ရှောင်ယွိအံ့အားသင့်သွားခြင်း
Vol. 9 Ch. 120
အခန်း (၁၂၀) ရှောင်ယွိအံ့အားသင့်သွားခြင်း
စာရင်းစာအုပ်ကိုကြည့်ပြီးနောက် ရှောင်ယွိ အားပြတ်သွားသလို ခံစားလိုက်ရသည်။
ထို့နောက် သူမ မည်သည့်စကားမှ မပြောတော့ဘဲ ထိုင်ခုံပုလေးပေါ်တွင် မတ်တတ်ရပ်ရင်း ဆိုင်ရှင်ပြန်လာသည့် အချိန်ကိုသာ စောင့်မျှော်နေလေတော့၏။
ရှောင်ယွိ အဘယ့်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်ကို မသိသောကြောင့် ကျန်းလန်လည်း စိတ်များ ရှုတ်ထွေးသွားသည်။
သို့သော် ယခု ရှောင်ယွိ ပြန်ရောက်လာပြီဖြစ်လေရာသူ နာမ်ဝိညာဉ်သေရည်ဆိုင်ထဲသို့ ဝင်ရောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းလန် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး သူ၏ စိတ်ဝိညာဉ်က နာမ်ဝိညာဉ်သေရည်ဆိုင်ထဲသို့ ရောက်ရှိသွားသည်။
ဆိုင်ထဲတွင် လူတစ်ယောက်မှ မရှိပေ။
ကျန်းလန်တစ်ယောက်တည်းသာ ကောင်တာတွင် ရပ်နေလေသည်။
သို့သော် တကယ့်အစစ်အမှန်ဆိုင်ထဲတွင် ရှိနေသူများ၏ စိတ်ဝိညာဉ်များကို ကျန်းလန် အာရုံခံ၍ ရနေသည်။ ထိုသူများ၏ စိတ်ခံစားချက်များကိုလည်း ကျန်းလန် အကြမ်းဖျင်း ခံစား၍ ရနေသည်။
ဥပမာဆိုရသော် စိတ်ဓာတ်အနည်းငယ်ကျနေဟန်ရှိသော သူ့ဘေးနားမှ ရှောင်ယွိ၏ စိတ်ဝိညာဉ် ဖြစ်၏။
"သိပြီ…"
ကျန်းလန် တွေးလိုက်သည်။
သေရည်ဆိုင်ပိုင်ရှင်အဘိုးအို သူ့စိတ်ထဲသို့ မည်သို့ဝင်ရောက်လာသည်ကို ကျန်းလန် နားလည်သွားပြီ ဖြစ်သည်။
သို့သော် နာမ်ဝိညာဉ်သေရည်ဆိုင်မှတစ်ဆင့် အခြားသူများ၏ စိတ်အာရုံထဲကို ဝင်ရောက်နိုင်ခြင်းမှာ သေရည်ဆိုင်ပိုင်ရှင် မည်မျှ အံ့သြစရာဖြစ်ကြေင်းပြသနေပေသည်။
သို့သော် ထိုသို့ပြုလုပ်ရန်အတွက် စိတ်စွမ်းအား အလွန်အမင်း ကောင်းမွန်ရန်တော့ လိုအပ်သည်။
အခြေအနေများကို နားလည်သွားပြီးနောက် နာမ်ဝိညာဉ်သေရည်ဆိုင်၏ အချိန်ကာလဖြစ်တည်မှုအတွင်းမှ ကျန်းလန် ပြန်လည်ထွက်ခွာလာခဲ့သည်။
ထို့နောက် ကျန်းလန် နံဘေးမှ ရှောင်ယွိကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ရှောင်ယွိ စောစောကလောက် မျက်နှာပျက်ခြင်း မရှိတော့ပေ။ သူမပုံစံက အနည်းငယ် တည်တည်ငြိမ်ငြိမ် ဖြစ်နေပေပြီ။
မကြာမီ ဆိုင်ရှင်ပြန်ရောက်လာလေရာ ကျန်းလန်နှင့် ရှောင်ယွိလည်း တောင်ပေါ်သို့ ပြန်လာခဲ့ကြသည်။
တောင်ပေါ်ပြန်ရောက်သည်နှင့် ကျန်းလန်က တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို စားလိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။
တာအိုနားလည်ခြင်းလက်ဖက်ခြောက်က သက်ရောက်မှုကောင်းမွန်သော်လည်း သာမန် မန္တန်များ ၊ ကျင့်စဉ်များကို ကျင့်ကြံရာတွင် အသုံးပြုမည်ဆိုလျှင် နှမျောစရာ ဖြစ်သည်။
လောလောဆယ်တွင် လက်ဖက်ခြောက်က (၇)ကြိမ် သောက်ခန့် ပမာဏ ကျန်ရှိနေသေးသည်။
သူ့အနေဖြင့် အန္တရယ်ကိုးသွယ်စွမ်းအား သို့မဟုတ် အခြားအရေးကြီးသည့်ကျင့်စဉ်များ ကျင့်ကြံသည့်အချိန်တွင် အသုံးပြုရန် လက်ဖက်ခြောက်ကို ချန်ထားရန် ဆုံးဖြတ်လိုက်သည်။
နောက်ရက်များတွင်တော့ ကျန်းလန်က ပုံမှန်အတိုင်း သေရည်ဆိုင်သို့ အလုပ်သွားလိုက် ၊ တောင်ပေါ်ပြန်ကာ ကျင့်ကြံလိုက်ဖြင့် ဘဝက နေသားတကျ ရှိနေခဲ့သည်။
မည်သည့်ပြောင်းလဲမှု ကြီးကြီးမားမားမှ မဖြစ်ခဲ့သလို အန္တရယ်များနှင့် ရင်ဆိုင်ရခြင်းလည်း မရှိပေ။
သို့သော် ရှောင်ယွိကတော့ ပြောင်းလဲလာလေသည်။ သူမကိုကြည့်ရသည်မှာ တစ်နေ့တခြား စိတ်အခြေအနေ ဆိုးရွားလာဟန် ရှိသည်။
ဆိုင်ရှင်ကလည်း သူတို့ကို ဖမ်းခိုင်းသည့် ပုဇဉ်းရင်ကွဲအရေအတွက်က တစ်နေ့တခြား များပြားလာသည်။
ကျန်းလန် ပုဇဉ်းရင်ကွဲဖမ်းရန် ထွက်ခွာသွားတိုင်း တောလမ်းတစ်လျှောက်တွင် ရှောင်ယွိ တိုက်ခိုက်ထားသည့် တိုက်ပွဲသဲလွန်စများကို တွေ့ရှိရသည်။
တိုက်ပွဲသဲလွန်စများကို ကြည့်သည်နှင့် ရှောင်ယွိက တိုက်ပွဲကို အမြန်အဆုံးသတ်ရန် အလျှင်စလိုတိုက်ခိုက်ထားကြောင်း ခန့်မှန်းမိနိုင်သည်။
ရှောင်ယွိ အဘယ့်ကြောင့် ထိုသို့ပြုလုပ်ရသည်လဲ ကျန်းလန် နားမလည်နိုင်သေးပေ။
သို့သော် သူ ရေခဲပုဇဉ်းရင်ကွဲဖမ်းပြီး ပြန်လာတိုင်း ရှောင်ယွိက စာရင်းစာအုပ်ထဲတွင် စာများရေးသားထားသည်ကို တွေ့ရစမြဲ ဖြစ်သည်။
သေရည်ပန်းကန်အနည်းငယ် ၊ အကြမ်းပန်းကန်အနည်းငယ် ၊ ရေနွေးကြမ်းအိုးအနည်းငယ်… စသည်ဖြင့် ကျကွဲသည့် ပစ္စည်းများကို မှတ်တမ်းတင်ထားခြင်း ဖြစ်၏။
လုန်ရဲ့ကတော့ ဤရက်ပိုင်းအတွင်း သေရည်ဆိုင်သို့ ရောက်မလာတော့ပေ။
ထို့အတူ ဖီရှိုးသတ္တဝါသည်လည်း သေရည်ဆိုင်သို့ ပြန်လာခြင်း မရှိပေ။ ထိုသတ္တဝါ ပြန်မှ လာပါဦးမည်လားဟု ကျန်းလန် စိတ်ပူနေမိသည်။
သေရည်ဆိုင်ပိုင်ရှင်ကတော့ ထိုအကြောင်းများကို မေးမြန်းခြင်း မရှိပေ။
ထိုသို့ဖြင့် သာယာသည့် နေ့ရက်တစ်နေ့တွင်တော့ အန္တရယ်ကိုးသွယ်စွမ်းအားကို စတင်ကျင့်ကြံရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။
ယနေ့ည သေရည်ဆိုင်မှပြန်လျှင် အန္တရယ်ကိုးသွယ်စွမ်းအားကို စတင်စမ်းသပ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
ကျင့်ကြံအောင်မြင်လျှင်တော့ အကောင်းဆုံး ဖြစ်သည်။ မအောင်မြင်လျှင်လည်း ပြဿနာ မရှိပေ။
ကျင့်ကြံခြင်းတွင် တစ်ဆင့်ချင်းသွားသည်က ပိုမိုကောင်းမွန်လေသည်။ မဟုတ်ပါက စိတ်ရှုတ်ထွေးစေပြီး အချိန်ဖြုန်းသလိုသာ ဖြစ်ပေလိမ့်မည်။
ရာသီဥတု သာယာသောကြောင့် ကျန်းလန် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ခြံဝန်းအနောက်ဘက်တွင် နေဆာလှုံပေးရန် ယူဆောင်လာသည်။
မည်သည့်ပြေင်းလဲမှုမှ ဖြစ်ပေါ်မလာသည့်တိုင် ရေသဖန်းပင်လေးက သူနှင့် ဆယ်စုနှစ်များစွာ အတူတူရှိနေခဲ့ပြီး သားရဲဥလေးကတော့ နှစ်ပေါင်းရာချီပြီး အတူတူ ရှိနေခဲ့လေသည်။
သူတို့က ကျန်းလန်အတွက် ငယ်သူငယ်ချင်းများပမာ ဖြစ်နေခဲ့ပြီ ဖြစ်၏။
မည်သူကအရင် အသက်ဓာတ်စွမ်းအားများ ဆုံးရှုံးသွားမည်ကိုတော့ ကျန်းလန် မသိရှိပေ။ သူတို့ထက်အရင် သူ အရင်ဆုံး ကြွသွားမည်ကိုတော့ ကျန်းလန် မလိုလားပေ။
ကျန်းလန်က သူတို့အပေါ်သို့ ဝိညာဉ်ဆေးရည်များလောင်းချပေးလိုက်ပြီးနောက် အတ္တကြေးမုံမှန်ဖြင့် တိုက်ခိုက်ရေးလေ့ကျင့်လိုက်သည်။
ထုံးစံအတိုင်း အတ္တကြေးမုံကို အရှုံးပေးလိုက်ရပြန်၏။
ထို့နောက် အချိန်အနည်းငယ်ပိုနေသောကြောင့် နဝမတေင်ထွတ် ရင်ပြင်ထက်တွင် အစီအရင်အရံအတား အနည်းငယ်ကို ထပ်မံထည့်သွင်းလိုက်သည်။
ပြီးမှ တောင်ခြေရှိ သေရည်ဆိုင်သို့ ထွက်ခွာလာခဲ့သည်။
ယခုနှစ်များအတွင်း ကျန်းလန် အစီအရင်ပညာများကို တတ်အားသမျှ လေ့လာနေခဲ့သည်။
နဝမတောင်ထွတ်ရင်ပြင်တွင် အစီအရင်များ ထပ်မံထည့်သွင်းနိုင်ရန် ဖြစ်သည်။
တစ်နေ့တွင်တော့ နဝမတောင်ထွတ်တစ်ခုလုံးတွင် သူပြုလုပ်ခဲ့သည့် အစီအရင်များ ၊ အရံအတားများ ၊ အင်းသင်္ကေတများက ထာဝရ ကျန်ရှိနေပေလိမ့်မည်။
"မင်းတို့တွေ ဒီနေ့ ရေခဲပုဇဉ်းရင်ကွဲသွားဖမ်းစရာမလိုဘူး ၊ ပြီးတော့ ဆိုင်မှာလည်း အကောင်းစားသေရည်မှာတဲ့သူတွေ ရောက်လာရင် လက်ခံစရာ မလိုဘူး…"
သေရည်ဆိုင်သို့ရောက်သည်နှင့် ဆိုင်ရှင်အဘိုးအိုက ကျန်းလန်နှင့် ရှောင်ယွိကို ခါတိုင်းနှင့်မတူသည့် ထူးထူးခြားခြားစကားကို ပြောလေ၏။
ကျန်းလန်က…
"အဘိုး… ဒီနေ့ အပြန်နောက်ကျမှာမို့လို့လား…"
"အင်း… ညနေလောက်မှ ပြန်ရောက်မယ် ၊ ပြန်လာချင်မှလည်း ပြန်လာမယ်…"
ဆိုင်ရှင်အဘိုးအိုက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်ပြီး ခြင်းတောင်းတစ်လုံးကို ကျောထက်တွင်လွယ်ကာ ထွက်ခွာသွားလေတော့သည်။
သေရည်ဆိုင်ပိုင်ရှင်က နံနက်တိုင်း အပြင်သို့ သွားလေ့ရှိသည်။
သို့သော် ဆိုင်ရှင်မည်သည့်နေရာသို့ သွားသည်ကို ကျန်းလန်နှင့် ရှောင်ယွိတို့က တစ်ခါမှ မေးမြန်းခဲ့ကြခြင်း မရှိပေ။ ဆိုင်ရှင်မည်သည့်နေရာသို့သွားသည်ကို သိရှိခြင်းလည်း မရှိပေ။
ကျန်းလန်ကတော့ များများသိလေ များများ ပြဿနာတက်လေဟု ခံယူထားသည်။ မသိသင့်သည့်အရာများကို မသိသည်က အကောင်းဆုံး ဖြစ်သည်။
ရှောင်ယွိကလည်း ဆိုင်ရှင်အဘိုးအိုကို မေးမြန်းရန် ရည်ရွယ်ချက် မရှိပေ။ တစ်ဖက်လူက မပြောချင်သည့်ကိစ္စများကို သူမက အတင်းမေးမြန်းရန် ဆန္ဒမရှိပေ။
သို့သော် ဤရက်ပိုင်း သူမ အနည်းငယ် စိတ်ဓာတ်ကျနေမိသည်။
ရေခဲပုဇဉ်းရင်ကွဲ စတင်ဖမ်းဆီးချိန်မှ အစပြုပြီး သူမ ဆိုင်စောင့်ရန် အလှည့်ကျသည့်နေ့တိုင်း ပစ္စည်းများ တစ်ခုပြီးတစ်ခု ကျကွဲနေတတ်သည်။
သူမက ပြုတ်ကျသည့်ပစ္စည်းများကို စာရင်းစာအုပ်ထဲတွင် မှတ်တမ်းတင်ထားလေ့ရှိသည်။
ဤသေရည်ဆိုင်က ဤသို့ပင် ပစ္စည်းများကျကွဲတတ်သည့်နေရာဖြစ်မည်ဟု သူမ တွေးလိုက်မိသည်။
သို့သော် နောက်တစ်နေ့ သူမ ရေခဲပုဇဉ်းရင်ကွဲဖမ်းပြီး ပြန်လာသည့်အခါ ကျန်းလန်ကတော့ မည်သည့် ပန်းကန်ခွက်ယောက်များ ၊ သေရည်အိုးများကိုမှ ကျကွဲထားခြင်းမရှိကြောင်း သူမ သတိပြုလိုက်မိသည်။
ပစ္စည်းအကွဲများကို ကျန်းလန်က သန့်ရှင်းရေးလုပ်လိုက်သည့်အတွက် သူမ မတွေမြင်ရခြင်းလား။ သို့တည်းမဟုတ် ကျန်းလန်က သူမကဲ့သို့ စာရင်းစာအုပ်တွင် ပစ္စည်းကျကွဲသည့်အကြောင်း မှတ်တမ်းတင်လေ့မရှိသဖြင့် သူမ မသိရှိရခြင်းများလားဟု ရှောင်ယွိ တွေးကြည့်မိသည်။
သူမ ပစ္စည်းများကို တစ်ခုချင်းရေတွက်စစ်ဆေးကြည့်သော်လည်း ပျောက်ဆုံးနေသည့်ပစ္စည်းများကို တွေ့ရှိရခြင်း မရှိပေ။
ထို့ကြောင့် ကျန်းလန် သေရည်ဆိုင်စောင့်နေချိန်တွင် မည်သည့်ပစ္စည်းမှ ကျကွဲခြင်းမရှိကြောင်း သူမ ရိပ်မိလိုက်သည်။
သို့မဟုတ် ကျန်းလန်က ကျကွဲသည့် ပစ္စည်းများနေရာတွင် ပစ္စည်းအသစ်များဝယ်ယူပြီး အစားထိုးထားခဲ့သည်လားဟု သူမ တွေးမိသည်။
(၃)ရက်မြောက်နေ့ရောက်သည့်အခါ သူမ ဆိုင်စောင့်စဉ်တွင် ပစ္စည်းများက တစ်ခုပြီးတစ်ခု ကျကွဲနေဆဲ ဖြစ်၏။
သူမက ချက်ချင်းပင် ပြုတ်ကျနိုင်သည့် အနေအထားရှိသော အကြမ်းပန်းကန်များ ၊ ပန်းကန်ပြားများ ၊ သေရည်အိုးများ စသည်များကို လိုက်လံ စစ်ဆေးခဲ့သည်။
ပြုတ်ကျနိုင်ချေရှိသည့် ပစ္စည်းပစ္စယများကို သူမက သေသေချာချာ နေရာချထားပေးခဲ့သည်။ သို့သော် ပစ္စည်းများက ပုံမှန်အတိုင်း ကျကွဲနေဆဲပင်။
(၄)ရက်မြောက်နေ့တွင်တော့ ကျန်းလန်က ကျကွဲသည့် ပစ္စည်းများနေရာတွင် ပစ္စည်းအသစ်များဖြင့် အစားထိုးထားခြင်း ရှိ မရှိ သူမ စစ်ဆေးကြည့်ခဲ့သည်။
သို့သော် ကျန်းလန်က အကြမ်းပန်းကန်လေးတစ်လုံးကိုပင် ခွဲခဲ့ခြင်း မရှိကြေင်း သူမ သိရှိလိုက်ရသည်။
ဤသေရည်ဆိုင်က ကျန်းလန်ကို မျက်နှာသာပေးပြီး သူမကိုတာ့ ကြိုဆိုခြင်းမရှိဟု ခွဲခြားဆက်ဆံခံရသလို ရှောင်ယွိ ခံစားနေရတော့၏။
သို့သော် သူမက ရင်ထဲမှ ခံစားချက်များကို ထုတ်ဖော်မပြခဲ့ပေ။
အချိန်ကြာလသည်နှင့်အမျှ အရာဝတ္ထုပစ္စည်းများနှင့် ပန်းကန်ခွက်ယောက်များ ကျကွဲသည်က အသားကျလာသည်။
မည်သို့ပင်ဖြစ်စေ သူမကတော့ ပစ္စည်းများကျကွဲခြင်းကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားနေဆဲ ဖြစ်၏။
ယခု ရက်ပိုင်းအတွင်းမှာတော့ သူမ အတော်လေး စိတ်မသက်မသာ ဖြစ်လာခဲ့သည်။ သို့သော် သူမရင်ထဲမှ ခံစားချက်များကို ကျန်းလန်သိအောင် သူမက ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
သူမ တိတ်ဆိတ်နေရန်သာ ရွေးခြယ်ခဲ့သည်။
သူမ ခန့်မှန်းသည်သာမှန်လျှင် ယနေ့ ဆိုင်တွင် ကျန်းလန် ရှိနေသောကြောင့် ပစ္စည်းပစ္စယများ ကျကွဲမည် မဟုတ်ပေ။ သို့သော် သူမက ကျကွဲပါစေဟု ဆုတောင်းနေမိသည်။
ကျန်းလန်က ရှောင်ယွိကို လှမ်းကြည့်လိုက်၏။
သူမကိုကြည့်ရသည်မှာ လွန်ခဲ့သည့် ရက်များကအတိုင်း စိတ်မကောင်းဖြစ်နေဆဲ ဖြစ်ဟန်တူသည်။ သူမပုံစံက တည်ငြိမ်နေသည့်တိုင် အနည်းငယ် စိတ်ပျက်အားငယ်နေဟန် ရှိသည်။
ထိုစဉ်မှာပင် သူ့ဘေးနားမှ အကြမ်းပန်းကန် ပြုတ်ကျတော့မည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။
ကျန်းလန် အကြမ်းပန်းကန်ကို လက်ဖြင့်ဖမ်းဆီးရန် ဟန်ပြင်ပြီးမှ တစ်စုံတစ်ခုကိုသတိရသွားကာ လက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
"ဂွမ်း…"
အကြမ်းပန်းကန်လေး အစိတ်စိတ်အမွှာမွှာ ကျကွဲသွားလေ၏။
ရုတ်တရက်ထွက်ပေါ်လာသည့် ပန်းကန်ကျကွဲသံကြောင့် ရှောင်ယွိ ခေါင်းထောင်သွားသည်။
သူမက ကျန်းလန်ဘေးတွင် ကျကွဲနေသည့် အကြမ်းပန်းကန်ကို တအံ့တသြဖြင့် ကြည့်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး… အကြမ်းပန်းကန် ကျကွဲသွားတာလား…"
ယနေ့ မည်သည့်ပစ္စည်းမှ ကျကွဲမည်မဟုတ်ဟု တွေးထင်ထားခဲ့ရာ ယခု အကြမ်းပန်းကန် ကျကွဲသွားသဖြင့် သူမ သိချင်စိတ်ဖြစ်လာမိသည်။
သို့သော် ကျန်းလန်က သူမမေးသည့်မေးခွန်းကို ပြန်မဖြေပေ။
ကျန်းလန်က အကြမ်းပန်းကန်အကွဲကို သိမ်းဆည်းလိုက်ပြီး ရှောင်ယွိနံဘေးမှ သေရည်အိုးကို လက်ညှိုးထိုးပြလိုက်သည်။
ရှောင်ယွိ ခေါင်းမော့ကြည့်လိုက်သည့်အခါ ပြုတ်ကျခါနီးဖြစ်နေသည့် သေရည်အိုးကို တွေ့လိုက်ရသည်။
သူမ အလွန်အမင်း အံ့အားသင့်သွားပြီး သေရည်အိုးကို ဖမ်းဆီးလိုက်သည်။
ကျန်းလန်က အကြမ်းပန်းကန်အကွဲများကို သွားလွှင့်ပစ်လိုက်ပြီးနောက်…
"ဂိုဏ်းတူအစ်မ… ကျွန်တော်နဲ့ လိုက်ခဲ့…"
ကျန်းလန်က သူမကို လှပသည့် ရေနွေးကြမ်းအိုးတစ်အိုးတင်ထားသည့် စင်တစ်ခုဆီသို့ ခေါ်လာလေသည်။
ရှောင်ယွိက ခေါ်သည့်နောက်သို့ လိုက်လာရသည့်တိုင် ကျန်းလန် ဘာဖြစ်ချင်သည်ကို နားမလည်ခဲ့ပေ။
သူမ ရေနွေးကြမ်းအိုးကို ကြည့်လိုက်သည်။ သို့သော် မည်သည့်မှားယွင်းမှုမှ မရှိသည်ကို တွေ့ရသည်။
သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ရေနွေးကြမ်းအိုးက ရုတ်တရက် လှုပ်ရှားလာပြီး ပြုတ်ကျတော့မည့် လက္ခဏာများ ပြသလာသည်။
ရှောင်ယွိက ခြေဖျားလေးများထောက်လိုက်ပြီး ရေနွေးကြမ်းအိုးကို ဖမ်းဆီးလိုက်၏။
"နောက်ထပ်ရှိသေးတယ်…"
ကျန်းလန်က သူမကို နောက်တစ်နေရာသို့ ခေါ်သွားသည်။
ရှောင်ယွိက ကျန်းလန်နောက်သို့ လိုက်မသွားမီ သူမလက်ထဲမှ ရေနွေးကြမ်းအိုးကို အံ့အားသင့်စွာဖြင့် ကြည့်နေမိသည်။
ရေနွေးကြမ်းအိုးကို နေရာတွင် ပြန်ထားပြီးမှ သူမ ကျန်းလန် နောက်သို့ ပြေးလိုက်သွားသည်။
ပန်းကန်ပြားတစ်ချပ်ကို ကျန်းလန်က ညွှန်ပြလိုက်သည်။
ပန်းကန်ပြားက အစပိုင်းတွင် တည်ငြိမ်နေသော်လည်း မကြာမီ ပြုတ်ကျမည့်လက္ခဏာများကို တွေ့လိုက်ရသည်။
ရှောင်ယွိက ချက်ချင်းပင် ထိုပန်းကန်ပြားကို ဖမ်းဆီးလိုက်၏။
"နောက်ထပ် နည်းနည်းရှိသေးတယ်…"
ကျန်းလန်က အေးဆေးစွာ ပြောလိုက်သည်။
ရှောင်ယွိက ကျန်းလန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
သို့သော် ကျန်းလန်ကတော့ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်ပြီး သူ့မျက်လုံးထဲတွင် မည်သည့်ခံစားချက်ကိုမှ မတွေ့ရပေ။
ထို့နောက် ကျန်းလန်က သူမကို အကြမ်းပန်းကန်များရှိရာ ၊ သေရည်ခွက်များရှိရာ ၊ သေရည်အိုးများနှင့် ရေနွေးကြမ်းအိုးများရှိရာသို့ ဆက်တိုက်ခေါ်ဆောင်သွားလေသည်။
ကျန်းလန်ခေါ်သွားသည့်နေရာများတွင် ပစ္စည်းများ တစ်ခုပြီးတစ်ခု ပြုတ်ကျလာသည်ကို သူမ တွေ့မြင်လိုက်ရသည်။
သူမသာ ထိုပစ္စည်းများကို အချိန်မီဖမ်းဆီးနိုင်ခြင်း မရှိလျှင် အကုန်လုံး ကြမ်းပြင်ထက် ကျကွဲကုန်မည် ဖြစ်သည်။
ယခုတော့ ဤသေရည်ဆိုင်က သူမကို ခွဲခြားဆက်ဆံခြင်း မဟုတ်ကြောင်း ရှောင်ယွိ သဘောပေါက်သွားခဲ့လေပြီ။
သူမက ကျန်းလန်ကဲ့သို့ ပစ္စည်းများ ပြုတ်ကျမည်ကို အာရုံမခံနိုင်သောကြောင့်သာ ပစ္စည်းများ ကျကွဲရခြင်း ဖြစ်သည်။
ကျန်းလန်ကတော့ ကျကွဲမည့် ပစ္စည်းများကို ကြိုတင်အာရုံခံနိုင်သည့်အတွက် ပစ္စည်းများ ကျမကွဲအောင် အချိန်မီ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သေရည်ဆိုင်က သူမကို ခွဲခြားဆက်ဆံခြင်း မဟုတ်ကြောင်း သိလိုက်ရသည့်အခါ သူမ အလွန်ကျေနပ်ပျော်ရွှင်သွားလေတော့၏။