လာဘ်ကောင်ဝမ်လင်းအနစ်နာခံမှုမစ်ရှင်
Vol. 57 Ch. 852
စစ်တိုက်သည့်အခါတွင် စစ်သည်များသည် သားအဖလိုဖြစ်ရမည်ဟူသည့် ဆိုရိုးစကားရှိသည်။
လီဟောင်က သူ့အဖေလီတျောင်ကို သူနှင့်အတူတိုက်ရန် ဖိတ်ခေါ်လိုက်သည့် အတွက် DG အထက်တန်းကျောင်းသည် အရှက်မရှိဟူသည့် နာမည်ပြောင်သစ်ကို ချွင်းချက်မရှိ ရရှိသွားခဲ့သည်။
မိဘများသည် အဓိကအားဖြင့် ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့်မီသော်လည်း အမှတ်၆၀ အထက်တန်းကျောင်းသည် DGအထက်တန်းကျောင်းမှ လီတျောင်၏ ကျောင်းဝင်ခွင့်လျှောက်လွှာကို ချက်ချင်း အတည်ပြုပေးလိုက်သည်။
အကြောင်းအရင်းမှာ လီဟောင်၏ဖခင် လီတျောင်သည် ယခုအခါတွင် DGအထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး ဖြစ်နေသလို နိုင်ငံခြား ကျောင်းသားတစ်ဦးလည်း ဖြစ်နေသောကြောင့်ပင်။
စုန့်ဟိုင်မြို့သည် နိုင်ငံရပ်ခြားမှ ကျောင်းသားများအတွက် ပညာရေးကို အမြဲတစေ ဖွင့်ထားပေးခဲ့သည်။
ဆိုရလျှင် လီတျောင်သည် သက်ဆိုင်ရာ မူဝါဒအခြေအနေများနှင့် လိုက်လျောညီထွေ ဖြစ်နေခဲ့၏။
နိုင်ငံခြားမှ ကျောင်းလာတက်သည့် ကျောင်းသားများ၏ သံတမန်အခွင့်ထူးများအရ လီတျောင်၏ လျှောက်လွှာသည် လီဟောင်၏ တိုက်ရိုက်လျှောက်လွှာနှင့်မတူဘဲ မည်သည့်ကျောင်းကိုမဆို အခမဲ့လျှောက်ထားခွင့် ရှိနေသည်။
ရှင်းလင်းစွာပြောရလျှင် အမှတ်၆၀ အထက်တန်းကျောင်းသည် လီဟောင်၏လျှောက်လွှာကို ငြင်းပယ်နိုင်ပေသည်။
သို့ရာတွင် အမှတ်၆၀ အထက်တန်းကျောင်းက လီဟောင်၏ သမာရိုးကျ မဟုတ်သော စိန်ခေါ်မှုကို လက်ခံခဲ့သည်။
အကြောင်းအရင်းမှာ DGအထက်တန်းကျောင်းကို ၎င်းတို့ပြုလုပ်ခဲ့သည့် နည်းလမ်းအမှားများအား သိရှိစေရန်အတွက်ဖြစ်သည်။
လီဟောင်နှင့် မတူသည်မှာ အမှတ်၆၀ အထက်တန်းကျောင်းသည် လီတျောင်၏ ကျောင်းဝင်ခွင့်လျှောက်လွှာကို ငြင်းပယ်နိုင်ခွင့်မရှိပေ။
လီတျောင်အား အရည်အချင်းစစ် စာမေးပွဲတွင် ကျရှုံးစေပြီး တိုက်ရိုက် ထုတ်ပယ်နိုင်မည့် နည်းလမ်းတစ်ခုသာ သူတို့တွင်ရှိသည်။
ထို့ကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးတစ်ခုပြုလုပ်ရန် အမှတ်၆၀ အထက်တန်းကျောင်းသည် အဖွဲ့အားလုံး၏ အရေးပေါ် အစည်းအဝေးကို ကျင်းပခဲ့သည်။
ဗုဒ္ဓဟူးနေ့ ဩဂုတ်လ ၁၆ရက်..
ကျောင်းအုပ်ကြီးရုံးခန်းဘေးရှိ အစည်းအဝေးခန်းတွင် ရှေးဟောင်းစာအုပ်ကြီးသည် အစည်းအဝေးဥက္ကဌအဖြစ် ဆောင်ရွက်ပေးခဲ့သည်။
အဖွဲ့၂မှ ကော်ဟောက်က စတင်ဆွေးနွေးလိုက်သည်။
“ငါတို့အဖွဲ့၂က လီဟောင်ကို တိုက်ချင်တယ်”
တစ်စုံတစ်ယောက်က သူ့စကားကို တုံ့ပြန်လိုက်သည်။
“ငါတို့အဖွဲ့၁ပဲ သူ့ကိုတိုက်ပါရစေ”
“ငါတို့အဖွဲ့၄ ကိုပဲ အခွင့်အရေးပေးသင့်တယ်”
“ငါတို့အဖွဲ့ ၂က အသင့်တော်ဆုံးပဲ”
အားလုံးက အစည်းအဝေးခန်းထဲတွင် ငြင်းခုံနေကြသည်။
ထိုခဏတွင် ရှေးဟောင်းစာအုပ်ကြီး၏ ချောင်းဟန့်သံကြောင့် အခန်းက လျင်မြန်စွာ တိတ်ဆိတ်သွားခဲ့သည်။
“ငြင်းခုံတာတွေ ရပ်လိုက်တော့.. ဒီမှာလည်း တစ်ပေါက် ဟိုမှာလည်းတစ်ပေါက်.. ဘယ်အပေါက်ကို ငါက နားထောင်ရမှာလဲ.. ငါတို့သာ အနိုင်မရရင် မာလာအစပ်ချောင်းကို ဆုံးရှုံးရသလို ခံစားရမှာ အမှန်ပဲ”
အဖွဲ့၄မှ မျက်လုံးခပ်သေးသေးနှင့် ကောင်လေးတစ်ယောက်က မေးလိုက်သည်။
“ဆရာ ဒါဆို ပိုပြီးအားကောင်းတဲ့အဖွဲ့ကို ရွေးသင့်တယ် မဟုတ်လား.. လူစာရင်းကို ချိန်းသင့်တယ်လို့ ကျွန်တော်ထင်တယ်.. အကယ်၍ဆရာသာ အဖွဲ့၃ကို စေလွှတ်လိုက်မယ်ဆိုရင် ဝမ်လင်းက ဘာမှလုပ်နိုင်မှာမဟုတ်ဘူး.. ဘာလို့လဲဆိုတော့ အတန်းဖော်ဝမ်လင်းက အမြဲတမ်း လာဘ်ကောင်လေး ဖြစ်နေလို့ပဲ”
ဝမ်လင်း “……….”
“အဖွဲ့၄ကကောင် မင်းစကားက ဘာအဓိပ္ပါယ်လဲ.. ငါတို့အနေနဲ့ ဘယ်သူဝင်ပြိုင်သင့်လဲ ငြင်းခုံလို့ရတယ်.. ဒါပေမဲ့ ဝမ်လင်းက မင်းထင်သလောက် မပျော့ညံ့ဘူး.. မင်းမယုံရင် ဘာလို့ သူ့ကိုစိန်မခေါ်ကြည့်ရတာလဲ”
“စိတ်မဆိုးပါနဲ့.. ငါမရည်ရွယ်ပါဘူး”
မျက်လုံးသေးသေးနှင့် ကောင်လေးက ချက်ချင်းပင်တောင်းပန်လိုက်သည်။
သူ၏စကားက အနည်းငယ် မသင့်လျော်ဟု သူထင်ခဲ့သည်။
ဝိညာဉ်ဓားဖလှယ်ပွဲ တွေ့ဆုံမှုအပြင် အာကာပြင်အက်ကွဲကြောင်းမှ လွတ်မြောက်လာခဲ့သည့် အတန်းဖော်ဝမ်လင်းသည် အမှတ်၆၀ အထက်တန်းကျောင်း၏ ကံကြမ္မာအင်ပါယာဖြစ်လာခဲ့သည်ကို သူမေ့လုနီးပါးပင် ဖြစ်နေခဲ့သည်။
ယခုအခါတွင် ဝမ်လင်းသည် တစ်ကျောင်းလုံး၏ အချစ်တော် ဖြစ်သည် မဟုတ်လော။
“ဘာပဲဖြစ်ဖြစ် လီဟောင်နဲ့ သူ့အဖေက အရှက်မဲ့လွန်းတယ်”
ရှေးဟောင်းစာအုပ်ကြီးက အစပ်ချောင်းကို ဝါးစားရင်း ပြောလိုက်သည်။
“ဒါကြောင့် ပြိုင်ပွဲကို အနိုင်ရဖို့အတွက် ငါတို့အလျင်စလိုမလုပ်သင့်ဘူး.. ငါတို့ရဲ့ ရည်ရွယ်ချက်က သူတို့ ဘယ်လောက်အရှက်မဲ့လဲဆိုတာ လူတိုင်းကို ပြသဖို့ပဲ”
“ဆရာ ဆိုလိုချင်တာက အဖွဲ့၃ကို ရှုံးချင်လည်းရှုံးပါစေလိုပြောချင်တာလား”
“ဒီတိုက်ပွဲမှာ ငါတို့ဘက်က ရှုံးသွားနိုင်တယ်.. ဒါပေမဲ့ ငါတို့အရှုံးပေးလို့ လုံးဝမဖြစ်ဘူး”
ရှေးဟောင်းစာအုပ်ကြီးက ခေါင်းခါယမ်း၍ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ လီဟောင်တို့ သားအဖက သတ်ဖြတ်လိုတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာကြမှာဖြစ်လို့ပဲ.. သူတို့ကကျောင်းသားဝမ်လင်းနဲ့ ဖန့်ရှင်းကို လွယ်လွယ်နဲ့ အလွှတ်ပေးမှာမဟုတ်ဘူး.. ဒါကြောင့် တိုက်ပွဲနည်းဗျူဟာအရ ကျောင်းသားဝမ်လင်းက လီဟောင်ရဲ့ဖခင် လီတျောင်ကို ခဏလောက် ထိန်းထားရမယ်.. အဲဒီအချိန်အတွင်းမှာ ကျောင်းသားဖန့်ရှင်းက လီဟောင်ကို တတ်နိုင်သမျှ အမြန်ဆုံး အနိုင်ယူရမယ်.. လီဟောင် ရှုံးနေသရွေ့တော့ ငါတို့ဘက်ကအနိုင်ရမှာပဲ”
ထိုစကားကို ပြောပြီးနောက် ရှေးဟောင်းစာအုပ်ကြီးက အိတ်ကပ်ထဲမှ အစပ်ချောင်း အထုပ်တစ်ထုပ်ကို ထုတ်လိုက်သည်။
“ဒီအစပ်ချောင်းထုပ်ကို ရှန်းထွေသန်းယန်လို့ခေါ်တယ်.. ကျောင်းသားဝမ်လင်း အနေနဲ့ တိုက်ပွဲမစခင် တစ်လုံးစားထားရမယ်.. ဒါမှ လီတျောင်ရဲ့ အရိုက်ကိုခံရတဲ့အခါ အလျင်အမြန်ပြန်လည်ကောင်းမွန်လာမှာ ဖြစ်တယ်.. ဒီအစပ်ချောင်း တစ်ထုပ်က လီဟောင်ရဲ့အဖေ လီတျောင်ကို ၃မိနစ်ကြာအောင် ထိန်းထားနိုင်မှာ ဖြစ်တဲ့အတွက် ကျောင်းသားဖန့်ရှင်းက လီဟောင်ကို ၃မိနစ်အတွင်း အနိုင်ရမှ ဖြစ်မယ်”
လူတိုင်း “……….”
ရှေးဟောင်းစာအုပ်ကြီး “ဒီနည်းဗျူဟာကို လာဘ်ကောင်ဝမ်လင်း အနစ်နာခံမှုမစ်ရှင်လို့ ငါအမည်ပေးထားတယ်”
ဝမ်လင်း “……….”
အဆုံးသတ်တွင် သူက လာဘ်ကောင်လေး ဖြစ်နေဆဲပင်။
ကြာသပတေးနေ့ ဩဂုတ်၁၇ရက်။
အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများအတွက်ကျောင်းဝင်ခွင့် အင်တာဗျူးစာမေးပွဲကို စတင်ခဲ့ပြီး လက်ရွေးစင် ကျောင်းသားများကလည်း တိုက်ပွဲဝင်ရန်အဆင်သင့် ဖြစ်နေကြသည်။
ယနေ့သည် အမှတ်၆၀ အထက်တန်းကျောင်း၏ ဂုဏ်သတင်းအပြင် ဟွာရှို့၏ ဒေသန္တရ ကျင့်ကြံခြင်း ပညာရေးစနစ် တစ်ခုလုံးနှင့် သက်ဆိုင်နေသောကြောင့် လူတိုင်းအတွက် အလွန်ထူးကဲသောနေ့ ဖြစ်၏။
လီတျောင်က မတရားအသာစီးရနေသောကြောင့် အမှတ်၆၀ အထက်တန်းကျောင်းအနေဖြင့် ရှုံးနိမ့်ခဲ့လျှင်ပင် အဆန်းမဟုတ်ပေ။
သို့ရာတွင် အမှတ်၆၀ အထက်တန်းကျောင်းသည် လီဟောင်ကို ရှုံးနိမ့်၍မဖြစ်ပေ။
ထိုနေ့မနက်အစောပိုင်းတွင် အမှတ်၆၀ အထက်တန်းကျောင်း၏ ပုံမှန်အတန်းများနှင့် ပြန်လည်ကုစားရေး အတန်းများမှ ကျောင်းသားများသည် လက်ရွေးစင်အတန်းမှ ကျောင်းသားများအား အားပေးရန်အတွက် Tieba တွင် ပို့စ်အမျိုးမျိုး တင်ခဲ့ကြသည်။
ယင်းက ကျောင်းအသိုင်းအဝိုင်း အတွင်း ပိုမိုကြီးမားပြီး စည်းလုံးသော တုံ့ပြန်မှုကို ဖြစ်ပေါ်စေသည်။
အမှတ်၅၀ အထက်တန်းကျောင်း၊ မှီခိုရာအထက်တန်းကျောင်း၊ အဓိကမြှင့်တင်ခြင်းအထက်တန်းကျောင်း၊ နတ်မျက်စိအထက်တန်းကျောင်း.. အစရှိသည့် ကျင့်ကြံခြင်း အထက်တန်းကျောင်းများသည် အမှတ်၆၀ အထက်တန်းကျောင်းမှ လက်ရွေးစင်ကျောင်းသားများကို အားပေးခဲ့ကြသည်။
ယခင်က ပဋိပက္ခ ဆက်ဆံရေး ရှိသော ကျောင်းများသည် ဤအဖြစ်အပျက်ကြောင့် မထင်မှတ်ဘဲ ပေါင်းစည်းမိခဲ့ကြသည်။
DG အထက်တန်းကျောင်း၏ ခွဲခြားဆက်ဆံသော လုပ်ရပ်သည် တစ်ဖက်ကို အတော်လေး အကျိုးဖြစ်ထွန်းသွားစေခဲ့သည်။
ဟွာရှို့နိုင်ငံ၏ ဒေသခံကျင့်ကြံရေးကျောင်းများသည် DG အထက်တန်းကျောင်း၏ ကျေးဇူးကြောင့် အချင်းချင်း ပိုမို နီးကပ်လာကြသည်။
လက်ရွေးစင် ကျောင်းသားများအတွက် နားနေခန်းတွင် ဝမ်လင်းနှင့် ဖန့်ရှင်းတို့သည် သူတို့၏အလှည့်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
အဖွဲ့၁ဖြစ်သည့် ချန်းချောင်နှင့် စွန်းရုံတို့က ထန်ကျင်းဇီ တို့ကို ပထမဦးဆုံး ယှဉ်ပြိုင်ရမည် ဖြစ်သည်။
တစ်ဖက်တွင်လည်း အပြောင်းအရွှေ့ကျောင်းသားများ နားနေခန်းနှင့် ချိတ်ဆက်ထားသည့် နားနေခန်းတွင် ပုံရိပ်အသစ် တစ်ခုပေါ်လာခဲ့သည်။
၎င်းမှာ ခံ့ညာပြီးထွားကျိုင်းသော ခန္ဓာကိုယ်ရှိသည့် ရွှေရောင်ဆံပင်နှင့် မျက်လုံးအပြာရောင်ရှိသော အမျိုးသားတစ်ဦးသည် ဆံပင်ရွှေရောင်ရှိသည့် ဆယ်ကျော်သက် တစ်ဦးနှင့်အတူ နားနေခန်းထဲသို့ ဝင်လာသောပုံရိပ် ဖြစ်သည်။
ထိုပုံရိပ်က အားလုံး၏အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။
“လီဟောင်နဲ့ သူ့ရဲ့ အဖေလား”
နားနေခန်းထဲမှ တစ်စုံတစ်ယောက်က မျက်ခုံးပင့်လိုက်သည်။
“ရွှေခြင်္သေ့နှစ်ကောင်ပဲ”
“သူ့အဖေရဲ့ခန္ဓာကိုယ်က အကြီးကြီးပဲ”
တစ်စုံတစ်ယောက်က သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
လူတိုင်း၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
လက်ရွေးစင်ကျောင်းသား နားနေခန်းထဲရှိ ကျောင်းသားများသာမက အပြောင်းအရွှေ့ ကျောင်းသားများ နားနေခန်းရှိ ကျောင်းသားများကပါ လီဟောင်နှင့် သူ့အဖေကို သဘောမကျကြပေ။
“အတန်းဖော်ဖန့်ရှင်း.. မင်းအနိုင်ရဖို့အခွင့်အလမ်းကို ဘယ်လိုထင်လဲ”
တစ်စုံတစ်ယောက်က ဖန့်ရှင်းကို မေးလိုက်သည်။
လီဟောင်၏ဖခင်က သူတို့ကို ပိုမို၍ စိတ်ဖိစီးစေခဲ့သည်။
ဖန့်ရှင်းသည် အဖွဲ့၃၏ အဓိကကစားသမား ဖြစ်သည်။
တကယ်တမ်းတွင် သူက ဝမ်လင်းအပေါ် အာရုံစိုက်မှုများကို လျှော့ချရန် ကူညီပေးနေခြင်းသာ ဖြစ်၏။
“ခဏနေရင် တွေ့ရမှာပေါ့”
ဖန့်ရှင်းက ခပ်ယဲ့ယဲ့ပြုံး၍ ပြန်ဖြေလိုက်သည်။
သူ၏အမူအရာက အမြဲတမ်းပင် နူးညံ့သိမ်မွေ့သည်။
တကယ်တမ်းတွင် လီဟောင်၏အဖေက ဝမ်လင်းကို မည်မျှကြာကြာ ခံနိုင်ရည်ရှိသလဲဆိုသည်ကို သူက အလွန်အမင်းသိချင်နေခဲ့သည်။
သို့သော် သေချာတာတစ်ခုမှာ ဤပွဲကိုအနိုင်ရလျှင် သူသည် ကျိုးရီကဲ့သို့ ကြားဝင်ခံသူ ဖြစ်ပေးရပေမည်။
ကျောင်းသားများက ထိုအကြောင်းကို ဆွေးနွေးနေကြချိန်တွင် ကော်ဟောက်က ရုတ်တရက် ထပြောလိုက်သည်။
“လခွမ်း.. အခုပဲ လီဟောင်ရဲ့ ဓာတ်ပုံတစ်ပုံကို ငါလက်ခံရှိခဲ့တယ်”
ထိုစကားကိုကြားလျှင် မြေပဲလေးက မှင်တက်သွားသည်။
“သူဒီကိုရောက်နေပြီလေ.. မင်းဘာတွေအာရုံလာစားနေတာလဲ”
“အဲဒါလီဟောင် မဟုတ်ဘူး”
ထိုစကားကို ပြောပြီးနောက် ကော်ဟောက်က လူတိုင်းမြင်နိုင်ရန်အတွက် သူ၏ဖုန်းစခရင်ကို ပြလိုက်သည်။
“သေချာကြည့်”
ပုံထဲမှလီဟောင်သည် အလွန်ပင် ထွားကျိုင်းလွန်းနေသည်။
ထိုခဏမှာပင် အပြောင်းအရွေ့ကျောင်းသားများ၏ နားနေခန်းသို့ လီဟောင်ရောက်လာခဲ့သည်။
“……….”
ဝမ်လင်းက အံအားသင့်နေခဲ့၏။
တချို့ကျောင်းသားများက မိဘများနှင့် ဆင်တူသော်လည်း ဤသည်ကမူ အရမ်းကို လွန်လွန်းအား ကြီးနေသည်။
အပိုင်း(၈၅၂) ပြီး၏