← Chapters

အစိမ်းရောင် မီးအိမ်

Vol. 104 Ch. 1556

အစိမ်းရောင် မီးအိမ်

Vol. 104 Ch. 1556

“ဘာလို့လဲ.. ငါ့ကို စိန်ခေါ်ရဲတဲ့သူ.. တခြား ဘယ်သူမှ မရှိတော့ဘူးလား”

ရွှေငှက်မွေးက လှောင်ရယ်၍ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုကာ လှောင်ရယ်လိုက်၏။

“လူသားမျိုးနွယ်က ငါ့ကိုတောင် မနိုင်ဘဲနဲ့.. မင်းတို့တွေက မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ကျင်းပနိုင်မယ်လို့ ထင်နေတာလား”

“ထွီ..”

ရွှေငှက်မွေးက အထင်သေးစွာဖြင့် တံတွေးထွေးလိုက်လေသည်။

အဲဒါသည် သူက ကျင့်ကြံသူများ အားလုံး၏ မျက်နှာပေါ်ကို တံတွေးထွေးလိုက်သည့်အလားပင်။

ထိပ်သီးဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များက အသံတိတ်နေကြ၏။

တကယ်တော့.. ဒီဘက်မျိုးဆက်၏ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပြိုင်စံရှားတချို့ ရှိလေသည်။ သူတို့က ရှေ့သို့ ထွက်လာမည်ဆိုလျှင် သူတို့သည် ရွှေငှက်မွေးကို အနိုင်ရရှိနိုင်ကောင်း ရရှိနိုင်ပေလိမ့်မည်။

သို့သော်လည်း.. မင်းသား ၄ပါး၊ ရွှေကျီးကန်းမျိုးနွယ်တစ်ခုလုံးနှင့် ကမ္ဘာဦးမျိုးနွယ် ၆စုကပင်လျှင် ရွှေငှက်မွေးကို နောက်ခံပေးထားကြောင်း ကျင့်ကြံသူများ အားလုံးက သိရှိထားကြ၏။

ယခုအချိန်တွင် လူသားမျိုးနွယ်ကို စိန်ခေါ်နေသောသူက ရွှေငှက်မွေးသာ ဖြစ်လေသည်။ သို့သော်လည်း သခင်လေး ဆန်းကြယ်တစ္ဆေ၊ နတ်မိမယ် ရှောင်ရှန်းနှင့် အခြား ပြန်ဝင်စားမွန်းစတားများကဲ့သို့ ကမ္ဘာဦးမျိုးနွယ် ၆ စုမှ ပညာရှင်များသည် ဘေးကနေ စောင့်ကြည့်နေကြ၏။ ထိုကဲ့သို့​သော ဖိအားကို ခံနိုင်ရည်ရှိသည့်သူက များစွာမရှိပေ။

ပို၍အရေးသည်မှာ ရွှေငှက်မွေးနှင့် ဆန့်ကျင်တိုက်ခိုက်ရသော တိုက်ပွဲသည် လက်ရည်စမ်းခြင်းမျှသာ မဟုတ်ပေ။ အဲဒါက အသေအကြေ တိုက်ခိုက်ရခြင်းဖြစ်၏။

အဲဒါသည် အ​ပေါ်ယံမှာ ကြည့်လျှင် မျှတသည်ဟု ထင်ရသော်လည်း တကယ်တော့ အဲဒါက မမျှတပေ။

အကြောင်းမှာ.. ကမ္ဘာဦးမျိုးနွယ် ၆စုသည် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ရဲသော်လည်း လက်ရှိ လူသားပြိုင်စံရှားများက ထိုသို့ပြုလုပ်ဖို့ သတ္တိမရှိကြသောကြောင့် ဖြစ်၏။

ရွှေငှက်မွေးကို သတ်ဖြတ်ရဲသော မည်သူမဆို.. ရွှေကျီးကန်းမျိုးနွယ်၏ အမျက်ဒေါသကို ခံယူရပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူတို့၏ ဂိုဏ်းများကပါ ရောပါငြိစွန်း ဒုက္ခရောက်ဖို့ အခွင့်များလေသည်။

ရုတ်တရက်.. ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်က ပြောလိုက်၏။

“ကိစ္စက ဒီလိုဆိုမှတော့.. ကမ္ဘာဦးမျိုးနွယ် ၆စုရဲ့ သခင်လေးတွေက မျိုးနွယ်စုတစ်သောင်းစုဝေးပွဲကို လက်ခံကျင်းပပေးသင့်တာပေါ့.. ဖန်းလိုင်ကျွန်းက အဲဒီအကြံပြုချက်ကို လက်ခံသဘောတူတယ်”

များစွာသော ကျင့်ကြံသူများသည် ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားကြ၏။

ကမ္ဘာဦးမျိုးနွယ် ၆စုက မျိုးနွယ်စုတစ်သောင်းစုဝေးပွဲကို လက်ခံကျင်းပမည်ဆိုလျှင် အဲဒါသည် လူသားမျိုးနွယ်က သူတို့၏ နောက်ဆုံးအခွင့်အလမ်းကို ဆုံးရှုံးပြီး ညှိနှိုင်းဆွေးနွေးဖို့ပင် မည်သည့်အခွင့်အရေးမှ ရရှိတော့မည် မဟုတ်ပေ။

ဂိုဏ်းချုပ်များစွာက မျက်မှောင်ကြုတ်၍ ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏။

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က သုန်မှုန်နေသော အမူအရာနှင့်အတူ ပြောလိုက်၏။

“ထျန်ကျီ… တချို့အကြုံပြုချက်တွေ မပြုလုပ်ခင် မင်းအရင် သေချာစဉ်းစားသင့်တယ်”

“ငါလည်း အဲဒါကို သဘောတူတယ်”

ရုတ်တရက်.. ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်၏။

“ပဟေဠိနန်းတော်က အဆင့်မမီဘူးဆိုမှတော့ ကမ္ဘာဦးမျိုးနွယ် ၆စုက အဲဒါကို လက်ခံကျင်းပပေးမှာ ဖြစ်သင့်တာပေါ့”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ခေါင်းညိတ်လိုက်၏။

“ဒါက အစကတည်းက မျိုးနွယ်စုတစ်သောင်းစုဝေးပွဲပဲ… ဘယ်သူကပဲ ကျင်းပ ကျင်းပ.. အဲဒါက ကိစ္စမရှိဘူး… ကမ္ဘာဦးမျိုးနွယ် ၆စုက တစ်ခါတုန်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အုပ်စိုးခဲ့ဖူးတာဆိုတော့ သူတို့က တကယ်ပဲ အဆင့်မီတယ်”

“အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကလည်း အဲဒါကို သဘောတူတယ်”

“အဆိပ်ဂိုဏ်းကလည်း သဘောတူတယ်”

“ဒေါင်ဖန်နဲ့ ရှီမန်ရှေးတော်ဝင်မိသားစုတွေကလည်း သဘောတူတယ်”

တစ်ခဏချင်းမှာပင် များစွာသော ထိပ်သီးဂိုဏ်းကြီးများက ရှေ့သို့ ထွက်ရပ်လာပြီး ကမ္ဘာဦးမျိုးနွယ် ၆စုကို အားပေးထောက်ခံလိုက်ကြ၏။

လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာ၏။

နှင်းပုံတောင်ကြား၊ ခရမ်းရောင်မိုးကောင်းကင်ဂိုဏ်း၊ ဒီပင်္ကရာကျောင်းတော်နှင့် အခြားသော ထိပ်သီးဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များက ထိတ်လန့်သွားပြီး ဖြစ်ပျက်နေသည့်အရာများကို သူတို့က နားလည်သဘောပေါက်လာကြ၏။

ယခုအချိန်မှာ ရှေ့သို့ ထွက်လာသော ထိပ်သီးဂိုဏ်းကြီးများသည် ကမ္ဘာဦးမျိုးနွယ် ၆စုနှင့် ပူးပေါင်းထားတာ.. သို့မဟုတ် သူတို့ထံမှာ အညံ့ခံထားတာပင် ဖြစ်နိုင်လေသည်။

“ဟမ်”

စိတ်ဝိညာဉ်ကျားက နှုတ်ခမ်းစူလိုက်၏။

“အဲဒီငကြောက်ကောင်တွေက အမြဲတမ်း သူရဲဘောကြောင်တတ်တာပဲ.. သူတို့က တိုက်ပွဲမစခင်မှာပဲ အညံ့ခံပြီးသွားကြပြီ”

“ငါတို့ သဘောတူတယ်”

ထိုစဉ်မှာပင်.. ပေါင်းစည်းခန္ဓာ ပင့်ကူသားရဲတစ်ကောင်က ကျယ်လောင်စွာ ပြောလိုက်၏။

ထိုပင့်ကူသားရဲသည် သားရဲနယ်မြေ ရှစ်ခွင်ထဲရှိ ပင့်ကူတစ်ထောင်သဲခုံမှ ဖြစ်လေသည်။

“အရှေ့ပင်လယ်သားရဲ့ဒေသကလည်း အဲဒါကို သဘောတူတယ်”

အရှေ့ပင်လယ်မှ မဟာသားရဲတစ်ပါးက ရှေ့သို့ ထွက်ရပ်လာ၏။

“သားရဲတစ်ထောင်တောင်ကြားကလည်း သဘောတူတယ်”

“ရွှေဥဒေါင်းတောင်ကြောရိုးကလည်း အဲဒါကို သဘောတူတယ်”

တစ်ခဏချင်းမှာပင် သားရဲနယ်မြေရှစ်ခွင်ထဲမှ ထက်ဝက်သည် ရှေ့သို့ ထွက်ရပ်လာပြီး ကမ္ဘာဦးမျိုးနွယ် ၆စုက မျိုးနွယ်စုတစ်သောင်းစုဝေးပွဲကို လက်ခံကျင်းပပေးသင့်ကြောင်း သဘောတူထောက်ခံလိုက်ကြ၏။

“ဟားဟားဟားဟား”

ရွှေကျီးကန်း အဋ္ဌမမြောက် မင်းသားက သူ၏ ခေါင်းကို မော့ကာ ရယ်မောလိုက်၏။

“လက်စသတ်တော့.. မျိုးနွယ်စုတစ်သောင်းလုံးက ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စု.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးဆီ ပြန်လာတာကို စောင့်မျှော်နေကြတာပဲ”

“မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေ အားလုံးက သဘောတူ ထောက်ခံနေပြီဆိုမှတော့ ငါတို့က အဲဒါကို လက်ခံပေးရတော့မှာပေါ့”

“ငါ သဘောမတူဘူး”

ထိုစဉ်မှာပင်… ဆန့်ကျင်ကွဲလွဲသော အသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံသည် ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များအတွက် အလွန်တရာ နားကြာပြင်းကတ်စရာကောင်းနေ၏။

ငယ်ရွယ်သော ကိုယ်တော်တစ်ပါးက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။

“နောက်ထပ် ကတုံးပြောင်ကိုယ်တော်တစ်ပါးက လာပြီးအသေခံချင်နေတာလား”

မင်းသားနှစ်ပါးက စကားမပြောရသေးခင်မှာပင်.. ရွှေငှက်မွေး၏ အမူအရာက ညိုမည်းသွားပြီး ငယ်ရွယ်သော ကိုယ်တော်လေးကို ကြမ်းကြုတ်ခက်ထန်စွာ စိုက်ကြည့်လိုက်၏။ သူက အချိန်မရွေး တိုက်ခိုက်လာတော့မည့်ပုံပင်။

“အဲဒီကိုယ်တော်လေးက ဘယ်သူလဲ… သူက နောက်ပိုင်းပေါင်းစည်းခန္ဓာအဆင့်မှာပဲ ရှိနေသေးတယ်.. သူက အဲဒီကို သွားပြီး အသေခံမလို့လား”

“ဒီပင်္ကရာကျောင်းတော်ရဲ့ မင်းကျန်က ဖာဟွားနဲ့ တာမင်းကျောင်းတော်ရဲ့ အမွေအနှစ်ကို ဆက်ခံရရှိထားပြီး တာအိုအမွေအနှစ်ကုန်းမြေမှာ ကမ္ဘာ့ဂုဏ်ချာဗုဒ္ဓရဲ့ အမွေအနှစ်ကိုလည်း ရရှိထားတယ်… သူက ဒီပင်္ကရာကျောင်းတော်ရဲ့ မည်ကာမတ္တတပည့် ဖြစ်ခဲ့ဖူးပြီး သူ့မှာ နည်းလမ်းတချို့ ရှိတယ်”

“နည်းလမ်းတချို့ ရှိတာက ဘာလုပ်လို့ ရမှာလဲ.. သူက ရွှေငှက်မွေးထက် ကျင့်ကြံမှုအဆင့် ပိုနိမ့်နေတယ်ဆိုမှတော့ သက်သက်အသေသွားခံတာပဲ ဖြစ်နေမှာပေါ့”

“မင်းကျန်က အထီးကျန်သိုင်းသခင်နဲ့ အရမ်းကို ရင်းနှီးတဲ့ ပတ်သက်ဆက်နွယ်မှုတစ်ခု ရှိတယ်လို့လဲ ငါကြားထားတယ်”

“အာ.. အဲဒါကို​ ပြောရရင် အထီးကျန်သိုင်းသခင်သာ ရှိနေမယ်ဆို.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ သူက ကမ္ဘာဦးမျိုးနွယ် ၆စုက ပညာရှင်တွေကို သေချာပေါက် တိုက်ခိုက်နိုင်လိမ့်မယ်”

များစွာသော ကျင့်ကြံသူများသည် အထီးကျန်သိုင်းသခင်အကြောင်း ပြောချိန်တွင် တွေဝေရှုပ်ထွေးသော အမူအရာများ ထွက်ပေါ်လာကြ၏။

အထီးကျန်သိုင်းသခင် မြင့်မားပေါ်ထွက်လာသည်ကနေ ယခုအချိန်ထိ သူသည် ထိပ်သီးဂိုဏ်းကြီးများ၏ စုပေါင်းပစ်မှတ်ထားခြင်းနှင့် အမဲလိုက်ခြင်းကိုပင် ခံခဲ့ရ၏။ သို့သော်လည်း များစွာသော ဂိုဏ်းများက ထိုအချက်ကို မငြင်းပယ်နိုင်ကြပေ။

အထီးကျန်သိုင်းသခင်သည် ဒီဘက်မျိုးဆက်မှာ လူသားမျိုးနွယ်၏ အသန်မာဆုံး ပြန်ဝင်စားမွန်းစတား ဖြစ်လေသည်။

“နောက်ပိုင်းပေါင်းစည်းခန္ဓာအဆင့်လား”

တိုက်ပွဲမြေပြင်တွင် ရွှေငှက်မွေးက မင်းကျန်ကို ကြည့်ပြီး ရုတ်တရက် လှောင်ရယ်လိုက်၏။

“ကြည့်ရတာတော့.. လူသားမျိုးနွယ်မှာ တကယ်ပဲ​ အရည်အချင်းပြည့်မှီတဲ့သူ များများစားစား မရှိတော့တဲ့ပုံပဲ… နောက်ပိုင်းပေါင်းစည်းခန္ဓာတစ်ယောက်ကတောင် အသေခံဖို့ ထွက်လာရပြီဆိုတော့…”

“ဘာလဲ… မင်းက မင်းထက် ကျင့်ကြံမှုအဆင့်မြင့်တဲ့ ငါ့ကို စိန်ခေါ်ချင်တာလား ကတုံးပြောင်ကိုယ်တော်လေး”

“အောမီတောဖော”

မင်းကျန်သည် သူ၏ ဘယ်ဘက်လက်ထဲတွင် အစိမ်းရောင်မီးအိမ်ကို ကိုင်ဆွဲထားပြီး သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“ငါက စီနီယာ ခုံးဓမ္မနဲ့ သန့်စင်နှလုံးသား သီလရှင်ကျောင်းက ကျဆုံးသွားတဲ့ တာအိုရောင်းရင်းတွေအတွက် ဖြေရှင်းချက်တစ်ခု ယူပေးချင်ရုံပဲ”

“ကောင်းပြီလေ.. အဲဒါဆိုလည်း သူတို့နဲ့ တွေ့ရအောင် ငါ မင်းကို အခုပဲ ငရဲဆီ ပို့ပေးမယ်”

ရွှေငှက်မွေး၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူသည် နေရာကနေ လှစ်ခနဲ ပျောက်ကွယ်သွား၏။

တစ်ခဏချင်းမှာပင် ရွှေငှက်မွေးသည် မင်းကျန်၏ နောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူက သူ၏ လက်ကို ဆန့်ထုတ်ပြီး မင်းကျန်၏ ဦးခေါင်းဆီသို့ သူ၏ ထက်ရှသော လက်သည်းများကို ထိုးသွင်းလိုက်၏။

သူ၏ လှုပ်ရှားမှု နည်းစနစ်က အရမ်းကို မြန်ဆန်လေသည်။

လက်ရှိကျင့်ကြံသူ အများစုသည် ရွှေငှက်မွေး၏ လမ်းကြောင်းကို လုံးဝ မဖမ်းမိနိုင်ဘဲ သူတို့အားလုံးသည် ရွှေရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်ကိုသာ တွေ့မြင်လိုက်ရ၏။

မင်းကျန်က သူ၏ ခေါင်းကို ငုံ့ထားပြီး အချိန်မီ မတုံ့ပြန်နိုင်သည့်အလား.. နေရာမှာပင် မလှုပ်မယှက်ရပ်နေ၏။

“သွားပြီ.. အဲဒီကိုယ်တော်လေးက သေလူတစ်ယောက် ဖြစ်သွားပြီ”

“အဲဒါ စောစောတုန်းက ကိုယ်တော်ခုန်းဓမ္မ သေသွားခဲ့ရတဲ့ ပုံစံမျိုးပဲ”

“ရွှေငှက်မွေးက လူသားသွင်ပြင်မှာပဲ ရှိနေသေးတယ်.. သူက သူ့ရဲ့ အစစ်အမှန်ပုံစံကို ပြောင်းလဲလိုက်မယ်ဆိုရင် သူ့ရဲ့ အမြန်နှုန်းနဲ့ ခွန်အားက ဆပွားတိုးလာလိမ့်မယ်.. သူက ဘယ်လောက်တောင် သန်မာလဲဆိုတာ စဉ်းစားကြည့်ဖို့ ခက်တယ်”

လူတိုင်း ဆွေးနွေးနေစဉ်မှာပင်.. မင်းကျန်က နောက်ပြန်လှည့်လာခြင်း သို့မဟုတ် လှုပ်ရှားခြင်း မရှိပေ။ သူက သူ့လက်ထဲရှိ အစိမ်းရောင်မီးအိမ်ကိုသာ သူ၏ ဦးခေါင်းထက်သို့ ကိုင်မြှောက်လိုက်၏။

အစိမ်းရောင်မီးအိမ်ပေါ်မှာ ခပ်ပါးပါး မီးတောက်မျှင်တစ်ခုက လောင်ကျွမ်းနေ၏။ ၎င်းသည် အချိန်မရွေး ငြိမ်းသေသွားနိုင်သည့်အလားပင်။

သို့သော်လည်း ရွှေငှက်မွေး၏ လက်ဖဝါးက မီးတောက်မျှင်ပေါ်သို့ ဆင်းသက်လာသောအခါ.. သူက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ လက်ကို အလျင်အမြန် ရုတ်သိမ်းလိုက်၏။

“အား…”

ရွှေငှက်မွေးက စူးစူးဝါးဝါး အော်ဟစ်၍ နာကျင်နေသော အမူအရာတစ်ခုနှင့်အတူ နောက်သို့ ခုန်ဆုတ်လိုက်၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် တုန်လှုပ်သွားသော အမူအရာများနှင့်အတူ လှမ်းမျှော်ကြည့်ရှုလိုက်ကြ၏။

ရွှေငှက်မွေး၏ လက်ဖဝါးမှာ ကြီးမားသော အပေါက်တစ်ခုက လောင်ကျွမ်းသွားပြီး မည်သည့်သွေးကမှ စီးကျမလာခဲ့ပေ။ ဘေးပတ်လည်ရှိ အသားများက မည်းတူးသွားလေသည်။

ဤမြင်ကွင်းသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ မျှော်လင့်ထားသည်နှင့် လုံးဝ ဆန့်ကျင်ကွဲလွဲနေလေသည်။

“ရွှေငှက်မွေးက ရှုံးသွားတာလား”

“အဲဒါက ဘာဓမ္မလက်နက်လဲ.. အရမ်းကို စွမ်းအားကြီးမားတာပဲ”

“ကြည့်ရတာ​တော့ အဲဒါက ဒီပင်္ကရာကျောင်းတော်ရဲ့ မူလတည်ထောင်သူ ဗုဒ္ဓဧကရာဇ် ကန့်သတ်မဲ့အလင်းရဲ့ မူပိုင်ဓမ္မရတနာဖြစ်တဲ့ပုံပဲ.. အဲဒါက ဓမ္မလက်နက် မဟုတ်ဘူး.. အဲဒါက ဧကရာဇ်လက်နက်တစ်ခုပဲ”

“အာ.. အဲဒါက ဟိုအစိမ်းရောင်မီးအိမ်ပဲ”

“အဲဒါ ဟုတ်တယ်.. ရှေးဟောင်းခေတ်စစ်ပွဲမှာတုန်းက အစိမ်းရောင်မီးအိမ်က ကမ္ဘာဦးမျိုးနွယ်က ပညာရှင်တွေရဲ့ လက်ချက်နဲ့ ကြေမွသွားပြီး ဧကရာဇ်လက်နက်အဆင့်ကနေ သာမန်ဓမ္မလက်နက်တစ်ခုအဆင့် လျှောကျသွားတယ်လို့ ငါကြားဖူးတယ်.. လက်စသတ်တော့ အဲဒီဓမ္မလက်နက်က မင်းကျန်ရဲ့ လက်ထဲကို ရောက်နေတာပဲ”

All Chapters