← Chapters

အခန်း (၆၅၉)

Vol. 47 Ch. 659

အခန်း (၆၅၉)

Vol. 47 Ch. 659

ဘာသာပြန်- The Fate

ဝမ်ဖုန်း၏နာကြင်စွာအော်ညည်းသံက အရိုးစုကို တုန်ယင်သွားစေခဲ့သည်။ သူ့မျက်နှာထက်ရှိ ပျော်ရွှင်ကျေနပ်မှုမှာ ပိုမိုထင်ရှားလာခဲ့သည်။ ဝမ်ဖုန်း၏အော်ညည်းသံအောက်တွင် သူ့ကို အစဥ်အမြဲခြောက်လှန့်နေသော အိမ်မက်ဆိုးကြီးက တဖြည်းဖြည်းပျက်စီးသွားသည်ကို သူခံစားမိသည်။

လက်ဖဝါးတစ်ဖက်ဖြင့် သူ့ကို ယခင်က အပြင်းအထန်ကြောက်လန့်အောင် ပြုလုပ်နိုင်ခဲ့သောတည်ရှိမှုကြီးသည် ယခုအချိန်၌တော့ သူ၏အရှိန်အဝါအောက်တွင် နာကြင်စွာ အော်ဟစ်နေရသည်။ ဤကဲ့သို့မြင်ကွင်းမျိုးကို လွန်ခဲ့သောနှစ်ပေါင်းများစွာကဆိုပါက သူသည် လုံးဝတွေးဆရဲမှာ မဟုတ်ပါချေ။

သို့သော်လည်း ချိတ်စည်းကို သူချိုးဖျက်လာပြီးနောက် ဤမြင်ကွင်းသည် သူ၏ရှေ့မှောက်၌ ရှင်းရှင်းလင်းလင်းဖြစ်ပေါ်လာခဲ့သည်။

ဤအချိန်တွင် အရိုးစုသည် သူ့ကို ချိတ်ပိတ်ခဲ့သည့်အတွက် ထျန်းရွှမ်တာအိုအရှင်ကိုတောင် အနည်းငယ်ကျေးဇူးတင်နေမိသည်။ ဒီလိုမှမဟုတ်ရင် ဒီလိုပျော်စရာကောင်းတဲ့ပုံရိပ်မျိုးကို ဘယ်လိုလုပ်တွေ့မြင်နိုင်မှာလဲ။

အရိုးစုခန္ဓာကိုယ်မှ ထွက်ပေါ်လာသောအရှိန်အဝါများသည် ပို၍ပို၍ပြင်းထန်လာခဲ့ကာ ဝမ်ဖုန်း၏ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်ယင်လာခဲ့သည်။ မူလက ပြေပြစ်ညီညာနေသောကြမ်းပြင်ကြီးသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်ကြောင့် လူပုံသဏ္ဍာန်ချိုင့်ခွက်ကြီးတောင် ဖြစ်သွားခဲ့သည်။

တစ်နာရီနီးပါး ဝမ်ဖုန်းသည် အရိုးစု၏စဥ်ဆက်မပြတ် ညှင်းပင်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ ဝမ်ဖုန်းက အရမ်းကိုသန်မာပြီး အချိန်ကာလများစွာ ကြာမြင့်တာကိုတွေ့မြင်လိုက်ရသည့်အခါ ရွှမ်းဝူတို့အုပ်စုသည် မလေးစားဘဲ မနေနိုင်တော့ပါ။

သူတို့သာဆိုပါက ထိုဖိအားကြီးအောက်တွင် အပိုင်းပိုင်း၊အစစ ပြတ်တောက်သွားပေလိမ့်မည်။ အရိုးများတောင် ကျန်ရစ်မည် မဟုတ်ပါ။

ဤတစ်နာရီကြာညှင်းပန်းနှိပ်စက်မှုအောက်တွင် ဝမ်ဖုန်း၏ကျင့်ကြံမှုမှာ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများကလည်း အပြည့်အဝ အသွင်ပြောင်းလဲသွားခဲ့သည်။

အရိုးများပေါ်တွင် ကျောက်စိမ်းရောင်ကဲ့သို့ ကြည်လင်သန့်စင်သော အလင်းတန်းများ ရှိနေခဲ့သည်။ ဤသည်က လျို့ဝှက်ဆန်းကြယ်သောမြင်ကွင်းတစ်ရပ်ကို ပုံဖော်နေခဲ့၏။

ဝမ်ဖုန်းအရိုးများ၏သန်မာမှုက ဤအချိန်တွင် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် မှော်ဝင်လက်နက်တစ်ခုကိုတောင် ဖျက်စီးနိုင်နေပြီ ဖြစ်သည်။ အဆိုပါလက်နက်များသည် ဝမ်ဖုန်း၏ခုခံမှုက်ို ချိုးဖျက်နိုင်ခဲ့ရင်တောင် သူ့ခန္ဓာကိုယ်အပေါ် ကြီးကြီးမားမား ဒဏ်ရာရစေမှာမဟုတ်တော့ပါ။

အရိုးစုထံမှစွမ်းအားများ ဆက်လက်ထွက်ပေါ်နေသေးသော်လည်း ဝမ်ဖုန်းကို အသွင်ပြောင်းရန်အတွက် ထပ်မံ၍ မကူညီပေးနိုင်တော့ပါ !

ဤသည်ကြောင့် မြေပြင်ပေါ်ပြားပြားဝပ်နေသော ဝမ်ဖုန်း၏မျက်နှာသည် ရုတ်တရက် အေးစက်မာကြောလာခဲ့သည်။

တန်ပြန်တိုက်ခိုက်ရန် အချိန်ကျရောက်လာပေပြီ !

ကြီးမားသောညှင်းပန်းနှိပ်စက်မှုကို ခံစားလိုက်ရပြီးနောက် အရိုးစုကို အဆပေါင်းထောင်ချီ ပြန်လည်ပေးဆပ်စေချင်သည်။

သူဝမ်ဖုန်းသည် ဤကမ္ဘာလောကကြီးကို ရောက်ရှိလာပြီးနောက် အန္တရယ်များစွာကို ခံစား၊ တွေ့ကြုံခဲ့ရသော်လည်း ဤလောက်အထိ အရှက်မရခဲ့ဖူးပါ။ ဤသည်မှာ သူ၏ဂုဏ်သိက္ခာကို ကြမ်းပြင်အထိ ချနင်းခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင်ခွန်အား၏အသွင်ပြောင်းလဲမှုကြောင့်မဟုတ်ပါက ဝမ်ဖုန်းသည် ဤမျှလောက်ထိ တောင့်ခံခဲ့မှာ မဟုတ်ပါချေ။

စနစ်ထံမှ စွမ်းအားများရရှိခြင်းထက်စာလျှင် ဝမ်ဖုန်းသည် ကိုယ်ပိုင်ကြိုးစားမှုဖြင့် ရရှိလာသောစွမ်းအားများကို ပို၍ နှစ်သက်သည်။

ဤအချိန်တွင် အရိုးစု၏ညှင်းပန်းနှိပ်စက်မှုက ဝမ်ဖုန်းကို အသွင်ပြောင်းလဲစေခဲ့ရုံသာမက ဝမ်ဖုန်း၏စိတ်ဆန္ဒကိုလည်း ပိုမိုမာကျောလာစေခဲ့သည်။ ဘယ်အရာကမှ သူ၏စိတ်အစဥ်ကို လှုပ်ခတ်အောင် မပြုလုပ်နိုင်တော့ပါ။

" စနစ်....ဒီကောင်ကိုသတ်ဖို့အတွက် ကံတရားအမှတ် ဘယ်လောက်များများလိုအပ်လဲ။ "

ဝမ်ဖုန်းသည် ချက်ချင်းခေါင်းမမော့လာသေးဘဲ လျို့ဝှက်စွာ မေးမြန်းလိုက်သည်။

ကံတရားအမှတ်များသည် သူနှင့်ရှန်ရှန်ကျုံဂိုဏ်းအတွက် အရမ်းကို အရေးကြီးပါသည်။ ဝမ်ဖုန်းက ကံတရားအမှတ်များကို မဖြုန်းတီးချင်ပါ။ ထို့အတွက်ကြောင့် စနစ်ကို သေချာစွာ မေးမြန်းလိုက်၏။

ကံတရားအမှတ်ကို လျော့နည်း၍အသုံးပြုမိပါလျှင်လည်း ဆင့်ခေါ်လိုက်သောဘိုးဘေးက အရိုးစုကို သတ်ဖြတ်နိုင်မှာ မဟုတ်ပါ။ အကယ်၍ ကံတရားအမှတ်များကို များစွာအသုံးပြုလိုက်လျှင်လည်း ပုရွက်ဆိတ်တစ်ကောင်ကို တူဖြင့်ထုသတ်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

" ဒင်......အရိုးစုက အင်မော်တယ်ဧကရာဇ်အဆင့်မှာပဲရှိသေးပေမဲ့ သူ့ရဲ့ခွန်အားကတော့ ဟုန်မာန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေပါပြီ။ အရိုးစုကို သတ်ဖြတ်နိုင်တဲ့ဘိုးဘေးတစ်ယောက်ကို ဆင့်ခေါ်ဖို့ဆိုရင် ပိုင်ရှင်အနေနဲ့ အနည်းဆုံးဂိုဏ်းအမှတ် တစ်ထရီလီယံ လိုအပ်ပါလိမ့်မယ်။ "

" ဟူး....! "

ထွက်ပေါ်လာသောအေးစက်သည့်အသံက ဝမ်ဖုန်းကို သက်ပြင်းရှိုက်လိုက်မိစေ၏။ ကံတရားအမှတ် တစ်ထရီလီယံ...ဤသည်က ဝမ်ဖုန်းအသုံးပြုသမျှထဲတွင် ပမာဏအများပြားဆုံးဖြစ်သည်။

အတိတ်တွင် သူက ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အကြိမ်အနည်းငယ် အသုံးပြုခဲ့ဖူးသည်။ အများဆုံးကုန်ကျစရိတ်မှာ ဘီလီယံဆယ်ချီမျှသာ ဖြစ်သည်။

သူက ကောင်းကင်တာအိုမျိုးနွယ်စုခွဲသုံးစုကို ဖျက်စီးပြီး ကောင်းကင်မျိုးနွယ်စုခွဲကို အညံ့ခံစေခဲ့၍ မဟုတ်ပါက ဂိုဏ်းအမှတ်တစ်ထရီလီယံကို အသုံးပြုရဲမှာ မဟုတ်ပါ။

" ဟုန်မာန်နတ်ဘုရားနယ်ပယ်ဆိုတာ ဘာလဲ "

ထိတ်လန့်သွားပြီးနောက် ဝမ်ဖုန်းက သံဿယဝင်စွာ လျို့ဝှက်စွာ မေးမြန်းလိုက်သည်။

"ဒင်.....အင်မော်တယ်ဧကရာဇ်အဆင့်ကိုရောက်ရှိပြီးရင် ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ရပါလိမ့်မယ်။ ကပ်ဘေးကိုဖြတ်ကျော်ပြီးရင်တော့ ဟုန်မာန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိပါပြီ။ "

" ဟုန်မာန်နတ်ဘုရားနယ်ပယ်ရဲ့ ပထမဆုံးကျင့်ကြံမှုအဆင့်က ဝိညာဥ်နတ်ဘုရားအဆင့် ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ ကောင်းကင်နတ်ဘုရားအဆင့်၊ တတိယက မြင့်မြတ်သောနတ်ဘုရားအဆင့်၊ စတုတ္ထက အစစ်အမှန်နတ်ဘုရားအဆင့်၊ ပဥ္စမကတော့ သုခဘုံနတ်ဘုရားအဆင့်တို့ပါ။ "

ထွက်ပေါ်လာသောအသံက ဝမ်ဖုန်း၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ ဝိညာဥ်ကျေးရွာ၏စွမ်းအားက တကယ့်ကို လျို့ဝှက်ဆန်းကြယ်ပါ၏။ စနစ်က အသွင်ပြောင်းလဲသွားပြီးနောက် ပိုမိုများပြားသောအချက်အလက်များကို ရယူနိုင်စွမ်း ရှိလာပြီဖြစ်၏။ဝိညာဥ်ကျေးရွာ၏စွမ်းအားများမှတဆင့် စနစ်က အသွင်ပြောင်းလဲခဲ့၍မဟုတ်ပါက ဝမ်ဖုန်းသည် ဟုန်မာန်နတ်ဘုရားနယ်ပယ်အကြောင်းကို သိရှိနိုင်မှာ မဟုတ်ပါ။

သို့သော်လည်း ဝမ်ဖုန်းသည် အရိုးစု၏ခွန်အားကြောင့် ထိတ်လန့်သွားမိသည်။

ကြီးမြတ်သောကောင်းကင်ကိုယ်စားလှယ်တစ်ယောက်ဟု ဆိုခဲ့သည့်အတိုင်းပါပဲ..သူက အရိုးစုကို ဘယ်လောက်ပင် မုန်းတီးသည်ဖြစ်ပါစေ ထိုလူ၏ခွန်အားက များစွာကြီးမားကြောင်းကို ဝန်ခံရပါလိမ့်မည်။

သူ၏ကျင့်ကြံမှုက အင်မော်တယ်ဧကရာဇ်အဆင့်သို့သာ ရောက်သေးသော်လည်း သူ၏ခွန်အားကတော့ ဟုန်မာန်နတ်ဘုရားနယ်ပယ်ရှိ အဓိကအဆင့်ကြီးသုံးဆင့်ကိုဖြတ်ကျော်လျက် မြင့်မြတ်သောနတ်ဘုရားအထွတ်အထိပ်နဲ့တောင် ရင်ဘောင်တန်းနိုင်ပေသည်။

ဤကဲ့သို့ခွန်အားက လူအများကို စိတ်ပျက်ခြောက်ခြားအောင် ပြုလုပ်နိုင်စွမ်း ရှိလေသည်။

လူတစ်ယောက်က ဘယ်လောက်မကောင်းဆိုးရွာဆန်စွာ ပါရမီကြီးပါစေ၊ အင်မော်တယ်ဧကရာဇ်အဆင့်မျှဖြင့် မြင့်မြတ်သောနတ်ဘုရားအဆင့်နဲ့ ရင်ဆိုင်နိုင်ရန်က မဖြစ်နိုင်ပါ။ ဝိညာဥ်နတ်ဘုရားအဆင့်နှင့် ရင်ဆိုင်နိုင်ရင်တောင် အံ့သြဖို့ကောင်းနေပြီ ဖြစ်သည်။

ဝမ်ဖုန်းကိုယ်တိုင်ကတောင် တစ်နေ့တွင် အင်မော်တယ်ဧကရာဇ်အဆင့်ကို ရောက်ရှိသွားပါက မြင့်မြတ်သောနတ်ဘုရားအထွတ်အထိပ်စွမ်းအားရှင်များနဲ့ ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်မှုမရှိပါ။ ဝမ်ဖုန်းသည် ဝိညာဥ်နတ်ဘုရားအဆင့်နှင့် ရင်ဆိုင်နိုင်လိမ့်မည်ဟုတောင် တွေးထင်မထားပါချေ။

ဧကရာဇ်နယ်ပယ်နဲ့ နတ်ဘုရားနယ်ပယ်ကြားရှိ ကွာခြားမှုသည် စကားလုံးများဖြင့်ဖော်ပြ၍ မစွမ်းသာပါ။ ၎င်းသည် ချန်ခွမ်းအထွတ်အမြတ်နယ်ပယ်နဲ့ ဧကရာဇ်နယ်ပယ်တို့အကြားရှိကွာခြားမှုထက် များစွာကြီးမားလေသည်။

ဟုန်မာန်နတ်ဘုရားနယ်ပယ်တည်ရှိမှုများ၏စွမ်းအားများသည် ဧကရာဇ်နယ်ပယ်စွမ်းအားရှင်များ တွေးဆသည်ထက် များစွာ ကျော်လွန်လေသည်။

" စနစ်....ရှန်ရှန်ကျုံဂိုဏ်းမှာ လက်ရှိကံတရားအမှတ် ဘယ်လောက်ရှိလဲ။ "

ဝမ်ဖုန်းသည် ဘိုးဘေးကိုချက်ချင်းမဆင့်ခေါ်သေးဘဲ လျို့ဝှက်စွာ မေးမြန်းလိုက်သည်။

ကံတရားအမှတ်သာမလုံလောက်ပါက ဝမ်ဖုန်းတစ်ယောက် သေသေချာချာစဥ်းစားရမှာ ဖြစ်သည်။ အရိုးစုကိုသတ်ရင်ကောင်းမလား၊ ပြန်လည်၍ချိတ်ပိတ်ရင်ကောင်းမလား ဆိုတာကိုပေါ့။ အရိုးစုကို ချိတ်ပိတ်ခြင်းက ဂိုဏ်းအမှတ် တစ်ထရီလီယံကုန်ကျစေမှာတော့ မဟုတ်ပါ။ ကံတရားအမှတ်များသည် သူကိုယ်တိုင်နှင့်ရှန်ရှန်ကျုံဂိုဏ်းတစ်ခုလုံး၏ ကံတရားကို ကိုယ်စားပြုလေသည်။ ဝမ်ဖုန်းကတောင် ကံတရားအမှတ်များကို အကုန်လုံးတိုက်ရိုက်အသုံးမချရဲပါ။ အကျိုးဆက်များက သူနှင့်ရှန်ရှန်ကျုံဂိုဏ်း ရင်ဆိုင်နိုင်မည့်အရာ ဟုတ်မနေပါချေ။

" ဒင်.....ရှန်ရှန်ကျုံဂိုဏ်းမှာ လက်ရှိကံတရားအမှတ်(2.83)ဘီလီယံရှိပါတယ်။ ပိုင်ရှင်မှာတော့ ကံတရားအမှတ်(800) ဘီလီယံရှိပါတယ်။ "

ဝမ်ဖုန်း၏စိတ်အာရုံအတွင်းမှထွက်ပေါ်လာသော အေးစက်သည့်အသံသည် ဝမ်ဖုန်းကို ရုတ်တရက် ပျော်ရွှင်သွားစေခဲ့သည်။ ဤမျှလောက်များပြာသော ကံတရားအမှတ်များဖြင့်ဆိုလျှင် အရိုးစုကိုသတ်ဖြတ်ရန် ဘိုးဘေးတစ်ယောက်ကို ဆင့်ခေါ်ဖို့ လုံလောက်လေသည်။

သူနှင့်ရှန်ရှန်ကျုံဂိုဏ်း၏ကံတရားအမှတ်များ ပေါင်းစည်းလိုက်ပါက ၃ ထရီလီယံထက်တောင် ကျော်နေသေးသည်။ တစ်ထရီလီယံကုန်ကျသွားရင်တောင် သုံးပုံတစ်ပုံသာ ကုန်ကျမှာဖြစ်၏။ ၎င်းမှာ များပြားသော်လည်း အရိုးစုလိုတည်ရှိမှုမျိုးကို သုတ်သင်နိုင်သည်ဆိုပါက ထိုက်တန်လေသည်။

အရိုးစုမှာ ကောင်းကင်ကိုယ်စားလှယ်တစ်ယောက် ဖြစ်သည်။ သူသည် ကမ္ဘာလောကအတွင်းရှိ အစွမ်းအထက်ဆုံးတည်ရှိမှုတစ်ခု ဖြစ်ပါသည်။ ထိုကဲ့သို့စွမ်းအားရှင်ကြီးကိုသတ်ဖြတ်လိုက်လျှင် ဆုလာဒ်ဘယ်လောက်များများရရှိမလဲဆိုတာကို ဝမ်ဖုန်းကတောင် မတွေးဆနိုင်တော့ပါ !

All Chapters