ကျပန်းဆုံးဖြတ်ခြင်း
Vol. 57 Ch. 851
ဝမ်လင်းအတွက် အကောင့်ဟက်ခံရသော အကြောင်းပြချက်သည် လုံးဝရယ်စရာကောင်းပြီး ဦးနှောက်မရှိသောလုပ်ရပ် ဖြစ်သည်။
နိုင်ငံခြားသား အများစုသည် တူညီသောအမြင်မျိုးရှိကြသည်။
နိုင်ငံရပ်ခြားတွင် နာမည်ကြီးသော နိုင်ငံခြားကုမ္ပဏီများသည် မိမိတို့နိုင်ငံ၌ ဈေးကွက် ကျဉ်းမြောင်းလာသောအခါတွင် အခြေခံလူဦးရေ များပြီး ဈေးကွက် အလားအလာရှိသော ဟွာရှို့နိုင်ငံသို့ ဈေးကွက်ချဲ့ထွင်ရန် စိတ်ဝင်စားကြသည်။
ထို့ကြောင့် ဟွာရှို့နိုင်ငံတွင် ငွေရှာလိုသော နိုင်ငံခြားသားအများစုသည် ဟွာရှို့နိုင်ငံအကြောင်းကို အခြေခံအားဖြင့် သိထားကြသည်။
သို့မှသာ ဟွာရှို့နိုင်ငံ၏ သွင်ပြင်လက္ခဏာနှင့်ကိုက်ညီသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည် မဟုတ်ပါလော။
တာဝန်ယူမှု မရှိခြင်းသည် တစ်ခါတစ်ရံတွင် အဓိပ္ပါယ်ရှိသော်လည်း မှန်ကန်သော ချဉ်းကပ်မှုကို နားမလည်လျှင် နောက်ဆုံးရလဒ်သည် ကြီးမားသောအမှားတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ထို့ကြောင့် ဤကြော်ညာချက်သည် လူထု၏ ဒေါသကို မငြိမ်သက်စေသည့်အပြင် ပို၍ပင် ဒေါသထွက်စေခဲ့သည်။
မူလက လူအများစုသည် ပို့စ်တင်ပြီး တိုက်ပွဲစတင်ခဲ့သည့် ကျောင်းသားကိုသာ ပြင်းပြင်းထန်ထန် ရှုပ်ချခဲ့ကြသည်။
မည်သူကမှ DG အထက်တန်းကျောင်း၏အပြစ်ဟု မထင်ခဲ့ကြပေ။
သို့သော် ဤကြေညာချက်က သူတို့၏အမြင်ကို ပြောင်းလဲစေခဲ့သည်။
ကျောင်းအာဏာပိုင်မှပင် တာဝန်မယူသည့် လုပ်ရပ်က အနည်းငယ် စိတ်ပျက်စရာကောင်းနေသည် မဟုတ်ပါလား။
အကောင့်ဟက်ခံရခြင်းနှင့် ပတ်သက်၍ သူဆိုလိုသည့်အဓိပ္ပါယ်မှာ ကျွန်န်ုပ်တွင်သူငယ်ချင်းရှိပါသည်ဟု ပြောသော ထိုစဉ်က တိုက်ရိုက် ထုတ်လွှင့်သူတစ်ယောက်နှင့် ဆင်တူသည့်လေသံမျိုး ဖြစ်သည်။
အဆုံးသတ်ပြောရလျင် ဤကြေညာချက်က တာဝန်မယူမှုကို ကြေညာလိုက်သည်နှင့် ဘာမှမခြားပေ။
DGp အထက်တန်းကျောင်းမှ ဤကြေညာချက်ကိုထုတ်ပြန်လိုက်သောအခါတွင် အမှတ်၆၀ အထက်တန်းကျောင်းနှင့် DG အထက်တန်းကျောင်းတို့ကြားရှိ ပဋိပက္ခသည် ဖေးယန်ခရိုင်တစ်ခုလုံးသို့ပျံ့နှံ့သွားပြီး အဆုံးသတ်တွင် စုန့်ဟိုင်မြို့နှင့်နိုင်ငံတကာသို့ပါ ပျံ့နှံ့သွားခဲ့သည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ ရွှေအမြူတေအဆင့် ကျောင်းသား ထွက်နှုန်းသည် DG အထက်တန်းကျောင်းလောက် မမြင့်မားသလို ကျောင်း အဆောက်အဦများကလည်း အဆင့်မမြင့်မားပေ။
သို့သော် ၎င်းသည် စုန့်ဟိုင်မြို့တွင် ကာလကြာရှည်စွာတည်ထောင်ခဲ့သည့် ဒေသန္တရ ကျင့်ကြံခြင်း ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ထို့ကြောင့် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းထွက်များသည် လူ့အဖွဲ့အစည်းသို့ ဝင်ရောက်ရာတွင် ဂုဏ်ငယ်စရာမရှိခဲ့ပေ။
“ငါတို့ ဘာဆက်လုပ်ကြမလဲ”
DG အထက်တန်းကျောင်း၏ ရုံးခန်းအတွင်း၌ အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်နေသည်။
သူတို့က ဤအဖြစ်အပျက်ကို အစပိုင်းတွင် သာမန်မျှသာသဘောထားခဲ့သော်လည်း ဤကဲ့သို့သော သက်ရောက်မှုမျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲကြပေ။
ပို့စ်တင်ခဲ့သည့်ကျောင်းသားက လီဟောင်ဟု အမည်ရသော ကျောင်းသား ဖြစ်သော်လည်း စုန့်ဟိုင်မြို့ရှိ လီမိသားစုနှင့် လုံးဝ မသက်ဆိုင်ပေ။
လီဟောင်၏ မိဘများသည် ဟွာရှို့မျိုးရိုးရှိ နိုင်ငံခြားသားများ ဖြစ်ကြသည်။
သူက ငယ်စဉ်ကပင် လီရှို့နိုင်ငံ၏ အမြင့်မြတ်ဆုံး သင်တန်းကျောင်းတွင် သူငယ်တန်း တက်ခဲ့ဖူးပြီး ပထမဆုပင် ရခဲ့ဖူးသည်။
ထို့ပြင် လီဟောင်သည် ခေတ်သစ် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စု၏ ဆက်ခံသူတစ်ဦးလည်း ဖြစ်သည်။
ခေတ်သစ်သွေးစုပ်ဖုတ်ကောင်များသည် လတ်ဆတ်သောသွေးမှ အာဟာရဓာတ် လုံလောက်စွာရရှိနေသမျှ ကာလပတ်လုံး နေရောင်ခြည်ကို ကြောက်ရွံ့နေစရာမလိုတော့ပေ။
ထို့ကြောင့် လီဟောင်သည် သာမန်ကျင့်ကြံသူနှင့် ယှဉ်လျှင် ပို၍ သာလွန်နေခဲ့သည်။
သူက သက်တမ်းပိုရှည်သည့်အပြင် အလွန်လျင်မြန်ပြီး အလွန်မြင့်မားသော ခုန်နိုင်စွမ်းလည်း ရှိသည်။
ငယ်စဉ်ကတည်းကပင် ထူးခြားသောခွန်အားကို ပိုင်ဆိုင်ထားခဲ့သည်။
ထိုအချက်များသာမက သန်မာသည့် ပြန်လည်ရှင်သန်နိုင်စွမ်းလည်း ရှိ၏။
ဆိုရလျှင် သူသည် သွေးစုပ်ဖုတ်ကောင်ကျင့်ကြံသူတစ်ဦးဖြစ်သလို DG အထက်တန်းကျောင်း၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။
ဤသည်က DG အထက်တန်းကျောင်းက ဤအဖြစ်အပျက်အပြီးတွင် လီဟောင်ကို ကာကွယ်ရန်ရွေးချယ်ခဲ့သည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။
ဟုတ်ပါသည်၊ အခြားအကြောင်းအရင်း တစ်ခုမှာ လီဟောင်၏ ဖခင် လီတျောင်က ကျောင်းဘုတ်အဖွဲ့တွင် ဒါရိုက်တာတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။
“ဆရာတို့ ဘာတွေစိတ်ပူနေတာလဲ.. သူတို့က တကယ်ပဲအသုံးမကျတာကို အားလုံးသိအောင် ပြပေးလိုက်ရုံပေါ့.. တစ်ဖက်လူကို အနိုင်ယူနိုင်သရွေ့ အရာအားလုံး အဆင်ပြေပြေ ဖြေရှင်းနိုင်မှာပါ”
လီဟောင်ကလည်း အစည်းအဝေးကို တက်ရောက်ခဲ့သည်။
သူ၏အမူအရာက အနည်းငယ်မျှပင် ထိတ်လန့်နေပုံမရပေ။
“ငါ့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က အခြေခံတည်ထောင်ခြင်း နှောင်းပိုင်းအဆင့်မှာပဲရှိပေမဲ့ ငါ့ရဲ့တကယ့် တိုက်ပွဲဝင်စွမ်းအားက ဘယ်လိုလဲဆိုတာ မင်းတို့သိပါတယ်.. ငါက ရွှေအမြုတေ အလယ်အဆင့် ကျင့်ကြံသူကို အလွယ်တကူ အနိုင်ယူနိုင်တယ်.. ဒီအမှတ်၆၀ အထက်တန်း ကျောင်းသားတွေကိုဆို ပြောမနေနဲ့တော့.. သူတို့လို လူ၁၀ယောက်ကိုတောင် ငါတစ်ယောက်တည်း အနိုင်တိုက်နိုင်မယ်လို့ ငါယုံကြည်တယ်”
“ဆရာလေးလီက တိုက်ပွဲအတွက် အတော်လေးကို ယုံကြည်မှုရှိနေပုံပဲ”
လီဟောင်၏ စကားကိုကြားပြီးနောက် DG ကျောင်းမှ ပညာရေးမှူးက ခေါင်းငြိမ့်၍ ပြောလိုက်သည်။
“သူတို့ ကျောင်းသားတွေရဲ့ ပရိုဖိုင်ကို ငါကြည့်ပြီးပြီ.. ဟွာကောရေတံခွန် လုပ်ငန်းစုက မိန်းကလေးစွန်းရုံက လွဲရင် ကျန်တဲ့သူတွေက ငါ့ကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ငါလုံးဝ မထင်ဘူး”
“အကယ်၍ စွန်းရုံနဲ့ဆိုရင်ရော”
ပညာရေးမှူးက မေးခွန်းထုတ်လိုက်သည်။
“ဒီတစ်ကြိမ်တော့ ငါ လူသားမလုပ်တော့ဘူး.. ပြတ်ပြတ်သားသား ကိုင်တွယ်ပစ်မယ်.. အခြားသူတွေရဲ့ အမြင်ကို ငါက ဘာလို့ဂရုစိုက်နေရမှာလဲ.. ငါအနိုင်ရသရွေ့ ဒီပြဿနာတွေက ဖုန်မှုန့်တွေလို လွင့်စင်သွားမှာပဲ”
“ဆရာလေးလီရဲ့ အကြံအစည်က မဆိုးပါဘူး.. ဒါပေမဲ့ဆရာလေးလီအနေနဲ့ တစ်ခုတော့ သိထားသင့်တယ်”
လီဟောင် “???”
“မင်းက အစကတည်းက လူသား မဟုတ်ဘူးလေ.. ဘာလို့ ဒီတစ်ကြိမ်လို့ပြောရတာလဲ”
“……….”
မဲနှိုက်ပွဲက နေ့လည်ပိုင်းတွင် ပြီးဆုံးသွားခဲ့သည်။
ဆရာမဖန်က အတွဲအဖက်ကို ကြေညာရန် အတန်းထဲသို့ရောက်လာခဲ့သည်။
ဤသည်က အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားနှစ်ဦးနှင့် အပြောင်းအရွေ့ ကျောင်းသား နှစ်ဦးတို့ နှစ်ယောက်တွဲ တိုက်ခိုက်ကြရမည့် တိုက်ပွဲအတွက် မဲနှိုက်ရွေးချယ်မှုဖြစ်သည်။
စွန်းရုံနှင့် ချန်းချောင်တို့က တစ်ဖွဲ့တည်းကျခဲ့သည်။
ကော်ဟောက်နှင့် မြေပဲလေးတို့က တစ်ဖွဲ့ဖြစ်သည်။
ဝမ်လင်းကမူ ဖန့်ရှင်းနှင့် တစ်ဖွဲ့တည်းကျခဲ့၏။
လက်ရွေးစင်အတန်းမှ ကျောင်းသားများ၏ အတွဲအဖက်ကိုကြေညာပြီးနောက်တွင် ဆရာမဖန်သည် မျက်မှန်ကို အပေါ်သို့ပင့်တင်လိုက်သည်။
“အခုဆက်ပြီးကြေညာမှာက မင်းတို့နဲ့ ယှဉ်ပြိုင်ရမယ့် ပြိုင်ဖက်တွေပဲ.. ကျောင်းသူစွန်းရုံနဲ့ ကျောင်းသားချန်းချောင်တို့က အမှတ်၅၉ အထက်တန်းကျောင်းက ကျောင်းသားထန်ကျန်းဇီနဲ့ ထျန်းရှင်း အင်ပါယာအထက်တန်းကျောင်းက ဝူယန်တို့အတွဲနဲ့ တိုက်ခိုက်ရလိမ့်မယ်”
“ဘာကြောင့် လူယုတ်မာလီဟောင်ကို တိုက်ခိုက်ခွင့်မရခဲ့တာလဲ”
ချန်းချောင်က စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
သူက သူတို့ကျောင်းကို လှောင်ပြောင်ခဲ့သော DGအထက်တန်းကျောင်းမှ လီဟောင်အား ရိုက်သတ်ပစ်ချင်နေသည်။
“ကော်ဟောက်နဲ့စုရှောင် မင်းတို့ရဲ့ ပြိုင်ဘက်တွေကတော့ ကျောင်းသားလီမင်ယောင်နဲ့ ကျောင်းသားကျိုးယိုကျန့်တို့ပဲ”
“လခွမ်း”
ကော်ဟောက်နှင့် မြေပဲလေးတို့က ထိတ်လန့်သွားကြသည်။
ဤနှစ်ယောက်က ခက်ခက်ခဲခဲ ရင်ဆိုင်ရမည့် ပြိုင်ဘက်နှစ်ဦးဖြစ်သည်။
လီမင်ယောင်က စကေးလ်ဘုရင်အဖြစ် လူသိများသည်။
သူ့မိသားစုများ၏ အဓိကလုပ်ငန်းမှာ စကေးလ် စတိုးဆိုင်များဖြစ်သည်။
ကျိုးယိုကျန့်သည်လည်း ခေသူမဟုတ်ပေ။
ဤတိုက်ပွဲတွင် မှော်ရတနာများအသုံးပြုခြင်းကို ကန့်သတ်ထားခြင်း မရှိ၍ ရှေးဟောင်းပစ္စည်းများကို သန့်စင်သည့်မိသားစုမှ ဆင်းသက်လာသူ တစ်ဦးအနေဖြင့် ကျိုးယိုကျန့်သည် အခြေခံအားဖြင့် အားသာချက်များ ရှိနေသည်။
ထိုထက်ပို၍ ဆိုးသည်မှာ လီမင်ယောင်နှင့် ကျိုးယိုကျန့်တို့သည် အတန်းဖော်များဖြစ်ကြ၍ ကောင်းမွန်သော နားလည်မှုလည်း ရှိသည်။
သူ့တို့နှစ်ယောက်သာ အတူပူးပေါင်းတိုက်ခိုက်မည် ဆိုလျှင် ထိန်းရသိမ်းရခက်ခဲမည်မှာ မလွဲဧကန်ပင် ဖြစ်၏။
သို့သော် ဆရာမဖန်က အစောပိုင်းကပင် ထိုကဲ့သို့ဖြစ်မည်ကို မျှော်လင့်ပြီးသား ဖြစ်သည်။
“ကျောင်းသားလီမင်ယောင်နဲ့ ကျိုးယိုကျန့်တို့က အကြွင်းအကျန် အထက်တန်းကျောင်းရဲ့ လက်ရွေးစင်ကျောင်းသားတွေ ဖြစ်တဲ့အတွက် ကိုင်တွယ်ဖြေရှင်းဖို့တော့ လွယ်ကူမှာမဟုတ်ဘူး.. ငါတို့ရဲ့ တစ်ခုတည်းသောအားသာချက်က သူတို့ရဲ့အချက်လက်တွေ ငါတို့သိနေခဲ့တာပဲ.. ဒါကြောင့်မင်းတို့က သင့်တော်မယ့် နည်းဗျူဟာတွေကို ကြိုတင်ပြင်ဆင်ထားနိုင်တယ်.. ယှဥ်ပြိုင်ရ ခက်တယ်လို့ ခံစားရရင် ငါ့ကို အချိန်မရွေး တိုင်ပင်ဆွေးနွေးလို့လည်း ရတယ်.. အဆင်ပြေတယ် မဟုတ်လား”
“ဟုတ်ကဲ့”
ဆရာမဖန်က ခေါင်းညိမ့်လိုက်သည်။
“ပြိုင်ဘက်ရဲ့အကြောင်းကို ကြိုသိထားရင် ဘယ်တော့မှမမှားဘူးလို့ ဆိုရိုးစကားရှိတယ်”
ထို့နောက် ဆရာမဖန်က စကားကို ခေတ္တရပ်တန့်လိုက်ပြီး ဝမ်လင်းကို လှမ်းကြည့်လိုက်သည်။
“ခဏနေကျရင် ကျောင်းသားဝမ်လင်းက ငါနဲ့အတူလိုက်ခဲ့ရမယ်.. အခန်း၂က ကျောင်းသားဖန့်ရှင်းနဲ့အတူ ငါတို့ ၃ယောက်တွေ့ဆုံကြမယ်.. မင်းတို့ရဲ့ပြိုင်ဘက်က DG အထက်တန်းကျောင်းက လီဟောင်နဲ့ နိုင်ငံခြားကနေ ဒီမှာအခြေချနေတဲ့ သူ့ရဲ့အဖေ လီတျောင်တို့ပဲ”
ထိုစကားကိုကြားလျှင် ကျောင်းသားအားလုံးက အလွန်အမင်း အံ့သြသွားကြသည်။
“လီဟောင်ရဲ့ အဖေလား”
“ဟုတ်တယ်.. အမှန်တိုင်း ပြောရရင် တစ်ဖက်လူက ဒီလောက်ထိ အရှက်ကင်းမဲ့လိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး”
အပိုင်း(၈၅၁) ပြီး၏