂရုတစိုက်စောင့်ကြည့်နေ၍မဟုတ်ပါက ထိုအပြောင်းအလဲကို သိရှိလိုက်မှာမဟုတ်ပါ။
" ဝုန်း .....! "
ဤအချိန်၌ အစီအရင်ကြီးရှစ်ခုစလုံးသည် တသိမ့်သိမ့်တုန်ယင်သွားခဲ့ကာ ခန်းမကြီးတစ်ခုလုံးကို ခါယမ်းသွားစေခဲ့သည်။သို့သော်လည်း ကောင်းကင်နန်းတော်နှစ်ခု၏တိုက်ခိုက်နေသောတပည့်များသည် အဆိုပါထူးဆန်းမှုကို သတိမပြုမိခဲ့ပါ။ သူတို့က တုန်ခါမှုသည် သူတို့တိုက်ပွဲကြောင့်ဖြစ်ပျက်ခဲ့သည်ဟုသာ ထင်ခဲ့လေသည်။
ဒဏ်ရာများမှ ပြန်လည်သက်သာလာသော ရွှမ်ဝူနဲ့ဟုန်မြောင်တို့ကတောင် ဤထူးဆန်းမှုကို သတိမထားမိခဲ့ချေ။
ဝမ်ဖုန်း၏မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားခဲ့သည်။သူ့ကိုယ်တွင်းရှိစွမ်းအားများကို လျို့ဝှက်စွာ လှည့်ပတ်လိုက်လေသည်။ သူဟာ လွန်မင်းစွာ သတိထားလျက် ရှိချေသည်။ လီပိုင်နဲ့အခြားသူများ၏အမူအရာများကလည်း အနည်းငယ်ပြောင်းလဲသွားခဲ့ပြီး တညီတညွှတ်တည်း သတိထားလိုက်ကြသည်။
ဝမ်ဖုန်းသတိမပေးဘဲနဲ့တောင် သူတို့သည် အစီအရင်ရှစ်ခုထံမှ ထူးဆန်းသည့်အရှိန်အဝါကို အာရုံခံခဲ့ရသည်။ ထိတ်လန့်ဖွယ်ကောင်းသည့် တည်ရှိမှုကြီးတစ်ခုက ၎င်းအစီအရင်ရှစ်ခုကြားမှာ ထွက်ပေါ်လာတော့မည့်အလား ခံစားနေခဲ့ရသည်။
ဝမ်ဖုန်း၏မျက်ဝန်းများသည် အစီအရင်ရှစ်ခုအပေါ်၌ မြဲမြံစွာ ကပ်တွယ်လျက်ရှိသည်။ အစီအရင်ကြီးများ၏အထက်၌ရှိနေသော အလင်းတန်းကြီးများကလည်း ပိုမို၍ စုပြုံလာခဲ့သည်။ သူ၏နှလုံးသားအတွင်း၌ တဖြည်းဖြည်း ပို၍ပို၍ တင်းကြပ်လာခဲ့သည်။ လက်ရှိသူ၏ကျင့်ကြံမှုစွမ်းအားဖြင့်တောင် စိုးရိမ်ပူပင်မှုများက မြင့်တက်လျက်ရှိကာ သေစေနိုင်သောအကြပ်အတည်းတစ်ခုကို အာရုံရခဲ့လေသည်။
" ဘုန်း....! "
ဤအချိန်တွင် ကောင်းကင်နန်းတော်နှစ်ခု၏ များစွာသောတပည့်များနှင့် ရွှမ်ဝူ၊ဟုန်မြှောင်တို့ကလည်း တစ်စုံတစ်ရာမှားယွင်းနေသည်ကို အာရုံခံမိခဲ့သည်။ သူတို့အားလုံးက ရပ်တန့်လိုက်ကြပြီး အစီအရင်ကြီးရှစ်ခုကို စူးစူးရဲရဲစိုက်ကြည့်လိုက်ကြသည်။
အစီအရင်ရှစ်ခု၏ထူးဆန်းမှုကို တွေ့မြင်လိုက်ရသည့်အခါ သူတို့၏မျက်ဝန်းများမှာ တုန်လှုပ်သွားခဲ့ကာ အမူအရာများက ပျက်ယွင်းသွားကြသည်။ သူတို့ဟာ အစီအရင်ရှစ်ခုထံမှ ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့လေသည် !
ကျယ်ပြန့်ပြီးထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားကြီးသည် အစီအရင်ရှစ်ခုထံမှ ပေါက်ကွဲထွက်လာခဲ့ကာ ရွှမ်ဝူနဲ့ကြွင်းကျန်ရစ်သောလူများကို တစ်ယောက်ပြီးတစ်ယောက် လွင့်စင်ထွက်သွားစေခဲ့သည်။
ကောင်းကင်နန်းတော်နှစ်ခု၏တပည့်များသည် လေးညိုးမှပစ်တင်သောမြှားကဲ့သို့ လွင့်ပျံ့ထွက်သွားခဲ့ကာ ခန်းမအတွင်းမှာရှိနေသော ကျောက်စိမ်းတိုင်လုံးများနှင့် ပြင်းထန်စွာ ထိခတ်မိခဲ့သည်။ သူတို့အားလုံးဟာ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြိုလဲသွားခဲ့သည်။
" ဖစ်.....! "
ပါးစပ်အပြည့်သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ သူတို့၏မျက်နှာများက ဖြူဖျော့သွားကြသည်။ သူတို့ကို ပို၍ထိတ်လန့်သွားစေသည်က သူတို့အန်ထုတ်လိုက်သောသွေးများသည် အစီအရင်ရှစ်ခု၏ ဆွဲစုပ်ခြင်းကို ခံခဲ့ရသည်။
ထိုကဲ့သို့ထူးဆန်းသည့်မြင်ကွင်းက ရွှမ်ဝူတို့ကို အံ့သြသွားစေရုံသာမက ဝမ်ဖုန်းတို့အုပ်စုကိုလည်း တုန်ယင်သွားစေခဲ့သည်။
" သောက်ကျိုးနည်း....! "
ရွှမ်ဝူသည် အစီအရင်ကြီးရှစ်ခုကို စူးစိုက်ကြည့်လိုက်ပြီး ထိတ်လန့်စွာ ရေရွက်ပြောဆိုလိုက်သည်။
စောနက သူသည် ထိတ်လန့်ဖွယ်စွမ်းအားတစ်ရပ် သူ့အပေါ် ဖြတ်သန်းသွားတာကို ခံစားခဲ့ရသည်။ ထိုထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားကို ပြန်ပြောင်းတွေးမိရုံမျှဖြင့် သူ၏အမူအရာက ပျက်ယွင်းသွားခဲ့သည်။
ဟုန်မြှောင်နှင့် ကောင်းကင်နန်းတော်နှစ်ခု၏တပည့်များကလည်း ထိတ်လန့်နေကြသည်။ သူတို့၏ခန္ဓာကိုယ်များက အဆက်မပြတ် တုန်လှုပ်နေခဲ့ကြကာ ပြောင်းလဲနေသောအစီအရင်ကြီးရှစ်ခုကို ထိတ်လန့်ခြောက်ခြားစွာ စိုက်ကြည့်နေခဲ့ကြသည်။
ဤအချိန်တွင် ဘယ်သူကမှ ထျန်းကျိသံလိုက်အိမ်မြှောင်အတွက် ယှဥ်ပြိုင်ရန် မတွေးရဲတော့ပါ။ သူတို့၏နှလုံးသားထဲ၌ အဆုံးအစမဲ့သော ကြောက်လန့်မှုများသာ ရှိနေခဲ့သည်။
" ဝုန်း.... ! "
လူအုပ်ကြီး၏တုန်ယင်နေသောအကြည့်များအောက်တွင် အစီအရင်ကြီးရှစ်ခုစလုံးသည် အဆက်မပြတ်ခါယမ်းလာခဲ့ကာ တောက်ပသောအလင်းတန်းများ ဖြာထွက်လာခဲ့သည်။ အဆိုပါအလင်းတန်းများသည် တစ်ခုနဲ့တစ်ခု တွယ်ပတ်ရစ်လယ်နေခဲ့ကာ တစ်စုံတစ်ရာကို ပုံဖော်နေခဲ့သည် !
" ဘန်း....ဘန်း...."
နှလုံးခုန်သံကဲ့သို့အသံတစ်မျိုးသည် ခန်းမကြီးအတွင်းပဲ့တင်ထပ်သွားခဲ့ကာ လူတိုင်း၏နှလုံးအိမ်များကို တုန်ယင်သွားစေခဲ့သည်။
အစီအရင်ကြီးရှစ်ခုထံမှ မကောင်းဆိုရွားဆန်ပြီး ထိတ်လန့်ဖွယ်ကောင်းသောအရှိန်အဝါများသည် လွှင့်ပျံ့ထွက်ပေါ်လာခဲ့သည်။ အစီအရင်ကြီးများသည် ပို၍ပို၍ တုန်ယင်လာခဲ့သည်။
အစီအရင်၏အပေါ်၌ဝဲဖြာကျနေသောအလင်းတန်းများသည် ပိုမိုအားကောင်းလာခဲ့ကာ အစီအရင်ရှစ်ခု၏အလယ်၌ရှိနေသော ထူးဆန်းသည့်အရာကို အဆက်မပြတ် ဖိနှိပ်ထားခဲ့သည်။
သို့သော်လည်း ဆိုးယုတ်ပြီးပြင်းထန်သောစွမ်းအားသည် ပိုမို၍သာ အားကောင်းလာခဲ့သည်။၎င်းက အရမ်းကို အားကောင်းလွန်းလာတာကြောင့် အစီအရင်ကြီးရှစ်ခုကိုတောင် နက်မှောင်သွားစေခဲ့သည်။
အဆက်မပြတ်တိုးတက်လာသော အရှိန်အဝါကြီးသည် ခန်းမအတွင်း ပျံ့လွှင့်နေခဲ့ကာ လူတိုင်း၏နှလုံးသားများကို ဖိညစ်ထားခံရသလိုမျိုး နာကြင်သွားစေခဲ့သည်။
သူတို့ဟာ အသက်ရှူအောင့်ထားလိုက်မိကြပြီး အနည်းငယ်တောင် မလှုပ်ရှားရဲတော့ပါ။ အစီအရင်ရှစ်ခုအထဲ၌ ပိတ်မိနေသောအရာကို နှောင့်ယှက်မိမှာအား စိုးရိမ်နေကြလေသည်။
" ဘုန်း.....! "
ရုတ်တရက်ဆိုသလို ပိုမို၍ထိတ်လန့်ဖွယ်ကောင်းသောအရှိန်အဝါကြီးသည် အစီအရင်ကြီးရှစ်ခု၏အောက်မှ ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းအရှိန်အဝါကြီးထွက်ပေါ်လာသည့်အခါ ရွှမ်ဝူနဲ့အခြားသူများသည် မြေပြင်ပေါ်သို့ တိုက်ရိုက်ဖိနှိပ်ချ ခံလိုက်ရသည်။ သူတို့အားလုံး၏ကိုယ်ပေါ်၌ ချွေးအေးများထွက်လာခဲ့ကာ အဆက်မပြတ်တုန်ယင်နေခဲ့၏။
ဤထိတ်လန့်ဖွယ်ကောင်းသောအရှိိန်အဟုန်၏အောက်တွင် အစီအရင်ကြီးရှစ်ခုစလုံးသည် ကူကယ်ရာမဲ့နေခဲ့ကာ အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့လေသည် !