ကျိုးရီ သင်ခန်းစာပေးခြင်း
Vol. 57 Ch. 850
ဤဖြစ်ရပ်က မျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်စွာ ပျံ့နှံ့သွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဝမ်လင်း ပေးပို့သည့် မက်ဆေ့ချ်ကြောင့် ဖြစ်သည်။
ယခုတစ်ကြိမ်က ကျောင်းသားချင်း ပြဿနာမျိုးမဟုတ်ပေ။
ဤအချက်ကိုကြည့်ရုံဖြင့် ပြဿနာက မည်မျှပြင်းထန်မှန်း သိနိုင်ပေသည်။
အဆုံးသတ်တွင် ဤသည်မှာ ကျောင်းနှစ်ကျောင်း၏ ဂုဏ်သိက္ခာပိုင်းနှင့် သက်ဆိုင်နေ၏။
ကျောင်းသားတစ်ယောက် အမှားလုပ်မိသည့်အခါတွင် ယေဘုယျအားဖြင့် ကျောင်းက ပါဝင်လေ့မရှိပေ။
မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ် ပထမဆုံး လုပ်ဆောင်ခဲ့သည့်အရာမှာ အခြေအနေကို သိရှိနိုင်စေရန် ကျိုးရီထံ စုံစမ်းခြင်း ဖြစ်သည်။
ကျိုးရီက ကျုံးလန်ကို DG အထက်တန်းကျောင်းဆီ ဖုန်းဆက်ခိုင်းခဲ့သည်။
အဆုံးသတ်တွင် DG အထက်တန်းကျောင်းသည် အတော်လေး မာန်တက်နေသောကျောင်း ဖြစ်နေသည်။
ကျုံးလန်က ယခုကိစ္စကို စစ်ဆေးပေးရန် ဖုန်းဆက်သတိပေးလိုက်သည်။
၂နာရီခန့်အကြာတွင် ကျုံးလန်က ထပ်ခေါ်လိုက်ရာ အခြားတစ်ဖက်မှ ပညာရေးဒါရိုက်တာက မန်ဒရင်း ဘာသာစကားဖြင့် အေးအေးလူလူပင် ပြန်ဖြေခဲ့သည်။
"ငါတို့ ဒီကိစ္စကို စိစစ်နေပါတယ်.. ကျေးဇူးပြုပြီး စိတ်မပူပါနဲ့.. ငါတို့ကို အချိန်တစ်ခုပေးပါ"
ဤသို့ဖြင့် နောက်ထပ် နှစ်နာရီကြာပြီးနောက်တွင်လည်း အခြားတစ်ဖက်၏ အဖြေမှာ ထိုအတိုင်းပင်။
“လောလောဆယ်တော့ ဒီကိစ္စကို ငါတို့ စစ်ဆေးနေပါတယ်.. ကျေးဇူးပြုပြီး စိတ်မပူပါနဲ့.. ငါတို့ကို အချိန်တစ်ခုပေးပါ"
"ချီးလိုပဲ"
ကျိုးရီက ကျုံးလန်၏ ဘေးတွင် ရှိနေခဲ့၍ ထိုသဘောထားက သူ့ကို ဒေါသထွက်စေခဲ့သည်။
ကျိုးရီက စားပွဲခုံကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး နေရာမှာပင် မတ်တပ် ထရပ်လိုက်သည်။
"တစ်မိနစ်အတွင်း ဒီကျောင်းနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို ငါလိုချင်တယ်"
နိုင်ငံခြားကုမ္ပဏီများမှ တည်ထောင်ထားသော ကျောင်းများသည် ၎င်းတို့၏လုပ်ဆောင်ချက်များကို ကျောင်းပေါင်း 100 အထွေထွေအုပ်ချုပ်ရေးရုံးကို ကျော်လွှားပြီး ကျောင်းပေါင်း တစ်သောင်း မဟာမိတ်ထံသို့ တိုက်ရိုက် သတင်းပို့နိုင်သည်။
ထို့ကြောင့် DG အထက်တန်းကျောင်းက ကျောင်းပေါင်း 100 အထွေထွေအုပ်ချုပ်ရေးရုံးကို မောက်မာစွာ ပြုမူခြင်းသည် မထူးဆန်းလှပေ။
ဤသည်မှာ တခြားမြို့များတွင် နိုင်ငံခြားကုမ္ပဏီများမှ တည်ထောင်ထားသော ကျောင်းများနှင့် အတူတူပင်။
နိုင်ငံခြားကနေ အခြေချ တည်ထောင်ထားသော ကျောင်းများသည် ကျောင်းပေါင်း 100 ၏ ဒေသန္တရ အထွေထွေအုပ်ချုပ်ရေးရုံး၏ အစီအစဉ်များကို တိုက်ရိုက် လိုက်နာစရာ မလိုကြပေ။
သို့သော် DG အထက်တန်းကျောင်းသည် ဤကိစ္စက စုန့်ဟိုင် မြို့နှင့် ပတ်သက်နေသည် ဟူသောအချက်ကို ထည့်သွင်းမစဉ်းစားမိခဲ့ပေ။
ထို့အပြင် ကျိုးရီ နှင့် ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ခေါင်းဆောင် အတွင်းရေးမှူးတာခန်းတို့ မည်သို့သော ဆက်ဆံရေးမျိုး ရှိသည်ကိုလည်း မသိခဲ့ကြချေ။
ကျောင်းပေါင်း တစ်သောင်း မဟာမိတ်အဖွဲ့၏ ဒေတာဘေ့စ်တွင် ဟွာရှို့နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းတိုင်းနှင့် ပတ်သက်သည့် အချက်အလက်များ ရှိသည်။
ပုံမှန်အားဖြင့် စုံစမ်းစစ်ဆေးမှု တစ်ခုအတွက် ဒေတာဘေ့စ်သို့ ဝင်ရောက်ရန် အနည်းဆုံး ရှစ်နာရီ ကြိုတင်အကြောင်းကြားရန် လိုအပ်သည်။
သို့သော်လည်း ယခုအခါ ကျိုးရီတွင် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ ကြီးကြပ်ရေး နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင်အဖြစ် အခြားသော အရေးပါသည့် အထောက်အထား တစ်ခု ရှိနေပြီ ဖြစ်သည်။
ဟွာရှို့မဟာမိတ်နှင့် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ဆက်ဆံရေးအပြင် ကျိုးရီ၏ ရာထူးကြောင့် ဤဒေတာကို ရယူရန် သူ၏တောင်းဆိုမှုကို ပိုမိုမြန်ဆန်စွာ အတည်ပြုပေးခဲ့သည်။
ဒေတာဘေ့စ်မှ အချက်အလက်သည် အလွန်အသေးစိတ်၏။
ယင်းမှာ ကျောင်းပေါင်းတစ်သောင်း မဟာမိတ်မှ တရားဝင်ဒေတာဖြစ်သောကြောင့် ကျောင်းမှတင်ပြသော အချက်အလက်များအပြင် မတင်ပြရသေးသော အချက်အလက်များလည်း ပါ၀င်သည်။
မတင်ပြရသေးသော အချက်အလက်များကို ကျောင်းတစ်သောင်း မဟာမိတ်အဖွဲ့က လျှို့ဝှက်စုံစမ်းစစ်ဆေးပြီး ဒေတာဘေ့စ်တွင် ထည့်ထားခဲ့ခြင်း ဖြစ်သည်။
"ဒီကျောင်းရဲ့ ရွှေအမြူတေအဆင့် ကျင့်ကြံသူ ထွက်နှုန်းက မနည်းဘူးပဲ"
ကျုံးလန်က စာရင်းဇယားများကို တစ်ချက်ကြည့်လိုက်သည်။
“လူချမ်းသာ သားသမီးတွေပဲ တက်တာဆိုတော့ ဆေးဝါးကို တရားလွန် အားကိုးကြတယ်လေ"
ကျိုးရီက ရယ်၍ ပြောလိုက်သည်။
“အခုခေတ်မှာ ချမ်းသာတဲ့သူတွေက နည်းပညာကို အားကိုးပြီး ဆင်းရဲတဲ့သူတွေက ဗီဇပြောင်းတာကို အားကိုးကြတယ်..
ငါတို့နိုင်ငံက ကျင့်ကြံခြင်းမှာ တိုးတက်ဖို့အတွက် ဆေးဝါးသုံးစွဲတာကို ဘယ်သောအခါမှ အားမပေးခဲ့ဘူး..
စျေးထဲက ရေထိုးထားတဲ့ အမဲသားလိုပေါ့.. ရောင်းတဲ့သူတွေက အလေးချိန်ကို တိုးစေဖို့ အမဲသားထဲကို ရေအများအပြား ထိုးသွင်းခဲ့ပေမဲ့ ဒါက အမဲသားရဲ့ အရည်အသွေးကို သိသိသာသာ လျော့ကျစေတယ်.. ဒီသဘောတရားပါပဲ"
ကျိုးရီက အချက်အလက်များကို ဂရုတစိုက် ရှာဖွေပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။
"အစ်ကိုကျိုး ဘာလို့ရယ်တာလဲ"
ကျုံးလန်က မေးလိုက်သည်။
“ငါ့ဆရာက ဒီကျောင်းကို ကိုင်တွယ်စေချင်နေတယ်.. ဒီလိုလုပ်ဖို့အတွက် သင့်လျော်တဲ့အကြောင်းပြချက်ကို ရှာဖို့လိုအပ်တယ်.. ငါခုနက ရှာတွေ့ခဲ့တဲ့ အချက်အလက်အရဆို ဒီကျောင်းက အရင်က ပြစ်မှုကျူးလွန်ခဲ့ဖူးတယ်"
"DG အထက်တန်းကျောင်းက နိုင်ငံခြားမှာတော့ မြင့်မားတဲ့ ပရိုဖိုင်ရှိတဲ့ ထိပ်တန်းကျောင်းတစ်ခုပဲ.. သူတို့က ငါတို့နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းကို လှောင်ပြောင်တဲ့ စာတမ်းတွေ နိုင်ငံခြားမီဒီယာတွေဆီ အမြဲပို့လေ့ရှိတယ်”
ကျိုးရီ "နိုင်ငံခြားမီဒီယာတွေမှာတော့ သူတို့ရဲ့ သတင်းတွေက အရမ်းကို လူစိတ်ဝင်စားခံရတယ်"
“ဒီလူတွေရဲ့ ရည်ရွယ်ချက်က..”
ကျုံးလန် အံ့သြသွားသည်။
ဤသည်မှာ ကြောင်သူတော်လုပ်ရပ် ဖြစ်၏။
ယင်းမှာ နိုင်ငံခြားရှိ သူတို့၏ သာလွန်မှုကို ဖော်ပြရင်း ဟွာရှို့မှ ကျောင်းသားများကို အမြတ်ထုတ်လိုခြင်းပင်။
ကံမကောင်းစွာပဲ DG အထက်တန်းကျောင်းသို့ ဝင်သွားသည့် ကလေးများသည် ဦးနှောက်ဆေး ခံခဲ့ရပြီး သူတို့ကိုယ် သူတို့ ဆရာကြီးများဟု ထင်လာကြ၏။
ဟုတ်ပါသည်၊ ဤကိစ္စတွင် ကလေးများကို အပြစ်တင်၍ မရပေ။
သူတို့၏ ပတ်ဝန်းကျင်ကြောင့်သာ ဤပြဿနာမျိုး ဖြစ်လာခြင်း မဟုတ်ပါလော။
"DG အထက်တန်းကျောင်းက ဘယ်သူ့ကိုမှ သောက်ဂရုစိုက်စရာမလိုဘူးလို့ ထင်နေပုံပဲ.. ဒါပေမယ့် ငါ့မှာ အကြံတချို့ ရှိပြီးသားပါ"
ကျိုးရီက အချက်အလက်များကို ထပ်ခါတလဲလဲ စီစစ်ခဲ့သည်။
DG အထက်တန်းကျောင်းက ကျောင်းသားများအား ပေးဆောင်သော ဆေးဝါးများစာရင်းကို မြင်သောအခါတွင် သူအံ့သြသွားခဲ့သည်။
၎င်းတို့ကို အဓိက ဆေးဝါး တင်သွင်းသူမှာ ဂန္ဓမာကျွန်းမှ အင်မော်တယ်ထုန်ရာ ဖြစ်နေ၏။
ကိုယ့်ဘက်မှ တစ်စုံတစ်ယောက်ရှိနေ၍ နောက်ပိုင်းကိစ္စများကို စီစဥ်ရသည်မှာ အရမ်းလွယ်ကူသွားပြီ ဖြစ်သည်။
…..................
အကြမ်းဖျင်း ငါးမိနစ်ခန့်အကြာတွင် အင်မော်တယ်ထုန်ရာသည် ၎င်း၏တရားဝင်(Weibo) အကောင့်တွင် ပို့စ်တင်ခဲ့သည်။
"ငါတို့ဂန္ဓမာကျွန်းက DG အထက်တန်းကျောင်းနဲ့ ဆေးဝါးအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ပါပြီ.."
ပို့စ်အောက်တွင် အမှတ် 60 အထက်တန်း ကျောင်းသားများကို စော်ကားသည့် DG အထက်တန်းကျောင်းမှ ကျောင်းသားများ၏ စခရင်ရှော့ပုံများအပြင် ဒေသတွင်း ပညာရေးစနစ်ကို လှောင်ပြောင်သည့် နိုင်ငံခြား ဘာသာစကားဖြင့် ထုတ်ဝေထားသော ဆောင်းပါးအချို့ကိုပါ တွဲတင်ထားခဲ့သည်။
ဤ (Weibo) ပို့စ်က ဗုံးကြဲချလိုက်သလိုပင် တမဟုတ်ချင်း ပျံ့နှံ့သွား၏။
အင်မော်တယ်ထုန်ရာ၏ လက်ရှိအနေအထားက မည်သို့နည်း။
၎င်းက မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးမှ ဆေးပညာအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဟွာရှို့ အဂ္ဂိရတ်အဖွဲ့အစည်း၏ ဒုဥက္ကဌလည်း ဖြစ်သည်။
၎င်းက လက်ရှိတွင် သူ၏ ရပ်တည်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပြီ ဖြစ်သည်။
ယင်းမှာ DG အထက်တန်းကျောင်းမှ မမျှော်လင့်ထားသောအရာ ဖြစ်သည်။
ဤကြေငြာချက်သည် အဂ္ဂိရတ် လုပ်ငန်းကြီး တစ်ခုလုံးက DGအထက်တန်းကျောင်းကို သပိတ်မှောက်ရန် ကြေငြာချက်နှင့်မခြားပေ။
ပထမတန်းစား အဂ္ဂိရတ်ပညာရှင်များ နှင့် ဒုတိယတန်းစား အဂ္ဂိရတ်ပညာရှင် အများအပြားသည် DG အထက်တန်းကျောင်းထံ ဆေးဝါးများ တင်သွင်းခြင်းကို ရပ်တန့်တော့မည်ဟု လူသိရှင်ကြား ပြောဆိုခဲ့ကြသည်။
ထိုကိစ္စက တိုတောင်းသည့် မနက်ခင်းလေးမှာပင် လုံး၀ ပေါက်ကွဲသွားခဲ့သည်။
၎င်းအပြင် အမှတ် 60 အထက်တန်းကျောင်း၏(Tieba)တွင် လှုပ်ရှားမှုအသစ်တစ်ခုကို အပြည့်အ၀ လုပ်ဆောင်နေပြီ ဖြစ်သည်။
"DG အထက်တန်းကျောင်းရဲ့ လက်ရွေးစင်အတန်းက ကျောင်းသားတွေအားလုံး ယီးပါပဲ"
"DG အထက်တန်းကျောင်းက ငါတို့ကို အထင်သေးနေတာ မဟုတ်လား.. လာစမ်းပါ.. သောက်ခွက်တွေ စုတ်ပြတ်အောင် ရိုက်ပစ်လိုက်မယ်"
"ဟုတ်တယ်.. ငါတို့ သူတို့ကို အနိုင်ယူရမယ်.. ငါတို့ အမှတ် 60 အထက်တန်းကျောင်းရဲ့ လက်ရွေးစင် ကျောင်းသားတွေက အလှပြရုံသက်သက် မဟုတ်ဘူး"
“မိသားစုက ပိုက်ဆံချမ်းသာတာနဲ့ပဲ သူတို့ လုပ်ချင်တာကို လုပ်နိုင်မယ်လို့ ထင်နေတာလား.. ငါတို့ကျောင်းရဲ့ ချို့တဲ့ကျောင်းသားလေး ဝမ်လင်းလို ခေါက်ဆွဲခြောက်ထုပ်ကို နေ့တိုင်းစားပြီး လက်ရွေးစင် အတန်းထဲကို ဝင်အောင်လုပ်နိုင်လို့လား.. အဲဒါကမှ တကယ့် အစွမ်းအစပဲ”
ကုစားရေး အတန်း နှင့် ပုံမှန်အတန်းများမှ ကျောင်းသား အများအပြားသည်(Tieba) တွင် အမှတ်60 အထက်တန်းကျောင်း၏ လက်ရွေးစင် ကျောင်းသားများအပေါ် ၎င်းတို့၏ ထောက်ခံမှုကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
အခြားတစ်ဖက်တွင်လည်း DG အထက်တန်းကျောင်းမှ ကျောင်းခေါင်းဆောင်များသည် ထိုပြဿနာက မည်မျှပြင်းထန်သည်ကို နောက်ဆုံးတွင် သိရှိနားလည်သွားကြသည်။
ပို့စ်တင်ခဲ့သည့် ကျောင်းသားက သူတို့၏ ကျောင်းဝတ်စုံနှင့် သူ ပုံမှန်အသုံးပြုနေကျ ဆေးဝါးများကို(Tieba)တွင် ပုံများ တင်ထားသောကြောင့် ထိုကျောင်းသားက သူတို့၏ ကျောင်းသား မဟုတ်ကြောင်း ကျောင်းဘက်မှ ငြင်းဆန်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ဉာဏ်များသည့် ကျောင်းအကြီးအကဲများသည် အလွန်ကောင်းမွန်သော ဆင်ခြေတစ်ရပ်ကို အလျင်အမြန် ထုတ်ပြန်ခဲ့ကြသည်။
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 16 ရက်။
DG အထက်တန်းကျောင်းက ၎င်းတို့၏ တရားဝင်(Weibo)အကောင့်တွင် ပို့စ်တစ်ခုတင်ခဲ့သည်။
"ကျနော်တို့ အလွန်ဝမ်းနည်းပါတယ်.. ကျနော်တို့ရဲ့ ကျောင်းသားအကောင့်က အဟက်ခံခဲ့ရတယ်.. ပြဿနာ ဖြစ်စေတဲ့ပို့စ်ကို တင်ခဲ့သူက ကျနော်တို့ကျောင်းသား မဟုတ်ပါဘူး"
အပိုင်း(၈၅၀) ပြီး၏