နာကျင်မှုနှင့် ပျော်ရွှင်မှု
Vol. 47 Ch. 658
ဘာသာပြန်- The Fate
ရွှမ်ဝူတို့၏ ထိတ်လန့်နေသောအမူအယာကိုတွေ့မြင်လိုက်ရသည့်အခါ အရိုးစုသည် မကျေမနပ်ခံစားလိုက်ရသည်။
သူအသိအမှတ်ပြုသည်ကား ဝမ်ဖုန်းတို့လို အကြောမာသောလူမျိုးကိုသာဖြစ်သည်။ ထိုကဲ့သို့အရေထူသောလူမျိုးကို နှိပ်စက်ခြင်းဖြင့်သာ အဆုံးအဆမဲ့သော ပျော်ရွှင်မှုများကို ခံစားရနိုင်၏။
သူသည် ဝမ်ဖုန်းပြိုလဲသွားမည့်အချိန်ကိုစောင့်မျှော်နေမိသည်။ ထိုအချိန်သို့ရောက်လာပါက သူ့နှလုံးသားအတွင်းရှိ အိပ်မက်ဆိုးကြီးကလည်း အပြီးတိုင်ပြိုကွဲသွားမှာဖြစ်၏။
ဒါကိုတွေးမိတော့ အရိုးစုသည် ဝမ်ဖုန်းကို ရုတ်တရက်လှမ်းကြည့်လိုက်သည်။ သူ၏ခက်ထန်ကြမ်းတမ်းသော မျက်နှာထက်တွင် ရွှတ်နောက်နောက် အပြုံးတစ်ခုကိုဖြစ်ပေါ်လာမိသည်။ အဆိုပါ မီးခိုးရောင်မျက်ဝန်းသူငယ်အိမ်များက ရွှမ်ဝူနှင့်အခြားသူများကို ထိတ်လန့်တုပ်ယင်သွားစေခဲ့သည်။
"ဘုန်း!
"ပို၍ကြောက်လန့်စရာကောင်းသော စွမ်းအားများသည် အရိုးစု၏ ခန္ဓာကိုယ်မှထွက်ပေါ်လာခဲ့ကာ ခန်းမကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်လှုပ်သွားခဲ့သည်။ ရွှမ်ဝူနှင့် အခြားသူများကို အံ့ဩသွားစေသည်က သူတို့ဟာ အနည်းငယ်သောဖိအားကိုမှ မခံစားခဲ့ရပါ!
ရွှမ်ဝူတို့အုပ်စုသည် ဘေးဒုက္ခဆိုးကြီးမှ လွတ်မြောက်သွားပြီဟုတောင် တွေးတောလိုက်မိသည်။သူတို့ဟာ ဝမ်ဖုန်းကို ကျေးဇူးတင်စွာ လှမ်းကြည့်လိုက်မိသည်။ဝမ်ဖုန်းကြောင့်သာမဟုတ်ပါက သူတို့အားလုံးသည် နာကျင်စရာကောင်းသော ညှင်းပန်းနှိပ်စက်မှုကို ရှောင်ရှားနိုင်လိမ့်မည်မဟုတ်ပါ!
"အဟွတ်!"
ဤထိတ်လန့်စရာကောင်းသောစွမ်းအားကြီး၏အောက်တွင် ဝမ်ဖုန်း၏မျက်နှာကား ဖြူဖျော့သွားခဲ့သည်။သူဟာ ပါးစပ်အပြည့်သွေးတစ်လုံး မအန်ထုတ်ဘဲ မနေနိုင်တော့ပါ။သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ထိန်းချုပ်မရ တုန်လှုပ်နေခဲ့သည်။
သူ၏မျက်နှာသည် ကြောက်လန့်နေပုံပေါ်သော်လည်း သေသေချာချာစူးစိုက်ကြည့်ပါက တစ်စုံတစ်ယောက်သည် ဝမ်ဖုန်း၏ မျက်ဝန်းအနက်ပိုင်း၌ရှိနေသော် ပျော်ရွှင်မှုများကို တွေ့မြင်နိုင်မှာဖြစ်သည်။
အရိုးစုကတော့ ဝမ်ဖုန်းကိုနှိပ်စက်ရခြင်းကြောင့် ပျော်မွေ့နေသည်ဖြစ်ရာ ဝမ်ဖုန်းမျက်ဝန်းအနက်ပိုင်းရှိ ပျော်ရွှင်မှုများကို သတိမမူမိခဲ့ပါ။
အရိုးစုက ပိုမိုသန်မာသောစွမ်းအားများကို ထုတ်လွှတ်လိုက်သည့်အခါ ဝမ်ဖုန်းသည် သူ့ခန္ဓာကိုယ်က အသွင်ထပ်မံ၍ ပြောင်းလဲလာကြောင်းကို ထင်ရှားစွာ ခံစားမိလိုက်သည်။ ပြန်လည်သိပ်သည်းပြီးသော အရိုးများသည် ထပ်မံ၍ အက်ကွဲလာသည်။
အဆုံးအဆမဲ့သော နာကျင်မှုသည် ဝမ်ဖုန်း၏မျက်နှာကို တွန့်လိမ်သွားစေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အရူးအမူးတုန်လှုပ်နေပေသည်။
ဒါကိုမြင်တော့ အရိုးစုမျက်နှာထက်ရှိ အပျော်များသည် ပို၍ပို၍ထင်ရှားလာခဲ့သည်။
နာကျင်မှုများကို သည်းခံနိုင်မှသာလျှင် အစစ်အမှန်ဆရာသခင်တစ်ပါးဖြစ်လာမှာဖြစ်၏။
ချောမွေ့သော ခရီးစဉ်ဆိုသည်ကား မရှိပါ။ သန်မာသော စိတ်ဆန္ဒကသာ အောင်မြင်မှုများကို ခူးဆွတ်နိုင်မည်ဖြစ်သည်။
အမြင့်ဆုံးအခြေအနေကိုရောက်ရှိခဲ့တဲ့ ဘယ်သူကများ သေရေးရှင်ရေးအခြေအနေတွေကို အခေါက်ပေါင်းများစွာ မကြုံတွေ့ခဲ့ရလို့လဲ။
ဤကဲ့သို့အတွေးများက ဝမ်ဖုန်း၏စိတ်အာရုံတွင် ထွက်ပေါ်လာခဲသည်။ ဝမ်ဖုန်းသည် အံကိုတင်းတင်းကြိတ်လျက် အသဲခိုက်လောက်သော နာကျင်မှုကို အံတုနေမိသည်။ သူဟာ မြေပြင်ပေါ်ပြိုလဲကျသွားပြီး ဆန့်ငင်ဆန့်ငင်တောင် ဖြစ်နေမိသည်။
အရိုးစု၏ စွမ်းအားကြီးသော ဖိအားအောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများက အဆက်မပြတ်အက်ကွဲနေခဲ့သည်။ အက်ကွဲပြီးသော အရိုးများသည် သူ့ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းကြီးလေးခု၏ ပြန်လည်ပြင်ဆင်ခြင်းကို ခံနေရပြန်သည်။
ဝမ်ဖုန်းစိတ်အာရုံအတွင်း၌ရှိနေသော ဇာမဏိငှက်ဥကလေးကလည်း ပြန်လည်ဝင်စားခြင်း၏ စွမ်းအားများကို အဆက်မပြတ် ထုတ်ပေးလျက်ရှိသည်။
အနှီပျက်ဆီးခြင်းနှင့် ပြန်လည်ဖွဲ့တည်ခြင်း အခြေအနေတို့တွင် ပြန်လည်ဝင်စားခြင်း၏ စွမ်းအားများသည် ဝမ်ဖုန်း၏ အရိုးများအတွင်းသို့ စီးဆင်းသွားခဲ့သည်။ ဝမ်ဖုန်းခန္ဓာကိုယ်အတွင်းရှိ အရိုးများသည် မီးနီရောင် တောက်ပလာခဲ့သည်။
အဆိုပါ အနီရောင်အလင်းတန်းများသည် ဇာမဏိငှက်မီးလျံများနှင့် ထပ်တူညီနေခဲ့ကာ ထိုမျှသောအပူကို သယ်ဆောင်ထားလေသည်။
ဇာမဏီငှက်၏ ထူးချွန်ပြောင်မြောက်သော စွမ်းအားတစ်ခုဖြစ်သော ပြန်လည်ဝင်စားခြင်းတွင် အံ့ဩစရာကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်။ ရှေးယခင်အချိန်မှစ၍ ဇာမဏီစစ်ပွဲနတ်ဘုရားမှလွဲ၍ ပြန်လည်ဝင်စားခြင်းစွမ်းအားကို ဘယ်သူမှ အောင်မြင်စွာ မကျင့်ကြံနိုင်ခဲ့ပါ။
ဤအချိန် အရိုးစု၏ ဖိနှိပ်မှုခွန်အားအောက်တွင် ပြာပုံအတွင်းမှ ပြန်လည်မွေးဖွားလာသော ဇာမဏီငှက်၏ မွေးဖွားခြင်းလမ်းစဉ်ကို ဖြည်းဖြည်းချင်း တွေ့ကြုံခံစားလာခဲ့ရသည်!
အရေးကြီးဆုံးအရာမှာ ဤဖြစ်စဉ်အတွင်း၌ ဝမ်ဖုန်းခန္ဓာကိုယ်အတွင်းရှိ အံ့ချီးဖွယ်ရာကောင်းသော စွမ်းအားအမျိုးမျိုးသည် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ကာ အထူးစွမ်းအင်စနစ်တစ်ခုကို မွေးထုတ်ပေးလိုက်သည်။
ဤအသွင်ပြောင်းလဲခြင်းနှင့်အတူ ဝမ်ဖုန်း၏ကျင့်ကြံမှုကလည်း ကြယ်စင်ဧကရာဇ်အထွတ်အထိပ်မှ စတင်၍ရွေ့လျားလာခဲ့သည်။
ကျင့်ကြံမှုမြင့်မားလာခြင်းက ဝမ်ဖုန်းကို ထိတ်ထိတ်ပြာပြာဖြစ်သွားစေခဲ့သည်။ သူ၏ရည်ရွယ်ချက်ကို အရိုးစုက သတိထားမိသွားမှာကို စိုးရိမ်တာကြောင့် သူက စွမ်းအားများကို အလျင်အမြန်လှည့်ပတ်လိုက်ပြီးစနစ်ကို အရှိန်အဝါများကို အကာအကွယ်ပေးရန်လည်း တိတ်တဆိတ် အမိန့်ပေးလိုက်သည်။
ဝိဉာဉ်ကျေးရွာအတွင်းမှ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကို ရရှိသွားပြီးနောက် စနစ်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အတွင်းသာ ရှိနေသေးသော်လည်း ဆန်းကြယ်သော စွမ်းအားတစ်ရပ်ကို ပိုင်ဆိုင်ထားပေသည်။ အဆိုပါအပြောင်းအလဲကြောင့် ဝမ်ဖုန်းသည် စနစ်၏ အဆင့်အတန်းမြင့်မားသော စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်၏။
စနစ်၏အပြည့်အဝ ကာကွယ်ပေးမှုအောက်တွင် အရိုးစုလိုလူတစ်ယောက်ကတောင် ဝမ်ဖုန်း၏ကျင့်ကြံမှုအပြောင်းအလဲကို အာရုံမခံမိခဲ့ပါ။
အဆိုးထဲမှ အကောင်းဟူသော စကားလုံးသည် ဤအချိန်၌ ဝမ်ဖုန်း၏အခြေအနေကိုရှင်းပြရန် အသင့်တော်ဆုံး ဖြစ်ပါလိမ့်မည်။
"ငါ့ဆီကနေ နာနာခံခံနဲ့ ညှာတာပေးဖို့ တောင်းပန်လိုက်စမ်းပါ။ ငါမင်းကို အလောင်းအပြည့်အစုံနဲ့ သေခွင့်ပေးချင်ပေးမှာပေါ့"
"ဘာပဲဖြစ်ဖြစ် တစ်ချိန်တုန်းက မင်းက ထူးမြတ်တဲ့ တည်ရှိမှုပဲလေ"
ဝမ်ဖုန်း၏သနားစရာကောင်းသော အမူအရာကိုစိုက်ကြည့်နေရင်း အရိုးစုသည် နက်ရှိုင်းသော အသံဖြင့် ပြောဆိုခဲ့သည်။ သူ၏မျက်နှာထက်တွင်တော့ ပြုံးပျော်မှုများ ရှိနေခဲ့သည်။
"ညှာတာသနားဖို့ တောင်းပန်ရမှာလား။"
"ဒီဧကရာဇ်ရဲ့ အဘိဓာန်ထဲမှာ အဲ့ဒီစကားလုံး မရှိဘူးကွ!"
"ဒါကမင်းရဲ့ ခွန်အားအကုန်ပဲလား။ လုံလောက်အောင် မသန်မာသေးဘူး"
အရိုးစု၏ စကားအကုန်လုံးကို ကြားလိုက်ရသော ဝမ်ဖုန်းသည် ခန္ဓာကိုယ်အတွင်းရှိ စူးရှသော နာကျင်မှုကို လျစ်လျူရှုလျှက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
သူ၏အမူအရာကား ယိုယွင်းပျက်ဆီးနေခဲ့သော်လည်း သူပြောဆိုခဲ့သော စကားများအတွင်း၌တော့ အဆုံးအဆမဲ့သော ရန်စမှုများ ကိန်းဝပ်နေခဲ့သည်။ ရွှမ်ဝူနှင့်အခြားသူများသည် ဝမ်ဖုန်းကို တိတ်တဆိတ် လက်မထောင်ပြလိုက်မိသည်။
ဒီကောင်က တကယ်ကို နာကျင်မှုနှစ်ခြိုက်သူကြီးပါလား။
ဘယ်လိုသာမန်လူတစ်ယောက်ကမှ ဒီလိုစကားမျိုးကို ပြောထွက်မှာမဟုတ်ဘူး!
ဘယ်သူကများ နှိပ်စက်ခံရတာကို ပျော်မွေ့နေမှာလဲ။ အဲ့ဒါက လူသားတစ်ယောက်မဟုတ်တော့ဘူး။ ဒဏ္ဍာရီလာကြီးပဲ။
ဤအချိန်တွင် ရွှမ်ဝူနှင့် အခြားလူများသည် ဝမ်ဖုန်းကို အရူးတစ်ယောက်လို စိုက်ကြည့်နေခဲ့ကြသည်။
ဤကဲ့သို့ အရူးတစ်ယောက်အပေါ် ဒေါသထွက်မိသည့် အဖြစ်အပျက်ကို ပြန်တွေးမိလိုက်သည့်အခါ ရွှမ်ဝူတို့က တိတ်တဆိတ် ခေါင်းရမ်းလိုက်မိသည်။
လီပိုင်တို့အုပ်စုသည် ဝမ်ဖုန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ကြသည်။ ဤအချိန်၌ သူတို့၏ဂိုဏ်းချုပ်ကြီးက အနည်းငယ် မူမမှန်ကြောင်း သူတို့ခံစားခဲ့ရသည်။ ဂိုဏ်းချုပ်ဟာ အရင်ကလို တည်ငြိမ်မှုများ မရှိတော့ပါ။
ဤအချိန်တွင် ဝမ်ဖုန်းသည် အရိုးစုကို အပြင်းအထန် ရန်စနေပုံပေါ်၏။
ဒါကိုတွေးမိလိုက်သည့်အခါ တစ်ခုခုကို နားလည်သွားသလိုမျိုး လီပိုင်တို့၏မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။
"ကောင်းတယ် အရမ်းကောင်းတယ်!"
အရိုးစုက အံကိုကြိတ်လျှက် ထိုစကားကို ပြောဆိုလိုက်သည်။ သူခွန်အားအကုန် အသုံးပြုခဲ့တာတောင် ဝမ်ဖုန်းက ညှာတာပေးဖို့ မတောင်းဆိုသေးဘဲ ရန်စနေနိုင်ဦးမည်ဟု ထင်မထားခဲ့ပါ။
"ဘုန်း!
ထိုသို့ပြောဆိုခဲ့ပြီးနောက် အရိုးစု၏ အရှိန်အဝါက ပိုမိုပြင်းထန်လာခဲ့သည်။ ပင်လယ်ကြီးတမျှ နက်ရှိုင်းသန်မာလှသော စွမ်းအားများသည် သူ့ထံမှ ထွက်ပေါ်လာခဲ့ကာ ခန်းမအတွင်းရှိ လေဟာပြင်ကို အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။
ကျောက်စိမ်းခန်းမကြီးတစ်ခုလုံးသည် မှောင်မိုက်သော အကျဉ်းတိုက်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပုံပေါ်သည်။
ရွှမ်ဝူနှင့်အခြားသူများသည် တုန်ရီနေသော ခန္ဓာကိုယ်များဖြင့် အရိုးစုကို ကြောက်လန့်တကြား လှမ်းကြည့်လိုက်မိ၏။
"ဘုန်း!
အရိုးစု၏ ခန္ဓာကိူယ်အထက်မှ အဆုံးအဆမဲ့သော စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။ ၎င်းစွမ်းအားများက ဧရာမတောင်ကြီးတစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားခဲ့ရာ ဝမ်ဖုန်းကို မြဲမြံစွာ ဖိနှိပ်ထားခဲ့သည်။
ဝမ်ဖုန်း၏ ခန္ဓာကိုယ်သည် ပြင်းထန်သော ခွန်အားကြောင့် မြေပြင်ပေါ်တွင် ပြားပြားဝပ် ဖိနှိပ်ခြင်းခံခဲ့ရသည်။ သူ၏မျက်နှာဟာ မြေပြင်နှင့် ထိကပ်လျှက်ရှိ၏။ သွေးများကလည်း ခန္ဓာကိုယ်အနှံ့မှ ယိုစီးလျှက်ရှိချေသည်။ မျက်တောင်တစ်ခတ်အတွင်း၌ သလင်းကျောက်လို ကြည်လင်နေသော ကျောက်စိမ်းခန်းမကြီး၏ ကြမ်းပြင်သည် သွေးရောင်ခြင်းခြင်းနီသွားခဲ့လေသည်။
"အား!"
"ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားသည် အလွန်အမင်း မသက်မသာဖြစ်တာကြောင့် ဝမ်ဖုန်းသည် နာကျင်စွာ အော်ငြီးလိုက်မိသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများမှာလည်း ပိုမိုပြင်းထန်မြန်ဆန်လာခဲ့သည်။
သူ၏ကျင့်ကြံမှုသည် ကြယ်စင်ဧကရာဇ်အထွတ်အထိပ်မှ ဧကရာဇ်ဘိုးဘေးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့အပြင် ၎င်းက ဆက်လက်မြင့်တက်နေဆဲဖြစ်ကာ ဝမ်ဖုန်းခန္ဓာကိုယ်အတွင်းရှိ အရိုးများ၏ ကွဲကြေနှုန်းကလည်း တဖြည်းဖြည်းနှေးကွေးလာခဲ့သည်။
အရိုးစု၏ အဆက်မပြတ် နှိပ်စက်မှုအောက်တွင် ဝမ်ဖုန်းခန္ဓာကိုယ်အတွင်းရှိ အရိုးများသည် မာကျောလာခဲ့ပြီဖြစ်သည်။၎င်းက သန်မာသော သံမဏိခဲကဲ့သို့ဖြစ်နေပေသည်!