အရိုးစု။
Vol. 47 Ch. 652
ဘာသာပြန်- The Fate
" ဘုန်း......! "
အစီအရင်ကြီးရှစ်ခု၏အက်ကွဲလာခြင်းနဲ့အတူ နားကွဲလုမတတ် ကျယ်လောင်သောပေါက်ကွဲသံကြီးသည် ခန်းမကြီးအတွင်း ရုတ်တရက်ဟိန်းထွက်သွားခဲ့သည်။
မီးခိုးလုံးများ၊ ဖုန်မှုန့်များအကြားမှ ပြင်းထန်သောအရှိန်အဟုန်ကြီးပေါက်ဖွားလာခြင်းနဲ့အတူ တုန်ယင်နေကြသော ရွှမ်ဝူနဲ့အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက်လွင့်ပျံထွက်သွားကြကာ အဝေးတစ်နေရာရှိမြေပြင်နဲ့ ထိခတ်မိသွားခဲ့သည်။ သွေးများလည်း ထွက်ပေါ်လာခဲ့ကာ သူတို့၏မျက်နှာများက စက္ကူဖြူတစ်စအလား ဖြူဆုတ်သွားခဲ့သည်။
အရှိန်အဝါကလေးကတောင် သူတို့အားလုံးကို အပြင်းအထန် ဒဏ်ရာရစေခဲ့၏။ သူတို့၏စိတ်ဝိညာဥ်များကတောင် ဆုတ်ဖြဲခံနေရသည့်အလား ခံစားနေခဲ့ရသည်။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပြောမပြတတ်အောင် နာကျင်နေခဲ့ကာ အမူအရာက ပျက်ယွင်းလျက်ရှိချေသည်။
ရွှမ်ဝူနဲ့အခြားသူများသည် ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သောနာကျင်မှုကို လျစ်လျူရှုထားခဲ့ကာ ဖုန်မှုန်များအကြားသို့ စူးစိုက်ကြည့်နေခဲ့သည်။ အမှောင်ထုထဲတွင်ရှိနေကြသော ဝမ်ဖုန်းတို့အုပ်စုကလည်း မီးခိုးလုံးများအကြားသို့ အကြည့်ပို့လိုက်ကြသည်။
လူအများ၏စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် စူးရှထက်မြက်သောအရာတစ်ခုသည် မီးခိုးလုံး၊ ဖုန်မှုန့်များအကြားမှ ထိုးထွက်လာခဲ့ကာ ပေါက်ကွဲမှုတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။
ဝမ်ဖုန်းနဲ့အခြားသူများကို ထိတ်လန့်သွားစေခဲ့သည်က ထွက်ပေါ်လာသည့်အရာမှာ ထက်မြသောအရိုးဓားကြီးဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပေါ်ရာအရပ်၌ အရိုးဖြူဖြင့်ပြုလုပ်ထားသော ဓားကြီးတစ်လက်သည် ဝဲလွှင်ပျံသန်းနေခဲ့သည်။ အရိုးဖြင့်ပြုလုပ်ထားသော ၎င်းဓားကြီး၏ကိုယ်ထည်ပေါ်၌ အနက်ရောင်မျဥ်းကြောင်းများရှိနေခဲ့ကာ ထူးခြားသည့်ပုံသဏ္ဍာန်ကို ပုံဖော်နေခဲ့သည်။ ထူးဆန်းပြီး ထက်မြက်သောအရှိန်အဝါကလည်း ၎င်းအရိုးဖြူဓားကြီးထံမှ ထွက်ပေါ်နေခဲ့ကာ ခန်းမကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
ဤအရိုးဖြူဓားက ဘယ်အဆင့်လဲဆိုတာကို ပြောဆိုရန် ခက်ခဲလေသည်။ သို့သော်လည်း ၎င်းဓားမှထုတ်လွှတ်နေသော ဆိုးယုတ်မှုအရှိန်အဝါများကြောင့် လူတိုင်း၏စိတ်ဝိညာဥ်များသည် တုန်ယင်သွားခဲ့ကြကာ ဆန်းကြယ်သောတည်ရှိမှုတစ်ခုနဲ့ ရင်ဆိုင်နေရသလို ခံစားနေခဲ့ရသည်။
" ချွှင် ! "
ရှိနေကြသောလူများ တုန်ယင်နေကြသည့်အချိန်၌ အရိုးဖြူဓား၏ပတ်လည်၌ရှိသော လေဟာပြင်သည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ယင်းနောက်တွင် လေဟာပြင်ဟာ တစစီအက်ကွဲသွားခဲ့ပြီး ခမ်းနားကြီးကျယ်သောယောင်ဝါးဝါးပုံရိပ်တစ်ခုသည် လေထုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
အမျိုးသားသည် အနက်ရောင်ဝတ်ရုံနှင့် မဟူရာနဂါးသရဖူကိုဆောင်းထားခဲ့ပြီး သူ့ထံ၌ အေးစက်မှုတို့နှင့် ပြည့်နှက်နေခဲ့သည်။ သူထွက်ပေါ်လာသည်နဲ့တပြိုင်နက် ရွှမ်ဝူနဲ့ကြွင်းကျန်ရစ်သောလူများသည် မြေပြင်ပေါ် ပြားပြားဝပ်အောင် ဖိနှိပ်ခံခဲ့ရကာ အနည်းငယ်တောင် မလှုပ်ရှားနိုင်တော့ပါ။
ပို၍ထိတ်လန့်ဖွယ်ကောင်းသောအရာလည်း ရှိနေ၏။ အဆိုပါလူ၏မျက်နှာသည် တစစီစုတ်ပြဲနေခဲ့ကာ အပ်ချည်မျှင်ကဲ့သို့ အဖြူရောင်နဲ့ မီးခိုးရောင် အရိုးများသာ ရှိနေခဲ့သည်။ ၎င်းက ကြည့်မြင်မိသောလူများအားလုံးကို ထိတ်လန့်တုန်ယင်သွားစေနိုင်သည်။
သူ၏မျက်ဝန်းအတွင်း၌လည်း အနက်ရောင်မျက်ဆံရှိမနေခဲ့ဘဲ စွတ်စွတ်ဖြူနေခဲ့သည်။ ဒါက စိုက်ကြည့်မိသူများကို ထိတ်လန့်စေနိုင်သည်။
ရွှမ်ဝူနဲ့အခြားသူများသည် ချွေးအေးများအတွင်း နစ်မြှပ်နေခဲ့ကာ ထိန်းချုပ်မရအောင် တုန်ယင်နေခဲ့သည်။ သူတို့ဟာ ထိုပုံရိပ်ကို စူးစိုက်မကြည့်ရဲတော့ပါ။ ထိုလူ၏အရှိန်အဝါသည် သူတို့အားလုံးကို သေဆုံးလုမတတ် ဖိနှိပ်နေခဲ့ကာ အဆုံးအစမဲ့အကြောက်တရားများကို ဖြစ်ထွန်းစေခဲ့သည်။ ဤမျှထိတ်လန့်ဖွယ်ကောင်းသောတည်ရှိမှုသည် သူတို့ရင်ဆိုင်နိုင်မည့်အရာ မဟုတ်ပါချေ။ ထိုလူပုဂ္ဂိုလ်၏ကျင့်ကြံမှုက ဘယ်အဆင့်ရောက်နေလဲဆိုတာကိုတောင် သူတို့အားလုံးမခန့်မှန်းနိုင်ခဲ့ပါ !
" ကာလကြာမြင့်နေခဲ့ပြီ.....နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့။ "
ရှေးလွန်ခဲ့သည့် နှစ်ကာလများမှ ထွက်ပေါ်လာခဲ့သော အိုမင်းရင့်ရော်နေသည့်အသံကြီးသည် အဆိုပါပုံရိပ်၏နှုပ်ဖျားမှ ထွက်ပေါ်လာခဲ့ကာ ခန်းမအတွင်းပဲ့တင်ထပ်သွားခဲ့သည်။ ရွှမ်းဝူနဲ့အခြားသူများသည် ဤအသံကိုကြားလိုက်ရသည့်အခါ စိတ်ဝိညာဥ်များတုန်လှုပ်နေတာကို မရပ်တန့်နိုင်တော့ပါ။
" ထျန်းရွှမ်...အဲ့ဒီအချိန်တုန်းက မင်းက အရာအားလုံးကို စတေးခဲ့ပြီး ဒီနတ်ဘုရားကို ဖိနှိပ်ခဲ့တယ် ! "
" မင်းမမျှော်လင့်ထားခဲ့ဘူးမလား....နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာမြင့်ပြီးတဲ့နောက် ဒီနတ်ဘုရားက တဖန်ပြန်ရှင်သန်လာခဲ့ပြီ။ ဒါပေမဲ့ မင်းနဲ့ ထျန်းရွှမ်တာအိုနန်းတော်ကတော့ ဖုန်မှုန့်အဖြစ် ပျက်စီးသွားခဲ့ပြီ ! "
ထိုပုံရိပ်သည် ရွှမ်းဝူနဲ့အခြားသူများကို လျစ်လျူရှူ့ထားခဲ့သည်။ သူ၏မီးခိုးရောင်မျက်လုံးများက ခန်းမကြီးတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် တိုးညှင်းစွာ ရေရွက်လိုက်ချေသည်။ အဆိုပါစကားလုံးများက တိုးညှင်းသော်လည်း လူတိုင်း၏နားစည်အတွင်း၌ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားခဲ့သည်။
အသံသည် လူအများ၏စိတ်ဝိညာဥ်ကို ထွင်းဖောက်သွားခဲ့ပုံပေါ်ကာ ရွှမ်းဝူနဲ့အခြားသူများ၏ စိတ်ဝိညာဥ်များကိုတောင် အက်ကွဲသွားလုမတတ် ဖြစ်စေခဲ့သည်။ ဝမ်ဖုန်းနဲ့အခြားသူများ၏စိတ်ဝိညာဥ်များကလည်း တုန်ယင်နေခဲ့ကြသည်။ သူတို့၏ခန္ဓာကိုယ်များကပါ တုန်လှုပ်နေကြလေသည်။
ဝမ်ဖုန်းတို့ကို ထိတ်လန့်သွားစေသည်က ထိုလူပြောခဲ့သည့်အရာများသာ ဖြစ်လေသည်။
ရုတ်တရက်ထွက်ပေါ်လာသော လျို့ဝှက်ဆန်းကြယ်သည့်လူမှာ တာအိုကျင့်ကြံသူထျန်းရွှမ်၏ ချိတ်ပိတ်ခြင်းခံထားရသူ ဖြစ်လိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။ တာအိုကျင့်ကြံသူထျန်းရွှမ်လိုပုဂ္ဂိုလ်မျိုးကတောင် ဒီလူကို ချိတ်ပိတ်သာထားနိုင်ခဲ့ပြီး မသတ်ဖြတ်နိုင်ခဲ့ပါ။ ဒါဆို ဒီပုဂ္ဂိုလ်၏စွမ်းအားက ဘယ်အဆင့်ထိတောင် ကြောက်လန့်ဖို့ကောင်းနေတာလဲ။
ရွှမ်းဝူနဲ့အခြားသူများ၏စိတ်အာရုံများသည် ဗလာကျင်းသွားခဲ့သည်။ သူတို့က တွေးခေါ်နိုင်စွမ်းကိုတောင် ဆုံးရှုံးသွားခဲ့ကာ မျှော်လင့်ချက်ကိုလည်း မတွေးနိုင်တော့ပါ။ ထိုလူ၏ရှေ့မှောက်တွင် သူတို့၌ သေခြင်းမှတစ်ပါး အခြားအရာရွေးစရာ မရှိတော့ချေ။
မြင့်မြတ်သောေကာင်းကင်နန်းတော်နှစ်ခု၏ ဘိုးဘေးများရောက်လာခဲ့ရင်တောင် ထိုလူ၏ရှေ့မှောက်၌ ဒူးထောက်နေရမှာသာဖြစ်ပြီး ခုခံဖို့ခွန်အားအနည်းငယ်တောင် ရှိမှာမဟုတ်ပါ။
" စနစ်....ဒီလူရဲ့အချက်အလက်တွေကို စစ်ဆေးကြည့်နိုင်မလား။ "
ဝမ်ဖုန်းက မျက်မှောင်ကျုံ့လိုက်ပြီး လျို့ဝှက်စွာ မေးမြန်းလိုက်သည်။
တချို့သောအကြောင်းအရင်းများကြောင့် ထိုလျို့ဝှက်ဆန်းကြယ်သောလူကို တွေ့မြင်လိုက်ရပြီးနောက် ဝမ်ဖုန်း၏နှလုံးသားအတွင်း၌ စက်ဆုပ်မှုများ ပေါက်ဖွားလာခဲ့သည်။ သူ၏စိတ်အတွေး၌ သတ်ဖြတ်လိုစိတ်များကတောင် ခပ်ဖျဖျပေါ်ထွန်းလာခဲ့သည်။ ထိုလူက သူ၏ရန်သူတစ်ယောက်ဖြစ်နေခဲ့သည့်အလား ခံစားနေရသည်။
ထိုခံစားချက်မှာ အရမ်းကိုသန်မာလွန်းတာကြောင့် ဝမ်ဖုန်းဟာ မိမိကိုယ်ကို မထိန်းချုပ်နိုင်လုနီးပါး ဖြစ်ခဲ့ရသည်။
" ဒင်....စုံစမ်းစစ်ဆေးဖို့အတွက် ဂိုဏ်းအမှတ်(5)ထရီလီယံကုန်ကျပါမယ်။ "
ဝမ်ဖုန်း၏စိတ်အာရုံအတွင်း အေးစက်စက်အသံက ထွက်ပေါ်လာခဲ့သည်။ ဒီလူရဲ့အချက်အလက်ကိုရှာဖွေတာက ဒီလောက်တောင်ကုန်လိမ့်မယ်လို့ သူထင်မထားခဲ့ဘူး။
ဂိုဏ်းအမှတ်(5)ထရီလီယံ....လီပိုင်နဲ့အခြားသူများက သန်မာသောကောင်းကင်တာအိုမျိုးနွယ်စုကို ဖျက်စီးခဲ့၍၊ မဟာနတ်ဆိုးရွှမ်ရှက ပထမမင်းသားလန်လဲ့နောက်ကိုလိုက်ပါလာသော ပုန်ကန်သူများကိုခေါင်းဖြတ်ခဲ့၍မဟုတ်ပါက သူလည်း ထိုမျှလောက်များပြားသောဂိုဏ်းအမှတ်များကို ရရှိထားမှာ မဟုတ်ပါ။
" စုံစမ်းလိုက် ! "
တခဏကြာတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက အံကိုတင်းတင်းကြိတ်လျက် ပြောဆိုလိုက်သည်။
သူ့နှလုံးသားအတွင်းရှိ စက်ဆုပ်မှုနဲ့သတ်ဖြတ်လိုစိတ်များမှာ ပို၍ သန်မာလာခဲ့သည်။ ထိုလူဘယ်သူလဲဆိုတာကိုသာ သူရှာမတွေ့ခဲ့လျှင် ဝမ်ဖုန်းသည် စားမဝင်၊ အိပ်မပျော် ဖြစ်ရပေလိမ့်မည်။
သူ့ကို ပို၍ထိတ်လန့်သွားစေခဲ့သည်က ထိုလူထံမှ ထွက်ပေါ်နေသောအရှိန်အဝါသည် သူ၏နှလုံးသားကို သေခြင်းနဲ့နီးကပ်သော ခံစားချက်တစ်မျိုးကိုပေးနေခဲ့ကာ ကံတရားဝိညာဥ်ကတောင် သူ့ကို သတိပေးနေသည့်အလား အဆက်မပြတ် တုန်ယင်နေခဲ့သည်။
ဤသည်မှာ ဝမ်ဖုန်းအနေဖြင့် ထိုကဲ့သို့အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်ဖြစ်သည်။ ကံတရားတာအိုနဲ့ပေါင်းစပ်ထားသော ကံတရားစိတ်ဝိညာဥ်ကတောင် ပြင်းထန်စွာ တုန်လှုပ်နေခဲ့ရသည်။ ဒီလူဟာ ဘယ်လောက်တောင် ထိတ်လန့်ဖို့ကောင်းလို့လဲ။
" ဒင်....စုံစမ်းစစ်ဆေးဖို့အတွက် ဂိုဏ်းအမှတ်(5)ထရီလီယံကို အလိုအလျှောက်အသုံးပြုလိုက်ပါပြီ။ "
" ဒီလူက တစ်ဖက်လောကမှ ထူးမြတ်တဲ့စွမ်းအားရှင်တွေထဲကတစ်ယောက်ပါ။ သူကတော့ ကောင်းကင်ကိုထိန်းချုပ်ထားတဲ့လူပါ။ "
" ကောင်းကင်ကိုချုပ်ထိန်းသူဟာ သူ့ကိုယ်သူ မိုးကောင်းကင်ရဲ့ကိုယ်စား အမိန့်ပြန်တမ်းများကို ထုတ်ပြန်တယ်လို့ဆိုပါတယ်။ "
" ဒီလူရဲ့နာမည်ကတော့ အရိုးစုပါ။ တာအိုကျင့်ကြံသူထျန်းရွှမ်က ကပ်ဘေးဒုက္ခရဲ့လျို့ဝှက်ချက်ကို ကောက်ချက်ချနိုင်ဖို့ သူ့ရဲ့တစ်ဘဝလုံးကို ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ ပြီးတော့ ကောင်းကင်ရဲ့စွမ််းအားတွေကို ချေးဌားယူပြီး ဒီလူ့ကိုဖိနှိပ်ကာ သတ်ဖြတ်ချင်ခဲ့တာပါ !
" အဆုံးမှာတော့ ဒီလူက ဖိနှိပ်သတ်ဖြတ်မခံခဲ့ရဘဲ တာအိုကျင့်ကြံသူထျန်းရွှမ်ကသာ မိုးကောင်းကင်ရဲ့အပြစ်ပေးမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ "
" သူမသေဆုံးခင်မှာ တာအိုကျင့်ကြံသူထျန်းရွှမ်က ဘဝတစ်ခုလုံးကျင့်ကြံမှုစွမ်းအားတွေကို အသုံးပြုပြီး အစီအရင်ကြီးရှစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို အစီအရင်တွေအဖြစ် ပြောင်းလဲခဲ့ပြီး အရိုးစုကို ထျန်းရွှမ်းတာအိုနန်းတော်အတွင်းမှာ ချိတ်ပိတ်ထားခဲ့တာပါ။ "
" နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာတဲ့အခါ အချိန်ကာလရဲ့တိုက်စားမှုကြောင့် အစီအရင်ကြီးရှစ်ခုက အားပျော့လာခဲ့ပါတယ်။ ကောင်းကင်နန်းတော်နှစ်ခုရဲ့ တပည့်တွေကြားကတိုက်ပွဲမှာတော့ အစီအရင်ရှစ်ခုရဲ့စွမ်းအားက အပြည့်အဝကုန်ဆုံးသွားခဲ့ရပါတယ်။ "
" အခု အရိုးစုက ပြန်လည်ထွက်ပေါ်လာနိုင်ခဲ့ပါပြီ။ သူ့ရဲ့ကျင့်ကြံမှုက အင်မော်တယ်ဧကရာဇ်အဆင့်ပဲ ရှိသေးပေမဲ့ သူ့ရဲ့ခွန်အားကတော့ ဟုန်မာန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေခဲ့ပါပြီ။ သာမာန်ဟုန်မာန်နတ်ဘုရားနယ်ပယ်စွမ်းအားရှင်တွေကတောင် သူ့အတွက် ပြိုင်ဖက်မဖြစ်နိုင်ပါဘူး။ "
ဝမ်ဖုန်းရဲ့စကားဆုံးသွားပြီးနောက် စနစ်၏အေးစက်သောအသံက တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်း၏မျက်ဝန်းသူငယ်အိမ်များကို ပြူးကျယ်ထိတ်လန့်သွားစေခဲ့သည်။
ဒီလူက ကောင်းကင်ရဲ့ကိုယ်စားလှယ်ထဲကတစ်ယောက်ဖြစ်နေလိမ့်မည်ဟု ဝမ်ဖုန်းတစ်ယောက် တွေးထင်မထားခဲ့ပါ။
ရွှမ်းယွမ်နဲ့ပိုင်ဟုန်တို့ ယခင်ကပြောဆိုခဲ့သော လျို့ဝှက်ချက်များအရ အဆိုပါလူများသည် မိုးကောင်းကင်ရဲ့ကိုယ်စားလှယ်များလို့ နာမည်ခံခဲ့ကာ ကောင်းကင်တာအိုမျိုးနွယ်စုများနဲ့ လူသားမျိုးနွယ်စုများကို အချင်းချင်းပြန်လည် သတ်ဖြတ်စေခဲ့သည် !