စစ်သည်တော်ဘုရင်
Vol. 45 Ch. 674
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ဒုတိယတွဲအား အပိုင်း နှစ်ဆယ်ဟု လျာထားသဖြင့် တစ်ပိုင်း ဆယ်သန်း ဆိုပါက စုစုပေါင်း သန်းနှစ်ရာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ယင်းသည် အမျိုးမျိုးသော ရိုက်ကူးရေး ကုန်ကျစရိတ်ကို ထည့်မတွက်ရသေးပေ။ သို့သော်ငြားလည်း တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ တန်ဖိုးသည် ထိုမျှသာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ အင်တာနက် ထုတ်လွှင့်ခြင်း မူပိုင်ခွင့်နှင့် အခြားသော အရာများလည်း ရှိသေးသည်။
ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိသည်။ သန်းနှစ်ရာသည် များသည်ဟု ထင်ရသော်လည်း သူ့အတွက် အလွန် နည်းလွန်းသော ပမာဏသာ ဖြစ်သည်။ ဆန်းကြယ်ကျွန်းကို သူ ဖွံ့ဖြိုးတိုးတက်စေချင်သည်ဆိုပါက သန်းနှစ်ရာ မဆိုထားနှင့်၊ နှစ်ဘီလီယံတောင်မှ လုံလောက်မည် မဟုတ်ပါ။
သူ မြန်မြန်နှင့် ပိုက်ဆံများများရရန် လုပ်မှ ရပေလိမ့်မည်။ သို့မှသာ ဆန်းကြယ်ကျွန်း၏ တိုးတက်မှုများက မြန်မြန် ပြီးနိုင်ပေမည်။
လက်ရှိတွင် သူ့အား ပိုက်ဆံရှာပေးနိုင်သည့် အဓိက ပရောဂျက် လေးခု ရှိသည်။
ပထမတစ်ခုမှ ဆေးဝါးထုတ်လုပ်ဖြန့်ချိရေး စက်ရုံဖြစ်ပြီး အမြတ်များများ ရအောင် လုပ်နိုင်သည့် အမြန်ဆုံး နည်းလမ်းပင်။ သို့ရာတွင် ခွေးရူးပြန် ရောဂါပိုး ကုသဆေးအတွက် သူ ဈေးမြင့်မြင့်ထားရှိရန် မစဉ်းစားထားချေ။ သူသည် ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံ ပြီးသွားသည်နှင့် အလှအပရေးရာ အထောက်အပံ့များနှင့် အလှကုန် ပစ္စည်းများ ထုတ်လုပ်ရန် စိတ်ကူးထားသည်။ ယင်းထုတ်ကုန်နှစ်ခုလုံးက သေချာပေါက် အမြတ် ရနိုင်ပေသည်။
အလှကုန် ပစ္စည်းများကို ဝိုင်အလှကုန် ပစ္စည်း အမှတ်တံဆိပ်အောက်မှ စတင် ဖြန့်ဖြူးနိုင်ပြီး ၎င်းတွင် ကိုယ်ပိုင် အမှတ်တံဆိပ်အောက်မှ ထုတ်ကုန်များ တရားဝင် ရှိလာပေမည်ဖြစ်ကာ မိတ်ကပ် ပြင်ဆင်ပေးသည့် ဝန်ဆောင်မှုက ထုတ်ကုန်များလောက် အမြတ်ရရှိနိုင်မည် မဟုတ်ချေ။
ဒုတိယတစ်ခုမှာ ရုပ်ရှင်ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ကားများ ရိုက်ကူးခြင်း၊ မိမိတို့၏ ကိုယ်ပိုင် ကြယ်ပွင့်များကို လေ့ကျင့်ပေးခြင်းနှင့် ထောက်ခံ ကြော်ငြာပေးခြင်းနှင့် ကြော်ငြာများမှ အခကြေးငွေ အမျိုးမျိုး ရရှိခြင်းတို့ ဖြစ်သည်။ ၎င်းသည် ပိုက်ဆံ ရှာနိုင်သည့် အမြန်ဆုံး နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်မှာ အသေအချာပင်။ ရှောင်ဖေးဖေး၊ ချန်ချီချီနှင့် အခြားသူများနှင့် စကားပြောပြီးချိန်၌ သူတို့သည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းအား ဒုတိယတွဲ ရိုက်ကူးရန် စီစဉ်ထားရုံသာမက ကြော်ငြာများအတွက် အဓိက ကြော်ငြာရှင်များမှ ဖိတ်ကြားမှုများလည်း လက်ခံရရှိ ထားကြသည်။ လီကျင့်အတွက်လည်း အတူတူပင်။ သူတို့သည် ရှောင်ဖေးဖေး၏ နာမည်အောက်၌ လက်မှတ် ထိုးထားသူများ ဖြစ်သဖြင့် ကြော်ငြာမှ ရရှိသော အမြတ်ငွေသည် ကုမ္ပဏီထဲ၌ ခွဲဝေရပေမည်။
တတိယတစ်ခုမှာ ဝမ်ရုံ နည်းပညာ ဖြစ်သည်။ နည်းပညာမြင့် ကားစနစ်သည် တည်ဆောက်ရန် ကြာမြင့်မည် မဟုတ်သလို သေချာပေါက် နာမည်ကြီးပေလိမ့်မည်။ နောက်ပိုင်းတွင် အခြားသော နည်းပညာမြင့် ထုတ်ကုန်များ ကိုလည်း ထုတ်လုပ်မည် ဖြစ်ကာ သူ့အတွက် ပိုက်ဆံရှာရန် လွယ်ကူလာပေလိမ့်မည်။
စတုတ္ထမှာ သူ၏ တိုက်ရိုက် ထုတ်လွှင့်ခြင်းဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက ကြီးမားသော ကုန်ကျစရိတ် ရှိလာစေပေမည်။ တိတိကျကျ တွက်ချက်ကြည့်ပါက ၎င်းသည် ပိုက်ဆံရှာပေးနိုင်စွမ်း အနည်းဆုံး ဖြစ်ကြောင်း ပြသနေပြီး ၎င်းက ဈေးကွက်၌ ပေါက်မှသာ သူ့အတွက် အမြတ်များများ ရနိုင်ပေသည်။
တကယ်တမ်းတွင် သူ၏ အရည်အချင်းများနှင့် သူ့အတွက် သန်းချီရရှိရန် လွယ်ကူပေသည်။ သို့သော် ထိုပမာဏက သူ့အတွက် အသေးအဖွဲ ဖြစ်နေသည်။ သူသည် တကယ် ပိုက်ဆံရှာရန် စိတ်မပါဘဲ ဘာမှမလုပ်သည့် သူဌေးကြီး ဖြစ်ချင်နေ၏။
သူသည် ရေပန်းစားမှု အမှတ်များများ ရရှိရန်အတွက်မှ မဟုတ်လျင် စိတ်မဝင်စားချေ။
သူ၏ ရေပန်းစားမှု အမှတ်ကို စဉ်းစားမိသောအခါ ဟင်းလင်းပြင်နယ်မြေအကြောင်း တွေးမိသွားသည်။ ယင်းတွင် အကျိုးအမြတ်များ ရှိသော်လည်း ကြီးမားသော အန္တရာယ်များလည်း ရှိပေသည်။ သူ၏ ရေပန်းစားမှုအမှတ် တိုးလာအောင် မြန်မြန် လုပ်ရမည် ဖြစ်သလို သူ၏ ခွန်အားကိုလည်း မြန်နိုင်သမျှ မြန်မြန် မြှင့်တင်နိုင်ရန် အရေးကြီးပေသည်။ ထိုနေရာသို့ သွားနိုင်မည့် အခွင့်အရေးကို သူရှာဖွေရပေမည်။
“လင်းချန်၊ အဲ့ဒီလူတွေက ဘယ်သူတွေလဲ”
ရှောင်ဖေးဖေးသည် စစ်သည်တော်အဖွဲ့ကို သတိပြုမိပြီးသားဖြစ်သဖြင့် မေးလိုက်သည်။
“သူတို့တွေကလဲ သရုပ်ဆောင်တွေပဲ”
“သရုပ်ဆောင်တွေလား”
ရှောင်ဖေးဖေး အံ့ဩသွားပြီး သရုပ်ဆောင်များက ထိုမျှ နှစ်မြှုပ်ထားလိမ့်မည်ဟု လုံးဝ ထင်မထားမိချေ။
“ဪ ဟုတ်သားပဲ၊ နင် ဘာကို ရိုက်မယ်ဆိုတာကို မပြောရသေးဘူးနော်၊ ဒါက တကယ်ပဲ စစ်တပ် အခြေခံ ရုပ်သံဇာတ်လမ်းတွဲလား”
“အင်း … နာမည်က စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၊ နောက်မှ ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီး အဖွဲ့သားတွေနဲ့ ရင်းနှီးအောင် လုပ်လိုက်ပေါ့”
ရဲ့လင်းချန်က ပြုံးကာ ပြောလိုက်သည်။
“စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး”
ရှောင်ဖေးဖေးက တစ်ကိုယ်တည်း ရေရွတ်နေသည်။ ယင်းက အမှန်တကယ်ကို စစ်တပ်အခြေခံထားသဖြင့် သူမ အနည်းငယ် အံ့ဩသွားခဲ့ရသည်။
“စစ်တပ်အခြေခံ ဇာတ်လမ်းတွဲတွေ ပြန်ပြီး ရေပန်းစားလာတော့မယ်နဲ့တူတယ်”
စစ်တပ် အခြေခံ ဇာတ်လမ်းတွဲတွင် ပရိသတ် အနည်းငယ်သာ ရှိပြီး ၎င်းကို ရိုက်ကူးခြင်းက အလွန် ခက်ခဲသည်။ ပြည်သူများစွာက ထိုသို့သော ဇာတ်လမ်းတွဲများအား လှောင်ပြောင် သရော်မှုများစွာ ပြုလုပ်ပြီး သူတို့အား နာမည်ပြောင်ပေးကာ ထိုသို့သော ဇာတ်လမ်းတွဲများအား အပျင်းပြေ ဟာသအဖြစ် သဘောထားကြသည်။
ရဲ့လင်းချန်၏ ရေပန်းစားမှုနှင့်ဆိုလျင် စစ်တပ်အခြေခံ ဇာတ်လမ်းတွဲတစ်ခု ရိုက်ပါက သေချာပေါက် များစွာ အာရုံစိုက်ခံရပေလိမ့်မည်။ ၎င်းကို ကောင်းကောင်း ရိုက်ကူးပါက အလွန် ပေါက်မည်မှာ သေချာလှသည်။
သူမက ရဲ့လင်းချန်ကို ကြည့်၍ ပြုံးလိုက်သည်။ သူ၏ ဇာတ်ညွှန်းတစ်ခုက ဘယ်လိုလုပ် ရေပန်းမစားဘဲ နေမည်နည်း။
လီကျင့်နှင့် အလီသည်လည်း ထပ်တူ စိတ်လှုပ်ရှားနေကြသည်။ ဟော်ရန်ကျား ရိုက်ကူးရေး ပြီးသွားပြီးကတည်းက ယာယီ အနားယူပြီးနောက် သူတို့၏ အချိန် ရောက်လာလေပြီ။
“လီကျင့် မင်းက ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ရမယ်၊ အလီက နိုင်ငံခြားသား ဖြစ်လိမ့်မယ်၊ တိုက်ခိုက်ခန်းတွေကို မင်း ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားထား၊ အဲ့ဒါက စိတ်လှုပ်ရှားစရာ ကောင်းမှ ရမယ်”
ရဲ့လင်းချန်က ပြောလိုက်သည်။
ဟော်ရန်ကျားကို ရိုက်ကူးစဉ်က ရဲ့လင်းချန်သည် သူတို့ကို လမ်းညွှန်ပေးရဆဲ ဖြစ်သော်လည်း လီကျင့်နှင့် အလီ၏ အရည်အချင်းသည် ထိုအချိန်မှစ၍ အလွန် တိုးတက်လာခဲ့သည်။ သူတို့ကိုယ် တာဝန်လွှဲပေးနိုင်သဖြင့် သူ ပို၍ ပျော်မိသည်။
“ရတာပေါ့”
လီကျင့်နှင့် အလီက ပြုံး၍ ပြောလာသည်။
“ဥက္ကဋ္ဌရဲ့၊ ပြေးနေတဲ့သူတွေက စစ်သည်တော်တွေလား”
လီကျင့်က ရုတ်တရက် မေးလာသည်။
“သူတို့ရဲ့ ခန္ဓာကိုယ်က သာမန်လူတွေက ပိုကောင်းတယ်လို့ ထင်ရတယ်”
“ဟုတ်တယ်”
ရဲ့လင်းချန်က ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါက မင်းတို့ အကွက်တွေ ပိုထပ်ထည့်နိုင်တယ်လို့ ဆိုလိုတာပဲ၊ သူတို့က အခြေခံကောင်းတယ်၊ ပြီးတော့ တိုက်ခိုက်တဲ့အခါ ထိန်းထားစရာ မလိုဘူး”
လီကျင့်က ခေါင်းညိတ်၍ ပြောသည်။
“သူတို့က အဲ့လောက် သန်မာမယ်လို့ ကျွန်တော် မထင်ဘူး”
ရဲ့လင်းချန် သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ထိုလူတစ်စုက လီကျင့်၏ အဆင့်နှင့် ကွာနေခြင်းက အကြောင်း ရှိပေသည်။ ရဲ့လင်းချန်က လီကျင့်ကို ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေး သင်ပေးထားသဖြင့် သူ၏ ခွန်အားက အလီနှင့် တူညီလုနီးပါးပင်။ ထိုစစ်သည်တော်များက သူနှင့် လုံးဝ မယှဉ်နိုင်ချေ။
လီကျင့်က ရဲ့လင်းချန်၏ အကြည်ကို ခံစားမိပြီး ရှက်ရွံ့စွာ ခေါင်းကုတ်နေသည်။
“အဲ့နေ့က ခင်ဗျားတို့ အရမ်း သန်မာတဲ့ စစ်သည်တော်နဲ့ တွေ့ခဲ့တယ်လို့ အလီက ကျွန်တော့်ကို ပြောတယ်၊ အလီက သူတောင်မှ အဲ့လူကို မယှဉ်နိုင်ဘူးတဲ့”
“သူက ပညာရှင်တစ်ယောက်ပဲ၊ ပြီးတော့ သူတို့တွေက ဒီကမ္ဘာမှာ အများကြီး ရှိနိုင်လောက်တယ်”
ရဲ့လင်းချန်က ခေါင်းညိတ်၍ ထပ်ပြောလိုက်သည်။
“ဘယ်သူသိနိုင်မှာလဲ၊ အဲ့လို ပညာရှင်တစ်ယောက်က ဒီလူတွေထဲက မွေးလာနိုင်တာပဲ”
စီချွမ်-တိဘက်ဒေသမှ မိသားစုများသည် ဂိုဏ်းများမှ ဆင်းသက်လာသူများ ဖြစ်သည်။ တရုတ်နိုင်ငံအနှံ့ ဂိုဏ်းများစွာကို မှတ်တမ်းတင်ထားသော်လည်း သူတို့တွင် မျိုးဆက်အချို့ ကျန်ရှိသည်။ ငရဲတံခါး ပေါ်လာခြင်းက ထိုမျိုးဆက်များ၏ အသုံးဝင်မှုကို ပို၍ အရေးပါလာစေနိုင်လောက်သည်။ ထို့အပြင် စစ်သည်တော်ဌာန အတွင်းတစ်နေရာ၌ ပညာရှင်များ သေချာပေါက် ရှိနိုင်ပေသည်။
ချင်ပိုင်ချွမ်းနှင့် အခြားသူများသည် ပြောရေးဆိုခွင့်ရှိသူများသာ ဖြစ်သည်။ သူတို့သည် သာမန်လူများကြား၌ သွားလာသော်လည်း သူတို့အရှေ့၌ သူတို့၏ ခွန်အား အစစ်အမှန်ကို ပြသခဲသည်။ တကယ်တမ်းတွင် လီကျင့်နှင့် အလီ၏ လက်ရှိ ခွန်အားသည် ချင်ပိုင်ချွမ်းနှင့် အခြား နည်းပြချုပ်များ၏ ခွန်အားနှင့် ယှဉ်နိုင်လောက်သည်။
“အဲ့ဒါ မဖြစ်နိုင်ဘူးမလား၊ ဘာလို့ ငါတို့က သူတို့ကို အရင်က မကြားဖူးတာလဲ၊ ပညာရှင်တွေအားလုံးက လျှို့ဝှက် နေကြတာလား”
အလီနှင့် လီကျင့်က ရဲ့လင်းချန်အား တအံ့တဩ ကြည့်လာသည်။
“နောက်ဆို မင်းတို့ သိလာပါလိမ့်မယ်၊ အခုတော့ ကောင်းကောင်း လေ့ကျင့်ဖို့သာ မှတ်ထားပါ”
ရဲ့လင်းချန်က သူတို့အနားမှ ဖြတ်သွားရင်း ပြောလိုက်ကာ စစ်သည်တော်များထံသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။
လက်ရှိတွင် အဖွဲ့ထဲမှ တစ်ချို့သည် ခြေကုန်လက်ပန်းကျနေပြီဖြစ်ကာ မြေကြီးပေါ် လဲနေပြီး မလှုပ်နိုင်တော့ချေ။ သူတို့သည် သူတို့၏ အကန့်အသတ်အထိ ပြေးပြီးသွားလေသည်။
“ပြေးနေတုန်း စကားပြောတဲ့လူတွေ ကိုယ့်အသိနဲ့ကိုယ် မတ်တပ်ရပ်”
ရဲ့လင်းချန်က သူတို့ကို ကြည့်၍ အမိန့်ပေးလိုက်သည်။
စစ်သည်တော်အဖွဲ့သည် အချင်းချင်း ပြန်ကြည့်နေကြပြီး တွေဝေနေကြသည်။
“ဘာဖြစ်တာလဲ၊ ဒီလောက် အချိန်တိုတိုလေး ပြေးပြီး မင်းတို့အားလုံး ဘယ်လိုတောင် ပင်ပန်းနေတာလဲ ဆိုတာကိုတောင် ငါ မပြောရသေးဘူး၊ မင်းတို့ လုပ်ခဲ့တာကို မင်းတို့က တကယ် ဝန်မခံဘူးလား၊ စစ်သည်တော် ဌာနက မင်းတို့ရဲ့ လေ့ကျင့်ရေးက အဆင့်နိမ့်လှချည်လား”
ရဲ့လင်းချန်က ပြောလိုက်သည်။ လူတိုင်း၏ မျက်နှာတွင် အရှက်ရဟန် ဖြတ်ပြေးသွားသည်။
“ငါ စကားပြောတယ်ကွာ”
“ငါရောပဲ”
“ငါရောပဲ၊ ငါ ဝန်မခံရဲတာ မရှိဘူးကွ”
ရှစ်ဆယ့်ခြောက်ယောက်၌ နှစ်ဆယ့်သုံးယောက်က တစ်ယောက်ပြီး တစ်ယောက် ဝန်ခံလာသည်။
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ သူတို့သည် ရှေ့ထွက်ရဲသည်အထိ ရဲရင့်ပေသေးသည်။ ရဲ့လင်းချန်၏ မျက်လုံးနှင့် နားက အလွန်စူးရှထက်မြက်ကာ စကားပြောသည့် သူများကို မှတ်မိပေသည်။
“မင်းတို့က တော်တော်ကြီးကို ရဲရဲဝံ့ဝံ့ ဝန်ခံတာပဲ၊ မင်းတို့က စကားပြောတာကို အဲ့လောက် ဂုဏ်ယူနေတာလား”
ရဲ့လင်းချန်၏ မျက်နှာက မည်းမှောင်သွားပြီး ချက်ချင်း ပြောလိုက်သည်။
“ဒီကာလအတွင်း မင်းတို့ နှစ်ဆယ့်သုံးယောက်က သန့်စင်ခန်း ဆေးကြောဖို တာဝန်ယူရမယ်”
ထိုနှစ်ဆယ့်သုံးယောက်၏ မျက်နှာက သုန်မှုန်သွားသော်လည်း သူ့အား မငြင်းရဲချေ။
“နားလည်ပါပြီ”
ဝူယွဲ့သည် ခေါင်းခါနေပြီး ကျေးဇူးတင်နေမိသည်။ ထိုသို့ ဖြစ်လာလိမ့်မည်ဟု သူ သိနေကာ စကားပြောချင်စိတ်ကို သူ ထိန်းထားခဲ့မိသည့်အတွက် စိတ်အေးသွားရသည်။
သို့သော် ရဲ့လင်းချန်က ထပ်ပြောလာသည်။
“စစ်သည်တော်ဘုရင်က မင်းတို့ကို စောင့်ကြည့်ဖို့ တာဝန်ယူရမယ်”
*စစ်သည်တော်ဘုရင်လား*
“ဝှစ်”
လူတိုင်း ဝူယွဲ့ကို လှည့်ကြည့်လာပြီး အားလုံး၏ မျက်နှာက *ငါ စစ်သည်တော်ဘုရင် ဖြစ်ချင်တယ်* ဟု ပေါ်နေလေသည်။
ဝူယွဲ့၏ မျက်နှာအမူအရာက ခါးသီးသွားပြီး ရဲ့လင်းချန်က သူ့ကို ကြည့်လာချိန်တွင် သွေးအန်မိလုနီးပါး ဖြစ်သွားသည်။
၎င်းက လုံးဝကို မတရားပေ။
*သေစမ်း … သူတို့ကို စောင့်ကြည့်တာက သန့်စင်ခန်းကို ဆေးကြောရတာနဲ့ အတူတူပဲ မဟုတ်ဘူးလား*