ပြီးပြည့်စုံသော ပြန်လည်ဝင်စားခြင်း
Vol. 47 Ch. 656
ဘာသာပြန်- The Fate
ယဲ့မုချင်၏စကားလုံးများကိုကြားလိုက်ရသည့်အခါ အကျဥ်းသားယန်လုံ၏နှလုံးသားသည် တုန်ယင်နေခြင်းကို မရပ်တန့်နိုင်တော့ပါ။ ယခင်ဧကရာဇ်ဟုဆိုသည့်အတိုင်း သူ၏ခွန်အားက ကြီးမားရုံသာမက မိုးကောင်းကင်၏လျို့ဝှက်ချက်များကို တွက်ချက်နိုင်စွမ်းကလည်း အဆမတန် သန်မာအားကောင်းလွန်းလှပေသည် !
" ဝမ်ဖုန်း...ခင်များတကယ်ပဲ အရင်ကိုးဘဝကို ကျော်ဖြတ်နိုင်မှာလား "
တွေးတောနေရင်းမှ အကျဥ်းသားယန်လုံသည် သံသယများဖြင့် တီးတိုးရေရွတ်လိုက်လေသည်။
ယွမ်ဟွားကောင်းကင်ဘုံအတွင်း၌ ချိတ်စည်းမှလွှတ်ခါစအချိန်တွင် သူသည် ဝမ်ဖုန်းကို တွေ့မြင်ခဲ့ရသည်။ ထိုအချိန်တုန်းက သူဟာ ဝမ်ဖုန်းကို ထွင်းဖောက်မမြင်နိုင်ခဲ့သော်လည်း ဝမ်ဖုန်းနဲ့ပတ်သတ်၍ ဘယ်ထူးဆန်းမှုကိုမှ မခံစားခဲ့ရပါ။
ဘာ့ကြောင့်များ ယဲ့မုချင်၊ သိချင်းနှင့် ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးနတ်ဘုရားတို့က ဝမ်ဖုန်းသည် ယခင်ကိုးဘဝထက် ကျော်လွန်နိုင်လိမ့်မည်ဟု သေချာနေရပါသနည်း? သူကိုယ်တိုင်လည်း မသိတော့ပါ။
ဝမ်ဖုန်း၏ပထမဘဝသည် သူ၏အရှင်ဘုရင်ဖြစ်ပြီး သူဟာ ကောင်းကင်နှင့်ကမ္ဘာမြေပြင်အကြား၌ အကြီးမြတ်ဆုံးသောတည်ရှိမှုတစ်ခုလည်း ဖြစ်သည်။ ဒုတိယဘဝမှစ၍ နဝမဘဝအထိ တည်ရှိမှုကလည်း ပထမဘဝလောက်ထိတ်လန့်ဖွယ်မကောင်းသော်ငြား ကောင်းကင်နှင့်ကမ္ဘာမြေပြင်အတွင်း၌ အသန်မာဆုံးတည်ရှိမှုအဆင့်ကို ရောက်ရှိခဲ့ပါသည်။
အရင်ကိုးဘဝကို ကျော်လွန်နိုင်ဖို့ဆိုရင် ဘယ်လောက်တောင်များခက်ခဲမှာလဲ။
ဒါ့အပြင် ရှေးယခင်အချိန်မှစ၍ ဆယ်ကြိမ်မြောက်ဘဝအထိ အောင်မြင်စွာ လူဝင်စားနိုင်သူဟူ၍ တစ်ယောက်မှ မရှိသေးပါ။ ထိုကဲ့သို့လူပုဂ္ဂိုလ်တစ်ယောက်က အဘယ်မျှလောက်တာ,သွားမည်ဆိုတာကိုလည်း ဘယ်သူကမှ ခန့်မှန်းနိုင်မည်မဟုတ်ပါ။
(10)ကြိမ်မြောက်ဘဝအထိ လူဝင်စားနိုင်သည့်ပုဂ္ဂိုလ်သည် ကောင်းကင်တာအို၏ဖိနှိပ်မှုအောက်တွင် မရှိတော့ပါချေ။ ထိုသူ၏ကံတရားနဲ့ အနာဂတ်ကိုလည်း တွက်ဆ၍ရနိုင်မည်မဟုတ်ပါ။ ယန်လုံသည် တချိန်က ဝမ်ဖုန်း၏ကံတရားကိုတွက်ချက်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် သူမြင်တွေ့ခဲ့ရသည်က မြူခိုးထုကြီးများသာ ဖြစ်ပေသည်။
ခန့်မှန်းတွက်ဆ၍မရနိုင်သောအနာဂတ်တွင် မြောက်များစွာသောဖြစ်နိုင်ခြေများကို သယ်ဆောင်ထားသည်။
အနာဂတ်မှာ သူက တကယ်ပဲ အရင်ကိုးဘဝထက် ကျော်လွန်တဲ့တည်ရှိမှု ဖြစ်လာမှာလား။ ဒါက ပြောဖို့တော့ ခက်ခဲလွန်းတယ် !
ထိုအဆင့်သို့မရောက်သေးခင်တွင် မရေမတွက်နိုင်သော မတော်တဆမှုနဲ့လည်း တွေ့ကြုံရနိုင်သည်။ ထိုမတော်တဆမှုများကလည်း ဝမ်ဖုန်း၏အသက်ကို လမ်းတစ်ဝက်မှာ နှုတ်ယူသွားနိုင်၏။
အကျဥ်းသားယန်လုံသည် သူ၏အရှင်ဘုရင်နှင်ယဲ့မုချင်တို့ကို ယုံကြည်သော်ငြားလည်း သံဿယများကတော့ ထိန်းချုပ်မရ ပေါက်ဖွားလာဆဲသာ ဖြစ်လေသည်။
" ဆယ်ကြိမ်မြောက်ဘဝအထိ ပြီးပြည့်စုံအောင် လူဝင်စားနိုင်တဲ့လူက ဘယ်လိုလူမျိုးလဲဆိုတာ မင်းသိလား "
အကျဥ်းသားယန်လုံ၏တီးတိုးရေရွတ်သံကို ကြားလိုက်ရသည့်အခါ ယဲ့မုချင်က ပြုံးလျက် ပြန်၍ပြောဆိုလိုက်သည်။
အကျဥ်းသားယန်လုံက ခေါင်းကိုခါယမ်းလိုက်သည်။ သူ၏ကျင့်ကြံမှုက အလွန်အမင်းသန်မာသော်လည်း သူဟာ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်မရောက်ရှိသေးပါ။ သူသည် ဟုန်မာန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဆယ်ကြိမ်မြောက်ဘဝအထိ ပြန်လည်ဝင်စားနိုင်သူသည် ရှေးယခင်အချိန်ကတည်းက ထွက်ပေါ်မလာခဲ့ဖူးပေ။ မှတ်တမ်းမှတ်ရာများလည်း မရှိသည်ဖြစ်ရာ သူအဘယ်မှာ သိနိုင်ပါအံ့နည်း။
" ဘဝဆယ်ခုအထိ ပြန်လည်ဝင်စားခြင်းက ကမ္ဘာလောကကြီးထဲမှာ ပြီးပြည့်စုံတဲ့ လူဝင်စားခြင်းပေါ့ "
" ကောင်းကင်တာအိုရဲ့ဖိနှိပ်မှုတွေကကင်းကွာပြီး မဟာတာအိုလမ်းစဥ်နဲ့ ရင်ဘောင်တန်းနိုင်တယ်။ အဲ့တာက ပြန်လည်ဝင်စားခြင်းရဲ့ ထူးမြတ်တဲ့လမ်းစဥ် ! "
" တစ်ယောက်ယောက်က ဆယ်ဘဝမှာ ပြီးပြည့်စုံတဲ့ပြန်လည်ဝင်စားခြင်းကို တွေ့ကြုံရပြီဆိုရင် ပြန်လည်ဝင်စားခြင်းရဲ့ ထူးမြတ်တဲ့လမ်းစဥ်ကလည်း သူ့ရဲ့ အခြေခံအုတ်မြစ်မှာ ပါဝင်သွားလိမ့်မယ်။ ပြီးတော့ အဲ့တာက ကမ္ဘာလောကကြီးထဲက အပြည့်စုံဆုံးသော လူဝင်စားခြင်းလမ်းစဥ်တဲ့လေ !"
" ပြီးပြည့်စုံတဲ့ပြန်လည်ဝင်စားခြင်း....အဲ့တာက မူလအစကို ပြန်လည်သွားရောက်ခြင်းပဲ "
" ဘဝဆယ်ခုမှာ ပြီးပြည့်စုံတဲ့ပြန်လည်ဝင်စားခြင်းကို တွေ့ကြုံပြီးရင် ဆယ်ကြိမ်မြောက်ဘဝက မူလအခြေအနေ ဖြစ်တည်လိမ့်မယ်။ ပြီးတော့ အဲ့ဒီအခြေအနေကသာ ပြီးပြည့်စုံတဲ့ အချိန်အခါပေါ့"
နက်ရှိုင်းသောမျက်ဝန်းများဖြင့် ယဲ့မုချင်က တိုးညှင်းစွာ ရှင်းပြလိုက်သည်။
သူမ၏စကားလုံးများက အကျဥ်းသားယန်လုံကို ထိတ်လန့်သွားစေခဲ့သည်။ သူ၏လက်ရှိကျင့်ကြံမှုဖြင့်တောင် ယန်လုံသည် ယဲ့မုချင်စကားလုံးများ၏ ဆိုလိုရင်းကို နားမလည်နိုင်ခဲ့ပါ။
" ငါ့ယောကျ်ားရဲ့မူလဇာစ်မြစ်က သူ့ရဲ့ပထမဘဝလောက်နဲ့တင် ရိုးရှင်းမှုမရှိဘူး။ "
ဤအချိန်တွင် ယဲ့မုချင်က ထပ်မံပြောဆိုလိုက်သည်။
" ဘာ..? "
ထိုအသံကိုကြားလိုက်ရသည့်အခါ အကျဥ်းသားယန်လုံ၏မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားခဲ့သည်။ သူဟာ အရမ်းကိုထိတ်လန့်သွားတာကြောင့် အံ့သြတသင့် ရေရွတ်လိုက်မိ၏။
" ငါကိုယ်တိုင်လည်း အဲ့တာကို ထွင်းဖောက်မမြင်နိုင်ဘူး။ ဒါပေမဲ့ ဆယ်ကြိမ်မြောက်ပြန်လည်ဝင်စားခြင်းပြီးဆုံးသွားရင် ဝမ်ဖုန်းက အစစ်အမှန်ဝမ်ဖုန်းဖြစ်လာလိမ့်မယ်လို့ ငါအကြမ်းဖျင်း တွက်ဆမိတယ် ! "
" ပထမဘဝပဲဖြစ်ဖြစ်၊ ကျန်တဲ့ကိုးဘဝဘဲဖြစ်ဖြစ် အရာအားလုံးက လမ်းစဥ်တွေကို ပြည့်စုံအောင်လုပ်တဲ့ ဝမ်ဖုန်းရဲ့ ပြန်လည်ဝင်စားခြင်းဖြစ်စဥ်တွေ။ "
ယဲ့မုချင်သည် သူမ၏ခေါင်းကိုခါယမ်းလိုက်ပြီး တိုးညှင်းစွာ ရေရွက်လိုက်သည်။ သူမ၏လှပသောမျက်ဝန်းများမှာ တောက်ပဝင်းလက်နေခဲ့သည်။ သူမဘာကိုတွေးတောနေသလဲဆိုတာကို မှန်းဆရန် မဖြစ်နိုင်ခဲ့ပါ။
" အို? "
ယဲ့မုချင်၏စကားကို ကြားလိုက်ရသည့်အခါ အကျဥ်းသားယန်လုံက သက်ပြင်းရှိုက်လိုက်မိသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်လှုပ်နေမိသည်။
ပထမဘဝလို ထူးမြတ်တဲ့တည်ရှိမှုကတောင် လမ်းစဥ်တွေကို ပြန်လည်ပြည့်စုံအောင်လုပ်တဲ့ ဝမ်ဖုန်းရဲ့ ဝင်စားမှုတစ်ခုတဲ့လား။
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..?
ဒီလောကကြီးထဲမှာ ဒီလိုထိတ်လန့်စရာတည်ရှိမှုကြီးက ရှိနေသေးလို့လား။
အကျဥ်းသားယန်လုံဟာ ဆက်လက်တွေးဆရန် မဝံ့ရဲတော့ပါ။ ယဲ့မုချင်ခန့်မှန်းထားသလိုဆိုရင် ဝမ်ဖုန်းရဲ့သရုပ်မှန်က ဘယ်လောက်တောင်ကြောက်လန့်ဖို့ကောင်းမှာလဲ။
အရင်ကသူသည် ဧကရာဇ်သည် ဤလောကကြီးအတွင်း၌ အမြင့်မြတ်ဆုံးဖြစ်သည်ဟု တွေးထင်ခဲ့သည်။ ယခုကြည့်ရတာ ကမ္ဘာကြီးအပေါ် သူရဲ့အမြင်က လုံလောက်အောင် မနက်ရှိုင်းသေးတဲ့ပုံပဲ။
ကြည့်ရသည်မှာ မိုးကောင်းကင်၏ကိုယ်စားလှယ်များသည် အဓိကပြဿနာကြီးများ မဟုတ်နိုင်ပေ။ အမှောင်ထုအတွင်း၌ပုန်းကွယ်နေသော ခန့်မှန်း၍မရနိုင်သည့် ကြောက်လန့်စရာတည်ရှိမှုကြီးများလည်း ရှိနေနိုင်၏။
သူတိုရဲ့အဆင့်က ထိုတည်ရှိမှုများကို လက်လှမ်းမမှီနိုင်လောက်အောင် နိမ့်ကျနေခြင်းသာ ဖြစ်နိုင်ပေ၏။
ဒီလိုမှမဟုတ်ရင် ယဲ့မုချင်၏ခန့်မှန်းမှုကို ဖြေရှင်းရန်နည်းလမ်းရှိတော့မှာ မဟုတ်ပါ။
" ကောင်းပြီ...အများကြီးတွေးနေရင်လည်း အသုံးဝင်မှာ မဟုတ်ဘူး။ "
" ငါ့ရဲ့ယောကျ်ား ဘယ်လောက်မြင့်မြင့်သွားနိုင်မလဲဆိုတာ သူ့အပေါ် မူတည်တယ်။ "
" ငါတို့ကတော့ သူ့ရဲ့ကြီးထွားမှုလမ်းကို နှောင့်ယှက်နိုင်တဲ့ ဆူးငြောင့်လမ်းတွေကို အကောင်းဆုံးဖယ်ရှားပေးဖို့ဘဲ လိုတယ်။ "
အကျဥ်းသားရန်လုံ၏ထိတ်လန့်နေသောအမူအရာကို တွေ့မြင်လိုက်ရသည့်အခါ ယဲ့မုချင်က ပြုံးရယ်လိုက်သည်။ သူမ အများကြီးပြောလိုက်မိပြီဆိုတာကို သိတာကြောင့် သူမက လက်ကို ဝှေ့ယမ်းလျက် ပြောဆိုလိုက်သည်။
ယဲ့မုချင်၏စကားလုံးများက အကျဥ်းသားယန်လုံကို တွေဝေမိန့်မောနေရာမှ ပြန်၍လှုပ်နှိုးလိုက်သည်။ သူဟာ ဝမ်ဖုန်းရဲ့သရုပ်မှန်အကြောင်းကို ဆက်လက်တွေးတောမနေတော့ပါ။ သူက ဝမ်ဖုန်း၏ဘေးတွင် မြဲမြံစွာရပ်တည်မည်။ ဤသည်က လုံလောက်နေပေသည်။
" ဒါနဲ့ ဝမ်ဖုန်းက မွန်မြတ်ဘုံလောကရဲ့ ကောင်းကင်တာအိုမျိုးနွယ်စုကြီးသုံစုကို သုတ်သင်ခဲ့ပြီး ကောင်းကင်မျိုးနွယ်စုခွဲကိုလည်း အညံ့ခံစေခဲ့ပါတယ်။ "
များမကြာမီတွင် အကျဥ်းသားယန်လုံက တစ်စုံတစ်ရာကိုတွေးမိသွားခဲ့ကာ ပြောဆိုလိုက်သည်။
" ဒါက အရေးမကြီးပါဘူး။ အဲ့ဒီကြွက်စုတ်တွေ သေရင်လည်းသေတယ်ပေါ့။ "
" အခြေအနေ၊ အချိန်အခါက မသင့်တော်နေလို့သာမဟုတ်ရင် ငါကိုယ်တိုင်သွားပြီး အဲ့ဒီကြွက်စုတ်တွေကို ရှင်းလင်းပစ်လောက်တယ် ! "
" ဘယ်သူကရန်သူ၊ ဘယ်သူကမိတ်ဆွေလဲဆိုတာကိုတောင် မပြောနိုင်မှတော့ အဲ့ဒီမျိုးနွယ်စုကို ဆက်ထားတာကရော ဘာများအသုံးဝင်ဦးမှာလဲ "
ယဲ့မုချင်က သူမ၏လက်ကို ခါယမ်းလိုက်သည်။ သူမ၏လှပသောမျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းများ ရှိနေခဲ့သည်။
ဒါကိုကြားတော့ အကျဥ်းသားယန်လုံသည် ခပ်ယောင်ယောင်ပြုံးလိုက်မိသည်။ ဝမ်ဖုန်းဘာကိုပဲလုပ်ခဲ့ပါစေ ၊ယဲ့မုချင်အတွက်ကတော့ အရာအားလုံးက မှန်ကန်နေတယ်လို့ ထင်မှာဖြစ်သည်။ ဒါ့အပြင် တစ်ဖက်က ဝမ်ဖုန်းကို စတင်ရန်စခဲ့သောလူ ဖြစ်နေသေးသည်။ ထိုတစ်ဖက်က ဘာ်လောက်မှန်ကန်နေပါစေ ယဲ့မုချင်၏မျက်ဝန်းများအတွင်း၌တော့ အစဥ်အမြဲမှားယွင်းနေမှာသာဖြစ်၏။
အဲ့တာက သူမရဲ့မျိုးနွယ်စုလေ !
သေချာပါပြီ....ဤအမျိုးသမီးက ရက်စက်ပြီး အကြင်နာတရားကင်းမဲ့သော ဧကရီရှင်မသာ ဖြစ်လေသည်။ ဝမ်ဖုန်း၏အရှေ့၌သာ ထိုအမျိုးသမီးက နုညံ့တတ်၏။
" ထျန်းရွှမ်တာအိုအရှင်ရဲ့ အခြေအနေကရော ဘယ်လိုလဲ "
ယဲ့မုချင်၏မျက်ဝန်းက လှုပ်ရှားသွားခဲ့ပြီး တိုးညှင်းစွာ မေးမြန်းလိုက်သည်။
" စိတ်ဝိညာဥ်က တဖြည်းဖြည်းရင့်ကျက်လာပါပြီ။ ပြီးတော့ ကျင့်ကြံမှုကလည်း အင်မော်တယ်ဧကရာဇ်အဆင့်ကို ရောက်ရှိသွားပါပြီ။ ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးနတ်ဘုရားနဲ့ ကပ်ဘေးတာအိုနတ်ဆိုးနတ်ဘုရားရဲ့စောင့်ရှောက်မှုအောက်မှာ သူက ဟုန်မာန်နတ်ဘုရားနယ်မြေမှာ ကျင့်ကြံနေပါတယ်။ သူရဲ့ကျင့်ကြံမှုကို အမြန်ဆုံးပြန်လည်ရရှိဖို့ ကြိုးစားနေပါတယ်။ "
အကျဥ်းသားယန်လုံက လျှင်မြန်စွာ ပြန်လည်ဖြေဆိုလိုက်သည်။
" အရင်ကစစ်သူကြီးတွေ ပြန်လည်ရောက်ရှိလာတာကိုမြင်ရတော့ တကယ့်ကို အားတက်စရာကောင်းတယ်။ "
ယန်လုံ၏စကားကိုကြားလိုက်ရသည့်အခါ ယဲ့မုချင်၏နှုတ်ခမ်းလေးများမှာ တွန့်ကွေးသွားခဲ့ပြီး ကမ္ဘာလောကကို ဖြူဖျော့စေသည့်တစ်ပြုံးတစ်ခုကို ဖော်ဆောင်ခဲ့၏။
" အင်း...ဒါပေမဲ့ တချို့စစ်သူကြီးတွေကတော့ တိုက်ပွဲအတွင်းမှာ ကြွေလွင့်ပြီး ပြန်ရောက်မလာနိုင်တော့တာ ဝမ်းနည်းစရာကောင်းတယ် " သားရဲကြီးယန်လုံက ခေါင်းညိတ်လိုက်ပြီး ဝမ်းနည်းစွာ ပြောဆိုလိုက်သည်။
" ဝမ်ဖုန်းသာ ထိပ်ဆုံကိုပြန်ရောက်သွားရင် ငါတို့အတွက် တန်ပြန်တိုက်ခိုက်ရမယ့်အချိန်ကို ရောက်လာလိမ့်မယ်။ "
" မစိုးရိမ်ပါနဲ့ .....အဲ့ဒီနေ့က သိပ်ပြီးကြာတော့မှာ မဟုတ်ပါဘူး။ "
ယဲ့မုချင်၏အမူအရာမှာ အေးစက်ခက်ထန်သွားခဲ့ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ သူမ၏စကားလုံးများအတွင်း၌ ဝမ်ဖုန်းအပေါ်ထားရှိသော အဆုံးအစမဲ့ယုံကြည်မှုများ ကိန်းဝပ်နေခဲ့သည်။
ယန်လုံကခေါင်းညိတ်လိုက်ပြီး ဆက်လက်ပြောဆိုလိုက်သည်။
" အရှင်မ ခေါ်လာတဲ့ ရှန်ရှန်ကျုံဂိုဏ်းရဲ့တပည့်တွေကလည်း ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးနတ်ဘုရားရဲ့ လက်အောက်မှာ ကျင့်ကြံနေပါတယ်။ သူတို့က မြင့်မြတ်တဲ့စစ်တပ်တစ်တပ်အဖြစ်တောင် ဖွဲ့စည်းနိုင်ပါပြီ။ ဒါ့အပြင် ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးနတ်ဘုရားကလည်း သူတို့ကို ဟုန်မာန်နတ်ဘုရားနယ်မြေမှာ အကောင်းဆုံးကျင့်ကြံပေးနေပါတယ်။ "
" ဒါပေမဲ့ လူနည်းစုကပဲ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ထိရောက်အောင် ကျင့်ကြံနိုင်သေးတယ်။ "
ယဲ့မုချင်ကခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါ။ သူတို့နှစ်ယောက်စလုံးသည် တိတ်ဆိတ်သွားခဲ့ကာ တောင်ထိပ်ပေါ်၌ တည်ငြိမ်စွာ မတ်တပ်ရပ်နေခဲ့သည်။