← Chapters

အင်မော်တယ်မြန်မြန်ဖြစ်အောင်လုပ်မှ

Vol. 9 Ch. 119

အင်မော်တယ်မြန်မြန်ဖြစ်အောင်လုပ်မှ

Vol. 9 Ch. 119

အခန်း (၁၁၉) အင်မော်တယ်မြန်မြန်ဖြစ်အောင်လုပ်မှ

ကျန်လန် ကောင်တာတွင်ရပ်ရင်း စာရင်းစာအုပ်ကို လှန်ကြည့်လိုက်သည်။

မနေ့က အကောင်းစားသေရည်မှာထားသူ (၂)ယောက်ရှိသည်ကို တွေ့လိုက်ရသည်။

တစ်ယောက်က အဋ္ဌမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကို လုကျန်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ လုန်ရဲ့ ဆိုသူ ဖြစ်သည်။

လုကျန်းက တစ်နေ့ကပင် အကောင်းစားသေရည်မှာယူထားပြီး ယခုလည်း ထပ်မံမှာယူထားပြန်လေပြီ။

"ဂိုဏ်းတူအစ်ကိုက အတော်လေး သောက်နိုင်ပါလား…"

ကျန်းလန် တွေးလိုက်၏။

သို့သော် မှာယူထားသည့် အကောင်းစားသေရည်များက လုကျန်း သောက်ဖို့လား အခြားကိစ္စအတွက်လားဆိုသည်ကတော့ ကျန်းလန်လည်း သေသေချာချာ သိရှိခြင်း မရှိပေ။

ထို့နောက် လုန်ရဲ့ဆိုသည့်အမည်ကို ကြည့်လိုက်သည်။

ယခင်က လုန်ရဲ့ဆိုသည့်နာမည်ကို ခွန်လွန်တောင်တွင် တစ်ခါမှ မကြားဖူးခဲ့ပေ။ "လုန်" မျိုးနွယ်ဆိုသောကြောင့် နဂါးမျိုးနွယ်ဖြစ်နိုင်လေသည်။

သို့မဟုတ် သူ အတွေးလွန်နေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထို့နောက် ကျန်းလန် စာရင်းစာအုပ်ကိုပိတ်လိုက်ပြီး ကောင်တာတွင်ရပ်ရင်း ဧည့်သည်များအလာကို စောင့်နေတော့၏။

"ကျွိ…"

အကြမ်းပန်းကန်တစ်လုံးက စတင်ရွေ့လျားလာသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။

ကျန်းလန်၏လက်တစ်ဖက် ချက်ချင်းလှုပ်ရှားသွားပြီး အကြမ်းပန်းကန်ကို ဖမ်းလိုက်သည်။

ထို့နောက် ဆိုင်စောင့်ရသည်ကို အနည်းငယ် ပျင်းရိလာသည့်အတွက် ကျန်းလန် ဆိုင်သန်ရှင်းရေးပြုလုပ်ရန် စဉ်းစားလိုက်သည်။

ဆိုင်က အပေါ်ယံ သန့်ရှင်းဟန် ရှိနေသည့်တိုင် ကျန်းလန်ကတော့ အတွင်းပိုင်းနှိုက်နှိုက်ချွတ်ချွတ်အထိ သန့်ရှင်းရေး လုပ်ပစ်လိုက်သည်။

ကျန်းလန် ကောင်တာပေါ်တွင် သေရည်အိုးအချို့ နေရာချထားပြီးချိန်တွင် ဆိုင်ထဲသို့ လူအချို့ဝင်လာသည်ကို တွေ့လိုက်ရ၏။

စုစုပေါင်း လူ (၃)ယောက် ဖြစ်လေသည်။

သက်လတ်ပိုင်းလူရွယ်တစ်ယောက် ၊ မိန်းမပျိုတစ်ယောက်နှင့် လူငယ်တစ်ယောက် ဖြစ်သည်။

လူရွယ်က နက်မှောင်လှပသည့် ဆံနွယ်များကိုပိုင်ဆိုင်ထားပြီး မျက်ဝန်းအကြည့်များက နက်ရှိုင်းသည်။

ဝတ်ဆင်ထားသည့် အဝတ်အစားများက တောက်ပြောင်လှပပြီး ကြည့်လိုက်သည်နှင့် အလွန်တန်ဖိုးကြီးသည့် အဝတ်အစားများဖြစ်ကြောင်း သိရှိနိုင်သည်။

လူရွယ်၏ဘေးတွင်ကပ်လျှက် အမျိုးသမီးတစ်ယောက် လိုက်ပါလာသည်။ သူမက လူရွယ်၏ တာအိုလက်တွဲဖော် သို့မဟုတ် ဇနီးမယား ဖြစ်ဟန်တူသည်။

သူမသည်လည်း လူရွယ်နှင့် လိုက်ဖက်ညီစွာပင် လှပကျော့ရှင်းပြီး ကျက်သရေနှင့် ပြည့်စုံလှသည်။ သူမထံမှ မြင့်မြတ်သည့် အငွေ့အသက်များ ထွက်ပေါ်လျှက် ရှိ၏။

ထိုဂုဏ်သရေရှိ ဇနီးမောင်နှံ၏ အနောက်တွင် လူငယ်တစ်ယောက် လိုက်ပါလာသည်။

လူငယ်က ယောကျ်ားပီသ ချောမောသူဖြစ်ပြီး သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ပုံစံက စစ်ဗိုလ်ချုပ်တစ်ယောက်နှင့်ဆင်တူပြီး ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။

ထိုလူငယ်က လူရွယ်ဇနီးမောင်နှံကို စောင့်ရှောက်ရန် လိုက်ပါလာသည့် ကိုယ်ရံတော် ဖြစ်ဟန် တူသည်။

"သူတို့က ခွန်လွန်တောင်က မဟုတ်ဘူးပဲ… ၊ ဟိုလူရွယ်ကတော့ မူလဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ… ၊ ကြည့်ရတာ မင်းမျိုးမင်းနွယ်တွေများလား မသိဘူး…"

ကျန်းလန် တွေးလိုက်သည်။

ပျက်သုဉ်းတစပြင်လောကကြီးတွင် မရေမတွက်နိုင်သည့် လူသားမျိုးနွယ်များရှိလေရာ တိုင်းပြည်တစ်ပြည် သို့မဟုတ် လူမျိုးစုတစ်စု၏ အခွင့်အာဏာကို အပ်နှင်းခံရသူများ များစွာရှိသည်။

သို့သော် ထိုလူမျိုးစုများနှင့် တိုင်းပြည်များက ကျင့်ကြံခြင်းလောကကြီးကို မည်သို့မှ မသက်ရောက်ပေ။

ကျင့်ကြံခြင်းဆိုသည်က အသက်ရှည်မည့် အင်မော်တယ်လမ်းစဉ်ကိုလိုက်ခြင်းဖြစ်ရာ လောကီအကြောင်းများကို သိပ်ပြီး အာရုံမစိုက်ကြပေ။

"ဆိုင်ရှင်… အကောင်းစားသေရည်တစ်အိုးနဲ့ ဟင်းလျာတွေ ရနိုင်မလား…"

လူရွယ်က ကျန်းလန်ကို ယဉ်ကျေးစွာပင် အစားအသောက်များ မှာယူလိုက်သည်။

"သေရည်ဆိုင်ပိုင်ရှင်ပြန်ရောက်မှ အကောင်းစားသေရည် မှာလို့ရပါမယ်… ၊ လောလောဆယ်တော့ သာမန်သေရည်တွေပဲ ရှိပါတယ်…"

ကျန်းလန်ကလည်း ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်၏။

လူရွယ်က ခေါင်းညိတ်လိုက်ရင်း…

"ဒါဖြင့်လည်း သာမန်သေရည်ပဲပေးပါ…"

အစားအသောက်များမှာပြီးသည်နှင့် လူရွယ်နှင့် အမျိုးသမီးက ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြပြီး စစ်ဗိုလ်ချုပ်လူငယ်ကတော့ သူတို့ဘေးနားတွင် မတ်တတ်ရပ်နေလေသည်။

ကျန်းလန်က သေရည်တစ်အိုးနှင့် မြေပဲများ စားပွဲပေါ်သို့ လာချပေးလိုက်သည်။

ဖွယ်ဖွယ်ရာရာ ဟင်းလျာများ လာချပေးခြင်းမဟုတ်ဘဲ မြေပဲများသာ လာချပေးသဖြင့် ဧည့်သည်များ မျက်မှောင်ကြုတ်လိုက်မိကြသည်။

လူရွယ်၏ အမည်က ကျိုးပေါ်ဖြစ်ပြီး ဂုဏ်သရေရှိ အသိုင်းအဝိုင်းမှ လူရွယ်တစ်ယောက်ဖြစ်သည်။ အမျိုးသမီးကတော့ ကျိုးပေါ်၏ ဇနီးမယား ကျိုးသခင်မ ဖြစ်၏။

မြေပဲများကိုကြည့်ပြီး ကျိုးသခင်မက ကျန်းလန်ကို တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သည်။

သို့သော် ကျိုးပေါ်က သူမလက်ကို အသာဆုပ်ကိုင်ရင်း "ဘာမှမဖြစ်ဘူး ၊ မပြောနဲ့…" ဆိုသည့်အဓိပ္ပါယ်ဖြင့် တားဆီးလိုက်သည်။

ထို့ကြောင့် ကျိုးသခင်မက မည်သည့်စကားမှ မပြောတော့ပေ။

သူတို့နောက်မှ စစ်ဗိုလ်ချုပ်ကတော့ မြေပဲများကိုကြည့်ရင်း ဆိုင်ရှင်၏ လုပ်ရပ်က လွန်လွန်းသည်ဟု ခံစားနေရသည်။

အစားအသောက်များ ချပေးပြီးနောက် ကျန်းလန်က သူတို့ကို အရေးမစိုက်တော့ပေ။ ကောင်တာနောက်တွင်သာ တိတ်ဆိတ်စွာ မတ်တတ်ရပ်လျှက်ရှိ၏။

ကျန်းလန် မျက်လုံးများကို အသာမှိတ်လိုက်သည်။

ထိုအခါ သူ၏ စိတ်ဝိညာဉ် သေရည်ဆိုင်တစ်ခုအတွင်းသို့ ရောက်ရှိသွာသည်။ ထိုသေရည်ဆိုင်က လက်ရှိသေရည်ဆိုင်နှင့် ပုံသဏ္ဍန်တူညီသော်လည်း နာမ်ဝိညာဉ်သေရည်ဆိုင်ဖြစ်ဟန် တူသည်။

ကျန်းလန်မှလွဲပြီး သေရည်ဆိုင်ထဲတွင် မည်သူမှ ရှိမနေပေ။

ကျန်းလန်က စပ်စုကြည့်ချင်သော်လည်း လောလောဆယ် ဧည့်သည်များရှိနေသည့်အတွက် မည်သည့်အရာကိုမှ စပ်စုကြည့်၍ မရပေ။

ရှောင်ယွိပြန်လာမှသာ စမ်းသပ်ကြည့်ရပေလိမ့်မည်။

"ရှပ်… ရှပ်…"

ထိုစဉ် အပြင်ဘက်မှ လူငယ်တစ်ယောက် ဆိုင်ထဲသို့ အပြေးအလွှားဝင်ရောက်လာသည်။

ထိုလူငယ်မှာ အရင်နေ့က သေရည်ဆိုင်တွင် အကောင်းစားသေရည် လာရောက်ဝယ်ယူသည့် ကျိုးစူး ဖြစ်၏။

ကျိုးစူးက သေရည်ဆိုင်ထဲရောက်သည်နှင့် ကျိုးပေါ်နှင့် ကျိုးသခင်မအနားသို့ တန်းသွားလိုက်ပြီး…

"အဖေ… အမေ…"

ဟု ဝမ်းသာအားရဖြင့် နှုတ်ဆက်လိုက်သည်။

သားဖြစ်သူကို တွေ့ရသည့်အခါ မိဘနှစ်ပါးကလည်း ဝမ်းသာပျော်ရွှင်သွားဟန် ရှိသည်။

ကျိုးသခင်မက…

"သားလေး… အရမ်းထွားလာတာပဲ… လာ… အမေ့အနားလာပါဦး…"

ကျန်းလန်က သူ့မျက်စိရှေ့မှ မြင်ကွင်းကို အေးအေးဆေးဆေးပင် ကြည့်နေခဲ့သည်။

သို့သော် ဤမြင်ကွင်းက သူ့အတိတ်ဘဝအကြောင်းအရာများကို ပြန်လည် အမှတ်ရစေသည်။

မိဘများက ကျိုးစူးကို ခွန်လွန်တောင်မှ အကြောင်းအရာများကို ဝိုင်းဝန်းမေးမြန်းနေကြသည်။

သူတို့က ကျိုးစူးရှိရာသို့ လာရောက်လည်ပတ်ကြသော်လည်း ခွန်လွန်တောင်သို့ ဝင်ခွင့်မရသောကြောင့် သားဖြစ်သူနှင့်တွေ့ဆုံရန် တောင်ခြေတွင်စောင့်နေခဲ့ရခြင်း ဖြစ်သည်။

သာမန်လူများအနေဖြင့် အကြောင်းပြချက် မခိုင်လုံဘဲ ခွန်လွန်တောင်သို့ ဝင်ရောက်ခွင့် မရှိကြပေ။

ထိုအချက်ကို ကျန်းလန်ကတော့ ထိုအချက်ကို သိပ်ပြီး သဘောမတူချင်ပေ။

သာမန်တပည့်များကြားတွင်ပင် သူလျှို့များရှိနေလေရာ ခွန်လွန်တောင်က ထင်သလောက် လုံခြုံသည့်နေရာတစ်ခု မဟုတ်ပေ။

ထို့ကြောင့် သားသမီးများကို တွေ့ချင်သည့် မိဘများလာရောက်လည်ပတ်ကြလျှင် လက်ခံပေးသင့်သည်ဟု ကျန်းလန်က ယူဆမိသည်။

ဖုန်းကျီ၏စကားအရဆိုလျှင်တော့ တပည့်ရင်းများနှင့် ဆက်ခံသူတပည့်များရွေးခြယ်ရာတွင် ခွန်လွန်တောင်က အတော်လေး စည်းကမ်းတင်းကျပ်သည်ဟု ဆိုသည်။

အတန်ကြာသည့်အခါ ဆိုင်ထဲဝင်လာသည့် နောက်ထပ်ခြေသံတစ်သံကို ကြားလိုက်ရပြန်၏။

ကျန်းလန် စိတ်ရှုတ်ထွေးသွားပြီး ဝင်ရောက်လာသူကို လှမ်းကြည့်လိုက်သည်။

ဆိုင်ထဲဝင်လာသူ၏မျက်နှာက သုန်မှုံလျှက် ရှိသည်။ သို့သော် ထိုသူသည်ကား ယမန်နေ့က ဆိုင်တွင် သေရည်သောက်ရန် ရောက်လာသည့် နဂါးကြီး ဖြစ်လေ၏။

ယခုတစ်ကြိမ်မှာတော့ နဂါးကြီးက နဂါးဦးချိုကို ထုတ်ဖော်ပြသထားခြင်းမရှိပေ။ သာမန်လူသားတစ်ယောက်အလား သိုသိုသိပ်သိပ်ပုံစံဖြင့် သူ့ကိုယ်သူ နဂါးတစ်ကောင်ဖြစ်ကြောင်းကို ဖုံးကွယ်ထားသည်။

လုန်ရဲ့က ကျန်းလန်ရှိရာ ဆိုင်ကောင်တာသို့ တန်းတန်းမတ်မတ်လမ်းလျှောက်လာပြီး သစ်သားအကြမ်းပန်းကန်လေးတစ်လုံးကို လှမ်းပေးလိုက်သည်။

"ကျုပ်ကို အကောင်းစားသေရည်နဲ့ အသားပေးစမ်း…"

ကျန်းလန်က သစ်သားအကြမ်းပန်းကန်လေးကို လှမ်းယူလိုက်သည်။

သစ်သားပန်းကန်လေးက အကောင်းစားသေရည် ကြိုတင်မှာယူထားသည့် သက်သေခံလက်မှတ်ဖြစ်၏။

"လက်စသတ်တော့ လုန်ရဲ့ဆိုတာ ဒီနဂါးကိုး…"

ကျန်းလန် သဘောပေါက်သွားသည်။

အကောင်းစားသေရည် ကြိုတင်မှာယူထားသည့် လုန်ရဲ့ဆိုသူက အမှန်တကယ်ပင် နဂါးမျိုးနွယ် ဖြစ်နေခဲ့၏။

ကျန်းလန် ချက်ချင်းပင် အသားခြောက်များနှင့် အကောင်းစားသေရည်အိုးကို လုန်ရဲ့၏ စားပွဲပေါ်သို့ ချပေးလိုက်သည်။

သူ၏ အပြုအမူကြောင့် ကျိုးပေါ်တို့အုပ်စု အတော်လေး အံ့အားသင့်သွားကြသည်။

သူတို့ကိုတော့ သေရည်ဆိုင်ပိုင်ရှင်ပြန်လာမှ အကောင်းစားသေရည်ရရှိမည်ဟု ပြောဆိုထားပြီး ယခုဝင်လာသူကိုတော့ အဘယ့်ကြောင့် အကောင်းစားသေရည် ချပေးရပါသနည်း။

သူတို့က ခွန်လွန်တောင်ကမဟုတ်ဘဲ အပြင်လူများဖြစ်သည့်အတွက် ခွဲခြားဆက်ဆံခံရခြင်းများလား။

ဒါမှမဟုတ် အကောင်းစားသေရည်ရရှိရန် ဆိုင်ထိုင်သည့်လူငယ်ကို လာဘ်ထိုးရန်များ လိုအပ်လေသလား။

သို့သော် ကျိုးပေါ်က ချက်ချင်းမေးမြန်းရန် မဆုံးဖြတ်သေးပေ။ နောက်မှ ကောင်တာသို့ သွားမေးရန် စဉ်းစားထားသည်။

ထိုစဉ်…

"ဂွမ်း…"

သေရည်အိုး ကွဲသွားသည့်အသံက ထွက်ပေါ်လာ၏။

ထိုအသံကြားသည်နှင့် ကျန်းလန် ရင်ထဲမှ သက်ပြင်းချလိုက်မိသည်။

လုပ်ပြန်ပြီလားဟ…။

နဂါးဒေါသနဲ့ပဲ သူဘာလို့ အမြဲတမ်း ရင်ဆိုင်နေရပါလိမ့်။

ကျန်းလန် လှမ်းကြည့်လိုက်စဉ်မှာပင် လုန်ရဲ့၏ ဒေါသတကြီး အော်ဟစ်သံကြီးက ထွက်ပေါ်လာသည်။

"သေရည်အိုးကလည်း သေးလိုက်တာ… ၊ တစ်ငုံပဲ သောက်ရသေးတယ် ကုန်သွားပြီ… ၊ မင်းက သေရည်ရောင်းတာကို ခွေးစာကျွေးတယ် ထင်နေသလား…"

ကျန်းလန် စိတ်ညစ်သွားသည်။

"ဒါတော့ ငါလည်း ဘယ်တတ်နိုင်မလဲ…"

ဟု တွေးလိုက်၏။

"နောက်တစ်အိုး… ဆိုင်အနောက်ဘက်ကနေ အကောင်းစားသေရည် နောက်တစ်အိုး သွားယူပေးစမ်း…"

လုန်ရဲ့၏ အသံသြသြကြီးက ကျန်းလန်၏ နားထဲသို့ ဝင်ရောက်လာသည်။

ကျန်းလန်က နဂါးကြီး၏တောင်းဆိုချက်ကို  ငြင်းဆန်ခြင်း မပြုပေ။

"အကြီးအကဲ… ခဏလောက်စောင့်ပါ…"

ကျန်းလန်က ထိုသူပြောသမျှ နာခံနေသည်ကိုတွေ့ရသည့်အခါ ကျိုးပေါ် အနည်းငယ် အံ့အားသင့်သွားသည်။

ဆိုင်ထိုင်သည့်လူငယ်က တကယ်ပဲ သူတို့ကို အထင်အမြင်သေးပြီး တစ်ဖက်လူကိုတော့ တလေးတစား ဆက်ဆံနေခြင်းများလား။

ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ ကျိုးပေါ်က အကောင်းစားသေရည်တစ်အိုးမှာရန် ဟန်ပြင်လိုက်သည်။

သို့သော် ကျိုးစူးက ဖခင်ဖြစ်သူကို တိတ်တိတ်နေဆိုသည့် အမူအရာ လုပ်ပြလိုက်သည်။ ထို့ကြောင့် အကောင်းစားသေရည်မှာယူမည့်အစီအစဉ်ကို ကျိုးပေါ် လက်လျှော့လိုက်တော့၏။

ဤနေရာက ခွန်လွန်တောင် နယ်နိမိတ်ဖြစ်သောကြောင့် ပြဿနာမရှာဝံ့သည့်တိုင် အခြေအနေများကိုတော့ သိချင်နေမိသည်။

သူတို့က ရာထူးဂုဏ်ပကာသန မြင့်မားသူများ ဖြစ်ကြလေရာ ဆိုင်ထိုင်သည့်လူငယ်က သူတို့ကို အထင်အမြင်သေးသည်ဟု ခံစားနေရသည့် ခံစားချက်က အတော်လေး စိတ်မသက်မသာ ဖြစ်စေသည်။

"ဘန်း…"

ကျိုးပေါ်နှင့်ကျိုးသခင်မ၏စိတ်ထဲ မကျေမနပ်ဖြစ်နေကြစဉ်မှာပင် ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။

ကျန်းလန် တိုက်ခိုက်ခံလိုက်ရပြီး ကောင်တာဆီသို့ လွင့်ထွက်လာသည်ကို တွေ့မြင်လိုက်ကြရ၏။

ကျန်းလန်မှာ ဒဏ်ရာရသွားပြီး နှုတ်ခမ်းထောင့်မှ သွေးများပင် စီးကျနေသည်။

ထို့နောက် ထူးဆန်းသည့် သတ္တဝါတစ်ကောင် ခပ်တည်တည်ဖြင့် ဆိုင်ထဲသို့ ဝင်လာသည်ကို တွေ့လိုက်ကြရသည်။

ထိုသတ္တဝါက မည်သည့်စကားမှမပြောဘဲ လုန်ရဲ့ကို တံတွေးဖြင့် လှမ်းထွေးလိုက်သည်။

သို့သော် တစ်ခါခံဖူးထားရပြီဖြစ်သော လုန်ရဲ့က ချက်ချင်းပင် အသားခြောက်များထည့်ထားသည့်ပန်းကန်ပြားဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

"သားရဲစုတ်… အရင်တစ်ခေါက်ကလုပ်ရပ်အတိုင်း လုပ်လို့ရမယ်များ ထင်နေသလား…"

သို့သော်…

"ဝေါ့…"

ဖီရှိုးသတ္တဝါက လုန်ရဲ့ကို တံတွေးဖြင့် ထွေးမရသည့်အခါ လုန်ယွိကိုယ်ပေါ်သို့ အန်ချလိုက်သည်။

လုန်ရဲ့တစ်ကိုယ်လုံး အန်ဖတ်များဖြင့် ပေကျံကုန်၏။

"ဘုန်း…"

လုန်ရဲ့ စားပွဲကို လက်သီးဖြင့် ထုချလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

"ဆိုးယုတ်တဲ့အကောင်… မင်းကို ဒီနေ့ အရေခွံစုတ်ပစ်မယ်ကွ…"

"ဂရား…"

လုန်ရဲ့က မိုးမြေတစ်ခုလုံး တုန်လှုပ်သွားစေသည့် ဟိန်းသံကြီးတစ်သံပြုလုပ်လိုက်သည်။

ဖီရှိုးသတ္တဝါကလည်း လျှင်မြန်လွန်းသည်။ ချက်ချင်းပင် ဆိုင်အပြင်သို့ ပြေးထွက်သွား၏။

ထို့နောက် ပြင်းထန်သည့် လေပြင်းတိုက်သံများ ထွက်ပေါ်လာပြီး လုန်ရဲ့က နဂါးကြီးအသွင်ပြောင်းလဲသွားကာ ဖီရှိုးသတ္တဝါနောက်သို့ လိုက်ပါသွားလေတော့သည်။

သေရည်ဆိုင်တစ်ခုလုံး ရှုတ်ပွပျက်စီးလျှက် ကျန်ရစ်ခဲ့သည်။

ကျိုးပေါ်နှင့် အခြားသူများမှာ မြင်ကွင်းကိုကြည့်ပြီး ချွေးစေးများပင် ပျံလာကာ ရင်တုန်ပန်းတုန်ဖြစ်လျှက် ရှိကြသည်။

ဤနေရာမှာပင် အသက်ပျောက်တော့မည်လားဟု သူတို့အားလုံး ခံစားနေကြရသည်။

"ဒါက… ဒါက နဂါးတစ်ကောင်လား…"

သူတို့ သတိပြန်ဝင်လာချိန်တွင် ကျန်းလန်က အေးအေးဆေးဆေးပင် ဆိုင်ကို သန့်ရှင်းရေးလုပ်နေသည်ကို တွေ့လိုက်ကြရ၏။

သို့သော် ကျိုးပေါ်နှင့်အခြားသူများက အကောင်းစားသေရည်အကြောင်း ကျန်းလန်ကို မေးမြန်းကြည့်ရန် စိတ်ပင်မကူးဝံ့ကြတော့ပေ။

ကျန်းလန်ကိုလည်း အနည်းငယ်ပင် မလေးမစား မလုပ်ရဲကြတော့ပေ။

ဤသေရည်ဆိုင်က သူတို့ထင်သလောက် ရိုးရှင်းခြင်းမရှိသည့် နေရာတစ်ခု ဖြစ်သည်။

လုန်ရဲ့ကတော့ ဖီရှိုးသတ္တဝါနောက်သို့ အလျှင်အမြန်လိုက်သွားလေရာ နောက်တစ်နေ့အတွက်ပင် အကောင်းစားသေရည်မှာသွားနိုင်ခြင်း မရှိတော့ပေ။

သဘက်ခါမှသာ ကျန်းလန်အနေဖြင့် လုန်ရဲ့နှင့် တွေ့ကောင်းတွေ့ရပေလိမ့်မည်။

သို့သော် လုန်ရဲ့နှင့်တွေ့တိုင်း သူ့မှာ ဒဏ်ရာရရစမြဲ ဖြစ်သည်။

လုန်ရဲ့နှင့် တွေ့ဆုံရသည့် အတွေ့အကြုံက ယခင် ခွန်လွန်တောင်ပြင်ပသို့ထွက်တိုင်း ကြုံတွေ့ရသည့်အတွေ့အကြုံများထက် ပိုမိုအန္တရယ်ကြီးမားသည်။

ယခင်ကဆိုလျှင် သူနှင့်ကျင့်ကြံခြင်းအဆင့်တူသည့် ရန်သူများနှင့်သာ ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းလန်က ရန်သူများအားလုံးကို ကိစ္စတုံးသတ်ဖြတ်ပစ်နိုင်ခဲ့သည်။

သို့သော် ယခုရင်ဆိုင်နေရသည်က တကယ့် နဂါးအစစ်တစ်ကောင်ဖြစ်၏။

ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည့်တစ်ချိန်တွင် ကျန်းလန် အနေဖြင့် နဂါးတစ်ကောင်ကိုလည်း လက်သီးတစ်ချက်ဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။

လက်ရှိတွင်တော့ သူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်ပါးနေသေးသည်။

"အင်မော်တယ် မြန်မြန်ဖြစ်အောင်လုပ်မှ ဖြစ်မယ်…"

ကျန်းလန် တွေးလိုက်သည်။

လူသားအင်မော်တယ်အဆင့်ဆိုလျှင်ပင် နဂါးတစ်ကောင်ကို သေချာပေါက် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ကျန်းလန် ဆိုင်သန့်ရှင်းလုပ်နေဆဲမှာပင် ရှောင်ယွိ ပြန်ရောက်လာလေ၏။

ပြန်ရောက်လာသည်နှင့် သူမက မည်သည့်အရာကိုမှ အရေးမစိုက်ဘဲ ကောင်တာနောက်ရှိ ခုံပုလေးပေါ်သို့ တက်လိုက်ပြီး စာရင်းစာအုပ်ကို ချက်ချင်းလှန်ကြည့်လိုက်လေသည်။

သူမကိုကြည့်ရသည်မှာ မနေ့ကပင် ဤအချိန်ကို စောင့်ဆိုင်းနေဟန် ရှိလေတော့၏။

All Chapters