← Chapters

ရက်စက်ကြမ်းကြုတ်သော ယက္ခများ

Vol. 104 Ch. 1550

ရက်စက်ကြမ်းကြုတ်သော ယက္ခများ

Vol. 104 Ch. 1550

မျိုးနွယ်စုတစ်သောင်းသည် ပဟေဠိနန်းတော်မှာ စုဝေးမိနေကြ၏။ မနက်ကနေ နေ့လယ်အထိ စောင့်ဆိုင်းပြီးနောက် ကမ္ဘာဦးမျိုးနွယ်များက ပေါ်ထွက်မလာကြပေ။

ဒေါင်...

နောက်ဆုံးမှာတော့ ပဟေဠိနန်းတော်မှ ခေါင်းလောင်းထိုးသံက ထွက်ပေါ်လာ၏။

များစွာသောကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က သူ၏ တပည့်ဂိုဏ်းသားများကို ရှေ့သို့ အလောတကြီးဦးဆောင်လာ၏။

မလှမ်းမကမ်းတွင် မတူညီသောမျိုးနွယ်များ၏ ကျင့်ကြံသူတစ်အုပ်စုက ရောက်ရှိလာကြ၏။ သို့သော်လည်း သူတို့ထဲ မည်သူကမှ ကမ္ဘာဦးမျိုးနွယ်များမှ မဟုတ်ကြပေ။

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က ခဏမျှမှင်တက်သွားပြီးနောက် အလွန်တရာ လျင်မြန်စွာ တုံ့ပြန်လိုက်၏။ သူက သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“လက်စသတ်တော့... ဖန်းလိုင်ကျွန်းက ဧည့်သည်တော်တွေ ရောက်လာတာကိုး...ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ”

ဤလူအုပ်စုသည် ဖန်းလိုင်ကျွန်းမှ ကျင့်ကြံသူများ ဖြစ်ကြ၏။

သူတို့၏ ခေါင်းဆောင်က ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်ဖြစ်လေသည်။

ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်နောက်ဘက်တွင် တည်ကြည်သောအမူအရာနှင့် လူငယ်တစ်ယောက်ရှိနေ၏။ သူ၏ ခါးမှာ ဆေဘာရှည်တစ်လက်ကို ချိတ်ဆွဲထားပြီး သူ၏ အကြည့်က အေးစက်နေ၏။ သူသည် ဖန်းလိုင်ကျွန်း၏ သခင်လေးအသစ်ဖြစ်လေသည်။

ဖန်းလိုင်ကျွန်းမှ လူတိုင်း ရောက်ရှိလာပြီးနောက် မျိုးနွယ်စုတစ်သောင်းက ဆက်လက်စောင့်ဆိုင်းနေကြ၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် မျိုးနွယ်စုတစ်သောင်းတွေ့ဆုံပွဲကို ယနေ့မှာ ကျင်းပသင့်နေလေပြီ။ သို့သော်လည်း ကမ္ဘာဦးမျိုးနွယ် ၉စုထဲ မည်သူကမှ ပေါ်ထွက်မလာကြပေ။ ထိုသို့ဖြင့် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ရွေးချယ်စရာမရှိပဲ ရွှေ့ဆိုင်းထားရ၏။

မည်သူကမှ အဲ့ဒါကို မကျေနပ်သော်လည်း မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက အလိုအလျောက်နားလည်မှုတစ်ခု ရှိထားကြ၏။

သားရဲအုပ်စုကြားတွင် ပုံရိပ်တချို့က ရပ်နေကြ၏။

သူတို့ထဲမှ တစ်ယောက်သည် အရပ်အမောင်းမြင့်မား၍ သူ၏ လက်မောင်းကို တွဲလျောင်းချထားသည့်အခါ သူ၏ ဒူးခေါင်းများထိ ရောက်လုနီးပါးပင်။ သူ၏ မျက်လုံးများထဲမှ ရံဖန်ရံခါဆိုသလို သွေးရောင်အလင်းက ဖျတ်ခနဲလက်သွားတတ်၏။ သူက လူသားသွင်ပြင်ယူထားသော မျောက်ဖြစ်လေသည်။

မျောက်၏ ဘေးတွင် အရိုင်းဆန်သော စိတ်ဝိညာဥ်ကျားရှိလေသည်။

စိတ်ဝိညာဥ်ကျား၏ ဘေးတွင် ရှည်လျားသွယ်လျသော ခြေတံများနှင့်အတူ ချောမောလှပသော အမျိုးသမီးတစ်ယောက်ရှိလေသည်။ သူမက ချင်ချင်ဖြစ်၏။

မျောက်၏ အခြားတစ်ဘက်တွင် ရွှေခြင်္သေ့နှင့် မြေခွေးလေးရှိလေသည်။ ဤနှစ်များအတွင်း မျောက်နှင့်အခြားညီကိုမောင်နှမများသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ လှည့်လည်သွားလာခဲ့ကြ၏။ သားရဲနယ်မြေရှစ်ခွင်ထဲမှာ အဓိကပင်လယ်​ဒေသ ၃ခုက လွဲလျှင် သူတို့သည် အခြားသော သားရဲနယ်မြေ ၅ခုကို ရောက်ရှိခဲ့ကြ၏။

သူတို့ ညီကိုမောင်နှမ ၅ ယောက်သည် မဟာသားရဲအဆင့်သို့ ရောက်ရှိနေကြလေပြီ။

“အစ်ကိုမျောက်... အစ်ကိုကြီးက အသက်ရှင်နေသေးတယ်လို့ ခင်ဗျားထင်လား”

စိတ်ဝိညာဥ်ကျားက ညင်သာစွာ မေးလိုက်၏။

ထိုစကားကိုကြားသောအခါ မြေခွေးလေးက နှုတ်ခမ်းစူ၍ သူမ၏ မျက်လုံးများက နီရဲလာ၏။

မျောက်က စိတ်ဝိညာဥ်ကျားကို စိုက်ကြည့်လိုက်၏။

“မင်းက ဘာတွေပေါက်ကရ ပြောနေတာလဲ... နံပါတ်တစ်က သေချာပေါက်အသက်ရှင်နေသေးတယ်... သူက ဒီပွဲမှာ သေချာပေါက်ပေါ်ထွက်လာမယ်လို့ ငါထင်တယ်”

“မြေခွေးလေးကို ခြောက်မနေစမ်းနဲ့”

ချင်ချင်က သူမ၏ လက်ကို ဆန့်ထုတ်ပြီး စိတ်ဝိညာဥ်ကျား၏ ဗိုက်ကို လိမ်ဆွဲလိုက်လေသည်။

စိတ်ဝိညာဥ်ကျားသည် နာကျင်မှုဖြင့် မြေခွေးလေးဘက်ကို လျှာတစ်လစ်ထုတ်ပြပြီး ပြောင်စပ်စပ်မျက်နှာကိုဖြစ်စေ၏။

ထိုအခါမှသာလျှင် မြေခွေးလေးက မျက်ရည်များကြားကနေ ပြုံးလာနိုင်၏။

အဲ့ဒီနောက် သူမသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား သူမ၏ အပြုံးက ပျောက်ကွယ်သွားပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

မျိုးနွယ်စုတစ်သောင်းက ပဟေဠိနန်းတော်မှာ ဆက်လက်၍ စောင့်ဆိုင်းနေကြ၏။

ကမ္ဘာဦးမျိုးနွယ် ၉ စု ပေါ်ထွက်မလာခင် မျိုးနွယ်စုတစ်သောင်းမှ မည်သည့်ဂိုဏ်း မည်သည့်အဖွဲ့အစည်းကမှ ကြိုတင်၍ ထွက်ခွာရဲခြင်း မရှိကြပေ။

လူသားမျိုးနွယ် ထိပ်သီးဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များနှင့် နန်းတော်အရှင်များသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့သည် အသံတိတ်၍ အမူအရာကင်းမဲ့နေသော်လည်း သူတို့က အရာရာတိုင်းကို ရှင်းလင်းစွာ နားလည်သဘောပေါက်ထားလေသည်။

ကမ္ဘာဦးမျိုးနွယ်များက ဤသည်ကို ရည်ရွယ်ချက်ရှိရှိပြုလုပ်နေသည်မှာ သိသာလေသည်။

ညနေစောင်းလာပြီးနောက် ကောင်းကင်က တဖြည်းဖြည်း မှောင်ရိပ်သန်းလာ၏။

လူအုပ်ကြီးက ဂနာမငြိမ်ဖြစ်လာကြပြီး များစွာသော ကျင့်ကြံသူများနှင့် သက်ရှိများ၏ စိတ်ရှည်နိုင်မှုက ကုန်ဆုံးလာကြ၏။

“အဲ့ဒီကမ္ဘာဦးမျိုးနွယ်တွေက အရမ်းကို မောက်မာလွန်းမနေဘူးလား”

“အမှန်ပဲ... မျိုးနွယ်စုတစ်သောင်းက ဒီနေရာမှာ စုဝေးနေကြပြီ... ငါတို့က ကမ္ဘာဦးမျိုးနွယ် ၉ စုကို ဒီတိုင်းပဲ စောင့်နေရတယ်”

မကျေမနပ်ပြောဆိုသံများက လူအုပ်ကြီးထဲကနေ ထွက်ပေါ်လာ၏။

ဒေါင်...

ထိုစဥ်မှာပင် ခေါင်းလောင်းထိုးသံက ထွက်ပေါ်လာ၏။

နက်မှောင်နေသော တိမ်စိုင်များက အဝေးတစ်နေရာကနေ ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ တလိပ်လိပ်ထိုးတက်လာ၏။

သူတို့ချဥ်းကပ်လာသောအခါ များစွာသော ကျင့်ကြံသူများသည် ဖြစ်လာနေသည့် အရာများကို နောက်ဆုံးမှာ တွေ့မြင်သွားပြီး သူတို့၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွားကာ သူတို့၏ မျက်လုံးများထဲမှ ကြောက်ရွံ့မှုက ထင်ဟပ်လာ၏။

တရုန်းရုန်းထကြွနေသော နက်မှောင်နေသည့် တိမ်စိုင်များသည် အစိမ်းရောင်မျက်နှာများနှင့် ပြူထွက်နေသော သွားစွယ်များရှိသော ယက္ခတစ်အုပ်စုကနေ ဖြစ်ပေါ်လာခြင်းဖြစ်၏။

ယက္ခများစွာက ပိန်းပိတ်အောင်နက်မှောင်နေပြီး သူတို့၏ ဧရာမတောင်ပံများကို တဖျတ်ဖျတ်ခတ်နေကြ၏။ သူတို့ထဲမှတစ်ယောက်ချင်းစီသည် ကြမ်းကြုတ်ခက်ထန်သော အကြည့်များနှင့်အတူ အလွန်တရာ ရုပ်ဆိုးအကျည်းတန်ပြီး လေထဲမှာလှည့်ပတ်နေကြ၏။ အဝေးကနေကြည့်လျှင် သူတို့က နက်မှောင်နေသော တိမ်စိုင်များနှင့်တူလေသည်။

အနက်ရောင်တိမ်စိုင်များ ပဟေဠိနန်းတော်အထက်သို့ ရောက်ရှိလာသောအခါ များစွာသော ယက္ခအမျိုးသားများက ဘေးသို့ရှဲပေးလိုက်ကြ၏။

ချောမောလှပ၍ သွယ်လျသော ပုံရိပ်တစ်ခုက နက်မှောင်နေသော တိမ်စိုင်များကြားကနေ လျှောက်လှမ်းထွက်လာ၏။

ရုပ်ဆိုးအကျည်းတန်၍ ကြောက်စရာကောင်းသော ယက္ခများစွာကြားမှာ ချောမောလှပ၍ အပြစ်ဆိုစရာမရှိသော အမျိုးသမီးတစ်ဦးက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူမသည် သူမ၏ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ ထင်ပေါ်စေပြီး တင်းကျပ်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။

“အား..”

ချောမောလှပသော အမျိုးသမီးပေါ်ထွက်လာမှုက အာမေဋိတ်သံများစွာကို ထွက်ပေါ်လာစေ၏။

နွေးထွေးသော နေရောင်ခြည်တစ်ခုသည် နက်မှောင်နေသော တိမ်စိုင်များကြားကနေ ထိုးထွက်ပြီး လူတိုင်း၏ နှလုံးသားပေါ် ဖြာကျလာသည်ဟု သူတို့က ခံစားရ၏။

“အဲ့ဒါက ဒဏ္ဍာရီလာ ယက္ခယုလား”

“ယက္ခမျိုးနွယ်က တော်တော်ထူးဆန်းတာပဲ... အခြားယက္ခတွေက ရုပ်ဆိုးအကျည်းတန်သလောက် ယက္ခမျိုးနွယ်ရဲ့ အမျိုးသမီးတွေကတော့ အရမ်းကို ချောမောလှပတာပဲ”

လူအုပ်ကြီးထဲမှ ချီးကျူးပြောဆိုသံများက ထွက်ပေါ်လာ၏။

“ဟမ့်”

ရုတ်တရက် ယက္ခယု၏ နောက်ဘက်မှ ယက္ခတစ်ကောင်က အေးစက်နေသောအမူအရာနှင့်အတူ လူအုပ်ကြီးထဲသို့ ပြေးဝင်သွားပြီး သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်၏။

ဖြောင်း...

လူတချို့သည် ထိုယက္ခ၏ တောင်ပံများဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရ၏။

လက်ဆတ်သောသွေးများက ပန်းထွက်လာ၏။

ချက်ချင်းပင် ကျင့်ကြံသူဆယ်ယောက်ကျော်က ဆုတ်ဖြဲခံရကာ သေဆုံးသွားကြလေပြီ။

မျိုးနွယ်စုတစ်သောင်းက အုန်းအုန်းကျက်ကျက်ဖြစ်သွားကြ၏။

ကမ္ဘာဦးမျိုးနွယ် ၉ စုထဲမှ ယက္ခမျိုးနွယ်သည် ရောက်ရှိလာသည့်ခဏမှာပင် ကျင့်ကြံသူဆယ်ယောက်ကျော်ကို သတ်ဖြ​တ်ပစ်လိုက်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

အနီးနားတွင် ရှိသော ကျင့်ကြံသူများက တုန်လှုပ်၍ နောက်သို့ဆုတ်လိုက်ကြ၏။

ယက္ခက အေးစက်စွာပြောလိုက်၏။

“လူသားပုရွက်ဆိတ်တွေ... မင်းတို့က ငါတို့မျိုးနွယ်ကို ဘယ်လိုတောင် အတင်းအဖျင်းပြောရဲတာလဲ... မင်းတို့က သေသင့်တယ်”

လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်သွား၏။

ကျင့်ကြံသူအချို့သည် ဒေါသထွက်သွားသော်လည်း သူတို့က တစ်စုံတစ်ရာပြောဆိုရဲခြင်း မရှိကြပေ။

စောစောက စကားပြောဆိုနေသည်မှာ ကျင့်ကြံသူလေးယောက်သာဖြစ်သော်လည်း ယက္ခမျိုးနွယ်သည် စစချင်းမှာပင် ကျင့်ကြံသူဆယ်ယောက်ကျော်ကို သတ်ဖြ​တ်ပစ်လိုက်၏။

ယက္ခမျိုးနွယ်သည် လူသားကျင့်ကြံသူများကို အမှန်တကယ်ပင် အလေးအနက်ထားခြင်း မရှိပေ။

ကျင့်ကြံသူဆယ်ယောက်ကျော်ကို သတ်ဖြတ်ရခြင်းက သူ့အတွက် ပုရွက်ဆိတ်အချို့ကို ဖိချေပစ်ရခြင်းကဲ့သို့ ရိုးရှင်းလေသည်။

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က တစ်ချက်ဝေ့ကြည့်ပြီး သူ၏ အမူအရာက ညိုမည်းသွား၏။ သို့သော်လည်း သူက ရှေ့သို့လျှောက်လှမ်း၍ သူ၏လက်သီးနှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်ဆဲ ဖြစ်၏။

“ယက္ခမျိုးနွယ်က တာအိုရောင်းရင်းတို့ ဒီဘက်ကိုကြွပါ”

ယက္ခယုက အေးစက်သောအမူအရာတစ်ခုနှင့်အတူ လျှောက်လှမ်းလာ၏။

အစိမ်းရောင်မျက်နှာများနှင့် ယက္ခရာချီကလည်း ယက္ခယု၏ နောက်ကနေ လိုက်ပါလာကြ၏။

ရုတ်တရက်ဆိုသလို...

ယက္ခတစ်ယောက်သည် နောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီး ပဒေသရာဇ်နန်းတော်ရှိရာဘက်သို့ ဝင်ရောက်လာ၏။ သူက ဆေဘာကွေးနှစ်လက်ကို ကိုင်ဆွဲပြီး ပဒေသရာဇ်နန်းတော်မှ ကျင့်ကြံသူနှစ်ယောက်ကို နေရာမှာပင် သတ်ဖြတ်ပစ်လိုက်၏။

ပဒေသရာဇ်နန်းတော်မှ ကျင့်ကြံသူနှစ်ယောက်သည် လုံးဝအငိုက်မိသွားပြီး သေဆုံးသည့်တိုင်အောင် တွေဝေရှုပ်ထွေးစွာဖြင့် လုံးဝမျက်လုံးပြူးမျက်ဆံပြူးဖြစ်နေကြ၏။

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က သူ၏ လက်သီးနှစ်ဖက်ကို တင်းကျပ်စွာဆုပ်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ လေးနက်သောအသံဖြင့် မေးလိုက်၏။

“ယက္ခမျိုးနွယ်က တာအိုရောင်းရင်း... ဒါက ဘာအဓိပ္ပါယ်လဲ”

“ဟဲဟဲ”

ယက္ခက လှောင်ရယ်လိုက်၏။

သူတို့က ငါတို့နောက်ကျလို့ဆိုပြီး စောဒကတက်နေတာ ငါကြားလိုက်တယ်... ယက္ခမျိုးနွယ်နဲ့ပတ်သက်ပြီး စောဒကတက်တဲ့ဘယ်သူမဆို သေရလိမ့်မယ်”

“ဟီးဟီးဟီး”

ယက္ခကလန်သားများစွာက သွားဖြီး၍ ရယ်လိုက်ကြ၏။

သူတို့၏ ကြောက်စရာကောင်းသော သွားစွယ်များကို ထုတ်ဖော်ကာ ငရဲမှတက်လာသော ဆိုးယုတ်တစ္ဆေများကဲ့သို့ ကြောက်စရာကောင်းသည့်ပုံပေါက်နေ၏။

“ဘာလို့လဲ... အဲ့ဒါနဲ့ပတ်သက်ပြီး မင်းမှာပြဿနာတစ်ခုခုရှိလို့လား”

ထိုယက္ခက ပဒေသရာဇ်နန်းတော်၏ နန်းတော်အရှင်ကို စိုက်ကြည့်ပြီး မျက်ခုံးပင့်ကာ မေးလိုက်၏။

ပဒေသရာဇ်နန်းတော်၏ နန်းတော်အရှင်က အံကြိတ်လိုက်လေသည်။ ယက္ခ၏ အကြည့်အောက်မှာ သူက မျက်လွှာချပြီး ညင်သာစွာပြန်ဖြေလိုက်၏။

“မရှိပါဘူး “

“အေး ကောင်းတယ် “

ထိုယက္ခက စိတ်ကျေနပ်သွားပြီး လှည့်ထွက်သွားလေသည်။

ထိုအချိန်မှစ၍ မျိုးနွယ်စုတစ်သောင်းက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

မည်သည့်မျိုးနွယ်ကမှ အသံတစ်ချက်ထွက်ရဲခြင်း မရှိတော့ပေ။

မည်သူကမှ ယက္ခမျိုးနွယ်ကို ရန်စပြီး အကြောင်းအရင်းမရှိ သတ်ဖြတ်ခြင်း မခံရလိုကြပေ။

ရုတ်တရက်ဆိုသလို...

ယက္ခတစ်ယောက်သည် သတ်ဖြတ်လိုစိတ်နှင့်အတူ လူအုပ်ကြီးဘက်သို့လှည့်ကာ စိုက်ကြည့်လိုက်၏။

ထိုနေရာမှာရပ်နေသော ကျင့်ကြံသူများက ဆန်းကြယ်တောင်ထွတ်မှလူများဖြစ်ကြ၏။

သူတို့၏ ခေါင်းဆောင်က ဆန်းကြယ်တောင်ထွတ်၏ အင်မော်တယ်ကြိုးကြာအိုကြီးဖြစ်လေသည်။

ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် သူတို့၏ နှလုံးသားများအေးစက်သွားသည်ဟု ခံစားရ၏။

သူတို့သည် တစ်စုံတစ်ရာပြောဆိုခြင်း သို့မဟုတ် မည်သည့်အသံမှထွက်ခြင်း မရှိပေ။ သူတို့သည် ယက္ခယု၏ ပုံစံကို ရင်းနှီးကျွမ်းဝင်နေသည်ဟုထင်ရသောကြောင့် သူမကို ခဏမျှကြည့်မိရုံသာဖြစ်လေသည်။ သူတို့က ယက္ခများ၏ သတ်ဖြတ်လိုစိတ်ကို ဘယ်လိုကြောင့်ဆွဲဆောင်မိသွားလဲ မသိကြပေ။

All Chapters