ဆရာကြီးများ ကျောင်းလာအပ်ခြင်း
Vol. 57 Ch. 847
အမှတ်၆၀ အထက်တန်းကျောင်းသို့ လျူချင်းရီ နှင့် ဝမ်ကျန်းတို့ ပြောင်းရွှေ့ရန် အစီအစဉ်သည် ယခုအချိန်မှ ထ၍ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
ဟိုးအရင်ကတည်းကပင် သူ့နှစ်ဦးစလုံး ပေါ်ပေါက်ခဲ့သည့် တူညီသော စိတ်ကူး ဖြစ်သည်။
မမျှော်လင့်ဘဲ သူတို့နှစ်ယောက်သည် ကိစ္စတစ်ခုအပေါ်တွင် သဘောထားခြင်း အနည်းနှင့်အများ တူညီခဲ့သည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
နတ်ဘုရားနယ်မြေမှ လူများအနေဖြင့် ၎င်းတို့သည် အခြေအနေများစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်၏။
နတ်ဘုရားနယ်မြေက မည်သို့သောနေရာနည်း။
ယင်းက အသန်မာဆုံး ကျင့်ကြံသူများ စုဝေးရာ ကျင့်ကြံသူများအတွက် အမြင့်မြတ်ဆုံး နယ်မြေ ဖြစ်သည်။
သို့သော် ဤအောက်ကမ္ဘာတွင်"ခေါက်ဆွဲခြောက်တာအို ဧကရာဇ်" ကဲ့သို့ ဆန်းကြယ်သော လူတစ်ဦး ပေါ်လာသည်။
နတ်ဘုရားနယ်မြေတွင် မွေးဖွားလာသူများ အနေဖြင့် ၎င်းတို့နှစ်ဦးစလုံးသည် အောက်ကမ္ဘာတွင် ဖြစ်ပျက်နေမှုများကို လျှို့ဝှက်စွာ ဆက်လက် လေ့လာရန် အတွက် အောက်ကမ္ဘာတွင် ဆက်လက်ရှိနေရန် ဆုံးဖြတ်ခဲ့ကြသည်။
သာမန်အားဖြင့် ပြောရလျှင် အောက်ကမ္ဘာတွင် အထက်ဘုံပေါ်တက်သည့် ယန္တရားတစ်ခု ရှိသည်။
အင်မော်တယ်အရှင်မြတ် အဆင့်ကို ကျော်လွန်လျှင် နတ်ဘုရားနယ်မြေ ဖြစ်သည့် ကိုးဆကြယ်၏ တည်နေရာကို အလိုအလျောက် သိရှိနိုင်ပြီး ထိုနေရာသို့ ရောက်ရန် ကောင်းကင်တံခါးများက ဖွင့်ပေးမည် ဖြစ်သည်။
သို့သော် ဤခေါက်ဆွဲခြောက် တာအိုဧကရာဇ်ကမူ အလွန် ထူးဆန်းသည်။
၎င်းက ဥပဒေသ အားလုံးကို ထိန်းချုပ်နိုင်ပြီး လွတ်လွတ်လပ်လပ်ပင် အပြည့်အ၀ ပြုမူနိုင်သူတစ်ဦး ဖြစ်နေသည်။
ဝမ်ကျန်းက သူ့အနေဖြင့် ဝမ်လင်းကို မယှဥ်နိုင်မှန်း ကောင်းစွာသိသည်။
သို့သော် ယခုအခါတွင် အောက်ကမ္ဘာ၌ လျူချင်းရီ ရှိနေသည်။
အကယ်၍ သူတို့နှစ်ဦး လက်တွဲလိုက်လျှင် သူတို့နှစ်ဦး၏ အင်အားက ဝမ်လင်ကို တိုက်ရန် လုံလောက်မလောက် မသိနိုင်သေးပေ။
ဟုတ်ပါသည်၊ ထိုအချက်ကို မသိရသေးသည့်အတွက် အမှတ် ၆၀ အထက်တန်းကျောင်းကို ပြောင်းရွှေ့ကာ စုံစမ်းစစ်ဆေးပြီးသည်အထိ စောင့်ရဦးမည် ဖြစ်၏။
သူတို့နှစ်ဦးက နောက်ပိုင်းတွင် အမြဲတမ်း ရန်ဖြစ်နိုင်သည် မဟုတ်လော။
အခြားတစ်ဖက်တွင်မူ ခေါက်ဆွဲခြောက်တာအို ဧကရာဇ်သည် နတ်ဘုရားနယ်မြေ (ဝါ) ကိုးဆကြယ် အတွက် လုံးဝလျစ်လျူမရှုနိုင်သော သေရေးရှင်ရေး တမျှ အရေးကြီးသောကိစ္စ ဖြစ်သည်။
ဤမျှ အစွမ်းထက်သော အနန္တတန်ခိုးရှင်သည် အောက်ကမ္ဘာ၌ ပုန်းအောင်းနေ၏။
ထို့အပြင် ကိုယ်ပိုင်မိသားစုပင် ရှိနေသေးသည်။
ထိုလူငယ်က မည်သူနည်း။
သူ၏ မိသားစုဝင်များမှာ အတုများ ဖြစ်နိုင်ပါသလော။
သူက နတ်ဘုရား နယ်မြေကို တစ်ခုခုလုပ်ဖို့ ကြံစည်နေသည်လော။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဝမ်ကျန်း နှင့် လျူချင်းရီ တို့သည် အတွေးများထဲတွင် ပိုမိုနက်ရှိုင်းစွာ နစ်မြုပ်နေမိသည်။
သူတို့က အမှန်တရားကို စုံစမ်းဖော်ထုတ်ပြီး ကမ္ဘာကြီးကို ကယ်တင်ရန် အချိန်တန်ပြီဟု ယူဆခဲ့ကြသည်။
ဝမ်ကျန်း နှင့် လျူချင်းရီ တို့သည် အမှန်တကယ်ပင် ခွန်အားသတ္တိနှင့် ပြည့်စုံသော ကျင့်ကြံသူများ ဖြစ်သည်။
အင်မော်တယ်ထုန်ရာတွင် စိတ်ဖတ်စွမ်းရည် မရှိသည်မှာ နှမြောစရာပင်။
သို့မဟုတ်လျှင် ၎င်းတို့၏ မိုက်မဲသော အကြံအစည်ကို သေချာပေါက် ဟန့်တားပေလိမ့်မည်။
…..............
တနင်္လာနေ့၊ သြဂုတ် ၁၄ ရက်။
နွေရာသီအားလပ်ရက်၏ ပထမဆုံးနေ့ ဖြစ်သလို အမှတ် ၆၀ အထက်တန်းကျောင်း၏ အပြောင်းအရွှေ့ ဖွင့်လှစ်သည့်နေ့လည်း ဖြစ်သည်။
၎င်းက ပိုမိုရှုပ်ထွေးသော လုပ်ငန်းစဉ် ဖြစ်သောကြောင့် အခြေခံ တည်ထောင်ခြင်းအဆင့် အထက်တန်းကျောင်းများအတွက် အပြောင်းအရွှေ့ကာလသည် နှစ်စဉ်နှစ်တိုင်းတွင် နောက်ဆုံးစာမေးပွဲများ အပြီး၌ ဖွင့်လှစ်ခဲ့သည်။
ယခုနှစ်တွင် အမှတ် ၆၀ အထက်တန်းကျောင်းကို ပြောင်းရွှေ့လျှောက်ထားသူ အရေအတွက်သည် မကြုံစဖူး အထူး များပြားခဲ့၏။
အကြောင်းရင်းမှာ လွန်ခဲ့သည့် နှစ်လအတွင်း ရာဇဝတ်ကောင်များကို ဆက်တိုက် ဖမ်းဆီးပြီးနောက် စုန့်ဟိုင်မြို့တွင် ပိုမိုလူသိများလာပြီး အခြားကျောင်းများ၏ ကျော်ကြားမှုများကို တိုက်ရိုက် လွှမ်းမိုးခဲ့သောကြောင့်ပင်။
ထို့အပြင် လာမည့်နှစ်တွင် အမှတ် 60 အထက်တန်းကျောင်းသည် အဓိကမြို့ပြ အထက်တန်းကျောင်းအဖြစ် တိုးမြှင့်သတ်မှတ်ခံရရန် သေချာသလောက် ရှိနေ၍ နွေရာသီ ကျောင်းပိတ်ရက်များတွင် ရန်ပုံငွေကို အသုံးပြု၍ ကျောင်းဆောင်များ ဆောက်လုပ်ကာ ကျောင်းအတွင်းပိုင်းကို အသွင်ပြောင်းမည် ဖြစ်သည်။
အမှတ် 60 အထက်တန်းကျောင်းသည် ကြီးမားသော အပြောင်းအလဲကို ကြုံတွေ့ရတော့မည် ဖြစ်သော်လည်း သာမန်အထက်တန်းကျောင်းများ၏ စံနှုန်းများအတိုင်း ကျောင်းသားများကို လက်ခံနေဆဲဖြစ်သည်။
ယင်းမှာ မိဘများစွာအတွက် ရှားပါးသော အခွင့်အရေးတစ်ခုပင် ဖြစ်သည် မဟုတ်ပါလော။
ထို့ကြောင့် မိဘများစွာသည် ဤအခွင့်အရေးကို အမိအရ အသုံးချရန် ဆုံးဖြတ်ခဲ့ကြသည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ အကြီးမားဆုံး စပွန်ဆာမှာ ဟွာကောရေတံခွန် လုပ်ငန်းစု ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။
ထိုလုပ်ငန်းစုသည် ဟွာရှို့၏ အကြီးမားဆုံး ဆေးဝါးဖြန့်ဖြူးရေး လုပ်ငန်း ဖြစ်ရုံသာမက ထိုလုပ်ငန်းစု၏ သမီး အကြီးဆုံးသည်လည်း အမှတ် ၆၀ အထက်တန်းကျောင်းမှာပင် ပညာသင်ကြားနေ၏။
မကြာသေးမီကစ၍ တဟုန်ထိုး ထင်ရှားကျော်ကြားခဲ့သော ကျောင်းသားဟောင်း ကျိုးရီ၏ အကူအညီကိုပါ ထည့်တွက်လျှင် ခန့်မှန်းခြေအားဖြင့် နောက်ထပ်၂နှစ်အတွင်း အမှတ် ၆၀ အထက်တန်းကျောင်းသည် အဓိကမြို့ပြ အထက်တန်းကျောင်းမှ ရွှေအဆင့် အထက်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ခံရနိုင်ပေသည်။
…..................
ကျောင်းပိတ်ရက် ဖြစ်သော်လည်း အမှတ် 60 အထက်တန်းကျောင်း၏ ပညာရေးမှူးရုံးအတွက်မူ အလွန် အလုပ်များသော အချိန်ဖြစ်သည်။
ဒါရိုက်တာရှီးက ရှေးဟောင်းစာအုပ်ကြီး နှင့် ဆရာမဖန် တို့ကို ဖုန်းဆက်ခေါ်ပြီး အကူအညီတောင်းခဲ့သည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ ရွှေအမြူတေ အဆင့်နှုန်းသည် အမြဲလိုလို နိမ့်ကျနေ၏။
လာမည့်နှစ်တွင် အမှတ်၆၀ အထက်တန်းကျောင်းကို အဓိကမြို့ပြ အထက်တန်းကျောင်းအဖြစ် ရာထူးတိုးတော့မည်။
ထိုအခါတွင် ရွှေအမြူတေအဆင့် ကျင့်ကြံသူ ထွက်နှုန်းသည်လည်း အရေးကြီးသော အဆင့်ညွှန်းကိန်း တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ထို့ကြောင့် ဤတစ်ကြိမ် ကျောင်းသား စာရင်းသွင်းမှုသည် အထူးအရေးကြီး၏။
ဆရာများသည် ကျောင်းသား အပြောင်းအရွှေ့အတွက် ခွဲတမ်းကန့်သတ်ချက်အရ မိဘများပေးပို့သော လျှောက်လွှာအများအပြားကို အကဲဖြတ်ကာ ကျောင်းသားများ၏ အလုံးစုံထူးချွန်မှုအပေါ် အခြေခံ၍ ရွေးချယ်ရမည် ဖြစ်၏။
"ဒီတစ်ခေါက် အတော်လေး အရည်အချင်းရှိတဲ့ ကျောင်းသားတွေရှိနေတာ အံ့သြမိတယ်"
ရှေးဟောင်း စာအုပ်ကြီးက လျှောက်လွှာများကို လှန်ကြည့်လိုက်ရာ ရင်းနှီးပြီးသား နာမည်တချို့ကို တွေ့လိုက်ရသည်။
ဥပမာအားဖြင့် အမှတ် 59 အထက်တန်းကျောင်း၏ ဆိုးသွမ်းသောစီနီယာ "ထန်ကျင်းဇီ" သည်လည်း ကျောင်းပြောင်းခွင့်ရရန် အမှန်တကယ် လျှောက်လွှာတင်ခဲ့သည်။
“ငါ သူ့ကို မှတ်မိတယ်.. သူက အမှတ်၅၉ အထက်တန်းကျောင်းမှာ နာမည်ဆိုးရခဲ့ဖူးပေမဲ့ ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ပဲ.. ဒါပေမဲ့ သူက ငါ့ရဲ့ Grade1 အခန်း၃ကို တက်ချင်နေပုံပဲ”
ဆရာမဖန်က သူမ၏ ရွှေရောင်အနားကွပ်မျက်မှန်ကို ပင့်တင်လိုက်ပြီး ပြောလိုက်သည်။
ရှေးဟောင်းစာအုပ်ကြီး"ငါ့အထင်တော့ ဆရာဖန်က သူနဲ့ရေစက်ရှိတယ်လို့ ထင်တယ်"
"ငါအခုလေးတင် စစ်ဆေးကြည့်လိုက်တော့ စာသင်နှစ်ဝက်လောက်မှာ ထန်ကျင်းဇီက အတော်လေး ပြောင်းလဲသွားခဲ့တယ်.. သူ့အတန်းထဲက ကျောင်းသားတွေကတော့ ဝိညာဉ်ဓား ဖလှယ်ပွဲ အပြီးမှာ ထန်ကျင်းဇီက တခြားလူတစ်ယောက်လို ဖြစ်သွားတယ်လို့ ပြောခဲ့ကြတယ်.. အဲဒီဝိညာဥ်ဓားဖလှယ်ပွဲကို ကိုယ်စားပြုပြီးသွားခဲ့တဲ့ ကျောင်းသားတွေက ဆရာမဖန်ရဲ့အခန်းကပဲ"
ဆရာမဖန်က ရယ်လိုက်သည်။
"ဒီလို ဆိုးသွမ်းကျောင်းသားကို တည့်မတ်ပေးနိုင်တယ် ဆိုမှတော့ သူတို့လေးတွေမှာ ကောင်းမွန်တဲ့ အမူအကျင့် ရှိလို့ပဲ ဖြစ်ရမယ်"
“….........”
"အင်း.. ငါတို့တွေ ဒီထန်ကျင်းဇီကို တကယ် စဉ်းစားလို့ရတယ်"
ဒါရိုက်တာရှီးက အခြားလျှောက်လွှာ တစ်ခုကို လှန်ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
"ကျောင်းသား လီမင်ယောင် နဲ့ ကျောင်းသား ကျိုးယိုကျန့်တို့ကိုလည်း စဉ်းစားပေးသင့်တယ် ထင်တယ်"
ရှေးဟောင်းစာအုပ်ကြီးက ခဏလောက် မှင်တက်သွားခဲ့သည်။
ဤအမည်နှစ်ခုက အနည်းငယ် ရင်းနှီးနေပုံရသည်။
သူတို့ကို ပြန်အမှတ်ရပြီးနောက်တွင် ရှေးဟောင်းစာအုပ်ကြီးက အံ့သြသွားခဲ့သည်။
"ဒီကလေးနှစ်ယောက်က ဖြစ်နိုင်ပါ့မလား..."
"ဖြစ်နိုင်ပါတယ်"
ဒါရိုက်တာရှီး၏ အမူအရာက လေးနက်နေသည်။
“ပြောရရင် ဒီကလေးနှစ်ယောက်က စုန့်ဟိုင်မြို့ရဲ့ မိသားစုကြီးလေးခုထဲကပဲ.. လီမိသားစုရဲ့ စကေးလ် စတိုးဆိုင်လုပ်ငန်းနဲ့ ကျိုးမိသားစုရဲ့ ရှေးဟောင်းပစ္စည်း သန့်စင်ခြင်းလုပ်ငန်းက သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွေမှာ အတော်လေး ကျော်ကြားကြတယ်"
ရှေးဟောင်းစာအုပ်ကြီးက အနည်းငယ် အံ့သြသွား၏။
"သူတို့နှစ်ယောက်က နွေရာသီစခန်းသွင်း လေ့လာရေးတုန်းက ပါဝင်ခဲ့ဖူးတယ်.. ဒါပေမယ့် ဘာကြောင့် ရုတ်တရက်ကြီး ပြောင်းရွှေ့ချင်တာများလဲ"
ဒါရိုက်တာရှီး "ဒီကျောင်းက တစ်ယောက်ယောက်အတွက် လာတက်တာ ဖြစ်နိုင်တယ်.. သူတို့သာ ငါတို့ ကျောင်းသားတွေဖြစ်လာရင် ငါတို့အမှတ်၆၀ အထက်တန်းကျောင်းက အလွန် ကျော်ကြားသွားလိမ့်မယ်.. ဒါပေမယ့်လည်း သူတို့က လက်ရွေးစင် နှစ်ခန်းထဲက တစ်ခန်းခန်းမှာပဲ တက်ချင်တယ်လို့ ပြောခဲ့တယ်
ရှေးဟောင်းစာအုပ်ကြီး"သူတို့က စွန်းရုံကို ဖွံကြောင်ဖို့ အတွက် လာကြတာရော ဖြစ်နိုင်မလား
ဆရာမဖန်"ဒီအရွယ်မှာ ငါ့တပည့်ကို အချစ်နဲ့ မထိတွေ့စေချင်သေးဘူး.. တခြားသူနဲ့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီနှစ်ယောက်တော့ မဟုတ်တာ သေချာတယ်"
ဒါရိုက်တာရှီး "ငါတို့ကျောင်းမှာ စွန်းရုံ စတက်စဥ်က တခြားမိသားစုကြီးသုံးစုက သူ့ကို လှောင်ပြောင်ခဲ့ကြတယ်.. ဒီသခင်လေးနှစ်ယောက်က ထိပ်ဆုံးကပဲ.. ပို့စ်တွေကို ဖျက်လိုက်ပေမဲ့လည်း အွန်လိုင်းအသုံးပြုသူ အချို့က မှတ်တမ်းဖိုင်တွေကို သိမ်းထားလို့ ဖိုင်တွေအခုထိ ရှိနေတုန်းပဲ"
"ဒါကြောင့် သခင်လေးနှစ်ယောက် ငါတို့ ကျောင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာက တခြားအကြောင်းကြောင့်ပဲ"
"ကျိုးရီကြောင့်များလား"
ရှေးဟောင်းစာအုပ်ကြီးက တွေးတွေးဆဆ ပြောလိုက်သည်။
စုန့်ဟိုင်မြို့၏ မိသားစုကြီးလေးခုမှ မိသားစုကြီးသုံးခု၏ မျိုးဆက်များသာ အမှတ်၆၀ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် သတင်း ထွက်လာလျှင် အမှတ်၆၀ အထက်တန်းကျောင်းသည် ကြောငြာစရာပင် မလိုဘဲ ကျော်ကြားသွားလိမ့်မည် ဖြစ်သည်။
"ဖြစ်နိုင်တယ်"
ဆရာမဖန်က ချက်ချင်းပင် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
"ပြောရရင် ကျိုးရီက ငါ သင်ကြားဖူးသမျှထဲမှာ အထူးချွန်ဆုံး ကျောင်းသားပဲ"
ရှေးဟောင်းစာအုပ်ကြီး “.......…”
“သူတို့က ဘယ်သူအတွက်ပဲ ကျောင်းပြောင်းချင်တာ ဖြစ်ဖြစ် ဒီနှစ်ယောက်ကို သတိတော့ထားရမယ်.. ခြုံပြောရရင် သူတို့ရဲ့ လက္ခဏာတွေက အနည်းငယ် ထူးခြားနေတယ် မဟုတ်လား”
ထိုအချိန်တွင် ဒါရိုက်တာရှီးက ဝင်ပြောလိုက်သည်။
“ငါအခုပဲစာရင်းကို အကဲဖြတ်နေတာ.. သူတို့အပြင် နောက်ထပ် ကျောင်းသားလေးတွေလည်း အရည်အချင်း မဆိုးဘူးပဲ.. ”
"ဟုတ်လား.. ဘယ်ကျောင်းသားတွေလဲ"
"သူတို့က ဝမ်ကျန်း.. လျူချင်းရီနဲ့ ကူရွှင်းကျစ်"
ဒါရိုက်တာရှီး "ဒါက သူတို့ရဲ့ ပရိုဖိုင်တွေ.. ကျေးဇူးပြုပြီး ကြည့်ကြည့်လိုက်ပါဦး"
အပိုင်း(၈၄၇) ပြီး၏