← Chapters

ချေမှုန်းသုတ်သင်ခြင်း

Vol. 104 Ch. 1547

ချေမှုန်းသုတ်သင်ခြင်း

Vol. 104 Ch. 1547

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားသည် သူ့ကိုယ်သူ တည်​ငြမ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေလျှင်တောင် သူ၏ မျက်လုံးများက တုန်လှုပ်မှုအရိပ်အယောင်ကို ထင်ဟပ်ပြသနေ၏။

“အဲ့ဒါက ဘယ်လိုနည်းလမ်းမျိုးပါလိမ့်”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက တံတွေးကိုမျိုချပြီး ကျယ်လောင်စွာမေးလိုက်၏။

“ဒီလောက်အချိန်တိုအတွင်းမှာ မင်းရဲ့ ခွန်အားက ဘာလို့အဲ့လောက်ထိ တိုးမြင့်လာရတာလဲ... အဲ့ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး”

သူသည် အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ကြုံတွေ့နေရသည်ဆိုလျှင်တောင် သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားသည် အဲ့ဒါကို လက်မခံနိုင်ဆဲ ဖြစ်နေ၏။

သာမန်နတ်ဘုရားစွမ်းအားတစ်ခုသည်ပင် ဤမျှအထိတုန်လှုပ်စရာကောင်းသော အသွင်ပြောင်းလဲမှုတစ်ရပ်ကို ဆောင်ကျဥ်းပေးလာနိုင်လိမ့်မည် မဟုတ်ပေ။

“မင်းက ဘာကိုသိချင်လို့လဲ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲတွင် မည်သည့်စိတ်ခံစားချက်မှမရှိဘဲ သူက ဘိုးဘေးနတ်ဘုရားနှစ်ယောက်ကို မှင်သေသေအမူအရာဖြင့် ကြည့်နေ၏။ သူက အေးစက်စွာ ပြောလိုက်လေသည်။

“အဲ့ဒါဆိုလည်း ငရဲကိုသွားပြီး မေးလိုက်လေ... ကမ္ဘာဦးစစ်ပွဲတုန်းက သေဆုံးခဲ့ရတဲ့ မရေမတွက်နိုင်တဲ့ အပြစ်မဲ့သက်ရှိတွေက အဲ့ဒီမှာ မင်းတို့တွေကို စောင့်နေကြတယ်”

ကမ္ဘာဦးခေတ်တုန်းက နတ်ဘုရားမျိုးနွယ်သည် ထျန်ဟွန်ကုန်းမြေတိုက်ကို ကျူးကျော်ဝင်ရောက်လာပြီး တဗူးသုံးမျိုးအကြား တိုက်ခိုက်မှုများဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ခဲ့ပြီး ဝမ်းနည်းချောက်ချားစရာကောင်းသော ကမ္ဘာဦးစစ်ပွဲကို ဖြစ်ပေါ်စေခဲ့လေသည်။ ထိုစစ်ပွဲမှာ မရေမတွက်နိုင်သော သက်ရှိများနှင့် မျိုးနွယ်စုများက ဆိတ်သုန်းပျောက်ကွယ်ခဲ့ရ၏။

နတ်ဘုရားမျိုးနွယ်က ထိုကိစ္စများ၏ လက်သည်တရားခံဖြစ်လေသည်။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်သာလျှင် ဆူဇီမို၏ စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်နိုင်လေသည်။

“မင်းဘာတွေပြောနေတာလဲ... ငါနားမလည်ဘူး”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက သူ၏ အကြည့်ကိုလွှဲပြီး အပြုံးတစ်ခုကို လုပ်ယူလိုက်၏။

အဲ့ဒါသည် အချိန်မြစ်ထဲမှာ နစ်မြုပ်သွားပြီဖြစ်သော ကမ္ဘာဦးခေတ်၏ လျှို့ဝှက်ချက်တစ်ခုဖြစ်၏။ အခြားမျိုးနွယ်များကို မပြောနှင့် နတ်ဘုရားမျိုးနွယ်များကြားမှာပင်လျှင် မျိုးနွယ်စုခေါင်းဆောင်များသာ အဲ့ဒါကို သိဖို့အတွက် အဆင့်မီလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ထိုလျှို့ဝှက်ချက်များကို သိနေလိမ့်မည်ဟု သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက မယုံကြည်ပေ။

လူရိုင်းမျိုးနွယ်မှ လူတိုင်းကလည်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေပုံရကြောင်း သူတို့က ဝိုးတဝါးပြောနိုင်လေသည်။

သို့သော်လည်း လူရိုင်းများစွာက တွေဝေရှုပ်ထွေးနေကြဆဲဖြစ်၏။

“လုံမို”

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရှေ့သို့ထွက်ရပ်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကိစ္စတွေက ဒီအခြေအနေထိရောက်လာပြီဆိုမှတော့ ငါတို့က မင်းကို အမှားတွေဆက်ကျူးလွန်ခွင့် မပေးနိုင်တော့ဘူး”

လူရိုင်းမျိုးနွယ်သည် နဂါးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်ကြားမှာ ဆိုးဆိုးဝါးဝါး ကြားညှပ်ခံနေရသည်ဟု သူတို့က ခံစားရလေသည်။

နတ်ဘုရားမျိုးနွယ်နှင့် နဂါးမျိုးနွယ်သည် တစ်ချိန်တည်းမှာ ရောက်ရှိလာသောကြောင့် လူရိုင်းမျိုးနွယ်သည် ထိုမျိုးနွယ်နှစ်စုကို ဘယ်လိုကိုင်တွယ်ရမလဲနှင့် ကြီးကြီးမားမား အကျိုးအမြတ်ရရှိအောင် မည်သို့မည်ပုံ ကိုင်တွယ်ရမလဲ အစက စဥ်းစားတွေးတောနေခဲ့၏။ သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သတ်ဖြတ်ရာမှာ ဤမျှအထိပြတ်သားပြီး မိုးကောင်းကင်ပဒေသရာဇ်ကို ချက်ချင်းလက်ငင်း သတ်ဖြတ်ပစ်လိုက်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။

ထိုသို့နှင့် သူတို့၏ အစီအစဥ်များက လုံးဝဖျက်ဆီးခံလိုက်ရလေသည်။ လက်ရှိအခြေအနေသည် လူရိုင်းမျိုးနွယ်၏ ထိန်းချုပ်မှုအောက်ကနေ လုံးဝလွတ်ထွက်လာခဲ့လေပြီ။

ယခုအချိန်တွင် လူရိုင်းမျိုးနွယ်သည် ဤပြဿနာကို တတ်နိုင်သမျှ မြန်မြန်​ဖြေရှင်းဖို့သာ လိုချင်တော့လေသည်။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်က နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို သတ်ဖြတ်မည်ကို သူတို့က ခွင့်ပြုမပေးနိုင်ပေ။ သို့သော်လည်း သူတို့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ကျန်ရှိနေသော ဘိုးဘေးနတ်ဘုရားနှစ်ယောက်ကို သတ်ဖြတ်မှာကိုလည်း ခွင့်ပြုမပေးနိုင်ပေ။

လူရိုင်းမျိုးနွယ်သည် နှစ်ဘက်စလုံးကနေ အကျိုးအမြတ်ရရှိချင်ခဲ့၏။ သို့သော်လည်း သူတို့သည် အကျိုးအမြတ်ရရှိမည့်အစား ဤကဲ့သို့ အကျပ်အတည်းအခြေအနေတစ်ရပ်သို့ ကျရောက်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

လူရိုင်းမျိုးနွယ် သခင်လေးကလည်း ရှေ့သို့ထွက်ရပ်လာပြီး ခါးသက်စွာပြုံး၍ ပြောလိုက်၏။

“ညီကိုလုံမို... လူရိုင်းမျိုးနွယ်က ဘာလက်ဆောင်ကိုမှထပ်ပြီး မလိုချင်တော့ဘူး... ခင်ဗျားရဲ့အဲ့ဒီလက်ဆောင်က ကြီးမားလွန်းလို့ တကယ်ပဲ ကျုပ်လက်မခံနိုင်ဘူး”

“ဒီလက်ဆောင်ကို မင်းမလိုချင်ဘူးဆိုလည်း ရတယ်လေ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အေးစက်သောအကြည့်နှင့်အတူ ခိုင်မာစွာပြောလိုက်၏။

“ဒါပေမဲ့... ငါကတော့ သူတို့နှစ်ယောက်ကို သတ်ရမှာပဲ”

တကယ်တော့... သူသည် လူရိုင်းနန်းတော်ထဲသို့ဝင်ရောက်လာပြီး နတ်ဘုရားမျိုးနွယ်ကို တွေ့မြင်လိုက်ချိန်မှစ၍ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ သတ်ဖြတ်လိုစိတ်က ထကြွလာခဲ့ပြီးလေပြီ။

လက်ဆောင်ဟုဆိုသောအရာမှာ အကြောင်းပြချက်တစ်ခုမျှသာဖြစ်၏။

နတ်ဘုရားမျိုးနွယ်ကို သတ်ဖြတ်ခြင်းဖြင့် ပထမတစ်ချက် သူသည် လူရိုင်းမျိုးနွယ်ကို ဆုံးဖြတ်ချက်တစ်ခုချဖို့ ဖိအားပေးနိုင်ပေမည်။

ဒုတိယတစ်ချက် အဲ့ဒါသည် ကမ္ဘာဦးစစ်ပွဲ၏ နောက်ကွယ်မှ အမှန်တရားကြောင့်ဖြစ်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မကျေမချမ်းခံစားနေရ၏။

သူသည် ညဝိညာဥ်အတွက် မကျေမချမ်းခံစားရလေသည်။ သူသည် ကမ္ဘာဦးစစ်ပွဲမှာ သေဆုံးခဲ့ရသော မရေမတွက်နိုင်သော သက်ရှိများနှင့် ဖျက်ဆီးခံလိုက်ရသော မျိုးနွယ်စုများအတွက် မကျေမချမ်းဖြစ်မိလေသည်။

သူ ထိုသို့ပြောလိုက်သည့်ခဏမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် နောက်တစ်ဖန် ရှေ့သို့ပြေးဝင်ပြီး သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုက ဆင်းသက်လာ၏။ လေပြင်းတစ်ချက်က အော်မြည်လာပြီး တလိပ်လိပ်ထိုးတက်လာသော ချစ်ချစ်တောက်ပူလောင်သည့် မီးတောက်များကို အရှိန်အဟုန်မြင့်တက်လာစေ၏။

“လုံမို.. မင်းတော်တော်မောက်မာနေတာပဲ”

“ဒါက...လူရိုင်းမျိုးနွယ်ရဲ့ပိုင်နက်ပဲ... မင်းရဲ့နဂါးအရိုးတောင်ကြား မဟုတ်ဘူး”

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် ဒေါသူပုန်ထလာပြီး သူတို့၏ သိုလှောင်အိတ်များကိုပုတ်ကာ သူတို့၏ဓမ္မလက်နက်များကို ဆွဲထုတ်လိုက်ကြ၏။ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူတို့က ရှေ့သို့ပြေးဝင်လာကြ၏။

သူတို့သည် ကျန်ရှိနေသော ဘိုးဘေးနတ်ဘုရားနှစ်ယောက်ကို လူရိုင်းနန်းတော်ထဲမှာ ဆက်လက်၍ အသေမခံနိုင်ပေ။

မဟုတ်ပါက လူရိုင်းမျိုးနွယ်တွင် မည်သည့်နောက်ချန်အစီအစဥ် သို့မဟုတ် မည်သည့်ရွေးချယ်စရာမှ ကျန်ရှိတော့လိမ့်မည် မဟုတ်ပေ။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် ဧရာမကျောက်တူတစ်လက်ကိုကိုင်ဆွဲပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရှိရာသို့ ​ပစ်ရိုက်ချလိုက်၏။

အခြားသော လူရိုင်းမျိုးနွယ်စုခေါင်းဆောင်၏ ဓမ္မရတနာကလည်း အလွန်တရာထက်ရှသည့် ဧရာမပုဆိန်တစ်လက်ဖြစ်ပြီး အမျိုးအမည်မသိရသော ကျောက်သားတစ်မျိုးကနေ ပြုလုပ်ထားလေသည်။

ထိုဓမ္မရတနာနှစ်ခု၏ ပန်းပဲလက်ရာများက ကြမ်းတမ်းသော်လည်း ကျောက်တူနှင့် ကျောက်ပုဆိန်ကနေ ထွက်ပေါ်လာသောစွမ်းအားက အလွန်တရာကြောက်စရာကောင်းနေသည်။

ကျောက်တူသည် အလေးချိန်တစ်တန်နှင့်အတူ ဆင်းသက်လာခဲ့၏။

လူရိုင်းမျိုးနွယ်၏ ကိုယ်ကာယနှင့်သာလျှင် ဤကဲ့သို့သော ဓမ္မရတနာတစ်ခုကို အလွယ်တကူကိုင်ဆွဲနိုင်ပေလိမ့်မည်။

ကျောက်ပုဆိန်ကလည်း ပြင်းထန်သောအရှိန်အဟုန်နှင့်အတူ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရှိရာသို့ ခုတ်ပိုင်းကျဆင်းလာ၏။

“သွားစမ်း”

နဂါးဖီးနစ်အတစစ်အမှန်ခန္ဓာသည် သူ၏ တောင်ပံများကိုခတ်၍ အေးစက်စွာ အော်ဟစ်လိုက်၏။

ဘန်း... ဘန်း...

နဂါးအမြီးနှင့် တောင်ပံများသည် ကျောက်တူနှင့် ကျောက်ပုဆိန်တို့ကို အသီးသီးရိုက်ခတ်ပြီး ထိုဓမ္မရတနာနှစ်ခုကို လွင့်စင်ထွက်သွားစေ၏။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကလည်း ဆတ်ခနဲတုန်ခါသွားကြ၏။ သူတို့သည် ရှေ့သို့ပြေးဝင်လာသည့်ခဏမှာပင် သူတို့သည် ပို၍ပင်မြန်ဆန်သောနှုန်းထားဖြင့် နောက်ပြန်လွင့်စင်သွားပြီး လူရိုင်းနန်းတော်၏ နံရံနှင့် ပစ်ရိုက်မိသွားကြ၏။

ဘုန်း... ဘုန်း...

ဤတစ်ကြိမ်မှာတော့ လူရိုင်းမျိုးနွယ်စုခေါင်ဆောင်နှစ်ယောက်အပေါ် ထိတွေ့ရိုက်ခတ်မှုက ပို၍ပင်ကြီးမားလေသည်။ သူတို့သည် လူရိုင်းနန်းတော်၏ နံရံများပေါ်ရှိ ကျောက်တုံးများနှင့် ပစ်ရိုက်မိသွားပြီး ထိုပေါ်တွင် လူပုံသဏ္ဌာန် အပေါက်များကို ဖြစ်ပေါ်သွားစေ၏။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် လူရိုင်းနန်းတော်၏ အပြင်ဘက်သို့ အလွယ်တကူပစ်ထုတ်ခံလိုက်ရပြီး အကျိုးအပဲ့အစအနများက လိမ့်ဆင်းကာ ဖုန်များက တထောင်းထောင်းထသွား၏။

လူရိုင်းမျိုးနွယ်၏ သခင်လေးသည် ယခုတင်ရှေ့သို့လှမ်းဝင်ပြီး မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို ကူညီပေးဖို့ ပြင်ဆင်နေစဥ်မှာပင် သူက ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရ၏။

သူသည် တံတွေးကိုမျိုချပြီး ရှေ့သို့လှမ်းနေသည့် သူ၏ ခြေထောက်က နောက်သို့အလိုလိုဆုတ်မိသွားလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဆင်းသက်လာခဲ့ပြီး သူ၏လက်သည်းငါးဖက်က ကောင်းကင်တစ်ခွင်အုပ်မိုးကာ မည်သည့်အကြားအလပ်မှမရှိဘဲ အမျိုးသမီးအို၏ ထွက်လမ်းကို ပိတ်ဆို့လိုက်လေသည်။

အမျိုးသမီးအိုက မျှော်လင့်ချင်ကုန်ဆုံးသွားသော အမူအရာနှင့်အတူ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

“လုံမို... နတ်ဘုရားမျိုးနွယ်က ငါ့အတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်”

ဗြစ်...

အမျိုးသမီးအို၏ ခန္ဓာကိုယ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ လက်သည်းချက်ဖြင့် နောက်တစ်ဖန်ဆုတ်ဖြဲခံလိုက်ရ၏။ သို့သော်လည်း ဤတစ်​ကြိမ်မှာတော့ အမျိုးသမီးအို၏ အမြုတေစိတ်ဝိညာဥ်က အားအင်လုံးဝကုန်ဆုံးသွားပြီး သူမသည် သွေးကနေပြန်လည်မွေးဖွားခြင်းကို နောက်တစ်ဖန်ထပ်၍ အသုံးမပြုနိုင်တော့ပေ။

အမြုတေစိတ်ဝိညာဥ်၏ အလျင်အဟုန်ကလည်း မနှိုင်းယှဥ်သာအောင် လေးကန်သွားလေသည်။ တစ်ခဏချင်းမှာပင် ၎င်းသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ လက်သည်းချက်ဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး သေဆုံးသွားလေသည်။

ထိုသည်ကိုတွေ့မြင်သောအခါ သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရား၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်လာခဲ့၏။

သူသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို နောက်တစ်ဖန်တိုက်ခိုက်ဖို့အတွက် မည်သည့်သတ္တိနှင့်ခွန်အားကိုမှ ဆက်လက်၍ မစုစည်းနိုင်တော့ပေ။

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားသည် သူ၏ သွေးချီကိုလှည့်ပတ်ပြီး နတ်ဘုရားဆန်ဆန်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ လူရိုင်းနန်းတော်ထဲကနေ ထွက်ပြေးဖို့ ကြိုးစားလိုက်လေသည်။ သို့သော်လည်း သူ၏ အမြန်နှုန်းက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထက် သိသိသာသာလျော့ကျလေသည်။

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက သိပ်ဝေးဝေးထွက်မပြေးနိုင်ခင်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ့ကိုလိုက်မီသွားပြီး ကိုက်ချကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုလိုက်၏။

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရား၏ အမြုတေစိတ်ဝိညာဥ်သည် သူ၏ ခန္ဓာကိုယ်ထဲကနေ အလောတကြီးထွက်ခွာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ပါးစပ်ကြားကနေ ပွတ်ကာသီကာ ရှောင်တိမ်းလိုက်လေသည်။

ဖြောင်း...

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရား၏ ခန္ဓာကိုယ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကိုက်ချက်တစ်ချက်ဖြင့် ဆုတ်ဖြဲခံလိုက်ရ၏။ သူသည် မည်သည့်သွေးတစ်စက်မှ စီးကျလာခြင်းမရှိပဲ လုံးဝ ဝါးမျိုခံလိုက်ရလေသည်။

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားသည် သူ၏အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သွေးကနေ ပြန်လည်မွေးဖွားခြင်းကို အသုံးပြုချင်လေသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ဖို့အတွက် သူ့မှာ မည်သည့်သွေးတစ်စက်မှ မကျန်ရှိတော့ပေ။

ရွှစ်...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ တောင်ပံများက ချဥ်းကပ်လာပြီး ဧရာမကြီးမားသည့် မီးတောက်လှောင်ချိုင့်တစ်ခုကို ဖြစ်ပေါ်စေကာ သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရား၏ အမြုတေစိတ်ဝိညာဥ်ကို အတွင်းမှာပိတ်လှောင်၍ မီးလောင်တိုက်သွင်းလိုက်လေသည်။

“အား... အား... အား..”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရား၏ အမြုတေစိတ်ဝိညာဥ်က မီးတောက်များကြားမှာ စူးစူးဝါးဝါး အော်ဟစ်နေ၏။

အသက်ရှုချိန်အနည်းငယ်အတွင်း သူသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မီးတောက်များဖြင့် ပြာအဖြစ်လောင်ကျွမ်းသွားရ၏။

ချွင်...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရား၏ သိုလှောင်လက်စွပ်ကို မြေပြင်ပေါ်သို့ ထွေးထုတ်လိုက်၏။

လူရိုင်းမျိုးနွယ်၏ သခင်လေး ၊ လုံစန်းနှင့် အခြားသူများက ကြက်သေသေနေကြ၏။

ဘုန်း... ဘုန်း...

လူရိုင်းနန်းတော်အပြင်ဘက်တွင် လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် သူတို့၏ ငေးငိုင်နေရာကနေ နိုးထလာပြီး အပျက်အစီးပုံများကြားကနေ ရုန်းထွက်လာ၏။ သူတို့က ဒေါသတကြီးအမူအရာများနှင့်အတူ နန်းတော်ထဲသို့ ပြန်လှည့်ဝင်လာကြလေသည်။

သူတို့သည် လူရိုင်းနန်းတော်ထဲသို့ လှမ်းဝင်မိသည့်ခဏမှာပင် သူတို့၏ ခြေလှမ်းများကို ရပ်တန့်ပြီး သူတို့ရှေ့ရှိအရာရာတိုင်းကို ငေးငိုင်စွာဖြင့် ကြည့်လိုက်ကြ၏။

အကုန်လုံးက ပြီးသွားလေပြီ။

နတ်ဘုရားမျိုးနွယ်သခင်လေးနှင့် ဘိုးဘေးနတ်ဘုရား သုံး​ယောက်အပါအဝင် နတ်ဘုရားမျိုးနွယ် သက်ရှ်ိ ခြောက်ယောက်စလုံးသည် ရှင်သန်ကျန်ရစ်သူမရှိပဲ လုံးဝချေမှုန်းသုတ်သင်ခံလိုက်ရလေသည်။

All Chapters