လွှမ်းမိုးခြယ်လှယ်နိုင်သော အဆူရာ
Vol. 104 Ch. 1558
ငှက်မွေးအဆင့်နိမ့်သတ္တဝါ...
ဤလောကမှ ရွှေကျီးကန်းမျိုးနွယ်ကို ငှက်မွေးအဆင့်နိမ့်သတ္တဝါဟု ဘယ်သူက ခေါ်ဆိုရဲတာလဲ။ သူက သေရမှာကို တကယ်ပဲ မကြောက်ရွံ့ဘူးလား။
ထိုအသံက အက်ကွဲ၍ နက်ရှိုင်းနေသော်လည်း ၎င်းသည် သက်ရှိများအားလုံးနှင့် မျိုးနွယ်စုများအားလုံးကို အထင်အမြင်သေးနိုင်သည့်အလား ဖော်မပြတတ်သော မှော်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။
အဲ့ဒါက ဘယ်သူလဲ ။
ဘယ်သူက အဲ့လိုသတ္တိရှိတာလဲ။
ဘယ်သူက အဲ့လောက်ထိ ရဲတင်းနိုင်တာလဲ။
ကျင့်ကြံသူများအားလုံးက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
မလှမ်းမကမ်းတွင် ဆံပင်များဖြူဖွေးနေသော ကျင့်ကြံသူတစ်ယောက်သည် အေးစက်နေသော အမူအရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူ၏မျက်လုံးများက နက်မှောင်နေပြီး သူ၏ ညာဘက်လက်ထဲမှ မိစ္ဆာချီများဖြင့် ရစ်ခွေနေသော ဆေဘာတစ်လက်ကို တရွတ်တိုက်ဆွဲလာ၏။
“အဆူရာ...”
“အဲ့ဒါက အဆူရာ ယန်ပေးချန်ပဲ”
လူအုပ်ကြီးက အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အဆူရာဂိုဏ်း၏ မည်ကာမတ္တတပည့်သည် အဆူရာဖြစ်ပြီး ယန်ပေးချန်က ဂိုဏ်းကနေ ထွက်ခွာသွားခဲ့သည်မှာ ကြာခဲ့လေပြီ။
သို့သော်လည်း ဒီဘက်မျိုးဆက်တွင် ကျင့်ကြံသူများအားလုံး၏ နှလုံးသားထဲမှာ အဆူရာဂိုဏ်း၏ လက်ရှိ မည်ကာမတ္တတပည့်က မည်သူပင်ဖြစ်စေ ကိစ္စမရှိပေ။
အဲ့ဒီမှာ အဆူရာဖြစ်သော လူတစ်ယောက်သာလျှင် ရှိလေသည်။
သူသည် အဆူရာဘွဲ့နှင့်ထိုက်တန်သော တစ်ဦးတည်းသောလူလည်းဖြစ်၏။
ကျင့်ကြံသူများစွာသည် ဝင်ရောက်လာသူကို တွေ့မြင်သောအခါ စိတ်သက်သာရာရသွားကြ၏။
အဆူရာသည်သာ ဤကဲ့သို့သော သတ္တိရှိပေလိမ့်မည်။
အဆူရာသည်သာ ဤကဲ့သိုသော ရဲတင်းမှုရှိပေလိမ့်မည်။
အဆူရာသည်သာ ရွှေကျီးကန်းမျိုးနွယ်၏ ရှေ့မှောက်မှာ သူတို့ကို ငှက်မွေးအဆင့်နိမ့်သတ္တဝါဟု ခေါ်ဆိုရဲပေလိမ့်မည်။
“အဆူရာလား”
အဋ္ဌမမင်းသား၏ အမူအရာက ညိုမည်းသွားပြီး အေးစက်စွာပြောလိုက်၏။
“မင်းဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး... ငါ့ရဲ့မျက်လုံးထဲမှာ မင်းက သေလူဖြစ်သွားပြီ”
“အဟမ်း..”
ထိုစဥ်မှာပင် သခင်လေးဆန်းကြယ်တစ္ဆေက ညင်သာစွာ ချောင်းဟန့်လိုက်၏။ သူက ဖြည်းဖြည်းချင်း ထရပ်ပြီး ပြောလိုက်လေသည်။
“အဆူရာ... မင်းကို ငါသိတယ်”
“အစက... မင်းက အဆူရာဂိုဏ်းရဲ့ မည်ကာမတ္တတပည့်တစ်ယောက်ပဲ... ဒါပေမဲ့ မထင်မှတ်ထားတဲ့အခြေအနေတွေကြောင့် မင်းရဲ့ ချစ်ခင်မြတ်နိုးရတဲ့လူကို ဆုံးရှုံးသွားပြီး အမုန်းသတ္တန်ရဲ့ လေးနက်သိမ်မွေ့တဲ့အဓိပ္ပါယ်ကို မင်းက အမှတ်မထင်နားလည်ဆက်ခြင်နိုင်သွားတယ်... မင်းရဲ့ တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာပြီး မင်းက အစစ်အမှန် အဆူရာတစ်ယောက်အဖြစ် လုံးဝအသွင်ပြောင်းလဲသွားခဲ့တယ်”
“ဒီနှစ်တွေထဲမှာ... မင်းက အင်မော်တယ် ၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ ဖယ်ကြဥ်ခြင်းကို ခံခဲ့ရတယ်... အဆူရာဂိုဏ်းကတောင် မင်းကို လက်မခံနိုင်တော့ဘူး.. မင်းက ဒီကိုဘာ့ကြောင့်ရောက်လာတာလဲ ငါသိချင်မိတယ်”
“ငါက... ဒီကို သတ်ချင်လို့ရောက်လာတာပဲ”
ယန်ပေးချန်က မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
သခင်လေးဆန်းကြယ်တစ္ဆေက ညင်သာစွာ ပြုံးပြလိုက်၏။
“ကျင့်ကြံရေးလောကမှာ မင်းအတွက် နေရာမရှိတော့ဘူး... အဲ့ဒီထိပ်သီးဂိုဏ်းကြီးတွေက မင်းရဲ့ရန်သူတွေပဲ... အတိအကျပြောရရင် မင်းက ငါတို့ဘက်မှာရှိသင့်တယ်”
ထန်လော ၊ နတ်မိမယ်ရှောင်ရှန်းနှင့် အခြားသူများက လှည့်ကြည့်လိုက်ကြ၏။
သခင်လေးဆန်းကြယ်တစ္ဆေက ယန်ပေးချန်ကို စည်းရုံးသိမ်းသွင်းဖို့ကြိုးစားနေခြင်းဖြစ်ကြောင်း သူတို့က ရှင်းလင်းစွာပြောနိုင်လေသည်။
ထိုသို့ဖြင့် သူတို့သည် ထိုသူအပေါ် အနည်းငယ်သိချင်စိတ်ပြင်းပြလာကြ၏။
ကမ္ဘာဦးမျိုးနွယ် ၆ စုရောက်ရှိလာပြီးနောက် သခင်လေးဆန်းကြယ်တစ္ဆေသည် မည်သည့်စကားမှမဆိုဘဲ တစ်ချိန်လုံး ဘေးကနေစောင့်ကြည့်နေခဲ့၏။ ယခု... သူက ရှေ့သို့ထွက်လာပြီး လူသားတစ်ယောက်ကို စည်းရုံးသိမ်းသွင်းချင်နေ၏။ ဤလူက တစ်မူထူးခြားမှုရှိသည်မှာ သိသာလေသည်။
“ငါက ပါရမီအရည်အချင်းကို တန်ဖိုးထားတဲ့သူပဲ”
သခင်လေးဆန်းကြယ်တစ္ဆေက ပြောလိုက်၏။
“မင်းက... စုန်းမျိုးနွယ်ကို ဝင်ရောက်လိုတယ်ဆိုရင် ငါကမင်းကို ကလန်သားတစ်ယောက်အဖြစ် ပြုမူဆက်ဆံပြီး ထိုက်သင့်တဲ့ လေးစားသမှုပေးမယ်လို့ အာမခံနိုင်တယ်”
ကမ္ဘာဦးမျိုးနွယ် ၆စုသည် အလွန်တရာ မာန်မာနကြီးမားပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးကို ပုရွက်ဆိတ်များအဖြစ် ရှုမြင်ထားလေသည်။
ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများအတွက် ထိုရှုထောင့်က ပို၍ပင် သိသာထင်ရှားလေသည်။
သို့သော် ယခုအခါ.. သခင်လေးဆန်းကြယ်တစ္ဆေသည် ယန်ပေးချန်ကို ကိုယ်တိုင်ကိုင်ကျ ထွက်၍ ဖိတ်ခေါ်နေပြီး ကတိကဝတ်တစ်ခုပင်ပြုနေ၏။ အဲ့ဒါက သူက ဘယ်လောက်တောင်စိတ်ရင်းမှန်ကန်မှုရှိသလဲ သိသာလေသည်။
သခင်လေးဆန်းကြယ်တစ္ဆေအတွက် ပို၍ပင် အရေးကြီးသည်မှာ ယန်ပေးချန်၏ ပါရမီအလားအလာဖြစ်လေသည်။
တစ်ချိန်တုန်းက မိစ္ဆာဧကရာဇ်အမုန်းသည် လူသားဧကရာဇ်ထက် တစ်ဆင့်သာနိမ့်ကျခဲ့လေသည်။
ယန်ပေးချန်ကတော့ သူသည် ဒုတိယ မိစ္ဆာဧကရာဇ်အမုန်းဖြစ်လာဖို့ရှိပြီး သူက ပို၍ပင် သန်မာလာနိုင်၏။
“ဒါပေါ့... ငါက စုန်းမျိုးနွယ်ကို ဝင်ရောက်နိုင်တယ်”
ယန်ပေးချန်က ခဏမျှရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။
“ဒါပေမဲ့... မင်းက အဲ့ဒီငှက်မွေးအဆင့်နိမ့်သတ္တဝါတွေကို အရင်ဆုံးသတ်ပေးရမယ်”
သခင်လေးဆန်းကြယ်တစ္ဆေ၏ မျက်လုံးထဲတွင် အစိမ်းရောင်အလင်းတစ်ခုက တဖျတ်ဖျတ်လက်သွား၏။
များစွာသောကျင့်ကြံသူများက ဆွံ့အသွားလေသည်။
အဆူရာကသာလျှင် လောကမှာ ဤကဲ့သို့သော တစ်စုံတစ်ရာကိုပြောဆိုရဲပေလိမ့်မည်။
“ဆန်းကြယ်တစ္ဆေ....”
အဋ္ဌမမင်းသားက အေးစက်စွာပြောလိုက်၏။
“ငါက မင်းမျက်နှာကို ထောက်ထားပြီး မင်းတို့ကို ဒီလောက်ကြာကြာ စကားပြောခွင့်ပေးထားတာ... ဒါပေမဲ့ သူက ရွှေကျီးကန်းမျိုးနွယ်ကို ဒီလိုပုံစံနဲ့ ဘယ်လိုတောင်စော်ကားရဲတာလဲ... မင်းသူ့ကို ကာကွယ်မပေးနိုင်တော့ဘူး”
“ငါက သူ့ရဲ့ပါရမီအရည်အချင်းကို အသိအမှတ်ပြုမိလို့ သူ့ကို အခွင့်အရေးတစ်ခုပေးချင်ရုံပဲ”
သခင်လေးဆန်းကြယ်တစ္ဆေက ပြုံး၍ အေးစက်စွာ ပြောလိုက်၏။
“သူက အဲ့ဒါကို ဘယ်လိုဖမ်းဆုပ်ရမလဲ မသိဘူးဆိုမှတော့... အားလုံးပဲ.. မင်းတို့စိတ်ရှိတိုင်းသာ လုပ်ကြတော့... ငါက ဒီလိုမျိုးဆေဘာတစ်လက်ကို အသုံးမပြုနိုင်ဘူးဆိုမှတော့ အဲ့ဒါကို ဖျက်ဆီးပစ်ရတော့မှာပေါ့”
အဋ္ဌမမင်းသားက အဆူရာဘက်ကိုလှည့်ပြီး သူ့ကိုချိန်ဆကြည့်ရှုလိုက်၏။ သူက သွားဖြဲ၍ မကောင်းဆိုးဝါးဆန်ဆန် ပြောလိုက်၏။
“အဆူရာ... ငါမင်းကိုချိုးနှိမ်ပြီးရင် မင်းကိုဘယ်လိုညှင်းပန်းနှိပ်စက်ရမလဲ စဥ်းစားနေတာ... ငါကမင်းကို...”
“မင်းတော်တော်စကားများတဲ့ကောင်ပဲ”
ရုတ်တရက် ယန်ပေးချန်သည် အဋ္ဌမမင်းသားကို ဖြတ်အော်ပြီး ထိုသူကို လက်ပြန်လွှဲကာ ခုတ်ပိုင်းချလိုက်၏။
အနက်ရောင်အလင်းတစ်ခုက လေထုကို ဆုတ်ဖြဲ၍ မွန်းကျပ်ဖွယ်ရာ သေခြင်းအော်ရာတစ်ခုကို ထုတ်ဖော်လာ၏။ အမုန်းတရား မိစ္ဆာချီအလင်းတန်းများက အဋ္ဌမမင်းသားကို ချက်ချင်းပင် လှည့်ပတ်လွှမ်းခြုံလိုက်၏။
ထိုခုတ်ချက်က ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ မည်သူကမှ မဖော်ပြနိုင်ကြပေ။
အရာရာတိုင်းသည် တဒင်္ဂမှောင်မိုက်သွားသည့်အလားပင်။
အဋ္ဌမမင်းသား၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွားကာ သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှု တစ်စွန်းတစ်စကို ထုတ်ဖော်လာ၏။
သူသည် သေခြင်းအော်ရာကို ဤကဲ့သို့ နီးနီးကပ်ကပ်မခံစားခဲ့ရသည်မှာ အတော်ကြာခဲ့လေပြီ။
ခုတ်ချက်က ဆင်းသက်မလာခင်မှာပင် သူက သေမင်းဂိတ်တံခါးဝသို့ ခြေလှမ်းဝက် ဝင်ရောက်သွားသည့်အလား ခံစားရ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ ရှေ့မှောက်မှာပင် အဋ္ဌမမင်းသားသည် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်ပြီး နေရာကနေ ပျောက်ကွယ်ကာ ထိုနေရာတွင် ဧရာမ ခြေသုံးချောင်းရွှေကျီးကန်းတစ်ကောင်က အစားထိုးဝင်ရောက်လာ၏။
“ဂီး...”
ခြေသုံးချောင်းရွှေကျီးကန်းသည် မနှိုင်းယှဥ်သာအောင် အေးစက်နေသော မီးတောက်များဖြင့် တောက်လောင်နေပြီး သူ၏ အသန်မာဆုံး တတိယမြောက်ခြေသည်းကို ဆန့်ထုတ်ကာ အမုန်းမိစ္တာဆေဘာကို ဖမ်းဆွဲလိုက်လေသည်။
ထိုတတိယမြောက်ခြေထောက်သည် ရွှေကျီးကန်းမျိုးနွယ်၏ အသန်မာဆုံး တိုက်ခိုက်မှုဖြစ်၏။
အရင်တုန်းက ရွှေကျီးကန်းတတိယမင်းသား၏ တတိယမြောက်ခြေထောက်သည် ဆူဇီမို၏ နဂါးဖီးနစ်လက်သည်းကို ထွက်ပေါ်လာစေဖို့ ဖိအားပေးနိုင်ခဲ့၏။
ချွမ်း...
အမုန်းမိစ္ဆာဆေဘာသည် တတိယမြောက်ခြေထောက်ပေါ်ကို ထိခတ်သွားပြီး သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်းပင် သွေးမြူတစ်ခုက လေထဲကနေဖြာထွက်လာ၏။
ကြီးမား၍ ကြောက်စရာကောင်းသော ရွှေကျီးကန်းခြေထောက်တစ်ဖက်က လေထဲသို့မြောက်တက်လာ၏။ တစ်ချိန်တည်းမှာပင် အဋ္ဌမမင်းသား၏ စူးစူးဝါးဝါး အော်သံက ထွက်ပေါ်လေသည်။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် အရာရာတိုင်းကို မယုံကြည်နိုင်စွာ ငေးကြည့်ရင်း တုန်လှုပ်နေကြ၏။
အဋ္ဌမမင်းသား၏ ရွှေကျီးကန်းတတိယခြေထောက်သည် အမုန်းမိစ္ဆာချီ၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။
ရွှေကျီးကန်းမျိုးနွယ်၏ တတိယမြောက်ခြေထောက်သည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကောင်းကင်ဘုံမျက်လုံးနှင့် ဆင်တူလေသည်။ အဲ့ဒါက တစ်ခါဖျက်ဆီးခံရပြီးသည်နှင့် ပြန်လည်ကုသဖို့ အလွန်တရာခဲယဥ်းလေသည်။
အဆူရာထံမှ ထိုခုတ်ချက်သည် အနည်းဆုံး အဋ္ဌမမင်းသား၏ ကျင့်ကြံမှုထက်ဝက်ကို ပျက်စီးသွားစေ၏။
“အဆူရာ”
ကျင့်ကြံသူများက စိတ်အားတက်ကြွလာကြ၏။
စောစောက အဋ္ဌမမင်းသားသည် မင်းကျန်ကိုဖိနှိမ်ဖို့အတွက် သူ၏ အစစ်အမှန်ပုံစံကိုပင် မဆင့်ခေါ်ခဲ့ပေ။
သို့သောယခုအခါ... အဆူရာက ရောက်ရှိလာပြီး အဋ္ဌမမင်းသားက သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲထားတာတောင် သူက ဒဏ်ရာအပြင်းအထန်ရရှိသွားရဆဲ ဖြစ်၏။
“အဆူရာ... မင်းကတော့ ပြီးသွားပြီ”
အဋ္ဌမမင်းသားက အေးစက်စွာဖြင့် ပြောလိုက်၏။
“မင်းက... ငါ့ခြေထောက်ကို ချိုးလိုက်တယ်ဆိုမှတော့... ငါကမင်းကို အရေခွံဆုတ်ပြစ်မယ်... မင်းရဲ့အရွတ်တွေကို ဆွဲထုတ်ပြီး မင်းရဲ့အရိုးတွေကို ပြာချပစ်မယ်... ငါက မင်းရဲ့ဝိညာဥ်ကို အကျဥ်းချပြီး နှစ်တစ်ထောင်ကြာအောင် ညှင်းပန်းနှိပ်စက်ပြမယ်”
ယန်ပေးချန်သည် မည်သည့်အရာကိုမှ မကြားရသည့်အလား သူ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ ထိုခုတ်ချက်ကို ထုတ်ဖော်ပြီးနောက် သူသည် လုံးဝရပ်တန့်သွားခြင်းမရှိဘဲ အရိပ်တစ်ခုပမာ နောက်တစ်ဖန်ဆင်းသက်လာ၏။
ထိုသည်ကိုမြင်သောအခါ အဋ္ဌမမင်းသားက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။
“မကောင်းတော့ဘူး”
အဋ္ဌမမင်းသားက ကြောက်လန့်တကြားဖြစ်သွား၏။
“ဒီလူက ငါ့ကိုသတ်ချင်နေတာပဲ”
အဋ္ဌမမင်းသားသည် သူ၏ သတိကို လျှော့ချရဲသည်မှာ မထူးဆန်းပေ။ အဆူရာသည် သူ၏ ခြေတစ်ဖက်ကို ဖြတ်တောက်ပြီးနောက် မကျေနပ်နိုင်သေးပဲ သူ့ကို သတ်ဖြတ်ဖို့အတွက် ဆက်လက်၍ ကြိုးစားလာရလောက်အောင် ရဲတင်းနိုင်လိမ့်မည်ဟု သူက တကယ်ပင် ထင်မှတ်မထားခဲ့ပေ။
သူမပြောနှင့် အခြားသောကမ္ဘာဦးမျိုးနွယ်များပင်လျှင် အဲ့ဒါကို မျှော်လင့်မထားပေ။
အဋ္ဌမမင်းသားတွင် ရွှေကျီးကန်းမျိုးနွယ်တစ်ခုလုံးနှင့် ကမ္ဘာဦးမျိုးနွယ် ၆ စု၏ နောက်ခံရှိလေသည်။
ဤလူသည် အဋ္ဌမမင်းသားကို ဒဏ်ရာအပြင်းအထန် ရရှိစေပြီးနောက် ဒုက္ခအကြီးအကျယ်ရောက်နေပြီဖြစ်၏။ သို့သော် ယခုအခါ သူသည် အဋ္ဌမမင်းသားကို သတ်ဖြတ်ဖို့ပင် ကြိုးစားလာခဲ့ပြီဖြစ်၏။
“အဆူရာ... မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”
သတ္တမမင်းသားက ဒေါသူပုန်ထသွားပြီး သူ၏ အစစ်အမှန်ပုံစံသို့ ချက်ချင်းပင် ပြောင်းလဲလိုက်၏။ သူ၏ တောင်ပံများကိုခတ်ပြီး ကောင်းကင်ထက်ကနေ ဆင်းသက်ကာ ယန်ပေးချန်ရှိရာသို့ ခုန်ဝင်လာခဲ့၏။
မင်းသားလေးပါးကြားမှာ သတ္တမမင်းသားက အသန်မာဆုံး ဖြစ်၏။
နဝမနှင့် ဒသမမင်းသားတို့ကလည်း ထပ်ကြပ်မကွာလိုက်ပါလာ၏။
အဆူရာ၏ ပြုမူလှုပ်ရှားမှုသည် ရွှေကျီးကန်းမျိုးနွယ်ကို ဒေါသူပုန်ထသွားစေပြီး မင်းသားသုံးပါးက တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြလေပြီ။