← Chapters

သခင်လေး ဆန်းကြယ်တစ္ဆေ

Vol. 104 Ch. 1552

သခင်လေး ဆန်းကြယ်တစ္ဆေ

Vol. 104 Ch. 1552

“ကဲ.. တော်လောက်ပြီ”

ရှေ့ကနေ အေးစက်နေသော အသံတစ်သံက ထွက်ပေါ်လာ၏။ အဲဒါက ရုတ်ရုတ်သဲသဲ အခြေအနေကို သတိထားမိသွားသော ယက္ခယုဖြစ်ပြီး သူမက မျက်မှောင် အနည်းငယ်ကြုတ်၍ ငေါက်ငမ်းလိုက်၏။

“သခင်မလေး.. အဲဒီပုရွက်ဆိတ်တွေက ခင်ဗျားကို စိုက်ကြည့်နေတာ တကယ်ကို ရိုင်းပျတာပဲ”

ယက္ခဝမ်ယိုက ပြောလိုက်၏။

“မပူပါနဲ့ သခင်မလေး.. ကျုပ်က ခင်ဗျားအတွက် အဲဒီပုရွက်ဆိတ်တွေကို သတ်ပေးမယ်.. ခင်ဗျားရဲ့ လက်ကို သူတို့ရဲ့ သွေးနဲ့ ညစ်ညမ်းခံစရာ မလိုဘူး”

ယက္ခယုက မျက်မှောင် အနည်းငယ်ကြုတ်၍ သူမ၏ အမူအရာက သုန်မှုန်လာခဲ့၏။ သူမက စိတ်မရှည်စွာဖြင့် လက်ကာပြလိုက်၏။

“သူတို့ ကြည့်ရုံကြည့်တာပဲ.. ဘာမှ မဖြစ်ဘူး.. ဒီကိစ္စကို ထပ်ပြီး အရေးလုပ်နေစရာ မလိုတော့ဘူး”

“အဲ့လို ဘယ်ရပါ့မလဲ သခင်မလေး.. ခင်ဗျားက အဲဒီပုရွက်ဆိတ်တွေကို ဘာမှ သဘောကောင်းပြနေစရာ မလိုဘူး.. သူတို့ကို မသတ်ဘူးဆိုရင်တောင်မှ သူတို့ကို အပြစ်ပေးရမယ်”

ယက္ခဝမ်ယိုက မည်သည့်အရာကို သတိထားမိခြင်း မရှိဘဲ အားတက်သရော ပြောဆိုနေ၏။

“ကျုပ်က အပြစ်ပေးတဲ့အနေနဲ့.. အဲဒီပုရွက်ဆိတ်တွေရဲ့ မျက်လုံးတွေကို ဖောက်ထုတ်လာခဲ့မယ်”

ဤနှစ်များအတွင်း.. ယက္ခမျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ထင်တိုင်းကြဲ သတ်ဖြတ်ခဲ့ပြီး ကြီးကြီးမားမား မည်သည့်အဟန့်အတားနှင့်မှ မတွေ့ကြုံခဲ့ရသလောက်နီးပါးပင်။

ယက္ခမျိုးနွယ်၏ ကြမ်းကြုတ်ခက်ထန်မှုနှင့် သွေးဆာရက်စက်သည့် သဘာဝက အပြည့်အဝ ထွက်ပေါ်လာခဲ့၏။

ထိုသို့ပြောပြီးသည်နှင့် ယက္ခဝမ်ယို၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းထံသို့ ခုန်ဝင်လာခဲ့၏။

“ဟမ့်”

ဆူရှောင်းနင်၊ ကျိရှန်းချန်၊ လမ့်ရိုနှင့် အခြားသူများက ထိတ်လန့်သွားပြီး သူ့ကို တားဆီးဖို့ ပြင်လိုက်ကြ၏။

ရွှစ်…

ပို၍ပင် မြန်ဆန်သော ပုံရိပ်တစ်ခုက ဆင်းသက်လာပြီး ယက္ခဝမ်ယို၏ အထက်မှာ ချက်ချင်းပင် ရောက်ရှိလာ၏။

ထိုပုံရိပ်က သူမ၏ နုနယ်သော လက်ဖဝါးကို ဆန့်ထုတ်ပြီး ယက္ခဝမ်ယိုကို လည်ပင်းကနေ ဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်၏။

ဘန်း…

ယက္ခဝမ်ယိုသည် မြေပြင်နှင့် ပစ်ပေါက်ခံလိုက်ရပြီး သူ၏ အရွတ်များနှင့် အရိုးများက ကွဲထုတ်ကုန်ပြီဟု ခံစားလိုက်ရ၏။ သူက နာကျင်မှုဖြင့် အံကို တင်းတင်းကြိတ်ပြီး ချွေးသီးများက တပေါက်ပေါက်ကျဆင်းလာ၏။

သူသည် ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုတော့မည် ရှိစဉ်မှာပင်… သူ့ရှေ့မှ ပုံရိပ်ကို တွေ့မြင်သွား၏။ ချက်ချင်းပင် သူက ထွက်ကျလာတော့မည့် သူ၏ စကားများကို အတင်းပြန်မျိုချကာ လျှာကိုက်လုမတတ် ဖြစ်သားရ၏။

သူ့ကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သောသူက ယက္ခမျိုးနွယ်၏ သခင်မလေး ယက္ခယု ဖြစ်လေသည်။

ဤမြင်ကွင်းက မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးကို မှင်တက်သွားစေ၏။

ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူအချို့ကသာလျှင် တစ်စုံတစ်ရာကို စဉ်းစားတွေးတောနေသည့်ပုံပေါ်နေ၏။

“အို.. ဘာလဲဟ”

စိတ်ဝိညာဉ်ကျားက မည်သူ့ကိုမှ ဂရုမစိုက်ဘဲ… အကျိုးဆက်များကိုလည်း စိုးရိမ်ပူပန်ခြင်း မရှိဘဲ လူယုတ်မာဆန်ဆန် လှောင်ပြုံးလိုက်၏။

“ဘာတွေဖြစ်နေတာလဲ.. အတွင်းရေးပဋိပက္ခ တိုက်ပွဲတချို့ စတင်လာတာလား”

“သခင်မလေး.. ဘာလို့လဲ..”

ယက္ခဝမ်ယိုက စိတ်ထိခိုက်ခံစားသွားရပြီး တွေဝေရှုပ်ထွေးနေ၏။

ယက္ခယု၏ အမူအရာက အေးစက်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီကိစ္စကို ထပ်​ပြီး အရေးလုပ်စရာမလိုဘူးလို့ အခုတင် ငါ နင့်ကို ပြောထားတယ်လေ.. ငါပြောတာကို နင်မကြားဘူးလား”

“ကျုပ်က.. ကျုပ်က ဒီတိုင်း…”

ယက္ခဝမ်ယိုက တစ်ခုခုကို ရှင်းပြချင်လေသည်။

“ပါးစပ်ပိတ်ထားစမ်း”

ယက္ခယုက ရှေ့သို့တက်ပြီး ယက္ခဝမ်ယို၏ မျက်နှာကို ဆောင့်နင်းချလိုက်၏။

ယက္ခဝမ်ယို၏ အမြင်အာရုံက မှောင်မည်းသွားပြီး သူက နေရာမှာပင် အရုပ်ကြိုးပြတ်လဲကျသွား၏။

ဂျွတ်..

အရိုးများ ကျိုးသံကို ကြားလိုက်ကြရ၏။

ထိုအသံကို​ ကြားသောအခါ.. သက်ရှိများ အားလုံးသည် ပင့်သက်ကို အနည်းငယ်ရှိုက်လိုက်ကြ၏။ ထိုခြေနင်းချက်တစ်ချက်က ယက္ခဝမ်ယို၏ မျက်နှာကို ကြေမွသွားစေ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ယက္ခယုက ဘယ်လောက်ချောမောလှပကြောင်း တွေ့မြင်သောအခါ သူမသည် နူးညံ့သိမ်မွေ့၍ သဘောကောင်းလိမ့်မည်ဟု သူတို့က တွေးထင်ခဲ့ကြ၏။

ယခု သူမ ရုတ်တရက် တိုက်ခိုက်မှုသည် ဤမျှအထိ ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းတမ်းကာ သူမ၏ ကလန်သားတစ်ယောက်ကိုပင် ဒုက္ခိတဖြစ်သွားစေ၏။

ပို၍အရေးကြီးသည်မှာ.. မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက လုံးဝ တွေဝေရှုပ်ထွေးနေကြခြင်း ဖြစ်၏။

ချောမောလှပသော ယက္ခယုက ဘာကြောင့် ရုတ်တရက် ဒေါသူပုန်ထလာရသလဲ သူတို့က နားမလည်နိုင်ကြပေ။ အဲဒါသည် ယက္ခဝမ်ယိုက သူမ၏ အမိန့်ကို မနာခံခြင်းသက်သက်ကြောင့် ဟုတ်ပါ့မလား…။

အခြားသော သက်ရှိများကို မပြောနှင့်…။ ယက္ခမျိုးနွယ်ဝင်များပင်လျှင် တွေဝေရှုပ်ထွေးနေကြ၏။

အစကတော့.. ယက္ခကျားရှစ်သည် မျောက်နှင့် တိုက်ခိုက်ချင်လေသည်။

သို့သော်လည်း ထိုသည်ကို တွေ့မြင်သောအခါ သူက ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားပြီး​ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ နောက်သို့ဆုတ်လိုက်၏။

ထိုဖြစ်ရပ်အပြီး၌.. ယက္ခများစွာသည် ကမ္ဘာဦးမျိုးနွယ်များအတွက် သတ်မှတ်ပေးထားသော နေရာသို့ ရောက်ရှိလာပြီး မည်သည့်ယက္ခကမှ သတ်ဖြတ်ဖို့အတွက် ထွက်လာခြင်း မရှိတော့ပေ။

အရာအားလုံးက တည်ငြိမ်လာခဲ့၏။

ကျင့်ကြံသူများက သူတို့ဘာသာသူတို့ ခေါင်းညိတ်၍ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ယုံကြည်မှု ပိုမိုရရှိလာ၏။

“ကြည့်ရတာတော့.. ယက္ခယုက ငါတို့လူသားတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတစ်ခု ပြုလုပ်ဖို့အတွက် ဒီနေရာကို ရောက်လာတဲ့ပုံပဲ”

“ဆန်းကြယ်တောင်ထွတ်က တော်တော်ကံကောင်းသွားတယ်.. ယက္ခယုသာ တိုက်ခိုက်မလာရင် ကြီးမားတဲ့ တိုက်ပွဲတစ်ခု ပေါ်ထွက်လာလိမ့်မယ်”

“အမှန်ပဲ.. ဒီကမ္ဘာဦးမျိုးနွယ်တွေသာ ရောက်မလာခင်မှာပဲ.. ကြီးမားတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားလာမယ်ဆို မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ဆက်ပြီး ကျင်းပနိုင်မှာ မဟုတ်တော့ဘူး”

ဒေါင်…

လူတိုင်း ဆွေးနွေးနေစဉ်မှာပင်.. ပဟေဠိနန်းတော်မှ ခေါင်းလောင်းထိုးသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။

ခပ်လှမ်းလှမ်းကနေ.. စိမ်းညိုရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူ တစ်အုပ်စုက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေကြ၏။

ထိုကျင့်ကြံသူ အုပ်စုသည် သူတို့၏ ဖြူဖတ်ဖြူလျော် မျက်နှာများနှင့် သူတို့၏ ချိုင့်ဝင်နေသော မျက်တွင်းပေါက်များထဲရှိ ကြောက်စရာကောင်းသော အစိမ်းရောင် မျက်လုံးများက လွဲလျှင် သူတို့က လူသားပညာရှင်များနှင့် များစွာကွာခြားမှု မရှိပေ။

စုန်းမျိုးနွယ်က ပဟေဠိနန်းတော်သို့ ရောက်ရှိလာခဲ့လေပြီ။

စုန်းမျိုးနွယ်၏ ခေါင်းဆောင်က ပိန်ပိန်ပါးပါး​ဖြစ်ပြီး သူ၏ ပါးပြင်နှစ်ဖက်က ချောင်ကျနေ၏။ သူသည် လေပြင်းတစ်ချက် တိုက်ခတ်ရုံဖြင့် လွင့်ပါသွားနိုင်သည့် အရိုးစုတစ်ခုကဲ့သို့ ဖြစ်နေ၏။

သို့သော်လည်း မျိုးနွယ်စုတစ်သောင်းက သက်ရှိများသည် ထိုစုန်းမျိုးနွယ်သက်ရှိကို တွေ့မြင်သောအခါ သူတို့သည် ရင်တစ်ချက်ထိတ်သွားပြီး စိုးရွံ့ထိတ်လန့်သော အမူအရာများ ထွက်ပေါ်လာကြ၏။

“အဲဒါက သခင်လေး ဆန်းကြယ်တစ္ဆေ ဟုတ်တယ်မလား”

“သူပဲဖြစ်မှာပေါ့.. လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက သူပေါ်ထွက်လာခဲ့တုန်းက သူက တိုက်ပွဲတစ်ခုမှ အမြုတေစိတ်ဝိညာဉ်ကျိန်စာတစ်ခုကို ထုတ်ဖော်ပြီး လူသားမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့တယ်လို့ ငါကြားမိတယ်”

“ဟုတ်တယ်.. အဲဒီမျိုးနွယ်စုခေါင်းဆောင်က ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့.. သူက သိပ်မကြာဘူး သေဆုံးသွားခဲ့တယ်”

“အဲဒီနည်းလမ်းက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ”

များစွာသော ကျင့်ကြံသူများသည် သူတို့၏ ခေါင်းကို ငုံ့ပြီး သူတို့အပေါ် ကျိန်စာတစ်ခု ဆင်းသက်လာမှာကို စိုးရမ်နေသည့်အလား.. စုန်းများကို စိုက်ကြည့်ရဲခြင်း မရှိကြပေ။

“နှုတ်ဆက်ပါတယ် သခင်လေး ဆန်းကြယ်တစ္ဆေ.. အထဲကို ကြွပါ”

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က ပဟေဠိနန်းတော် ကျင့်ကြံသူများစွာကို ဦးဆောင်ပြီး သူတို့အုပ်စုကို ကြိုဆိုလိုက်၏။

သခင်လေး ဆန်းကြယ်တစ္ဆေက အမူအရာကင်းမဲ့နေပြီး နန်းတော်အရှင်ကို ကြည့်ပင်မကြည့်ဘဲ များစွာသော စုန်းများနှင့်အတူ ပဟေဠိနန်းတော်မှ ကျင့်ကြံသူများ ဘေးကနေ ဖြတ်လျှောက်လာ၏။

အဲဒါက အထင်အမြင်သေးခြင်း မဟုတ်ပေ။

အဲဒါက ပကတိ မထီမဲ့မြင်ပြုခြင်း ဖြစ်၏။

ပဟေဠိနန်းတော်၏ နန်းတော်အရှင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

သို့သော်လည်း.. နှစ်တစ်ရာကျင့်ကြံပြီးနောက်.. သူသည် ပို၍ပင် ရင့်ကျက်တည်ငြိမ်လာပြီး ဤကဲ့သို့သော ရန်စစော်ကားမှုတစ်ခုမှာ ထူးမခြားနားပုံစံဖြင့် ဆက်ရှိနေနိုင်ကာ ခပ်ယဲ့ယဲ့ ပြုံးပြလိုက်၏။

“အား…”

ထိုစဉ်မှာပင်.. ပဟေဠိနန်းတော်မှ ကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် စူးစူးဝါးဝါး​ အော်ဟစ်၍ မြေပြင်ပေါ်သို့ ပစ်လဲကျသွား၏။ သူက အဆက်မပြတ် လူးလိမ့်၍ ရုန်းကန်နေပြီး သူ၏ ခန္ဓာကိုယ်ကနေ အစိမ်းရောင် မြူခိုးများက ထွက်ပေါ်လာ၏။

ထိုကျင့်ကြံသူသည် အလွန်တရာ နာကျင်နေပုံရပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များကို ထပ်တလဲလဲ ဆုတ်ဖြဲပစ်နေ၏။ သူသည် သူ၏ မျက်နှာကို သူ၏ လက်များဖြင့် ကုတ်ဆွဲပြီး အသားစများကို ပဲ့ကျလာစေကာ သူ့ကိုယ်သူ ပုံပျက်ပန်းပျက် ဖြစ်သွားစေ၏။

သက်ရှိများ အားလုံးသည် စူးစူးဝါးဝါး အော်သံများကို ကြားရသောအခါ လှမ်းကြည့်ပြီးနာက်.. ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကြ၏။

“ဂျူနီယာညီလေး…”

ပဟေဠိနန်းတော်မှ နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ရှေ့သို့တက်လှမ်းပြီး သူ၏ ဂိုဏ်းသားအဖော်ကို စစ်ဆေးကြည့်ပေးချင်လေသည်။

“သူ့ကို မထိနဲ့”

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က အမူအရာပြောင်းလဲသွားပြီး အလောတကြီး သတိပေးလိုက်၏။

ကံဆိုးစွာနှင့်ပင်.. အဲဒါက နောက်ကျသွားခဲ့လေပြီ။

ပဟေဠိနန်းတော်၏ ထိုကျင့်ကြံသူက မြေပြင်ပေါ်ရှိ ကျင့်ကြံသူ၏ ကျောကို ထိမိသောအခါ သူ၏ လက်ဖဝါးသည်လည်း အစိမ်းရောင် မြူခိုးများဖြင့်​ စွန်းထင်းခြင်း ခံလိုက်ရ၏။

ချက်ချင်းပင်.. ပဟေဠိနန်းတော် ကျင့်ကြံသူ၏ အသားများက စတင်ဆွေးရိပြီး ကွာကျလာ၏။

“အား..”

ထိုကျင့်ကြံသူကလည်း စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ပဟေဠိနန်းတော်မှ ကျင့်ကြံသူများက ထိတ်လန့်သွားပြီး နောက်သို့ ဆုတ်ခွာလိုက်ကြ၏။

အချိန်တိုအတွင်းမှာပင်.. မြေပြင်ပေါ်သို့ လဲကျခဲ့သော ပဟေဠိနန်းတော်၏ ပထမကျင့်ကြံသူသည် မလှုပ်မယှက် ငြိမ်သက်သွားပြီး သွေးရေအိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

အဲဒီနေရာမှာ အလောင်းတစ်လောင်းသာလျှင် ကျန်ရစ်ခဲ့လေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ဤကဲ့သို့ပင် သေဆုံးသွားရလေပြီ။

ပဟေဠိနန်းတော်၏ ဒုတိယမြောက် စွမ်းအားကြီးပုဂ္ဂိုလ်ကလည်း သိပ်ကြာကြာ တောင့်မခံနိုင်ခဲ့ပေ။ အသက်ရှူချိန် အနည်းငယ်အကြာမှာပင်.. သူကလည်း သွေးရေအိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားရ၏။

ပဟေဠိနန်းတော်မှ လူတိုင်းသည် ကူကယ်ရာမဲ့စွာဖြင့် မချိတင်ကဲ ကြည့်နေရ၏။

ဆူရှောင်းနင်သည် ဆေးပုလင်းတစ်ခုကို ကိုင်ပြီး ချဉ်းကပ်လာသော်လည်း သူမက နောက်ကျသွားခဲ့လေပြီ။

နန်းတော်အရှင်က ပူဆွေးဝမ်းနည်းသော အမူအရာတစ်ခုနှင့်အတူ သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး သခင်လေး ဆန်းကြယ်တစ္ဆေကို လှည့်ကြည့်လိုက်၏။ သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး လေးနက်သော အသံဖြင့် မေးလိုက်၏။

“သခင်လေး ဆန်းကြယ်တစ္ဆေ.. ဒါက ဘာအဓိပ္ပာယ်လဲ”

“အဟမ်း.. အဟမ်း..”

သခင်လေး ဆန်းကြယ်တစ္ဆေက ချောင်းနှစ်ချက်ဟန့်ပြီး အားအင်ချိနဲ့နေသည့် ပုံစံဖြင့် ပြောလိုက်၏။

“သူက စောစောတုန်းက ကျုပ်နားကို အရမ်းကပ်လာတဲ့အတွက် ကျုပ်က မှားယွင်းပြီးတော့ သူ့ကို သတ်မိသွားတယ်.. အဲဒါက မတော်တဆဖြစ်ရပ်တစ်ခုပါပဲ”

အခြေအမြစ်မရှိသော အကြောင်းပြချက်တစ်ခုနှင့်အတူ ပဟေဠိနန်းတော်၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က အသတ်ခံလိုက်ရလေပြီ။

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က ဒေါသထွက်သွားလေသည်။ သို့သော်လည်း သူသည် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ထောက်ထားပြီး အဲဒါကို ကြိတ်မှိတ်သည်းခံရလေသည်။

ကျင့်ကြံသူများက အသံတိတ်သွားပြီး သူတို့ ရင်ထဲမှာ ပူဆွေးဝမ်းနည်းမှုများက ပြည့်နှက်လာ၏။

ထိုအခိုက်အတန့်မှာ သူတို့သည် ဒဏ္ဍာရီများမှာ ဖော်ပြထားသော ကမ္ဘာဦးခေတ်၏ အလွန်တရာ ဆိုးဝါးလှသော အချိန်များကို တဖြည်းဖြည်း တွေ့ကြုံခံစားလာနေရ၏။

All Chapters