ကြမ်းကြုတ်မျက်လုံး
Vol. 104 Ch. 1553
ကမ္ဘာဦးမျိုးနွယ်စုနှစ်စု ရောက်ရှိလာခြင်းနှင့်အတူ ကမ္ဘာဦးမျိုးနွယ်နှင့် စုန်းမျိုးနွယ်သည် အခြားသူများကို အရင်ဦးစွာစ၍ ခြိမ်းခြောက်နိုင်ခဲ့ပြီဖြစ်၏။ များစွာသောကျင့်ကြံသူများက တိတ်တဆိတ် စိုးရိမ်ပူပန်လာကြ၏။
“အခြေအနေမကောင်းတော့မဲ့ပုံပဲ”
နှင်ပုံတောင်ကြား၏ ဂိုဏ်းချုပ်က သက်လတ်ပိုင်းအရွယ် အချောအလှတစ်ဦးဖြစ်၏။ သူမသည် နူးညံ့သိမ်မွေ့သည့်ပုံပေါ်ပြီး စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စနှင့်အတူ တီးတိုးရေရွတ်လိုက်၏။
“အော်မီထော်ဖော်”
ဒီပင်္ကရာကျောင်းတော်၏ ကျောင်းထိုင်ဘုန်းကြီး ဟွေ့ရှန်မှာလည်း စိုးရိမ်ပူပန်သော အမူအရာတစ်ခုရှိလာ၏။
ကမ္ဘာဦးမျိုးနွယ်များသည် အရမ်းကိုစီးပိုးခြယ်လှယ်မှုရှိပြီး လူသားမျိုးနွယ်က များစွာညှိနှိုင်းဆွေးနွေးနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြင့် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၏ ရလဒ်က သူတို့အတွက် အလားအလာကောင်းတော့မည် မဟုတ်ပေ။
ဒေါင်...
ပဟေဠိနန်းတော်မှ ခေါင်းလောင်းသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။
ကြီးမားသော သွေးမြူတစ်ခုက ခပ်လှမ်းလှမ်းကနေ လွင့်မျောလာပြီး အထဲမှာ ပုံရိပ်များကို ခပ်ရေးရေးမြင်နိုင်လေသည်။ သူတို့က ပဟေဠိနန်းတော်သို့ ရောက်မလာခင်မှာပင် သွေးရနံ့က လှိုင်ထွက်လာ၏။
သွေးနွယ်ပင်မျိုးနွယ် ...
သွေးနွယ်ပင်မျိုးနွယ်သည် အဆင့်မြင့်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သော တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းကို ဖျက်ဆီးခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့သည် ကြယ်ခြောက်စင်းတောင်ပေါ်မှာ အထီးကျန်သိုင်းသခင်၏ ဖိနှိမ်ခြင်းကို ခံခဲ့ရပြီး သွေးနွယ်ပင်မျိုးနွယ် သခင်လေး ထန်လင်းကျီပင်လျှင် သတ်ဖြတ်ခံခဲ့ရ၏။
ထိုတိုက်ပွဲက သွေးနွယ်ပင်မျိုးနွယ်အတွက် အရှက်ရစရာဖြစ်၏။ သို့သော်လည်း သွေးနွယ်ပင်မျိုးနွယ်သည် ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း နာမည်ဆိုးဖြင့် ပိုမိုကျော်ကြားလာခဲ့၏။ မကြာသေးခင်က အင်မော်တယ်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သော ရှင်းသန့်လေပြေဘုရားကျောင််းက ဖျက်ဆီးခံခဲ့ရ၏။
ရှင်းသန့်လေပြေဘုရားကျောင်း၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်ကျော်က ထိုတိုက်ပွဲမှာ သေဆုံးခဲ့ရ၏။
အဆုံးသတ်မှာ ပေါ်ထွက်လာသော ရှင်းသန့်လေပြေဘုရားကျောင်း၏ ဧကရာဇ်သည်ပင် ရှင်းသန့်လေပြေကျောင်းတော်မှာ မြှုပ်နှံခံခဲ့ရပြီး ကျင့်ကြံရေးလောကတစ်ခုလုံးကို ကြီးမားစွာ လှုပ်ခတ်သွားစေခဲ့၏။
သွေးနွယ်ပင်မျိုးနွယ်နှင့် ယှဥ်လျှင် စုန်းမျိုးနွယ်နှင့် ယက္ခမျိုးနွယ်က ဤနှစ်များအတွင်း လှုပ်ရှားမှုများစွာ မပြုလုပ်ခဲ့ပေ။
များစွာသော ကျင့်ကြံသူများသည် ရင်တထိတ်ထိတ်ဖြစ်လာပြီး သူတို့က ချက်ချင်းပင် အကြောအချင်များ တောင့်တင်းလာခဲ့၏။ သူတို့သည် သွေးနွယ်ပင်မျိုးနွယ်၏ သတိထားခံရပြီး သတ်ဖြတ်ခြင်းခံရမှာကို စိုးရိမ်ပူပန်လာကြ၏။
ပဟေဠိနန်းတော်၏ နန်းတော်အရှင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ရင်ထဲရှိအမျက်ဒေါသကို ဖိနှိမ်လိုက်၏။ သူ၏ အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး လူတိုင်းကို လက်သီးနှစ်ဖက်ယှက်၍ ကြိုဆိုလိုက်၏။
“နှုတ်ဆက်ပါတယ်... သွေးနွယ်ပင်မျိုးနွယ် ကျေးဇူးပြုပြီး ကြွပါ”
သွေးနွယ်ပင်မျိုးနွယ်၏ လက်ရှိသခင်လေးက ထန်လောဖြစ်လေသည်။
သူသည်လည်းပဲ သွေးနွယ်ပင်မျိုးနွယ်၏ နာမည်အကြီးဆုံး ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်၏။
သို့သော်လည်း ထန်လင်းကျီမသေခဲ့လျှင် ထန်လောသည် သွေးနွယ်ပင်မျိုးနွယ်၏ သခင်လေးဖြစ်လာဖို့ အခွင့်အရေးကို ရရှိလိမ့်မည် မဟုတ်ပေ။
သူ၏ သွေးဆာရက်စက်မှုက ထန်လင်းကျီနှင့်ပင် ယှဥ်နိုင်လေသည်။
“တော်တော်လူစည်နေကြတာပဲ”
ထန်လောက သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး လူအုပ်ကြီးကို လှည့်ပတ်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“ဒီလောက်များတဲ့ လက်ဆတ်တဲ့ အစာတွေကိုစားဖို့ ငါထပ်ပြီး မစောင့်နိုင်တော့ဘူး”
“ဟီး... ဟီး... ဟီး”
များစွာသော သွေးနွယ်ပင်မျိုးနွယ်ဝင်များက ချောက်ချားဖွယ်ရာ ရယ်မောလိုက်ကြ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ထိုရယ်သံများကို ကြားသောအခါ သူတို့၏ ရင်ထဲမှ သူတို့၏ နှလုံးများက အေးစက်လာခဲ့၏။
သွေးနွယ်ပင်မျိုးနွယ်သည် သူတို့ရောက်ရှိလာသည့်ခဏမှာပင် သူတို့၏ အတွေးများကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူတို့၏ မျက်လုံးထဲမှ မျိုးနွယ်စုတစ်သောင်းမှ ကျင့်ကြံသူများအားလုံးသည် သူတို့အတွက် စားစရာများသာဖြစ်လေသည်။
ထန်လောက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက သူနှင့်အကြည့်ချင်းမဆုံရဲပဲ ရှောင်လွှဲသွားကြ၏။
“ဟားဟားဟားဟား”
သူက အူမြူးအားရနေပြီး အပြုံးတစ်ခုနှင့်အတူ ပြောလိုက်၏။
“မပူပါနဲ့... ငါက မကြာသေးခင်ကမှ ရာနဲ့ချီတဲ့စားစရာတွေကို စားထားတာ အခုထိတော့ ဗိုက်မဆာသေးဘူး”
ထိုသို့ပြောရင်း ထန်လောသည် သွေးနွယ်ပင်မျိုးနွယ်ဝင်များကို ဦးဆောင်ကာဝင်ရောက်လာ၏။
ကျင့်ကြံသူများက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
ဒေါင်.... ဒေါင်...
ခေါင်းလောင်းသံက နှစ်ကြိမ်ဆင့်၍ ထွက်ပေါ်လာ၏။
အဝေးတစ်နေရာကနေ ကျင့်ကြံသူနှစ်အုပ်စုက ပျံသန်းလာကြလေသည်။
ဘယ်ဘက်တွင်ရှိသော ကျင့်ကြံသူများက ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများနှင့်အတူ အရပ်အမောင်းမြင့်မားကြ၏။ အမျိုးသားများက တင့်တယ်ကြည့်ကောင်းပြီး အမျိုးသမီးများက ချောမောလှပကြ၏။
သူတို့သည်ရွှေစုံတွဲများကဲ့သို့ အတူတကွရောက်ရှိလာကြ၏။
နတ်ဘုရားမျိုးနွယ်က ရောက်ရှိလာခဲ့လေပြီ။
အခြားတစ်ဘက်တွင်ရှိသော ကျင့်ကြံသူများသည် လူသားများနှင့် မကွာခြားသည့်ပုံပေါ်လေသည်။ သို့သော်လည်း သူတို့၏ နှာရောင်များပေါ်မှာ မှိတ်ထားသော မျက်လုံးတစ်လုံးနှင့်ဆင်တူသည့် ခပ်ဖျော့ဖျော့ သွေးအမာရွတ်တစ်ခုစီ ရှိကြလေသည်။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ရောက်ရှိလာခဲ့ပြီဖြစ်၏။
ကမ္ဘာဦးမျိုးနွယ် နှစ်စုသည် တစ်ချိန်တည်းမှာပင် ပဟေဠိနန်းတော်သို့ ရောက်ရှိလာကြ၏။
ပဟေဠိနန်းတော်၏ နန်းတော်အရှင်က တစ်ဖန်ပေါ်ထွက်လာပြီး မျိုးနွယ်စုနှစ်စုကို ကြိုဆိုလိုက်၏။
“နတ်ဘုရားမျိုးနွယ်ရဲ့ခေါင်းဆောင်က နတ်မိမယ်ရှောင်ရှန်းဖြစ်မယ်... သူမက တကယ်ကိုပြိုင်ဘက်ကင်းပြီး ယက္ခယုနဲ့ ယှဥ်နိုင်တာပဲ”
များစွာသော ကျင့်ကြံသူများသည် နတ်ဘုရားမျိုးနွယ်၏ ဦးဆောင်လာသော အမျိုးသမီးကိုတွေ့သောအခါ ချီးကျူးလိုက်ကြ၏။
“ထူးဆန်းတယ်... နတ်ဘုရားမျိုးနွယ်ရဲ့ နတ်မိမယ်ရှောင်ရှန်းနဲ့ မိုးကောင်းကင်ပဒေသရာဇ်က ရွှေစုံတွဲတစ်တွဲလို့ ဆိုကြတယ်... သူတို့က ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့စုံတွဲပဲ... သူတို့က မကြာခဏဆိုသလို အတူတကွ ပေါ်ထွက်လာတတ်တယ်...အခု ဒီလိုမျိုးမဟာပွဲတော်တစ်ခုမှာ ကောင်းကင်ဘုံပဒေသရာဇ်ကို ဘာလို့မတွေ့ရတာလဲ”
“ငါလည်းမပြောတတ်ဘူး... သူက ကိစ္စတစ်ခုခုရှိလို့ ကြန့်ကြာနေတာဖြစ်ရမယ်”
ကျင့်ကြံသူအချို့က သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များနှင့်အတူ တိတ်တဆိတ်ဆွေးနွေးလိုက်ကြ၏။
“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကို ဦးဆောင်လာတဲ့ အဲ့ဒီမျက်ကန်းက ဘယ်သူလဲ”
ထိုစဥ်မှာပင် အဆင့်မြင့်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သော ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ သခင်လေးက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုသုံးပြီး အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်ကာ မေးလိုက်၏။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ခေါင်းဆောင်က ပခုံးထောက်ဆံပင်ရှိပြီး အမူအရာကင်းမဲ့နေ၏။ သူ၏ မျက်လုံးများနေရာမှာ နက်မှောင်နေသော တွင်းပေါက်နှစ်ပေါက်ရှိပြီး ကြောက်စရာကောင်းသည့်ပုံပေါ်နေ၏။
ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ဘာမျက်ကန်းလဲ... သတိထား အဲ့ဒီလူက ပါချည်ပါချဲ့မဟုတ်ဘူး အရမ်းကိုရက်စက်ကြမ်းတမ်းတယ်... ပြဿနာမရှာမိစေနဲ့”
“ဂိုဏ်းချုပ် မပူပါနဲ့... ကျုပ်တို့က ကျုပ်တို့ရဲ့ စိတ်ဝိညာဥ်အသိစိတ်နဲ့ ဆက်သွယ်ပြောဆိုနေကြတာပဲ... သူက ကျုပ်တို့ပြောတာကို ကြားနိုင်မှာ မဟုတ်ဘူး”
ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ သခင်လေးက ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။
“သတိဆိုတာ ပိုတယ်မရှိဘူး”
ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကသတိပေး၍ ရှင်းပြလိုက်၏။
“အဲ့ဒီလူက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့သခင်လေး... ကြမ်းကြုတ်မျက်လုံးပဲ... သူက ငယ်ရွယ်စဥ်ကတည်းက ကောင်းကင်ဘုံမျက်လုံးကို ကျင့်ကြံဖို့အတွက်နဲ့ သူရဲ့မျက်လုံးကို သူကိုယ်တိုင်ဖျက်ဆီးခဲ့တာလို့ ငါကြားထားတယ်”
“အာ...”
ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ သခင်လေးက တိတ်တဆိတ် ဆွံ့အသွား၏။
ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဆက်ပြောလိုက်၏။
“ကြမ်းကြုတ်မျက်လုံးက သူ့ကိုယ်သူတောင် အဲ့လောက်ထိရက်စက်တတ်တယ်ဆိုရင် အခြားသူတွေအပေါ် သူက ဘယ်လိုဆက်ဆံမလဲ မင်းစဥ်းစားကြည့်လိုက်”
“အခုသူက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာရှိနေပြီဆိုတော့... သူက သူ့ရဲ့မျက်လုံးတွေကို ပြန်ထွက်စေနိုင်တယ်မလား”
ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ သခင်လေးက တစ်ဖန်ထပ်၍ မေးလိုက်၏။
ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏ ခေါင်းကို ခါပြလိုက်၏။
“သူ့ရဲ့မျက်လုံးတွေကို ပုံမှန်အတိုင်း ပြန်ဖြစ်စေမယ်ဆိုရင် သူ့ရဲ့ကျင့်ကြံမှုထက်ဝက်ကျော်က ပျက်စီးသွားရလိမ့်မယ်... သူက သူ့ကိုယ်သူ ကောင်းကင်ဘုံမျက်လုံးလို့ အမည်ပေးထားတယ်ဆိုတာ... သူက နေ့အလင်းရောင်ကို ဘယ်တော့မှ ပြန်မကြည့်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားပြီးပြီလို့ ဆိုလိုတာပဲ”
“တော်တော်ရက်စက်ကြမ်းကြုတ်တာပဲ”
ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ သခင်လေးက ရှုံ့မဲ့သွားပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ကျင့်ကြံဖို့အတွက်နဲ့ ဘာကိုမှ မတွေ့မမြင်ရပဲ ရှင်သန်နေရတဲ့ဘဝက ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ”
ထိုစဥ်မှာပင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ သခင်လေးက သူ၏ခြေလှမ်းကို ရုတ်တရက်ရပ်တန့်လိုက်၏။
သူက ဖြည်းဖြည်းချင်း လှည့်လာပြီး နက်မှောင်နေသော မျက်တွင်းပေါက်တစ်စုံနှင့်အတူ ကောင်းကင်လှုပ်ခတ်ဂိုဏ်းရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် သခင်လေးတို့၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့သည် ခေါင်းနပန်းကြီးလာခဲ့၏။ သူတို့၏ ရင်ထဲရှိ နှလုံးခုန်ခြင်းက ရပ်တန့်သွားသည်ဟု ထင်ရ၏။
“တာ.. တာအိုရောင်းရင်း ကြမ်းကြုတ်မျက်လုံး... တစ်ခုခု ပြောစရာရှိလို့လား”
ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က သူ့ကိုယ်သူတည်ငြိမ်စေဖို့ အကောင်းဆုံး ကြိုးစားလိုက်သော်လည်း သူ၏ အသံက တုန်ယင်နေ၏။
ကြမ်းကြုတ်မျက်လုံးက မှင်သေသေဖြင့် ပြောလိုက်၏။
“ငါ့ရဲ့မျက်လုံးအကြောင်း ဝေဖန်တဲ့သူတွေကိုငါမုန်းတယ်... ဒါ့အပြင် မင်းတို့တွေက ငါမကြားချင်ဆုံးစကားဖြစ်တဲ့ မျက်ကန်းဆိုတဲ့ဝေါဟာရကိုတောင် သုံးလိုက်သေးတယ်”
ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် သခင်လေး၏ အမူအရာတို့က အလွန်တရာ ဖြူဖျော့သွားပြီး ချွေးစေးများက ချက်ချင်းပင် တစ်ပေါက်ပေါက်ကျဆင်းလာ၏။
ကြမ်းကြုတ်မျက်လုံးက သရော်တော်တော်အမူအရာနှင့်အတူ လှောင်ပြုံးပြုံးလိုက်၏။
“မင်းတို့တွေက မင်းတို့ရဲ့ စိတ်ဝိညာဥ်အသိစိတ်နဲ့ ဆက်သွယ်ပြောဆိုနေတာနဲ့ပဲ... ငါက မင်းတို့ပြောတာကို မကြားနိုင်ဘူးလို့ ထင်နေတာလား”
သူသည် သူ၏ ကိုယ်ပိုင်မျက်လုံးကို ဖျက်ဆီးပစ်ခဲ့ကတည်းက သူသည် အခြားသူများမကြားနိုင်သည့် အရာများကို ကြားလာနိုင်လေသည်။
ရုတ်တရက်... ကြမ်းကြုတ်နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးထံမှ သေသပ်သော အက်ကွဲကြောင်းတစ်ခုက ပေါ်ထွက်လာ၏။
အလွန်တရာကြောက်စရာကောင်းသော စွမ်းအင်အတက်အကျတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး ဧရာမအေးစက်စက်အလင်းတန်းတစ်ခုက ကောင်းကင်လှုပ်ခတ်ဂိုဏ်းရှိရာဘက်သို့ ထိုးဆင်းလာလေသည်။
အဲ့ဒါက အရမ်းကိုမြန်ဆန်လေသည်။
စက္ခုနည်းစနစ်များ၏ စွမ်းအားက လျှပ်တပြက် ချက်ချင်းကျဆင်းလာနိုင်၏။
ဒါ့အပြင် အဲ့ဒါသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ သခင်လေး၏ စက္ခုနည်းစနစ်ဖြစ်၏။
ကောင်းကင်လှုပ်ခတ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် သခင်လေး၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူတို့၏ အမူအရာများက အေးခဲရပ်တန့်သွား၏။
ဖောင်း... ဖောင်း... ဖောင်း...
သွေးမြူတစ်ခုက ပန်းထွက်လာပြီး ကောင်းကင်လှုပ်ခတ်ဂိုဏ်းမှ ကျင့်ကြံသူများစွာနှင့် ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်သည် စက္ခုနည်းစနစ်ဖြင့် တစ်ခဏချင်းမှာပင် သတ်ဖြတ်ခံလိုက်ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ပျက်စီးသွား၏။
မြေပြင်ပေါ်မှာ သိပ်သည်းပြင်းထန်သော သွေးရနံ့နှင့်အတူ နုတ်နုတ်စင်းထားသော အသားပုံတစ်ခုသာလျှင် ကျန်ရစ်ခဲ့လေသည်။
ကြမ်းကြုတ်မျက်လုံးက သူ၏ မျက်လုံးကို ဖွင့်လိုက်ရုံမျှသာဖြစ်ပြီး ကောင်းကင်လှုပ်ခတ်ဂိုဏ်းမှ ကျင့်ကြံသူများအားလုံးက သေဆုံးသွားရလေပြီ။ အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်သွား၏။
သက်ရှိများအားလုံးသည် ကြမ်းကြုတ်မျက်လုံး၏ ရက်စက်ကြမ်းတမ်းသော နည်းလမ်းများမှာ မှင်တက်သွားကြပြီး မည်သူကမှ အသက်ပြင်းပြင်းမရှုရဲကြတော့ပေ။
ကမ္ဘာဦးမျိုးနွယ်များသည် ကမ္ဘာဦးခေတ်တုန်းက ထျန်ဟွမ်ကုန်းမြေတိုက်ကို စိုးမိုးခြယ်လှယ်ပြီး မျိုးနွယ်စုတစ်သောင်းကို အုပ်စိုးနိုင်ခဲ့သည်မှာ သေချာပေါက် အကြောင်းမဲ့သက်သက် မဟုတ်ပေ။
ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများနှင့် ရင်ဆိုင်ရချိန်တွင် လူသားမျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်များက ပုရွက်ဆိတ်များကဲ့သို့ သေးနုပ်သွားပြီး အလွယ်တကူ ဖိချေ ဖျက်ဆီးခံရနိုင်လေသည်။