ကောင်းကင်တာအိုလက်ဆောင်
Vol. 57 Ch. 854
လူအများ၏အမြင်တွင် ကူရွှင်းကျစ်၏ခန္ဓာကိုယ်နည်းစနစ်များသည် ကြီးကျယ်ခမ်းနားသော ကချေသည်၏အကများနှင့်ပင် ဆင်တူနေသည်။
သူက နည်းစနစ်အတွင်း စွမ်းအားအလုံးစုံကို ပြီးပြည့်စုံစွာအသုံးချထားသည်။
တိုက်ပွဲများက အမှတ်စနစ်ပေါ်တွင် အခြေခံသည်။
ထိုးနှက်ချက် တစ်ခုစီအတွက် အမှတ်တစ်မှတ်စီ ရရှိမည်ဖြစ်သည်။
ကူရွှင်းကျစ်၏ တိုက်ခိုက်မှုရလဒ်က သူ့ပြိုင်ဘက်များကိုကျော်တက်သွားပြီး အမှတ်တစ်ထောင်ကျော်ဖြင့် အနိုင်ရခဲ့သည်။
အခန်း၂မှ သနားစရာ ကျောင်းသားနှစ်ယောက်မှာ ကူရွှင်းကျစ်၏ ခေါင်းပေါ်မှ ဆံပင်မွေးကိုပင် ထိအောင်မလုပ်နိုင်ခဲ့ကြပေ။
“ဒီလူက ရေထဲကနဂါးလိုပဲ”
တစ်စုံတစ်ယောက်က ကူရွှင်းကျစ်၏ ထက်မြက်သောခန္ဓာကိုယ်လှုပ်ရှားမှုများကို သဘောကျစွာ အော်ဟစ်လိုက်သည်။
ဤလူက ခန္ဓာကိုယ်နည်းစနစ်နှင့် ခန္ဓာကိုယ်လှုပ်ရှားမှု နှစ်ခုလုံးကို ကောင်းကင်ဘုံကို အံတုနိုင်သောအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုရမည်။
ဝမ်လင်းက မျက်မှောင်ကြုတ်၍ စဉ်းစားနေခဲ့သည်။
ဤတိုက်ပွဲက အဖြေထွက်ပြီးသားဖြစ်၍ သူအာရုံမရှိပေ။
ထိုအစား သူက တစ်စုံတစ်ခုကို အဖြေရှာရန် ကြိုးစားနေခဲ့သည်။
“ဒီကမ္ဘာပေါ်မှာရှိနေတဲ့ ကူရွှင်းကျစ်ဆိုတဲ့လူက ဘယ်သူလဲ.. သူ့ရဲ့ရည်ရွယ်ချက်က ဘာများလဲ.. ငါက ကူရွှင်းကျစ်ရဲ့စိတ်ကို ဘာလို့မဖတ်နိုင်တာလဲ”
စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် ဝမ်လင်း၏ အော်ရာသည် ကောင်းကင်တာအို အစည်းအဝေး ကော်မတီခန်းမသို့ ရောက်ရှိသွားခဲ့သည်။
အစည်းအဝေးခန်းမထဲတွင် လက်ဖက်ရည်သောက်နေသော ကောင်းကင်တာအို အကြီးအကဲခြောက်ယောက်သည် ထိုအော်ရာ၏ ပြင်းထန်မှုကြောင့် ထိတ်လန့်သွားကြသည်။
ခွန်အား ကောင်းကင်တာအိုဆိုလျှင် အလွန် ထိတ်လန့်သွားခဲ့ပြီး အချိန် ကောင်းကင်တာအို၏မျက်နှာသို့ လက်ဖက်ရည်များ အန်ထုတ်မိလိုက်သည်။
ကောင်းကင်တာအို အကြီးအကဲခြောက်ယောက်က မတ်တပ်ထရပ်လိုက်ပြီးနောက်တွင် ခွန်အား ကောင်းကင်တာအိုသည် အရှေ့ကိုတိုး၍ ကောင်းကင်ယံမှ ဧရာမမျက်လုံးတစ်စုံကို ကြည့်လိုက်သည်။
ယင်းက မျက်လုံးတစ်စုံသာ ဖြစ်သော်လည်း ဝမ်လင်း၏ ကိုယ်ပိုင် အမှတ်အသားဖြစ်သည့် ခံစားချက်မဲ့ ငါးမသာမျက်လုံး ဖြစ်သည်။
“အရှင်လင်း ဘယ်လိုအကြောင်းကိစ္စရှိလို့ ကျွန်တော်တို့ဆီရောက်လာတာလဲ”
ဝမ်လင်း မျက်တောင်တစ်ချက် ခတ်လိုက်သည်နှင့် အောက်ကမ္ဘာရှိ ကူရွှင်းကျစ်၏ တိုက်ခိုက်မှုပုံရိပ်သည် ဝမ်လင်း၏ မျက်လုံးများတွင် ဖြစ်ပေါ်လာသည်။
“အရှင်လင်းက ဒီလူအကြောင်းကို စုံစမ်းချင်လို့လား”
ခွန်အားကောင်းကင်တာအိုက ကူရွှင်းကျစ်၏ ပုံရိပ်များကိုမြင်သည်နှင့် ချက်ချင်းပင် သဘောပေါက်လိုက်သည်။
သူက အခြားသော ကောင်းကင်တာအိုများဘက်သို့ လှည့်၍ မေးလိုက်သည်။
“ဒီလူ ဘယ်သူလဲဆိုတာ မင်းတို့သိလား”
“ငါသူ့ကိုသိတယ်”
စက္ကန့်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် အချိန် ကောင်းကင်တာအိုက ရှေ့သို့ တိုးလာခဲ့သည်။
“အရှင်လင်း ငါသိသလောက် ပြောရရင် ဒီလူက မတူညီတဲ့ အချိန်မျဉ်းကနေ လာတဲ့သူပဲ.. ဒီလူက အနာဂတ်က လာတဲ့သူ ဖြစ်နိုင်တယ်”
ထို့နောက် အချိန်ကောင်းကင်တာအိုက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏လက်ဖဝါးပေါ်တွင် ရွှေရောင် အဆောင်လက်ဖွဲ့တစ်ခု ပေါ်ပေါက်လာသည်။
အချိန်ကောင်းကင်တာအို “အရှင်လင်း ဒါက အချိန်တည်နေရာပြ အဆောင်လက်ဖွဲ့ပဲ.. ဒီထဲမှာ ကျွန်တော့်ရဲ့စွမ်းအား ပါရှိတယ်.. အဲဒီလူရဲ့ တိကျတဲ့ အထောက်အထားကို ရှာဖွေဖို့အတွက် ဒီအဆောင်လက်ဖွဲ့ကို အသုံးပြုပြီး အချိန်ခြေရာခံ မှော်ရတနာတစ်ခုကို အရှင်လင်း ဖန်တီးနိုင်တယ်”
“အင်း”
ဝမ်လင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
ထို့နောက်တွင် မျက်လုံးမှိတ်လိုက်ပြီး ကောင်းကင်ပေါ်ရှိ ဧရာမမျက်လုံးများက တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။
ပုခုံးပေါ်ရှိ ဝန်တစ်ခု ကျသွားသကဲ့သို့ ကောင်းကင်တာအိုများက ကောင်းကင်မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြပြီး သက်ပြင်းကို အသီးသီး ချလိုက်ကြသည်။
ခွန်အားကောင်းကင်တာအို “အကြီးအကဲ.. အရှင်လင်းကို ဒီလူက ဘယ်သူလဲဆိုတာ မင်းဘာလို့ တိုက်ရိုက်မပြောပြတာလဲ”
အချိန်ကောင်းကင်တာအို “အရှင်လင်းကို မင်းက ဘယ်သူလို့ မှတ်နေတာလဲ.. ဒီလောက်ကတော့ အရှင်လင်းက သူ့ဘာသာသူ အေးအေးဆေးဆေး ဖော်ထုတ်လိုက်လို့ရတယ်.. အရှင်လင်းကို မြှောက်ပင့်ပေးရင် ငါအမှတ်ဘယ်လောက်ရနိုင်မယ်လို့ မင်းထင်လဲ”
အခြားကောင်းကင်တာအိုများ “……….”
အမှတ်၆၀ အထက်တန်းကျောင်း၏ လက်ရွေးစင်ကျောင်းသားများ နားနေခန်းတွင် ဝမ်လင်းက မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ ကူရွှင်းကျစ်၏ ချောမွေ့သော လှုပ်ရှားမှုများ ပါဝင်သော တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
အချိန် ကောင်းကင်တာအိုသည် ကူရွှင်းကျစ်၏ ဝိသေသလက္ခဏာကို ခြေရာခံရန်အတွက် ရွှေရောင်အဆောင် လက်ဖွဲ့တစ်ခုကို ပေးအပ်ခဲ့သည်။
အချိန်ကောင်းကင်တာအိုက ကူရွှင်းကျစ်၏ အထောက်အထားကို သိနေသည်မှာ ထင်ရှားနေသော်လည်း သူ့ကို တိုက်ရိုက် ထုတ်ဖော်မပြခဲ့ပေ။
ကောင်းကင်တာအိုများတွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိကြသည်။
ဝမ်လင်းက အခက်တွေ့အောင် လုပ်လိုသူ မဟုတ်ဘဲ ကျိုးကြောင်းဆီလျော်စွာ တွေးတောတတ်သူ ဖြစ်သည်။
ကောင်းကင်တာအိုက ကိုယ်တိုင် ရှာဖွေစေချင်သောကြောင့် သူ့အနေဖြင့် ကိုယ့်ဘာသာကိုယ် အားကိုးရပေမည်။
ထိုခဏတွင် ဝမ်လင်းသည် အိပ်ခန်းထဲ၌ လွှင့်ပစ်ထားသည့်(I pad)အိုင်ပတ် တစ်လုံးရှိနေသည်ကို ပြန်အမှတ်ရမိသည်။
ဤရွှေရောင်အဆောင် လက်ဖွဲ့နှင့်ပေါင်း၍ အိုင်ပတ်ကို ဉာဏ်အလင်းပေးလိုက်လျှင် ထိုအိုင်ပတ်သည် အစွမ်းထက်သည့်မှော်ရတနာတစ်ခု ဖြစ်လာပေလိမ့်မည်။
ဝမ်လင်းက အိုင်ပတ်ကို အိုင်ပွိုက်ဟု အမည်ပေးရန် ဆုံးဖြတ်ထားခဲ့သည်။
ညနေ 3:40 တွင် အားလုံး စောင့်မျှော်နေကြသော အဖွဲ့၃၏ ပြိုင်ပွဲက စတင်ပြီ ဖြစ်သည်။
ကမ္ဘာ့ကိုယ်ခံပညာပြိုင်ပွဲ၏ စံနှုန်း သတ်မှတ်ချက်များနှင့်အညီ အမှတ်၆၀ အထက်တန်းကျောင်းတွင် အတားအဆီးနှင့် ယာယီပြိုင်ကွင်းကို တည်ဆောက်ထားခဲ့သည်။
သို့သော် အသုံးပြုထားသည့် ပစ္စည်းများမှာ မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံး တည်ထောင်ခြင်းအခမ်းအနားတွင် အသုံးပြုသော ပစ္စည်းများထက် များစွာဆိုးရွားသည်။
အကြောင်းအရင်းမှာ ကျောင်းစရိတ်မှ ဖြတ်တောက်၍ သုံးစွဲရသောကြောင့် ဖြစ်သည်။
ဖန့်ရှင်းနှင့်အတူ ယာယီပြိုင်ကွင်းထဲသို့ ဝင်လာသည့်အခိုက်အတန့်တွင် သူ့အနား၌ ဖုန်မှုန့်အနည်းငယ် ရှိနေသည်ကို ဝမ်လင်း သတိထားမိခဲ့သည်။
စောစောကသာ သိခဲ့လျှင် သူယနေ့ ဖိနပ်အဖြူစီးခဲ့မည် မဟုတ်ပေ။
ဝမ်လင်းအိမ်ရှိ ဖိနပ်ဘီရိုတွင် ဖိနပ်အများစုသည် အဖြူရောင်များဖြစ်ကြသည်။
အဖြူရောင်က အလွယ်တကူ ညစ်ပတ်လွယ်သော်လည်း သန့်ရှင်းမှုကို ကိုယ်စားပြုသောကြောင့် ဝမ်လင်း အနှစ်သက်ဆုံးအရောင် ဖြစ်သည်။
သို့ရာတွင် ဝမ်လင်းအနေဖြင့် ဤအချိန်တွင် သူ့ဖိနပ်ကိုဂရုစိုက်နေရန် အချိန်မရှိတော့ပေ။
ရိုးသားစွာဝန်ခံရလျှင် ဖန့်ရှင်းသည် အနည်းငယ် စိတ်ပူနေခဲ့သည်။
ဤသည်က ဝမ်လင်းနှင့်အတူ ပန်းတိုင်တစ်ခုတည်းတွင် ဒုတိယအကြိမ် ရပ်တည်ခြင်း ဖြစ်သည်။
နောက်ဆုံးအကြိမ်မှာ အင်မော်တယ်စံအိမ်ကို တိုက်ခိုက်မှုအတွင်းဖြစ်ပြီး ထိုအချိန်က သူသည် သတိလစ်သွားခဲ့သည်။
“ဝမ်လင်း လုံးဝမညှာနဲ့”
“ဖန့်ရှင်း အဲဒီအညစ်အကြေးတွေကို အနိုင်ယူလိုက်”
“စိတ်တည်ငြိမ်အောင်ထားပါ ဝမ်လင်း.. ဖန့်ရှင်းမပါရင်တောင် မင်းအတွက်က ဘာမှဖြစ်မှာမဟုတ်ဘူး.. မင်းက ကံကြမ္မာအင်ပါယာဆိုတာ အမြဲအမှတ်ရနေပါ”
“ဖန့်ရှင်း မင်းသာ ယောက်ျားဆိုရင် လီဟောင်ရဲ့ခေါင်းကို နာနာလေး တီးပစ်သင့်တယ်”
ဝမ်လင်း “……….”
“ဝမ်လင်း ဂရုစိုက်”
ဖန့်ရှင်းက အသက်ခပ်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။
သူ့အမူအရာက အလွန်ပင်လေးနက်နေသည်။
သူက အရှေ့တွင်ရှိနေသည့် လီဟောင်နှင့် လီတျောင်ကို စိုက်ကြည့်နေခဲ့သည်။
စင်စစ်သူက ကြားဝင်ခံသည့် လုပ်ရပ်မျိုးကို မကျွမ်းကျင်ပေ။
တကယ်တမ်း ကြားဝင်ခံသည့် အရာတွင် အကျွမ်းကျင်ဆုံးလူမှာ ကျိုးရီ ဖြစ်သည်။
လီဟောင်က လက်နှစ်ဖက်ကို နောက်ပစ်၍ စင်ပေါ်သို့တက်သွားခဲ့သည်။
သူက ကြွက်သားများ အမြောင်းမြောင်း ထနေသည့် ကိုယ်လုံးကိုယ်ထည်က ထူးခြားစွာပင် ကြီးမားလွန်းနေသည်။
သူက သူ့အဖေလီတျောင်ထက်ပင် ခေါင်းနှစ်လုံး ပိုမြင့်၍ ဆယ်ကျော်သက်အရွယ် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။
သူကျောပေးထားသည့် အခြေအနေတွင် မြင်ကွင်းသည် လုံးဝ ပိတ်ဆို့နေခဲ့သည်။
လီတျောင်က နှစ်ပေါင်း ၈၀၀ ကျော် နေထိုင်ခဲ့ပြီးသော လူတစ်ဦးဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းကို အားကိုးမည်ဆိုလျှင် ထိုမျှကြာအောင် အသက်ရှင်နေထိုင်နိုင်မည့် နည်းလမ်းမရှိပေ။
အကြောင်းအရင်းမှာ သူက သွေးစုပ်ဖုတ်ကောင် တစ်ယောက်ဖြစ်သောကြောင့် သက်တမ်းပိုရှည်နေရခြင်း ဖြစ်သည်။
ဤသည်က သွေးစုပ်ဖုတ်ကောင်များ၏ အားသာချက်များထဲမှ တစ်ခုဖြစ်သည်မှာ ထင်ရှား၏။
ကျင့်ကြံသူများသည် ၎င်းတို့၏ သက်တမ်းများကို ရှည်ကြာစေရန်အတွက် ကျင့်ကြံခြင်းနယ်ပယ် အဆင့်များကို ကျော်ဖြတ်ရန် ကြိုးစားခဲ့ရသည်။
အောင်မြင်ခဲ့လျှင် နောက်ထပ် ရာစုနှစ်တစ်ခုအထိ အသက်ရှင်နိုင်မည်ဖြစ်ပြီး မအောင်မြင်ခဲ့လျှင် ထိုင်နေရာမှတိုက်ရိုက်သေဆုံးပြီး အရိုးစုများ ဖြစ်သွားမည် ဖြစ်သည်။
သွေးစုပ်ဖုတ်ကောင်များကမူ အသက်ရှည်ခြင်း ပြဿနာကို လုံးဝ စိတ်ပူစရာမလိုပေ။
သူတို့တွင် လုံလောက်သည့် ကျင့်ကြံခြင်း မရှိခဲ့လျှင်ပင် ဤထူးခြားသည့် ကိုယ်လုံးကိုယ်ထည်ကို အားကိုးပြီး အချိန်အတော်ကြာအောင် အသက်ရှင် နေထိုင်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် စင်မြင့်ထက်၌ နှစ်ဖက်စလုံးက မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြသည်။
“ကစားသမားတွေ အဆင့်သင့်ဖြစ်ပြီဆိုတော့ ပွဲစလို့ရပြီ”
ဆရာတစ်ယောက်က ကြေညာလိုက်သည်။
ပွဲစသည်နှင့် လီဟောင်က ဝမ်လင်းဆီသို့ တည့်တည့်မတ်မတ်ပြေးဝင်သွားခဲ့သည်။
အင်အားနည်းပါးသောသူကို အရင်ဦးဆုံး နှိပ်ကွပ်ရမည် မဟုတ်ပါလော။
သူ့မျက်လုံးများက ဝမ်လင်းကိုသာ စိုက်ကြည့်နေခဲ့သည်။
သူ့အနေဖြင့် ထန်းရှစ် အင်ပါယာအထက်တန်းကျောင်းမှ အပြောင်းအရွေ့ ကျောင်းသားတစ်ဦး ဖြစ်သည့် ဖန့်ရှင်းကို ကိုင်တွယ်ရန် မလွယ်ကူမှန်း ကောင်းစွာသိထားသည်။
သို့သော် ယခုသူ့ရှေ့မှာ ရပ်နေသည့် ကောင်လေးကမူ ပိန်ပိန်ပါးပါးနှင့် အာဟာရ မပြည့်ဝသည့် ကလေးတစ်ယောက်လို ဖြစ်နေသည်။
ဤလူငယ်က အမှိုက်ကဲ့သို့ အစာတွေစားပြီး ကြီးပြင်းလာသော လူငယ် ဖြစ်ရပေမည်။
လီဟောင်က ဝမ်လင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။
သို့သော် ဝမ်လင်းက ဒေါသထွက်နေမှန်း သူနည်းနည်းလေးမှ မသိခဲ့ပေ။
အပိုင်း(၈၅၄) ပြီး၏