တိုးမြင့်လာသော လွှမ်းမိုးမှု
Vol. 45 Ch. 675
မြို့တော်ဒေသသစ်၌။
“လက်ထောက် ဒါရိုက်တာ၊ ဒါက အထူး လေ့ကျင့်ရေးစခန်း လေးခုက ထောက်ခံထားတဲ့ စာရင်းပါ”
ချင်ပိုင်ချွမ်းနှင့် အခြား အထူးလေ့ကျင့်ရေးစခန်း သုံးခုမှ နည်းပြချုပ်များက သူတို့အရှေ့မှ လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက်ကို ကြည့်နေကြသည်။
စစ်သည်တော်ဌာန၏ လက်ထောက် ဒါရိုက်တာ ချန်ချီတွင် စတုရန်းပုံ မကျတကျ မျက်နှာ ရှိပြီး နဖူးကျယ်ကာ အရပ်ရှည်၍ တောင့်တင်းသန်မာသော ခန္ဓာကိုယ် အချိုးအစား ရှိသည်။
ချင်ပိုင်ချွမ်း၏ လက်ထဲမှ စာရင်းကို ယူပြီး ချန်ချီက ဖြည်းဖြည်းချင်း လှန်လှောကြည့်နေသည်။ သူ့မျက်နှာထောင့်၌ အပြုံးတစ်ခု ပေါ်လာသည်။
“စုစုပေါင်း လူပေါင်း လေးသောင်းခွဲဆိုတော့ မနှစ်ကထက် သုံးထောင် တိုးလာတာပဲ၊ မဆိုးဘူး၊ တစ်ချို့ဆိုရင် အမြင့်တန်းအဆင့် ကြီးကြပ်သူအဆင့်ကို ရောက်နေကြပြီးတော့ လူနှစ်ထောင်က အတွင်းအားကို ထိန်းချုပ်နိုင်ပြီ၊ သိပ်ကောင်းတယ်၊ သူတို့အားလုံးက မျိုးဆက်ကောင်းတွေပဲ”
“လက်ထောက် ဒါရိုက်တာ၊ နောက်အနာဂတ်မှာ လူအရေအတွက်က တိုးလာဖို့ပဲ ရှိတယ်လို့ ကျုပ် ယုံကြည်တယ်”
ဝံပုလွေပြာ၏ နည်းပြချုပ်က ပြောလာသည်။
ချန်ချီ၏ မျက်နှာက မသိမသာ မည်းမှောင်သွားသည်။ သူက ခေါင်းခါ၍ သက်ပြင်းချလေသည်။
“ဒီနှစ် သေဆုံးသွားတဲ့ လူအရေအတွက်က သုံးသောင်းရှစ်ထောင် ရှိနေပြီ၊ သူတို့အားလုံးက လူငယ် တွေပဲ”
သူ ထိုသို့ပြောလိုက်သည်နှင့် ချင်ပိုင်ချွမ်းနှင့် အခြားသူများ၏ အမူအရာက ရုတ်တရက် ပြောင်းလဲ သွားပြီး ချက်ချင်း စိတ်ဓာတ်ကျသွားကြသည်။
“ငါတို့ အသုံးမကျတာ၊ ငါတို့ သူတို့ကို စိတ်ပျက်စေခဲ့တာ”
ချန်ချီက ခပ်နိမ့်နိမ့်အသံဖြင့် ပြောသည်။
“လက်ထောက် ဒါရိုက်တာ၊ ဘာဖြစ်လို့လဲ”
ချင်ပိုင်ချွမ်းက အလေးအနက် မေးလာသည်။
“ငရဲတံခါးရဲ့ ဆူပူမှုက ပိုပိုပြီး အားကောင်းလာတယ်၊ တိုးချဲ့မှုကအရှိန်က အချိန်နဲ့အမျှ တိုးလာ လိမ့်မယ်လို့ ငါတို့ ခန့်မှန်းရတယ်၊ ကန့်သတ် ထိန်းချုပ်မှုကလည်း အားနည်းလာပြီ၊ မကြာသေးခင်က အဲ့ကနေ ထွက်လာတဲ့ သားရဲတွေကလည်း ပိုသန်မာလာတယ်”
ချန်ချီက လက်နှစ်ဖက်အား လက်သီးသဖွယ် ဆုပ်၍ ပြောလေသည်။
“ငရဲတံခါးက ပြောင်းလဲမှုတွေ ဖြစ်နေတာလား”
ချင်ပိုင်ချွမ်းနှင့် ကျန်သုံးယောက်တို့က ချန်ချီအား ကြောက်လန့်တကြား ကြည့်လာသည်။
ချန်ချီက ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလာသည်။
“တကယ်တော့ ငါတို့ ဒီအကြောင်းကို ကြိုသိနေခဲ့ပြီးသား၊ သမိုင်းမှတ်တမ်းအရဆိုရင် ဒီကမ္ဘာပေါ်မှာ ပထမဆုံး ပေါ်လာတဲ့ တံခါးက ၁၉၂၀ ခုနှစ်က Buff Island ကပဲ၊ နောက်တစ်ခုက ဂျပန်နိုင်ငံရဲ့ ယာဂီကျွန်းမှာ၊ နောက်တော့ ၁၉၆၄ ခုနှစ်မှာ အရေပြားပေါ်မှာ အမည်းရောင်အကွက်ပေါ်တဲ့ ရောဂါ ဖြစ်ခဲ့တယ်၊ နောက်ပြီးတော့ ၁၉၈၀ ခုနှစ်မှာ ဆူနာမီ …”
“ငရဲတံခါးရဲ့ စပ်ကြားလှိုင်းက တိုသထက် တိုလာတယ်၊ ဒီကာလအတွင်း ပေါ်လာတဲ့ အရေအတွက်ကလဲ တိုးလာတယ်၊ အဲ့ဒါရဲ့ အရိပ်အယောင်ကို နှစ်တိုင်းနီးပါး မြင်နေရတယ်၊ ပင်လယ်မိစ္ဆာတွေ၊ လူရိုင်းတွေနဲ့ ဂြိုဟ်သားတွေ။ အဲ့ဒါက သာမန်လူတွေကို ထိခိုက်စေဖို့ လုံလောက်နေပြီ”
“အစက ဒါက ကာကွယ်မှုသက်သက်ပဲ၊ ဒါပေမဲ့ ထားထားတဲ့ ကန့်သတ် ပိတ်ပင်မှုတွေက တဖြည်းဖြည်း အားနည်းလာတာကို ငါတို့ မကြာသေးခင်က တွေ့ခဲ့တယ်၊ အဲ့ကနေ ထွက်လာတဲ့ သတ္တဝါတွေကို အစက စက်သေနတ်နဲ့ သတ်နိုင်ပင်မဲ့ အခု စက်သေနတ်ကြီးတွေနဲ့ သတ်မှပဲ ရပြီးတော့ တစ်ချက်တည်းနဲ့ မသေသွားဘူး၊ သူတို့ရဲ့ ခွန်အား၊ သူတို့ရဲ့ ခံနိုင်ရည်၊ အားလုံးက တိုးလာပြီ”
ချင်ပိုင်ချွမ်း၏ မျက်လုံးတွင် ထိတ်လန့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားပြီးနောက် ပြောလိုက်သည်။
“လက်ထောက် ဒါရိုက်တာ၊ Buff Island က ငရဲတံခါး ပွင့်ခဲ့တာ နှစ်တစ်ရာကျော်နေပြီ၊ သူတို့ အဲ့ဒါကို ဘယ်လို စောင့်ကြည့်နေတာလဲ”
ငရဲတံခါးများက ဆက်တိုက် တိုးလာသည်ဆိုပါက မြို့တော်မှ တစ်ခုက ပွင့်ခဲ့သည်မှာ ဆယ့်နှစ်နှစ်သာ ရှိပြီး Buff Island မှ တစ်ခုမှာမူ အသက်ဝင်ခဲ့သည်မှာ နှစ်တစ်ရာကျော် ရှိပြီဖြစ်သည်။ ထို့ကြောင့် အထဲမှ သတ္တဝါများက ဘယ်အတိုင်းအတာအထိ ဆင့်ကဲပြောင်းလဲနေသနည်း။
“Buff Island က စစ်သည်တော်တွေကို အားထားတာ၊ လက်နက်တစ်ခုတည်းနဲ့ မလုံလောက်ဘူး”
ချန်ချီက ရှင်းပြသည်။
“နိုင်ငံအားလုံးနီးပါးက သိုင်းပညာရှင်တွေက အဲ့ဒီမှာ ရှိနေပြီးတော့ အလှည့်ကျ နေရာကို အတူတူ စောင့်ကြပ် ကြတာ၊ ငါတို့ရဲ့သူတော်စင်တွေထဲက တစ်ယောက်ကလဲ အဲ့ဒီမှာ ရှိနေတယ်”
သူတော်စင်တွေအကြောင်း ပြောမိသည်နှင့် သူတို့သည် ခါးမတ်သွားပြီး လေးစားသော အမူအရာတို့ ဖြစ်ပေါ်လာသည်။
“ငရဲတံခါး ပွင့်နေတာ တော်တော်လေး ကြာနေပင်မယ့် ငါတို့မှာ စစ်သည်တော်တွေက အရေအတွက် အကန့်အသတ်နဲ့ ဖြစ်နေတာက စိတ်မကောင်းစရာပဲ”
ချန်ချီက သက်ပြင်းချပြီး ထပ်ပြောလေသည်။
“အဲ့ဒီဂိုဏ်းတွေကနေ ပို့လိုက်တဲ့ စစ်သည်တော်တွေအားလုံးက ခေါင်းမာတယ်၊ သူတို့အားလုံးက သူတို့ရဲ့ ကိုယ်ပိုင် နေရာလေးရဲ့ အေးချမ်းမှုကိုပဲ ဂရုစိုက်တယ်၊ ကျန်တဲ့အရာအားလုံးကို လုံးဝ ဂရုမစိုက်ကြဘူး”
“လက်ထောက် ဒါရိုက်တာ၊ ကျုပ်တို့ကို စစ်ထဲ ဝင်ပူးပေါင်းခွင့်ပေးပါ”
ချင်ပိုင်ချွမ်းတို့က အချင်းချင်း ပြန်ကြည့်၍ ရုတ်တရက် ပြောလာကြသည်။
“ကျုပ်တို့က အိုနေပြီ၊ ကျုပ်တို့ သေမယ်ဆိုရင်တောင်မှ ကိစ္စမရှိဘူး၊ အဲ့ဒီ စစ်သည်တော်တွေက ငယ်သေးတယ်၊ ပြီးတော့ သူတို့မှာ ပိုတောက်ပတဲ့ အနာဂတ် ရှိတယ်”
“ပါးစပ်ပိတ်ထားစမ်း၊ ဒါ မင်းတို့ စိုးရိမ်သင့်တဲ့ အရာ မဟုတ်ဘူး”
ချန်ချီက သက်ပြင်းချပြီး ဆက်ပြောသည်။
“စစ်သည်တော်အဖွဲ့ကို သေကြေပျက်စီးမှုနဲ့ ငရဲတံခါးရဲ့ အန္တရာယ်အကြောင်း ဆက်သတင်းပို့ထား၊ သွားဖို့ ဝန်လေးနေတဲ့သူတွေကို သာမန်လူ့အဖွဲ့အစည်းထဲက ဥပဒေကို ထိန်းသိမ်းဖို့ ထားခဲ့လိုက်၊ သူတို့အားလုံး ဒါကို လျှို့ဝှက်ထားဖို့ပဲ လိုတယ်၊ သူတို့ကို ဖိအားမပေးနဲ့”
“နားလည်ပါပြီ”
ချင်ပိုင်ချွမ်းက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြီးမှ ရုတ်တရက် ပြောလိုက်သည်။
“ဒါနဲ့ ဒီတစ်ခေါက် ကျုပ်တို့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်”
“ဟမ် … ဘယ်သူလဲ”
“ရဲ့လင်းချန်ပါ”
…
ဆန်းကြယ်ကျွန်း။
“ဝုန်း”
လူတစ်ယောက်သည် လေထဲသို့ မြောက်တက်သွားပြီးမှ အောက်သို့ အရှိန်ဖြင့် ပြန်ကျသဖြင့် ညည်းညူနေသည်။ ထို့နောက် နောက်တစ်ယောက် လွင့်ထွက်သွားလေသည်။ သူက ဤသည်ကို ကြည့်ပြီး အားမရသော အမူအရာမျိုး ဖြစ်သွားသည်။
“အားနည်းတယ်၊ မင်းတို့အားလုံး အားနည်းလွန်းတယ်”
လီကျင့်က ကွင်းလယ်၌ ရပ်နေပြီး သာမန်ကာလျှံကာ ပခုံးတွန့်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို ရုတ်တရက် ကိုင်း၍ သူ့အား တိုက်ခိုက်လာသည့် လက်သီးချက်ကို ရှောင်ရှားနေသည်။ သူသည် ဘယ်ခြေထောက်ကို ကွေး၍ ဒူးဖြင့် တိုက်ကာ တံတောင်ဖြင့် ထပ်တိုက်လိုက်သဖြင့် စစ်သည်တော်သည် အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားပြီးမှ လဲကျသွားသည်။
“ဝှီး”
ထိုသို့သောအချိန်၌ ဘေးတစ်ဖက်မှ ကန်ချက်တစ်ချက်က လီကျင့်၏ လည်ပင်းကို ချိန်ရွယ်၍ ဝင်ရောက်လာသည်။
“မင်းခွန်အားက အားနည်းလွန်းတယ်”
လီကျင့်က လုံးဝ မရှောင်ပေ။ သူက လက်ကို မြှောက်၍ ထိုလူအား ခြေချင်းဝတ်မှာ ကိုင်ကာ လွှင့်ပစ်လိုက်သည်။
လက်ရှိတွင် စစ်သည်တော် ဆယ်ယောက်သည် မြေကြီးပေါ် လဲနေပြီး ကျန်အယောက် ခုနစ်ဆယ်ကျော်က လီကျင့်အား ဝိုင်းထားပြီး သူတို့၏ မျက်နှာတွင် ထိတ်လန့်သော အမူအရာ ဖြစ်ပေါ်နေ၏။
“ကြောက်နေပြီလား၊ လာစမ်းပါကွ”
လီကျင့်က ပြုံး၍ ရန်စလိုက်သည်။
“ငါ လာပြီ”
ဝူယွဲ့က ကြုံးဝါးလိုက်ပြီးနောက် ကျန်ခုနစ်ဆယ်ကျော်က ပြေးတက်လာသည်။
“ဝုန်း”
လီကျင့်က တစ်ယောက်ချင်းစီအား ကန်ချက်တစ်ချက်ဖြင့် လွင့်ထွက်သွားစေသည်။ ထိုအခါ စစ်သည်တော် တစ်ယောက်က သူ့အား အနောက်မှ ချုပ်လာပြီး အခြား စစ်သည်တော်များက ပြေးတက်ကာ သူ့ဗိုက်အား ထိုးနှက်ရန် ပြင်လေသည်။
“မင်းတို့ ဒီလောက်လေးနဲ့ ငါ့ကို သတ်နိုင်ပြီလို့ တကယ်ကြီး ထင်နေတာလား၊ ငါက မင်းတို့ကို သတ်ချင်နေတာကွ”
လီကျင့်က ကြမ်းကြုတ်စွာ ကြုံးဝါးပြီး သူ့အနောက်မှ စစ်သည်တော်ကို ချုပ်၍ လွှင့်ပစ်လိုက်သည်။ ဝိုင်းထားသည့် စစ်သည်တော်များအားလုံး ပိတ်ဆို့ခံလိုက်ရလေသည်။
တစ်ဖက်တွင်မူ ကင်မရာများက အရပ်မျက်နှာအနှံ့နှင့် ထောင့်ပေါင်းစုံမှ ဟာကွက်မရှိ ရိုက်ကူးနေ၏။
စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးသည် စစ်တပ်ကို အမှီပြု အခြေခံထားသည့် ဇာတ်လမ်းဖြစ်သည်။ ရဲ့လင်းချန်သည် ချင်ပိုင်ချွမ်း၏ တောင်းဆိုမှုအတိုင်း စစ်သည်တော်နှင့် ပိုတူရန် အကောင်းဆုံး ကြိုးစားထားသည်။ တိုက်ပွဲတွင်း၌ သေနတ်များ ပါသော်လည်း သူသည် တကယ့် ဓားအစစ်၊ လှံအစစ် သို့မဟုတ် လက်ချည်းဗလာဖြင့် တိုက်ပွဲများကို အမြဲ ပါဝင်ထည့်သွင်းသွားမည် ဖြစ်သည်။
ထိုတိုက်ပွဲများသည် အစစ်နှင့် တူရုံမျှမဟုတ်ဘဲ အစစ်အမှန်သာ ဖြစ်သည်။
“လင်းချန်၊ သူတို့ကို ဒီလို တိုက်ခိုက်ခွင့်ပေးထားလို့ အဆင်ပြေပါ့မလား”
သူတို့၏ တိုက်ပွဲက သူမအတွက် ကြောက်စရာ ကောင်းနေသဖြင့် ရှောင်ဖေးဖေး၏ မျက်ဝန်းတွင် စိုးရိမ်သော အရိပ်အယောင်များ ရှိနေသည်။
“အဆင်ပြေပါတယ်၊ သူတို့အားလုံးက စစ်သည်တော်တွေပဲလေ၊ သူတို့တွေက ဒူပေဒါပေခံတဲ့သူတွေ
ရဲ့လင်းချန်က မထူးခြားနားစွာ ပြုံးနေသည်။ သိုင်းပညာသည် စစ်မှန်သဖြင့် ပရိသတ်ရှေ့၌ အစစ်အမှန် သရုပ်ပြမှုကို ပေးရန် ယင်းက တစ်ခုတည်းသောနည်းလမ်းပင်။
ငရဲတံခါး၏ တည်ရှိမှုအကြောင်း သိပြီးနောက် ရဲ့လင်းချန်သည် အဘယ်ကြောင့် တရုတ်က သူတို့ သိုင်းပညာကို တိုးတက်ရန် စတင်နေသလဲ ဆိုသည်ကို နားလည်သွားသည်။ အမျိုးမျိုးသော စိတ်ကူးယဉ် ဇာတ်လမ်းများ သို့မဟုတ် သိုင်းဇာတ်လမ်းတွဲများ ပေါ်လာပြီး အများစုက မြို့ထဲတွင် အခြေခံထားခြင်း ဖြစ်ကာ လူတိုင်းအား လက်ရှိ မြို့ထဲ၌ ပညာရှင်များနှင့် အန္တရာယ်များ ရှိသည်ဟု လူတိုင်းကို ခံစားမိအောင် လုပ်နေသလိုပင်။ တရုတ်အပြင် ပြည်ပတွင်လည်း ထိုနည်းတူပင်။ ဥပမာအားဖြင့် Marvel Universe ဇာတ်လမ်းများ၊ သွေးစုပ်ဖုတ်ကောင်များ၊ သရဲများ၊ နတ်ဘုရား စသည်တို့ဖြစ်ပြီး ၎င်းတို့က လူတိုင်းကို လွှမ်းမိုးနိုင်လေသည်။
လက်ရှိတွင် ထူးခြားဆန်းကြယ်သော အရာများ မကြာခဏ ဖြစ်ပျက်နေသည်။ နောက်ပိုင်း၌ ကောလာဟလများကို ချေပရန် လူအများ ထွက်လာသော်လည်း ယင်းက လူတိုင်းကို သိချင်စိတ် ဖြစ်ပေါ်လာစေမြဲပင်။
*ဒါတွေက ဖြစ်လာမယ့်အရာတွေအတွက် နိမိတ်စပြနေတာလား*
ငရဲတံခါး တည်ရှိမှုကို ကြေညာလိုက်ခြင်းက ကမ္ဘာကြီးအား အုတ်အုတ်သဲသဲ ဖြစ်သွားစေပြီး လူတိုင်းအား သွေးပျက်သွားစေမည်မှာ အသေအချာပင်။ ယခုကဲ့သို့ ပြုမူခြင်းအားဖြင့် နိုင်ငံပေါင်းစုံမှ ခေါင်းဆောင်များသည် ပြင်ဆင်ချိန် လုံလုံလောက်လောက် ရလာပေမည်။ အချိန်ကျလာလျင် လူအများသည် ဘာတွေ ဖြစ်ပျက်မလဲ ဆိုသည်ကို လက်ခံရန် မခက်ခဲတော့ချေ။ ယင်းက အစီအစဉ်ကောင်းပင်။
ရဲ့လင်းချန် ရယ်လိုက်မိသည်။ ယခင်က သူ၏ ထူးခြားဆန်းကြယ်သော လုပ်ဆောင်မှုများစွာအတွက် ဘယ်သူနှင့်မှ ရင်မဆိုင်ရသည်က အံ့ဩစရာ မဟုတ်တော့ချေ။ ကမ္ဘာပေါ်၌ အခြေအနေများက စတင် ပြောင်းလဲနေလေပြီ။
စာစဉ် ၄၅ ပြီးပါပြီ။