စိန်ခေါ်ခြင်း
Vol. 104 Ch. 1555
ပဟေဠိနန်းတော်၏ နန်းတော်အရှင်က အမူအရာပျက်ယွင်းသွား၏။
သတ္တမမြောက်မင်းသားသည် သူ့ကို တွေ့ကရာလူဟုခေါ်ဆိုခြင်းဖြင့် သူ့ကိုပြောင်ပြောင်တင်းတင်းစော်ကားလိုက်ခြင်းဖြစ်၏။
ဒါ့အပြင် သူက အဲ့ဒါကို လုံးဝဖုံးကွယ်ထားခြင်း မရှိပေ။
ထန်လောက ခေါင်းညိတ်လိုက်၏။
“အဲ့ဒီအကြံက မဆိုးဘူး... ဒီလူက ဒီမှာရှိတဲ့လူတိုင်းကို လက်ခံယုံကြည်အောင်မလုပ်နိုင်ဘူးဆိုရင် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကိုလည်း လက်ခံကျင်းပဖို့ကြိုးစားမနေနဲ့ အဲ့ဒါက ရှက်ဖို့ကောင်းတယ်”
“သတ္တမညီကို... စောစောက ခင်ဗျားပြောတာက မှားနေတယ်”
အဋ္ဌမမြောက်မင်းသာက ပြုံးစစဖြင့် ပြောလိုက်၏။
“အို...”
သတ္တမမြောက်မင်းသားက ဘေးတိုက်တစ်ချက်လှည့်ကြည့်လိုက်၏။
အဋ္ဌမမြောက်မင်းသားက ပြောလေသည်။
“ရွှေကျီးကန်းမျိုးနွယ်ကို ဘယ်သူက စိန်ခေါ်နိုင်လဲလို့ မေးရမှာမဟုတ်ဘူး... ဘယ်သူက စိန်ခေါ်ရဲလဲလို့ မေးရမှာ”
နဝမမြောက်မင်းသားကလည်း သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး အော်ပြောလိုက်၏။
“အဲ့ဒါအမှန်ပဲ... ရွှေကျီးကန်းမျိုးနွယ်က လူသားမျိုးနွယ်ကို မျှတတဲ့ အခွင့်ရေးတစ်ခုပေးလိုက်မယ်... ဘယ်သူရှေ့ကို ထွက်လာရဲလဲ”
မည်သူကမှ ပြန်မဖြေကြပေ။
ကျင့်ကြံမှုအဆင့်တူခြင်းမှာဆို သူတို့သည် ကမ္ဘာဦးမျိုးနွယ်ဝင်များကို ရင်ဆိုင်ရာမှာ သေချာပေါက်ရှုံးနိမ့်ရမည်ဖြစ်ကြောင်း ထိပ်သီးဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များပင် နားလည်သဘောပေါက်ထားကြ၏။
“အဋ္ဌမ... နဝမ... မင်းတို့တွေက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေပဲ ဒီကို ပြန်လာထိုင်နေကြ... မင်းတို့တွေက တိုက်ခိုက်မယ်ဆိုရင် သက်သက်အနိုင်ကျင့်တာဖြစ်နေလိမ့်မယ်... မင်းတို့ရဲ့နောက်မှာရှိတဲ့ ကလန်သားတွေကို ဆော့ကစားခွင့်ပေးလိုက်”
သတ္တမမြောက်မင်းသားက ပြောလိုက်ခြင်းဖြစ်၏။
အဋ္ဌမနှင့် နဝမမြောက်မင်းသာက ပြန်ထိုင်လိုက်ပြီး သူတို့၏ လက်များကို ပိုက်ကာ ပြပွဲကို စောင့်ကြည့်ဖို့ ပြင်ဆင်လိုက်ကြ၏။
ရွှေကျီးကန်းတစ်ကောင်က လှစ်ခနဲခုန်ထွက်လာပြီး သူ၏ ဘေးပတ်လည်ကို ပြုံးစစဖြင့် ထောက်လှမ်းကြည့်ရှုလိုက်၏။
“ငါက... ရွှေငှက်မွေးပဲ... ငါနဲ့ဘယ်သူဆော့ကစားရဲမလဲ”
လူအုပ်ကြီးက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသော်လည်း မည်သူကမှ ထွက်မလာကြပေ။
ကျိချန်းရှန်နှင့် အခြားသူများက ထိုသို့ပြုလုပ်ဖို့ စိတ်ကူးရှိကြလေသည်။
သို့သော်လည်း သူတို့သည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး အနိုင်ရဖို့အခွင့်အရေး လုံးဝမရှိပေ။
ရွှေငှက်မွေးက လှောင်ပြောင်သရော်လိုသော အမူအရာနှင့်အတူ ကျယ်လောင်စွာရယ်မောလိုက်၏။
“ငါက ပေါင်းစည်းခန္ဓာအဆင့်မှာပဲရှိတယ်... လူသားမျိုးနွယ်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က ငါ့ကိုစိန်ခေါ်လာမယ်ဆိုရင်တောင် ငါက ငြင်းပယ်မှာ မဟုတ်ဘူး”
“ဘာလဲ... အဲ့ဒါတောင် ဘယ်သူမှ မရှိသေးဘူးလား”
“ဟားဟားဟားဟား”
ရွှေငှက်မွေးက ဟားတိုက်ရယ်မောလိုက်၏။
“လူသားမျိုးနွယ်က မဆိုစလောက်သတ္တိလေးနဲ့ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကိုကျင်းပပြီး ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ညှိနှိုင်းဆွေးနွေးချင်သေးတယ်ပေါ့”
“အဲ့ဒါကို ငါလုပ်မယ်”
ထိုစဥ်မှာပင် ကိုယ်တော်တစ်ပါးက ရှေ့သို့ထွက်လာခဲ့ပြီး လူတိုင်း၏ အကြည့်ကို ဆွဲဆောင်မိသွား၏။
“အာ... အဲ့ဒါက စိန်ကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော် ကိုယ်တော် ခုန်းဓမ္မပဲ”
“စိန်ကျောင်းတော်ရဲ့ ကျောင်းထိုင်ကိုယ်တော်က ဒီလိုမျိုး တင်းမာခက်ထန်တဲ့ စိတ်သဘောထားရှိနေတာပဲ”
“အာ... အဲ့ဒါက စိန်ကျောင်းတော်တင်မဟုတ်ဘူး... သန့်စင်နှလုံးသားသီလရှင်ကျောင်း ဖျက်ဆီးခံခဲ့ရတဲ့အတွက် ဗုဒ္ဓကျောင်းတော်တွေက ကိုယ်တော်တွေအားလုံးက သူတို့ရဲ့ ရင်ထဲမှာ အမျက်ဒေါသရှိနေကြတယ်”
“အို...”
ရွှေငှက်မွေး၏ အကြည့်က ကိုယ်တော်ခုန်းဓမ္မအပေါ် ဆင်းသက်လာပြီး ခေါင်းညိတ်လိုက်၏။
“သိပ်ကောင်းတယ်... မင်းက သတ္တိတော့ရှိသားပဲ ကိုယ်တော်ကတုံးပြောင်... ဒါပေမဲ့ မင်းက ဘယ်လောက်ထိတတ်နိုင်သလဲ ငါသိချင်မိတယ်”
“ဒီနေ့ ကျုပ်က ဘာတတ်နိုင်လဲဆိုတာ ခင်ဗျားကို ပြပေးမယ်”
ကိုယ်တော်ခုန်းဓမ္မ၏ ကျင့်ကြံမှုအဆင့်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
သူက တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်လိုက်သည့်ခဏမှာပင် သူ၏မူပိုင်ဓမ္မလက်နက်စိန်တောင်ဝှေးကို ဆင့်ခေါ်လိုက်၏။
ကိုယ်တော်ခုန်းဓမ္မသည် ဗုဒ္ဓသုတ္တန်တစ်ခုကို ရွတ်ဆိုပြီး သူ၏ ခန္ဓာကိုယ်က ကျိန်းစပ်နေသော ရွှေရောင်အလင်းတန်းတစ်ခုနှင့်အတူ ချက်ချင်းပြည့်နှက်လာခဲ့၏။ သူ၏ နှလုံးသားက စွမ်းအားကြီးမားသော ပုံစံဖြင့် သူ၏ ရင်ထဲမှာ ခပ်ထိုင်းထိုင်းအသံတစ်ခုနှင့်အတူ ခုန်လာ၏။
ဝေါ...
ကိုယ်တော်ခုန်းဓမ္မ၏ မျိုးဆက်သွေးသည် ဆူနာမီသွေးအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
ကိုယ်တော်ခုန်းဓမ္မသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ဖြစ်သော်လည်း သူက မဆင်မခြင်ပြုမူရဲခြင်းမရှိပဲ ရွှေငှက်မွေးဆီသို့ပြေးဝင်သွားရင်း သူ၏ဝှက်ဖဲများစွာကို ချက်ချင်းထုတ်ဖော်လိုက်၏။
“ဟီးဟီး”
ရွှေငှက်မွေးက သရော်တော်တော်အမူအရာဖြင့် လှောင်ရယ်၍ လှစ်ခနဲဆိုပျောက်ကွယ်သွား၏။
ကိုယ်တော်ခုန်းဓမ္မ၏ တိုက်ခိုက်မှုက ချက်ချင်းပင်လွဲချော်သွား၏။
“နှေးလွန်းတယ်”
ထိုစဥ်မှာပင် ရွှေငှက်မွေး၏ လှောင်ပြောင်ထေ့ငေါ့လိုက်သောအသံက ကိုယ်တော်ခုန်းဓမ္မ၏ နားထဲမှာ ထွက်ပေါ်လာ၏။
ကိုယ်တော်ခုန်းဓမ္မသည် ထိတ်လန့်သွားပြီး နောက်သို့လှည့်ကြည့်ခြင်းပင် မရှိပဲ သူ၏ စိန်တောင်ဝှေးကို လက်ပြန်လွှဲကာ ရိုက်ချလိုက်၏။
တိုက်ခိုက်မှုက နောက်တစ်ဖန်လွဲချော်သွား၏။
ရွှေငှက်မွေးက ထွက်ခွာသွားခဲ့လေပြီ။
ရွှေကျီးကန်းမျိုးနွယ်၏ လှုပ်ရှားမှုနည်းစနစ်သည် ကမ္ဘာဦးမျိုးနွယ် ၉ စုကြားမှာ ယက္ခမျိုးနွယ်ထက် အနည်းငယ်သာနိမ့်ကျလေသည်။
စိန်ကျောင်းတော်သည် ခန္ဓာမီးဆေးခြင်းမှာ အထူးပြုပြီး လှုပ်ရှားမှုနည်းစနစ်အရာမှာ သူတို့သည် ရွှေကျီးကန်းမျိုးနွယ်ကို လုံးဝမယှဥ်နိုင်ပေ။
ရွှစ်...
ကိုယ်တော်ခုန်းဓမ္မ၏ ကျောပေါ်တွင် ကြီးမားသော ပြတ်ရှရာတစ်ခုပေါ်ထွက်လာပြီး သူ၏ အသားများက ဖွာလန်ကျဲသွား၏။ ထိုဒဏ်ရာက အရမ်းကိုနက်ရှိုင်းပြီး သူ၏ အရိုးများထိတိုင်နက်ကာ သွေးများက ပန်းထွက်လာ၏။
“ဆရာတော်... သတိထား”
စိန်ကျောင်းတော်မှ ကိုယ်တော်များစွာက အံ့အားတသင့်အော်ပြောလိုက်ကြ၏။
ကိုယ်တော်ခုန်းဓမ္မ၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏ စိတ်ဝိညာဥ်ဖြင့် အာရုံစိုက်ကာ ရွှေငှက်မွေး၏ လမ်းကြောင်းကို ထောက်လှမ်းချင်လေသည်။ သို့သော်လည်း သူ့အတွက်တော့ ရွှေငှက်မွေး၏ ပုံရိပ်သည် ထောက်လှမ်းဖို့ရာမဖြစ်နိုင်သော ခပ်ဖျော့ဖျော့ရွှေအလင်းတစ်ခုအဖြစ်သာရှိနေ၏။
ရွှစ်...
သိပ်မကြာခင် ကိုယ်တော်ခုန်းဓမ္မ၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်ဒဏ်ရာတစ်ခုက ပေါ်ထွက်လာ၏။
ကိုယ်တော်ခုန်းဓမ္မသည် အံကိုကြိတ်ပြီး အသံတိတ်ကာ ဆက်လက်တိုက်ခိုက်နေ၏။
သူ၏ စိန်တောင်ဝှေးနှင့် ရွှေငှက်မွေးကို ထိအောင်ရိုက်နိုင်သည်နှင့်အမျှ သူသည် ထိုသူကို ဒဏ်ရာအပြင်းအထန် သေချာပေါက်ရရှိစေမည်ဟု ယုံကြည်လေသည်။
ကံဆိုးစွာနှင့်ပင် သူက ရွှေငှက်မွေး၏ အင်္ကျီတစ်စကိုပင် မထိတွေ့နိုင်ပေ။
“အား...”
ဒီပင်္ကရာကျောင်းတော်၏ ကျောင်းထိုင်ဆရာတော် ကိုယ်တော်ဟွေ့ရှန်က သက်ပြင်းချလိုက်၏။ သိပ်မကြာခင်... ကိုယ်တော်ခုန်းဓမ္မသည် ဒဏ်ရာများဖြင့် ပြည့်နှက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အကာအရံအလွှာကလည်း အနည်းငယ်မှိန်ဖျော့ကာ သူ၏ သွေးချီက တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့၏။
“အရှုံးကို ဝန်ခံတယ်... ကျုပ်တို့က အရှုံးကို ဝန်ခံပြီ”
စိန်ကျောင်းတော်၏ မည်ကာမတ္တတပည့်ကရှေ့သို့ထွက်ရပ်ကာပြောလိုက်၏။
ကိုယ်တော်ခုန်းဓမ္မကလည်း မောဟိုက်စွာဖြင့် ပြောလိုက်၏။
“ကျုပ်ခင်ဗျားကို ဘယ်လိုမှ မနိုင်ဘူး... ခင်ဗျားနိုင်ပါတယ်”
ထိုသို့သူပြောရင်း... သူက စိန်ကျောင်းတော်မှ ကိုယ်တော်များရှိရာဘက်သို့ ဆုတ်ခွာချင်လေသည်။
“မင်းက ထွက်ခွာသွားချင်သေးတာလား”
ရွှေငှက်မွေး၏ အေးစက်နေသောအသံက ကိုယ်တော်ခုန်းဓမ္မ၏ ဘေးပတ်လည်မှာ လှည့်ဖြားတတ်သောပုံစံဖြင့် ထွက်ပေါ်လာ၏။
ကိုယ်တော်ခုန်းဓမ္မ၏ သွေးချီက အပြင်းအထန်လျော့ကျနေပြီး သူ၏ တုံ့ပြန်မှုနှင့် ခုခံမှုက ကြီးမားစွာ လျော့ကျနေ၏။
ရုတ်တရက်ဆိုသလို...
ရွှေငှက်မွေးသည် ကိုယ်တော်ခုန်းဓမ္မ၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ ထိုသူ၏ ဦးခေါင်းကို သူ၏ ထက်ရှသောလက်သည်းများဖြင့် ထိုးစိုက်လိုက်၏။
ဗြစ်...
ကိုယ်တော်ခုန်းဓမ္မ၏ လှုပ်ရှားမှုက ရပ်တန့်သွားပြီး သူ၏ အကြည့်က မှိန်ဖျော့သွား၏။
သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက လျော့ကျလာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ရွှေငှက်မွေး၏ လက်သည်းချက်များဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရ၏။
ကိုယ်တော်ခုန်းဓမ္မက သေဆုံးသွားလေပြီ။
“ဆရာတော်….”
စိန်ကျောင်းတော်မှ ကိုယ်တော်များက ပူဆွေးဝမ်းနည်းဖွယ်ရာအော်ဟစ်၍ ရှေ့သို့ပြေးတက်လာကြ၏။
“ဘာလို့လဲ... မင်းတို့ကပါ သူနဲ့အတူ သေချင်တာလား”
ရွှေငှက်မွေး၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူက ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ လူအုပ်ကြားထဲသို့ ပြေးဝင်သွား၏။
ဖောင်း... ဖောင်း... ဖောင်း...
လက်ဆတ်သောသွေးရောင်များက ဖြာလက်လာ၏။
တစ်ခဏချင်းမှာပင် ရှေ့ဆုံးမှာရပ်နေသော စိန်ကျောင်းတော်၏ ကိုယ်တော်သုံးပါးက နေရာမှာပင် သေဆုံးသွား၏။
ကျန်ရှိနေသော စိန်ကျောင်းတော်ကိုယ်တော်များက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး သူတို့၏ ခြေလှမ်းများကို ရပ်တန့်ကာ ရှေ့သို့ဆက်လက်တက်လှမ်းရဲခြင်း မရှိတော့ပေ။
စိန်ကျောင်းတော်၏ မည်ကာမတ္တတပည့်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ရွှေငှက်မွေး... ကျုပ်တို့က ဆရာတော်ရဲ့အလောင်းကို ပြန်ယူချင်ရုံပဲ... ကျုပ်တို့က ခင်ဗျားကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး”
“အလောင်းလား”
ရွှေငှက်မွေးက ညင်သာစွာ ပြုံးလိုက်၏။
“အလောင်းက မရှိတော့ဘူး”
ထိုသို့ပြောပြီးနောက် ရွှေငှက်မွေး၏ လက်ချောင်းထိပ်မှ ရွှေရောင်မီးတောက်လုံးတစ်လုံးက ပစ်လွင့်ထွက်ပေါ်လာပြီး ကိုယ်တော်ခုန်းဓမ္မ၏ ခန္ဒာကိုယ်ပေါ်သို့ ဆင်းသက်သွား၏။
ရွှစ်ခနဲမြည်သံနှင့်အတူ ၎င်းက မီးတောက်များအဖြစ်လောင်ကျွမ်းသွားလေသည်။
စိန်ကျောင်းတော်မှ လူတိုင်းက ငေးမောမှင်တက်သွားကြ၏။
“အော်မီထော်ဖော”
ထိုသည်ကိုတွေ့မြင်သောအခါ ဗုဒ္ဓကျောင်းတော်များ၏ မရေမတွက်နိုင်သော ကိုယ်တော်များက ပူဆွေးဝမ်းနည်းသော အမူအရာများနှင့်အတူ အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
တစ်ခဏချင်းမှာပင် ကိုယ်တော်ခုန်းဓမ္မသည် အလောင်းပင်မကျန်ပဲ လောင်ကျွမ်းပြာကျသွား၏။
သူက အလောင်းတစ်လောင်းကိုပင် ချန်ထားပေးလိုစိတ် မရှိပေ။
“အား...”
ဒီပင်္ကရာကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်ကိုယ်တော်ဟွေ့ရှန်က သက်ပြင်းချ၍ ထရပ်လိုက်၏။
ထိုစဥ်မှာပင် ဆရာတော်ဟွေ့ရှန်၏ ပခုံးပေါ်သို့ လက်ဖဝါးတစ်ဖက်က ရောက်ရှိလာ၏။
“ဆရာတော်... အဲ့ဒါကို ကျုပ်လုပ်မယ်”
အစိမ်းရောင်မီးအိမ်ကို ကိုင်ဆွဲထားသော အသက်ငယ်ငယ်ကိုယ်တော်လေးတစ်ပါးက ပြတ်သားသောလေသံနှင့်အတူ ညင်သာစွာပြောလိုက်၏။
“မင်းကျန်... မင်း...”
ကိုယ်တော်ဟွေ့ရှန်က အနည်းငယ်တွေဝေတုံ့ဆိုင်းနေ၏။
မင်းကျန်သည် နောက်ပိုင်းပေါင်းစည်းခန္ဓာအဆင့်မှာသာရှိနေသေး၏။
သို့သော်လည်း ရွှေငှက်မွေးက ပကတိပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိနေလေပြီ။
သူတို့သည် ကျင့်ကြံမှုအဆင့်မှာ အားသာချက်ရှိသည်ဆိုလျှင်တောင် သူတို့သည် ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များနှင့်ရင်ဆိုင်ရာမှာ အနိုင်ရရှိဖို့မလွယ်ကြောင်း လူတိုင်းက သိထားကြ၏။
ဒါ့အပြင် မင်းကျန်၏ ကျင့်ကြံမှုအဆင့်က ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်ထက် ပို၍ပင်နိမ့်ကျနေ၏။
စိန်ကျောင်းတော်၏ ဆရာတော်နှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်အနေဖြင့် ကိုယ်တော်ခုန်းဓမ္မသည် အသက်ရှုချိန် ဆယ်ချိန်မပြည့်ခင်မှာပင် ပေါင်းစည်းခန္ဓာ ရွှေငှက်မွေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
မင်းကျန်သည် ရွှေငှက်မွေးထက် ကျင့်ကြံမှုအဆင့်သေးတစ်ဆင့် နိမ့်ကျနေ၏။ သူက အနိုင်ရရှိဖို့အတွက် အခွင့်အရေးမရှိသလောက်နီးပါးပင်။