← Chapters

ငှက်မွေးအဆင့်နိမ့်သတ္တဝါ

Vol. 104 Ch. 1557

ငှက်မွေးအဆင့်နိမ့်သတ္တဝါ

Vol. 104 Ch. 1557

“ကတုံးပြောင်ကိုယ်တော်”

ရွှေငှက်မွေးက ဒေါသူပုန်ထသွား၏။

ဤနှစ်များအတွင်း ရွှေကျီးကန်းမျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကို စိုးမိုးခြယ်လှယ်ခဲ့ပြီး ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ခဲ့၏။

သူသည် ထိခိုက်ဒဏ်ရာတစ်ခုကို ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပေ။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ရွှေကျီးကန်းမျိုးနွယ်၏ ပြန်လည်ကုသနိုင်စွမ်းအရ သူ၏ သွေးချီကို တလိပ်လိပ်တက်လာစေခြင်းဖြင့် သူ၏ ဒဏ်ရာက အလျင်အမြန်သက်သာပျောက်ကင်းသင့်လေသည်။

သို့သော်လည်း အစိမ်းရောင်မီးအိမ်ပေါ်ရှိ မီးတောက်များသည် အလွန်တရာကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထား၏။

ရွှေငှက်မွေး၏ သွေးချီက တလိပ်လိပ်တက်လာသောအခါ ၎င်းသည် ဘာမှမကျန်အောင် လောင်ကျွမ်းသန့်စင်ခံလိုက်ရ၏။

“မင်းက ငါ့ကို ဒေါသထွက်အောင်လုပ်နေတာပဲ”

ရွှေငှက်မွေး၏ အမူအရာက အေးစက်လာပြီး သူ၏ မျက်လုံးများက အမျက်ဒေါသဖြင့် တောက်လောင်လာ၏။ သူက သူ၏ ခေါင်းကို မော့၍ ကောင်းကင်ထက်သို့ဟိန်းဟောက်ပြီး သူ၏ သွေးချီကို တလိပ်လိပ်တက်လာစေကာ သူ၏ ခန္ဓာကိုယ်က ပြန့်ကားလာခဲ့၏။

တစ်ခဏချင်းမှာပင် သူက သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်လေသည်။

အလွန်ကြီးမားသည့် ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်က တိုက်ပွဲမြေပြင်မှာ ဆင်းသက်လာခဲ့လေသည်။

ခြေသုံးချောင်း ရွှေကျီးကန်းသည် ပေပေါင်းများစွာရှည်လျား၍ မီးတောက်များဖြင့် လောင်ကျွမ်းနေသော သူ၏ တောင်ပံများကို ဖြန့်ကြက်လိုက်၏။ တောင်ပံတစ်ဖက်စီသည် ရွှေရောင်အလင်းဖြင့် တောက်ပနေ၏။

သူ၏ ခြေသုံးချောင်းထဲမှ တစ်ချောင်းသည် သိသိသာသာ ပုံပျက်ပန်းပျက်ဖြစ်နေ၏။ ၎င်းသည် အစိမ်းရောင်မီးအိမ်ကြောင့် လောင်ကျွမ်းခံခဲ့ရသော လက်သည်းဖြစ်လေသည်။

“မင်းက... ငါ့ကိုလာပြီး မီးနဲ့ကစားချင်တာလား”

ရွှေငှက်မွေး၏ အသံက ထွက်ပေါ်လာ၏။

“ဒီနေ့... ရွှေကျီးကန်းမျိုးနွယ်ရဲ့ မူပိုင်မီးတောက်ရဲ့စွမ်းအားကို ငါမင်းကို ပြပေးမယ်”

သူက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ရုတ်တရက် ချစ်ချစ်တောက်ပူလောင်သော မီးတောက်စီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်၏။ ရွှေရောင်အလင်းတစ်ချက်နှင့်အတူ တိုက်ပွဲမြေပြင်တစ်ခုလုံးရှိ အပူချိန်က မြင့်တက်လာ၏။

“အဲ့ဒါက... နေမင်းအမြုတေမီးပဲ”

“ဒဏ္ဍာရီအရဆို ရွှေကျီးကန်းမျိုးနွယ်ရဲ့ နေမင်းအမြုတေမီးကို ၎င်းရဲ့ အကန့်အသတ်ထိကျင့်ကြံပြီးတဲ့အခါ အဲ့ဒါက ချစ်ချစ်တောက်နေတစ်စင်းအဖြစ်တောင် အသွင်ပြောင်းလဲနိုင်တယ်”

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက အံအားတသင့်ရေရွတ်ပြောဆိုလိုက်ကြ၏။

မင်းကျန်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပဲ သူ၏ လက်ထဲတွင် အစိမ်းရောင်မီးအိမ်ကို ကိုင်ဆွဲကာ ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။ သူ၏ နှာရောင်က တောက်ပလာပြီး ဓမ္မစွမ်းအားတစ်ခုသည် သူ၏ လက်ချောင်းထိပ်ကနေ အစိမ်းရောင်မီးအိမ်အတွင်းသို့ ပစ်လွင့်သွား၏။

ရွှစ်....

ရုတ်တရက် အစိမ်းရောင်မီးအိမ်ပေါ်ရှိ မီးတောက်များက ရူးသွပ်စွာ ပြန့်ကားလာပြီး မီးတောက်များအဖြစ် ပေါက်ကွဲထွက်ကာ နေမင်းအမြုတေမီးရှိရာသို့ ပြေးဝင်သွား၏။

အစိမ်းရောင်မီးတောက်များနှင့် ရွှေရောင်မီးတောက်များသည် ထိတွေ့ရိုက်ခတ်ပြီး တစ်ဘက်ကိုတစ်ဘက် အလျှော့ပေးလိုစိတ်မရှိဘဲ တစ်ခုကိုတစ်ခုဝါးမျိုကာ မျှခြေတစ်ခုသို့ ရောက်ရှိလာ၏။

“မင်းကျန်က တကယ့်ကို မရိုးရှင်းဘူးပဲ... အစိမ်းရောင်မီးအိမ်က အတိတ်ကာလတုန်းက ဧကရာဇ်လက်နက်တစ်ခု ဖြစ်ခဲ့ဖူးတယ်ဆိုပေမဲ့ ဗုဒ္ဓဝါဒအပေါ် လူတစ်ယောက်ရဲ့ နားလည်ဆင်ခြင်နိုင်မှုက လုံလောက်အောင်မနက်ရှိုင်းသရွေ့ သူရဲ့စွမ်းအားကို သေချာပေါက်ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး”

“အမှန်ပဲ... မီးတောက်ချင်းယှဥ်တဲ့နေရာမှာ ရွှေကျီးကန်းမျိုးနွယ်ကို ယှဥ်နိုင်တဲ့လူက မရှိသလောက်ပဲ”

“ကမ္ဘာဦးမျိုးနွယ် ၉ စုကြားမှာ နဂါးမျိုးနွယ်ရဲ့ မီးပဒေသာနဂါးမျိုးဆက်ကပဲ ရွှေကျီးကန်းမျိုးနွယ်ကို မီးတောက်တာအိုမှာ ယှဥ်နိုင်လိမ့်မယ်”

ရွှေငှက်မွေးသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို ရူးသွပ်စွာလှည့်ပတ်၍ သူ၏ မျက်လုံးထဲမှာ မီးတောက်များက ကခုန်လာ၏။

ရွှေကျီးကန်းမျိုးနွယ် ၊ မင်းသားလေးပါးနှင့် ကမ္ဘာဦးမျိုးနွယ် ၆ စု မှပညာရှင်များအပြင် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံး၏ ရှေ့မှောက်မှာ သူက ရှုံးလို့မရပေ။

ရုတ်တရက်ဆိုသလို...

ရွှေငှက်မွေး၏ မျက်လုံးထဲမှ ရွှေရောင်မီးတောက်နှစ်ခုက အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ရုန်းကန်ထွက်ပေါ်လာ၏။

စက္ခုနည်းစနစ်.. စီးဆင်းနေသော မီးမျက်လုံး...

မင်းကျန်သည် ဝင်ရောက်လာသော မီးတောက်နှစ်ခုကိုကြည့်ပြီး ရုတ်တရက် မျက်တောင်ခတ်လိုက်၏။ သူ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး သူ့ထံမှ အလွန်တရာ မြင့်မြတ်ထည်ဝါသော စွမ်ပကားတစ်ခုက ဖြာထွက်လာ၏။

မီးတောက်နှစ်ခုက မင်းကျန်၏ ရှေ့မှောက်သို့ ဆင်းသက်လာသည့်ခဏမှာပင် သူတို့က ငြိမ်းသေသွားလေသည်။

ကမ္ဘာ့ကွန်ချာဗုဒ္ဓက သူ၏ ဦးခေါင်းကို ငုံ့ထားသည့်အခါ စက္ခုနည်းစနစ်ပေါင်းထောင်ချီကို ချေဖျက်နိုင်လေသည်။

မင်းကျန်၏ ခန္ဓာကိုယ်မှ စွမ်းပကားသည် အစိမ်းရောင်မီးအိမ်ထဲသို့ တလိပ်လိပ်တိုးဝင်သွားပြီး အစိမ်းရောင်မီးတောက်များက သိပ်သည်းကျစ်လျစ်လာ၏။ ချက်ချင်းပင် ၎င်းသည် ရွှေငှက်မွေး၏ နေမင်းအမြုတေမီးကို ဝါးမျိုပြီး ထိုသူကို ဆက်လက်ဝါးမျိုဖို့အတွက် ဆန်တက်လာလေသည်။

ရွှေငှက်မွေး၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ တောင်ပံများကို အလောတကြီးဖြန့်ကြက်ကာ အစိမ်းရောင်မီးတောက်များ၏ သက်ရောက်မှုကနေ ထွက်ပြေးဖို့ ပြင်ဆင်လိုက်၏။

ထိုစဥ်မှာပင် မင်းကျန်၏ အသံက ထွက်ပေါ်လာ၏။

“မဟာအဓိဋ္ဌာန်ချိပ်စည်း”

မင်းကျန်သည် သူ၏ လက်ကို ဆန့်ထုတ်ပြီး ဓမ္မချိပ်စည်းတစ်ခုကို ပုံဖော်ကာ ရွှေငှက်မွေးရှိရာဘက်သို့ ဖြည်းဖြည်းချင်း ဖိချလိုက်၏။

ဓမ္မချိပ်စည်း၏ အမြန်နှုန်းက အလွန်တရာ နှေးကွေးလေသည်။

သို့သော်လည်း ရွှေငှက်မွေးသည် အလွန်တရာ စွမ်းအားကြီးမားသော အင်အားတစ်ခုဖြင့် ချုပ်နှောင်ခံထားရသည့်အလား ခံစားရပြီး ဧရာမတောင်တစ်လုံးက သူ့ပေါ်ကို ဖိကျလာသည့်အလား သူက လုံးဝမလှုပ်နိုင်တော့ပေ။

မဟာအဓိဋ္ဌာန်ချိပ်စည်းတွင် ကမ္ဘာ့ကွန်ချာဗုဒ္ဓထံမှ မျှော်လင့်ချက်စွမ်းအားပါဝင်လေသည်။

သူသည် ငရဲက ဗလာကျင်းပြီး သက်ရှိအားလုံးမလွတ်မြောက်သရွေ့ နိဗ္ဗာန်ကို မျက်မှောက်မပြုဟု သစ္စာဆိုခဲ့သည်။

သူ၏ သိပ်သည်းပြင်းထန်သော စိတ်စွမ်းအားသည် ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်ကို မပြောနှင့် ငရဲတစ်ခုလုံးကိုပင် ဖိနှိမ်နိုင်လေသည်။

မဟာအဓိဋ္ဌာန်ချိပ်စည်းနှင့် ရင်ဆိုင်ရာမှာ ခြေသုံးချောင်း ရွှေကျီးကန်း၏ အလျင်အဟုန်က လုံးဝသုံးစားမရတော့ပေ။

ရွှေငှက်မွေးသည် လေထဲမှာ အေးခဲရပ်တန့်သွားသည်ဟုထင်ရပြီး အစိမ်းရောင်မီးတောက်များ သူ့ပေါ်လွှမ်းခြုံလာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရ၏။

“အား...”

ရွှေငှက်မွေးက မီးတောက်များကြားကနေ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

မျိုးနွယ်စုတစ်သောင်းက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြ၏။

များစွာသောကျင့်ကြံသူများက စိတ်အားမာန် တက်ကြွလာကြ၏။

မင်းကျန်သည် ဤတိုက်ပွဲကို အနိုင်ရလိုက်လေပြီ။

ဒါ့အပြင် သူက ကျင့်ကြံမှုအဆင့် နိမ့်ကျနေတာတောင် ရွှေကျီးကန်းမျိုးနွယ်ကို အနိုင်ရလိုက်ခြင်းဖြစ်၏။ မင်းကျန်သည် ရွှေငှက်မွေး၏ မီးတောက်များကြားမှ စူးစူးဝါးဝါး အော်သံကို ကြားရသောအခါ သူ၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပဲ ရပ်တန့်ဖို့လည်း စိတ်ကူးမရှိပေ။

ဒီပင်္ကရာကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်ဟွေ့ရှန်က စိုးရိမ်ပူပန်သည့်ပုံပေါ်လာ၏။

“ကဲ... တော်လောက်ပြီ”

ရုတ်တရက်... အဋ္ဌမမင်းသားက အေးစက်စွာပြောလိုက်၏။

မင်းကျန်က လှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။

“မင်းကတော့... သေချင်နေပြီပဲ”

ရုတ်တရက် အဋ္ဌမမင်းသားက နေရာကနေ ပျောက်ကွယ်သွား၏။ ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သူက မင်းကျန်၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ လက်ကို ဆန့်ထုတ်ကာ ထိုသူကို ဖမ်းဆွဲလာခဲ့ပြီဖြစ်၏။

သူ၏ လက်ဝါးဆင်းသက်မလာခင်မှာပင် ၎င်းသည် ရွှေကျီးကန်းမျိုးနွယ်၏ ထက်ရှသောလက်သည်းများအဖြစ် အသွင်ပြောင်းလဲသွား၏။

“အား...”

လူအုပ်ကြီးထဲမှ တုန်လှုပ်မှုနှင့် အံ့အားသင့်မှုအသံများကို ကြားလိုက်ကြရ၏။

အဋ္ဌမမင်းသား... တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က တိုက်ခိုက်လာခဲ့လေပြီ။

အဲ့ဒါက အဆင့်သေးတစ်ဆင့်ကွာဟခြင်း ဆက်လက်၍ မဟုတ်တော့ပေ။ အဲ့ဒါက ကျင့်ကြံမှုအဆင့်တစ်ခုလုံးလုံး ဖိနှိမ်ခြင်းဖြစ်၏။

မင်းကျန်သည် အလွန်တရာတည်ငြိမ်နေပြီး သူ၏ သွေးချီက တလိပ်လိပ်တက်လာကာ ဆူနာမီသွေးသို့ ချက်ချင်းပင် မြင့်တက်လာခဲ့၏။ သူက အဋ္ဌမမင်းသား၏ လက်ဖဝါးရှိရာသို့ ပစ်ထိုးလိုက်လေသည်။

ဘန်း...

မင်းကျန်သည် ဆတ်ခနဲတုန်ယင်သွားပြီး ခပ်သဲ့သဲ့ ညည်းတွားကာ နာကျင်နေသော အမူအရာတစ်ခုနှင့်အတူ နောက်သို့ ခြေသုံးလှမ်း ဒယီးဒယိုင်ဆုတ်လိုက်ရ၏။

ခြေတစ်လှမ်းချင်းစီမှာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာတစ်ခုစီ ကျန်ရစ်ခဲ့၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ ခွန်အားက အရမ်းကို ကြောက်စရာကောင်းလေသည်။ ဒါ့အပြင် သူက ရွှေကျီးကန်းမင်းသား ဆယ်ပါးထဲမှ တစ်ပါးဖြစ်နေ၏။

အဲ့ဒါက ကျင့်ကြံသူများ မျှော်လင့်ထားသည့်အတိုင်းပင်။

မင်းကျန်သည် ရွှေငှက်မွေးကို အနိုင်ရမည်ဆိုလျှင်တောင် ပို၍ပင်သန်မာသော နောက်ထပ်ကမ္ဘာဦးမျိုးနွယ်သက်ရှိတစ်ယောက်က ပေါ်ထွက်လာပေလိမ့်မည်။

ကမ္ဘာဦးမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက် ရောက်ရှိလာခြင်းသည် အဆင့်တူခြင်းမှာ သူ့ကို မည်သူကမှ မယှဥ်နိုင်တော့ဟု အဓိပ္ပါယ်ရလေသည်။

“ကိုယ်တော်လေး... ငါ့ရဲ့ နေမင်းအမြုတေမီးကိုလည်း ခံစားကြည့်လိုက်ဦး”

ရုတ်တရက် အဋ္ဌမမင်းသားက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ချစ်ချစ်တောက်ပူလောင်သော ရွှေရောင်မီးတောက်တစ်ခုကို ထွေးထုတ်လိုက်၏။

မင်းကျန်၏ အမူအရာက တည်တံ့နေပြီး ရွှေငှက်မွေးအား သတ်ဖြတ်ဖို့ကို လက်လျှော့လိုက်ရ၏။ သူ၏ အစိမ်းရောင်မီးအိမ်ကို ပြန်ဆွဲယူပြီး အစိမ်းရောင်မီးတောက်တစ်ခုကို ထွန်းညှိကာ ၎င်းကို အဋ္ဌမမင်းသား၏ နေမင်းအမြုတေမီးရှိရာဘက်သို့ လောင်ကျွမ်းစေလိုက်၏။

ဤတစ်​ကြိမ်မှာတော့ အစိမ်းရောင်မီးတောက်သည် နေမင်းအမြုတေမီး၏ ချက်ချင်းနီးပါး ဝါးမျိုခြင်းကို ခံလိုက်ရ၏။

ဤနေမင်းအမြုတေမီးတွင် နတ်ဘုရားစွမ်းအားတစ်စွန်းတစ်စပါဝင်လေသည်။

မင်းကျန်၏ အစိမ်းရောင်မီးတောက်များက ၎င်းကို လုံးဝမခုခံနိုင်ပေ။

နေမင်းအမြုတေမီးသည် မင်းကျန်ကို လွှမ်းခြုံထားပြီး သူ့မှာ နောက်ဆုတ်စရာနေရာ မရှိတော့ပေ။

သူသည် လေတစ်ချက်ကို ရှုရှိုက်ပြီး ရုတ်တရက် မြေပြင်ပေါ်မှာ တင်ပျဥ်ခွေထိုင်ချကာ သုတ္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။

ချက်ချင်းပင် ရွှေရောင်အလင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ကနေ ဖြာထွက်လာ၏။

အဲ့ဒါက ကမ္ဘာ့ကွန်ချာအစစ်အမှန်ခန္ဓာဖြစ်၏။

နေမင်းအမြုတေမီးက မင်းကျန်ကို လွှမ်းခြုံသွားပြီး သူ့ကို အဆက်မပြတ် လောင်ကျွမ်းနေ၏။

မင်းကျန်က လက်ဖဝါးနှစ်ဖက်ကို ယှက်ဖြာပြီး သူ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းဖြင့်ပြည့်နှက်နေ၏။ သူက မီးတောက်များကြားမှာထိုင်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ သူ၏ အစွမ်းကုန်ရှိသမျှနှင့် ခုခံနေ၏။

“ဟီးဟီး”

အဋ္ဌမမင်းသားက အေးစက်စွာ လှောင်ရယ်လိုက်၏။

“မင်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

အဋ္ဌမမင်းသား၏ စိတ်ဝိညာဥ်အသိစိတ်က ကျယ်ပြောပြီး သူ၏ ဓမ္မစွမ်းအားများက အကန့်အသတ်မဲ့လေကာ သူတို့သည် နေမင်းအမြုတေမီးထဲသို့ အဆက်မပြ​တ်တိုးဝင်နေ၏။

မီးတောက်များက အလျှံညီးညီးဖြစ်ပြီး လေထဲသို့ ပေတစ်ရာကျော်အောင်မြင့်တက်လာ၏။ ၎င်းသည် သိပ်သည်းကျစ်လျစ်လာပြီး ကျိန်းစပ်နေသော ရွှေရောင်အလင်းတန်းတစ်ခုနှင့်အတူ တလိပ်လိပ်ထိုးတက်ကာ မင်းကျန်၏ ပုံရိပ်ကို သိပ်မကြာခင် လွှမ်းခြုံသွား၏။

စိတ်လှုပ်ရှားတက်ကြွနေသော လူအုပ်ကြီးက မီးတောက်လုံးကို ကြည့်ရင်း တဖြည်းဖြည်း တည်ငြိမ်လာကြ၏။

များစွာသောကျင့်ကြံသူများက စိတ်ပျက်အားငယ်သည့်ပုံ ပေါ်လာ၏။

“အဲ့ဒီမှာ လူသားမျိုးနွယ်က နောက်ထပ်ဘယ်သူရှိသေးလဲ”

အဋ္ဌမမင်းသား၏ အော်ရာက သိပ်သည်းပြင်းထန်နေပြီး သူက လေထဲမှာမတ်တတ်ရပ်ကာ မျိုးနွယ်စုတစ်သောင်းကို အထင်သေးစွာဖြင့် ငုံ့ကြည့်နေ၏။

“ဘယ်သူရှေ့ကိုထွက်လာပြီး ငါနဲ့ တိုက်ခိုက်ရဲလဲ”

မည်သူကမှ ပြန်မဖြေကြပေ။

“တကယ့်ကို အမှိုက်တစ်အုပ်စုပဲ”

အဋ္ဌမမင်းသားသည် အထင်အမြင်သေးသော အမူအရာနှင့်အတူ တံတွေးတစ်ချက်ထွေးကာ လှောင်ရယ်လိုက်၏။

“လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအခွင့်အလမ်းက ကုန်ခန်းလာခဲ့ပြီ... ရှေးဟောင်းခေတ်က ဧကရာဇ်တွေကလည်း မရှိကြတော့ဘူး... မင်းတို့မှာ အားနည်းပြီးတော့ သတ္တိကြောင်တဲ့ ဒီလိုလူတွေပဲကျန်တော့တယ်... မင်းတို့တွေက ထျန်ဟွမ်ကုန်း​မြေတိုက်ရဲ့ အရှင်သခင်ဖြစ်ဖို့ မထိုက်တန်တော့ဘူး”

အဋ္ဌမမင်းသားထံမှ စကားတစ်လုံးချင်းစီတိုင်းသည် ကျင့်ကြံသူများစွာ၏ နှလုံးသားကို ထိုးဖောက်သွားသည်ဟုထင်ရ၏။

အချို့က မချင့်မရဲဖြစ်နေကြပြီး အချို့က မကျေမနပ်ဖြစ်နေကြကာ အချို့ကတော့ အောင့်သက်သက်ခံစားနေရ၏။

သို့သော်လည်း မည်သူကမှ ရှေ့သို့ထွက်မလာနိုင်ကြပေ။

အကြောင်းမှာ သူတို့က ရှေ့သို့ထွက်လာမည်ဆိုလျှင်တောင် သူတို့သည် အဋ္ဌမမင်းသား၏ အလွယ်တကူသတ်ဖြတ်ခြင်းကိုခံရပြီး သူတို့ကိုယ်သူတို့ အရှက်ရစေရုံသာ ရှိမည်ကို ကျင့်ကြံသူများစွာက သိရှိထားသောကြောင့်ဖြစ်၏။

သူတို့က အဲ့ဒါကို လုံးဝမခုခံနိုင်ကြပေ။

“လူသားမျိုးနွယ်က မထိုက်တန်ဘူးဆိုရင် မင်းလိုမျိုး ငှက်မွေးအဆင့်နိမ့်သတ္တဝါက ပိုလို့တောင်မထိုက်တန်သေးတယ်”

ထိုစဥ်မှာပင် အပြင်ဘက်ကနေ အေးစက်နေသော အသံတစ်သံထွက်ပေါ်လာပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။

All Chapters