အရှေ့ပိုင်းဧကရာဇ် ထွက်ပေါ်လာပြီ
Vol. 47 Ch. 661
ဘာသာပြန်- The Fate
ဤအချိန်တွင် အရိုးစုသည် အကြောက်တရား၏တစ်စွန်းတစ်စကို မခံစားရဘဲ မနေနိုင်တော့ပါ။
ထိုပုဂ္ဂိုလ် သူ့အပေါ်သက်ရောက်ခဲ့သော အရိပ်မဲကြီးမှာ အရမ်းကို ကြီးမားပါသည်။ တကယ့်ကိုကြီးမားလွန်းတာကြောင့် သူ့အတွက် အိမ်မက်ဆိုးတစ်ခုတောင် ဖြစ်ခဲ့ရသည်။လက်ရှိဝမ်ဖုန်း၏ပုံမှန်မဟုတ်သောအမူအရာကို တွေ့မြင်လိုက်ရသည့်အခါ ဒီနေရာမှ ထွက်ပြေးလိုသောစိတ်ဆန္ဒသည် သူ၏နှလုံးသားအတွင်းမှ ထွက်ပေါ်လာခဲ့ရသည်။
မဖြစ်နိုင်ဘူး !
သူက ပြန်လည်လူဝင်စားလာတဲ့ လူတစ်ယောက်ပဲလေ။ သူ့မှာနောက်ခံရှိရင်တောင် ဘယ်လောက်များ အစွမ်းထက်နိုင်မှာမလို့လဲ။
အရိုးစုသည် ခေါင်းကိုခါယမ်းလိုက်ပြီး နှလုံးသားအတွင်းမှအကြောက်တရားများကို တွန်းကန်ထုတ်လိုက်သည်။
ဝမ်ဖုန်း၏သဘောထားကိုတွေ့မြင်လိုက်ရသည့်အခါ ရွှမ်းဝူတို့အုပ်စုသည် ခေါင်းကိုဖြည်းလေးစွာ ခါယမ်းလိုက်လေသည်။ သူတို့က ဝမ်ဖုန်းကို ရူးနေပြီဟု တွေးလိုက်ကြသည်။
လီပိုင်နဲ့အခြားသူများကသာ ဝမ်ဖုန်းဘာကိုပြောနေသလဲဆိုတာကို နားလည်ကြသည်။ သူတို့အားလုံးက ထိတ်လန့်သွားပြီး သူတို့၏မျက်ဝန်းများအတွင်း၌ အလင်းတန်းများ တောက်ပလာကြသည်။ မူလက အရိုးစုအပေါ် အကြောက်တရားများကလည်း ဤအချိန်၌ ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ဖုန်းက အရိုးစုကို အဘယ့်ကြောင့်ရန်စနေရကြောင်းကို သူတို့နောက်ဆုံးမှာ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဂိုဏ်းချုပ်ကြီးက အချိန်ဆွဲပြီး အဋ္ဌမမြောက်ဘိုးဘေးသက်ဆင်းလာမှာကို စောင့်ဆိုင်းနေတာလား။
ရှန်ရှန်ကျုံဂိုဏ်း၏နဝမမြောက်ဘိုးဘေးဖြစ်သော မျောက်ဘုရင်သည် အင်မတန်အစွမ်းထက်ပြီး လီပိုင်နဲ့အခြားသူများကို ထိတ်လန့်ခြောက်ခြားစေခဲ့သည်။ ထိုသူဟာ ဤကမ္ဘာလောကအတွင်း၌ ပြိုင်ဖက်ကင်းသူ ဖြစ်ပါ၏။ ဒါဆိုရင် ရှန်ရှန်ကျုံဂိုဏ်းရဲ့ အဋ္ဌမဘိုးဘေးကရော ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။
လီပိုင်နဲ့အခြားသူများသည် အဋ္ဌမမြောက်ဘိုးဘေး၏ ပြိုင်ဖက်ကင်းသောစွမ်းအားများကို တွေ့မြင်ရန် မစောင့်ဆိုင်းနိုင်ကြတော့ပါ !
ရွှမ်းယွမ်တစ်ယောက်တည်းကသာ အူကြောင်ကြားလေးဖြစ်နေခဲ့ပြီး လီပိုင်တို့ ဘာကြောင့် စိတ်လှုပ်ရှားနေသလဲဆိုတာကို စဥ်းစားနေမိ၏။ဤလူများအကြားတွင် သူဟာ နောက်ဆုံးမှ ရှန်ရှန်ကျုံဂိုဏ်းကို ဝင်ရောက်ခဲ့သူ ဖြစ်သည်။ သူသည် ရှန်ရှန်ကျုံဂိုဏ်း၏ ကြီးမြတ်သောနဝမမြောက်ဘိုးဘေး မျောက်ဘုရင်ကိုတောင် တွေ့မြင်ဖူးခြင်း မရှိပါ။
ထို့အတွက်ကြောင့် လက်ရှိဝမ်ဖုန်းပြောနေသော အဋ္ဌမမြောက်ဘိုးဘေးအကြောင်းကိုလည်း ကျိန်းသေပေါက် မသိပါချေ။
" ဟား....ဟား.....ဟား...."
ဤအချိန်တွင် အရိုးစုသည် ကောင်းကင်ကိုမော့ကြည့်လျက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူဟာ အနည်းငယ် ရှူးနှမ်းနေပုံပေါ်သည်။ သူ၏ရယ်မောသံကြီးက ခန်းမတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့ကာ စူးရှသောအသံကို ဖြစ်ပေါ်စေခဲ့သည်။
" မင်းရဲ့လှည့်စားတာကို ငါခံရတော့မလို့..."
" ပုရွက်ဆိတ်လောက်တောင်အဖြစ်မရှိတဲ့မင်းက ဘာများလုပ်နိုင်မှာလဲ။ "
ကျယ်လောင်စွာရယ်မောလိုက်ပြီးနောက် အရိုးစုက ဝမ်ဖုန်းကို စူးစူးရဲရဲစိုက်ကြည့်လျက် အေးစက်စွာ ပြောဆိုလိုက်သည်။ သူ၏မီးခိုးရောင်မျက်ဝန်းများအတွင်း၌ စိတ်ဝိညာဥ်ကိုတုန်လှုပ်စေသော အေးစက်သည့်အလင်းတန်းတစ်ခု ရှိနေခဲ့သည်။ ရွှမ်းဝူနဲ့အခြားသူများသည် တစ်ကိုယ်လုံး တစ်သိမ့်သိမ့်တုန်ယင်သွားကြသည်။
" ဘုန်း.....! "
ချက်ချင်းဆိုသလို အရိုးစုက ဝမ်ဖုန်းကိုဆက်လက်မညှင်းပန်းတော့ဘဲ သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။ သူဟာ နှလုံးသားအတွင်းမှ အိမ်မက်ဆိုးကြီးကို အပြီးတိုင် ဖျက်စီးချင်ခဲ့သည်။
အရိုးစုထံမှထွက်ပေါ်လာသောအရှိန်အဝါများသည် ပိုမိုပြင်းထန်လာခဲ့သည်။ ထိတ်လန့်စရာအရှိန်အဝါကြီးသည် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ ခန်းမအတွင်း တိုက်ခတ်လျက်ရှိချေသည်။
သူ၏မီးခိုးရောင်မျက်ဝန်းများက စိတ်ဝိညာဥ်ကို ထုံကျင်စေသောအလင်းတန်းများ ထုတ်လွှတ်လျက် ရှိသည်။ဤသည်ကြောင့် လူအများက သူ့ကို တိုက်ရိုက်မကြည့်ရှူ့ရဲ့ခဲ့ပါ။ သူဟာ ငရဲမှတွားသွားလာသောနတ်ဆိုးတစ်ကောင်နဲ့တူနေခဲ့ကာ ရှိသမျှလူတိုင်းကို အကြောက်တရားများဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
အရိုးစုသည် အလျှင်လိုခြင်းမရှိဘဲ ဝမ်ဖုန်းထံသို့ တစ်လှမ်းပြီးတစ်လှမ်း တိုးကပ်သွားခဲ့သည်။ ခြေတစ်လှမ်းစီတိုင်းတွင် သူ့ထံမှစွမ်းအားများသည် ပို၍သန်မာလာခဲ့သည်။ မီးခိုးရောင်မှော်စွမ်းအားများသည် သူ၏နောက်ကျောမှ ပျံ့လွှင့်ထွက်ပေါ်လျက်ရှိကာ မျက်တောင်တစ်ခတ်အတွင်း၌ ခန်းမကြီးတစ်ခုလုံးသည် အမှောင်အတိ ဖြစ်သွားခဲ့၏။
ခြေတစ်လှမ်းသက်ဆင်းလာသည်နဲ့တပြိုင်နက် ကမ္ဘာလောကသည် အရောင်အသွေးပြောင်းလဲသွားခဲ့ရသည်။
ပင်လယ်တမျှနက်ရှိုင်းသောစွမ်းအားများထွက်ပေါ်လျက်ရှိသော်လည်း ၎င်းတို့သည် ခန်းမအပြင်သို့ လျှံကျသွားခြင်းမရှိပါ။ အရိုးစု၏စွမ်းအားကို နိုင်နင်းပိုင်နိုင်စွမ်းမှာ အံ့သြဖို့ကောင်းလှလေသည်။
ဘယ်အရှိန်အဝါမှ ရိုးစင်းမနေခဲ့သော်လည်း အရိုးစုပတ်ပတ်လည်ရှိ လေဟာပြင်သည် တွန့်လိမ်ပျက်စီးလာခဲ့ရသည်။
" နောက်ဆုံးမှာတော့ ငါတို့သေတော့မှာပါလား "
ဒါကိုမြင်တော့ ရွှမ်ဝူတို့အုပ်စုသည် သရဲတစ္ဆေများကဲ့သို့ တိုင်လုံးကြီးများကို မှီချလိုက်ကြသည်။ သူတို့၏နှလုံးသားများက တည်ငြိမ်သွားခဲ့ကာ မျက်နှာပြင်ထက်တွင် စိတ်သက်သာရာရသောအကြည့်များ ဖြစ်ပေါ်လာခဲ့သည်။
အရိုးစုက သူတို့ကို ပစ်မှတ်မထားခဲ့သော်လည်း ပျံ့လွှင့်နေသောအရှိန်အဝါများကတောင် သူတို့၏စိတ်ဝိညာဥ်ကို စုတ်ပြဲလုမတတ် ဖြစ်စေခဲ့၏။ သူတို့ဟာ သေခြင်းနဲ့လက်တစ်ကမ်းအကွာတွင် ရှိနေကြပါသည်။ အရိုးစုက တိုက်ကွက်တစ်ကွက်ပြုလုပ်လိုက်သည်နဲ့တပြိုင်နက် ၎င်းက ဝမ်ဖုန်းကို ဦးတည်ထားခဲ့ရင်တောင် တိုက်ကွက်၏အရှိန်အဝါတစ်စွန်းတစ်စသည် သူတို့အားလုံးကို ဝါးမြိုဖျက်စီးရန် လုံလောက်လေသည်။
အချိန်တိုအတောအတွင်း၌ သူတို့သည် တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးသော အဆုံးအစမဲ့နာကျင်မှုများကို တွေ့ကြုံခဲ့ရသည်။ သေဆုံးလိုသောစိတ်ဆန္ဒများသည် သူတို့၏စိတ်အာရုံအတွင်း၌ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထွက်ပေါ်လာခဲ့ပြီး ဖြစ်သည်။
တစ်နေ့နေ့မှာ သူတို့က အရမ်းကိုစိတ်လိုလက်ရ သေချင်နေလိမ့်မည်ဟု ဘယ်သူကများ တွေးမိမှာလဲ !
တစ်ဖက်မှာတော့ အရိုးစုနဲ့တိုက်ရိုက်ရင်ဆိုင်နေရသော ဝမ်ဖုန်း၏နဖူးပြင်၌ ချွှေးအေးများ စိုရွှဲလျက် ရှိသည်။ သူ၏ခန္ဓာကိုယ်ကလည်း ကွေးညွှတ်နေခဲ့ကာ အဆက်မပြတ် တုန်ခါနေခဲ့သည်။ သူသည် ရုပ်ခန္ဓာ၏စွမ်းအားကို အပြည့်အဝအသုံးချခဲ့သော်လည်း ဒေါသထွက်နေသောအရိုးစုကိုခုခံရန် မဖြစ်နိုင်ခဲ့ပါ။
သို့သော်လည်း ဝမ်ဖုန်းသည် အံကိုတင်းတင်းကြိတ်လျက် အရိုးစု၏စွမ်းအားများကိုတောင့်ခံရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။ သူဟာ သူ့ကိုယ်သူ ဒူးထောက်ကျသွားခွင့်မပြုနိုင်ပါ !
" ဘုန်း.....! "
ဝမ်ဖုန်းတစ်ယောက်ပြိုလဲကျတော့မည့်အချိန်တွင် အစွမ်းထက်သောစွမ်းအားကြီးသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်အပေါ် လေပြေကလေးကဲ့သို့ ဖြတ်သန်းသွားခဲ့သည်။ အဆိုပါစွမ်းအားဖြတ်သန်းသွားသောအခါ ဝမ်ဖုန်း၏ခန္ဓာကိုယ်သည် ရုတ်တရက် ပြေလျော့သွားခဲ့သည်။ သူ့ကိုယ်ပေါ်ကိုသက်ရောက်နေသောဖိအားကလည်း ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ဝမ်ဖုန်း၏ကျောပြင်သည် ပြန်လည်၍ ဖြောင့်တန်းသွားခဲ့သည်။ သူက အရိုးစုကို ထုံပေပေအမူအရာဖြင့် လှမ်းကြည့်လိုက်လေသည်။
ဤထူးဆန်းမှုကို အရိုးစုက သတိထားမိသွားခဲ့သည်။ သူ၏မီးခိုးရောင်မျက်ဝန်းများက အဆက်မပြတ် လှုပ်ရမ်းနေခဲ့သည်။ သူဟာ အံကိုတင်းတင်းကြိတ်လျက် ဝမ်ဖုန်းကို နေရာမှာတင်သတ်ဖြတ်ရန် အစွမ်းကုန်စွမ်းအားများကို ဖောက်ခွဲထုတ်ဖော်ခဲ့၏။
" ဘုန်း.....! "
ဤအချိန်တွင် ဝမ်ဖုန်းအရှေ့ဖက်ရှိလေဟာပြင်သည် တသိမ့်သိမ့်တုန်ယင်သွားခဲ့ကာ ပုံရိပ်တစ်ခုသည် လေထုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်ဟာ ဝမ်ဖုန်း၏အရှေ့ဖက်၌ သဘာဝနဲ့တစ်သားတည်းကျစွာ မတ်တပ်ရပ်လိုက်လေသည်။
ထိုလူပုဂ္ဂိုလ်ထွက်ပေါ်လာသည့်အခါ ကမ္ဘာလောကကြီးသည် ထူးဆန်းသည့်အခြေအနေသို့ သက်ဆင်းသွားခဲ့ရသည်။ အရိုစု၏နောက်ကျောဖက်တွင်ရှိနေသော နတ်ဆိုးစွမ်းအားများကလည်း ချက်ချင်းကို ရပ်တန့်သွားခဲ့သည်။ ပြင်းထန်သောဖိအားကြောင့် အဆက်မပြတ်အက်ကွဲနေသော လေဟာပြင်သည်လည်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထိုလူပုဂ္ဂိုလ်၏ရှေ့မှောက်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးသည် ဖြူဖျော့သွားခဲ့ကာ အချိန်နှင့်လေဟာပြင်သည် ရပ်တန့်သွားခဲ့သည်။
သေခြင်းတရားကိုစောင့်ဆိုင်းနေသော ရွှမ်းဝူတို့အုပ်စုသည် ဝမ်ဖုန်းရှေ့၌ထွက်ပေါ်လာသောလူကို ပါးစပ်ဟောင်းလောင်းဟလျက် စိုက်ကြည့်နေခဲ့ကြသည်။ သူတို့၏မျက်ဝန်းထဲ၌ ထိုလူသည် အလျှံတစ်ညီးညီးတောက်ပနေသော နေတစ်စင်းကဲ့သို့ ဖြစ်နေခဲ့၏။ အကြည့်တစ်ချက်ဖြင့်တောင် ဦးခေါင်းများကို ငုံ့ချလိုက်ရပြီး ထပ်မံ၍ စိုက်မကြည့်ရဲတော့ပါ။
တစ်ချက်စိုက်ကြည့်လိုက်တာကတောင် သူတို့၏မျက်လုံးများကို ကန်းလုမတတ်ဖြစ်စေခဲ့ကာ သူတို့၏စိတ်ဝိညာဥ်များကလည်း အငွေ့ပျံလုမတတ် ဖြစ်ခဲ့ရသည်။
လီပိုင်တို့အုပ်စုကတောင် တစ်ချက်သာစိုက်ကြည့်ခဲ့ပြီး ခေါင်းများကို ငုံ့ချလိုက်ရသည်။ သူတို့၏စိတ်နှလုံးများက တစ်သိမ့်သိမ့်တုန်လှုပ်နေခဲ့သည်။ အထူးသဖြင့် ရွှမ်းယွမ်၏နှလုံးသားက လှိုင်းထန်နေခဲ့သည်။ ရှန်ရှန်ကျုံဂိုဏ်းအတွင်း၌ ဤကဲ့သို့ထူးဆန်းသည့်လူတစ်ယောက်ရှိနေလိမ့်မည်ဟု သူဘယ်တုန်းကမှ တွေးထင်မထားခဲ့ပါ။
ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်း၌ အင်မတန်အစွမ်းထက်သော သူ၏အဖေကတောင် ထိုလူ၏ပြိုင်ဖက်ဖြစ်နိုင်မှာ မဟုတ်ပါ။
ရှန်ရှန်ကျုံဂိုဏ်း .....အဲ့ဒီဂိုဏ်းက ကျိန်းသေပေါက် ဘာကြီးလဲ။
တစ်ခဏကြာအောင် ရွှမ်းယွမ်၏နှလုံးသားသည် ရှုပ်ထွေးသွားခဲ့သည်။ သူဟာ ရှန်ရှန်ကျုံဂိုဏ်းကို လုံလောက်အောင်သိနားလည်ပြီဟု ထင်ခဲ့သော်လည်း သူတွေ့မြင်ခဲ့သမျှဟာ ရေခဲတောင်ကြီး၏ထိပ်ဖျားသာ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။
အစစ်အမှန်အမှန်ရှန်ရှန်ကျုံဂိုဏ်းက ဘယ်လောက်တောင် ထိတ်လန့်ဖို့ကောင်းလိုက်မလဲ။
လက်ရှိအချိန်တွင် ဝမ်ဖုန်းတစ်ယောက်တည်းကသာ ထိုက်ရိအရှင်၏မျက်နှာကို ရှင်းလင်းစွာ တွေ့မြင်နိုင်ခဲ့ပါသည် !