ဖရိုဖရဲတိုက်ပွဲ
Vol. 104 Ch. 1559
“ဟမ်”
ယန်ပေးချန်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏ သွေးချီက တလိပ်လိပ်တက်လာကာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ အော်ရာအပြည့်အဝကို ထုတ်ဖော်လိုက်၏။ အမုန်းမိစ္ဆာဆေဘာကို သူ၏ ရှေ့မှာ လွှဲယမ်းရင်း အော်ငေါက်လိုက်လေသည်။
“ကန့်သတ်မဲ့အမုန်း… အဆုံးမဲ့ငရဲ”
ထိုခုတ်ချက်ဖြင့် ကြွယ်ဝသော မိစ္ဆာချီစီးကြောင်းများကို ထုတ်ဖော်လိုက်၏။
ကြောက်စရာကောင်းသော ဆေဘာစိတ်ဆန္ဒတစ်ခုက ဆင်းသက်လာပြီး ရွှေကျီးကန်းမျိုးနွယ်မှ မင်းသား လေးပါးကို လွှမ်းခြုံသွား၏။
ငရဲခန်းတစ်ခုနှင့် ဆင်တူသော သိပ်သည်းပြင်းထန်သည့် သတ်ဖြတ်လိုစိတ်တစ်ခုနှင့်အတူ အမုန်းတရားက အဆက်မပြတ် တလိပ်လိပ်ထိုးတက်လာ၏။
စကားကို ကပ်ကာပြောရလျှင်… ထိုခုတ်ချက်သည် မိစ္ဆာဧကရာဇ်အမုန်းထက် သာလွန်သွားခဲ့လေပြီ။
ယန်ပေးချန်သည် မိစ္ဆာဂိုဏ်းများ၏ ကျင့်ကြံရေးနည်းစနစ်နှစ်ခုဖြစ်သော အဆူရာသုတ္တန်နှင့် အမုန်းသုတ္တန်ဖြင့် ပေါင်းစည်းထားလေသည်။ သူကသာလျှင် ထိုကျင့်ကြံရေးနည်းစနစ်နှစ်ခုကို ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်သည့်သူ ဖြစ်ပေလိမ့်မည်။
အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်က ထိုခုတ်ချက်ကနေ ပြီးပြည့်စုံစွာ ထွက်ပေါ်လာ၏။
“အားလုံးပဲ သတိထားကြ”
သတ္တမ မင်းသားက သုန်မှုန်နေသော အမူအရာတစ်ခုနှင့်အတူ အော်ပြောလိုက်၏။
ချွမ်း… ချွမ်း..
လေထဲကနေ သတ္တုချင်း ထိခတ်သံများ ထွက်ပေါ်လာ၏။
ယန်ပေးချန်၏ ခုတ်ချက်သည် ရှေ့သို့ ပြေးဝင်လာသော မင်းသား ၃ ပါးကို ခုခံဆန့်ကျင်ပြီး သူတို့၏ တိုက်ခိုက်မှုများ အားလုံးကို ပိတ်ဆို့တားဆီးလိုက်၏။
မင်းသား ၃ပါးကနေ ထုတ်ဖော်လိုက်သော နေမင်းအမြုတေမီးသည် အမုန်းမိစ္ဆာချီနှင့် အဆူရာမိစ္ဆာချီ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး မည်သည့်မီးတောက်ကမှ စိမ့်ထွက်မလာနိုင်ခဲ့ပေ။
ယန်ပေးချန်သည် အေးစက်နေသော အမူအရာတစ်ခုနှင့်အတူ ရှေ့သို့ တက်လှမ်းလာ၏။ အမုန်းမိစ္ဆာဆေဘာက လေထုကို ဆုတ်ဖြဲပြီး အနက်ရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ အဋ္ဌမ မင်းသားဆီသို့ ခုတ်ပိုင်းကျဆင်းလာ၏။
အဋ္ဌမ မင်းသား၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး သူ၏ ထွက်ပြေးခြင်းနည်းစနစ်တစ်ခုကို ထုတ်ဖော်ကာ ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲ၍ အဝေးတစ်နေရာသို့ ပြေးထွက်ချင်လေသည်။
ဖြီး…
လတ်ဆတ်သော သွေးများက ဖြာထွက်လာ၏။
လူတိုင်း၏ ရှေ့မှောက်မှာပင်.. ဧရာမ ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်သည် အနက်ရောင် အလင်းတန်းတစ်ခုဖြင့် အလယ်ကနေ ထိုးခွဲခြင်း ခံလိုက်ရ၏။ များပြားလှသော သွေးများက ပန်းထွက်လာပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက သိပ်သည်းပြင်းထန်သော သွေးရနံ့နှင့်အတူ မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွား၏။
အဋ္ဌမ မင်းသား၏ ထွက်ပြေးခြင်း နည်းစနစ်က ဘယ်လောက်ပင် မြန်ဆန်သည်ဖြစ်စေ.. သူသည် အဆူရာ၏ ဆေဘာကို မယှဉ်နိုင်ပေ။
ထိုခုတ်ချက်က အဋ္ဌမ မင်းသားကို နှစ်ပိုင်းပြတ်ကျသွားစေ၏။
အဋ္ဌမ မင်းသား၏ အမြုတေစိတ်ဝိညာဉ်ကလည်း ချမ်းသာရာ မရဘဲ ထိုခုတ်ချက်ဖြင့် ဖျက်ဆီးခြင်းခံရကာ နေရာမှာပင် သေဆုံးသွား၏။
အို…
လူအုပ်ကြီးထဲမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာ၏။
များစွာသော ကျင့်ကြံသူများက တုန်လှုပ်မှုဖြင့် ကြောင်အ,မှင်တက်နေကြ၏။
အဆူက အရမ်းကို စွမ်းအားကြီးမားလေသည်။
သူက အဋ္ဌမ မင်းသားကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည့်အချက်ကို ထည့်ပြောစရာပင် မလိုပေ။ သူသည် အခြားသော မင်းသား ၃ပါး၏ ဝန်းရံတိုက်ခိုက်ခြင်း ခံနေရစဉ်မှာတောင် သူက အဋ္ဌမ မင်းသားကို နှစ်ပိုင်းလှီးဖြတ်နိုင်ခဲ့လေသည်။
ဘာကြောင့်ရယ်မသိ.. ကျင့်ကြံသူများသည် ထိုသည်ကို မြင်သောအခါ သူတို့၏ သွေးများ ပူနွေးလာသည်ဟု ခံစားရလေသည်။
သူတို့သည် စိတ်လှုပ်ရှားမှုဖြင့် သူတို့၏ လက်သီးများကို တင်းတင်းဆုပ်ကာ ရှေ့သို့ ထွက်ပြီး အဆူရာနှင့် ရင်ဘောင်တန်း ရပ်တည်လိုစိတ် ဖြစ်ပေါ်လာကြ၏။
ကမ္ဘာဦးမျိုးနွယ် ၆စု ဆင်းသက်လာစဉ်တုန်းက ကျင့်ကြံသူများစွာက သတ်ဖြတ်ခံခဲ့ရ၏။
သို့သော်လည်း အစကနေ ယခုအချိန်ထိ.. မည်သည့်ကျင့်ကြံသူကမှ ရှေ့သို့ ထွက်လာရဲခြင်း သို့မဟုတ် သေဆုံးသွားသော ကျင့်ကြံသူများအတွက် တရားမျှတမှုကို တောင်းဆိုရဲခြင်း မရှိကြပေ။
သို့သော် ယခုအခါ အဆူရာက ရောက်ရှိလာခဲ့၏။
အဆူရာသည် တရားမျှတမှုကို တောင်းဆိုဖို့ သို့မဟုတ် အခြားသူများအတွက် နစ်နာကြေးကို တောင်းဆိုဖို့ ဤနေရာသို့ ရောက်ရှိလာခြင်း မဟုတ်ပေ။
အဆူရာက သတ်ဖြတ်ချင်ရုံမျှသာ ဖြစ်၏။
သို့သော်လည်း အဲဒါက လုံလောက်လေသည်။
လူသားမျိုးနွယ်မှာ ပြိုင်စံရှားများ သို့မဟုတ် ပြန်ဝင်စား မွန်းစတားများ မရှိတော့ဘူးလို့ ဘယ်သူက ပြောလဲ..။
ဘုန်း..
အဋ္ဌမ မင်းသားက သေဆုံးသွားလေပြီ။
တိုက်ပွဲမြေပြင်တွင် မီးတောက်များဖြင့် တောက်လောင်နေသည့် မီးလုံးတစ်လုံး၏ စွမ်းအားသည် သိသိသာသာ လျော့ကျသွားပြီး မီးတောက်များကြားကနေ ပုံရိပ်တစ်ခုက ဆုတ်ဖြဲထွက်ပေါ်လာ၏။
အဲဒါက မင်းကျန် ဖြစ်လေသည်။
“မင်းကျန်က မသေဘူးပဲ”
လူအုပ်ကြီးသည် အံ့အားတသင့် ရေရွတ်ပြီး များစွာသော ကျင့်ကြံသူများက ကျေနပ်နှစ်ခြိုက်သွားကြ၏။
အစကတော့.. မင်းကျန်သည် အဋ္ဌမ မင်းသား၏ မီးတောက်များဖြင့် အချိန်ကြာမြင့်စွာ သန့်စင်ခံရပြီးနောက် ထိုသူသည် ပြာအဖြစ် လောင်ကျွမ်းသွားလောက်ပြီဟု ကျင့်ကြံသူ များစွာက တွေးထင်ခဲ့ကြ၏။
ယခု သူက အသက်ရှင်နေသေးလေသည်။
ယခင်တုန်းက ထျန်လင်းကျီသည် မင်းကျန်ကို သူ၏ မူပိုင်လက်နက် သွေးဘူးတောင်းထဲသို့ ထည့်သွင်းပြီး ဆယ်နှစ်ကြာအောင် သန့်စင်ခဲ့သော်လည်း သူက ထိုသူကို သန့်စင်နိုင်ခဲ့ခြင်း မရှိပေ။
အဋ္ဌမ မင်းသား၏ နေမင်းအမြုတေမီးက စွမ်းအားကြီးမားသော်လည်း ၎င်းသည် အစိမ်းရောင် မီးအိမ်ဖြင့် ထောက်ပံ့ပေးထားသည့် ကမ္ဘာ့ကွန်ချာရွှေရောင်ခန္ဓာကို တစ်စုံတစ်ရာ ပြုလုပ်နိုင်ခြင်း မရှိပေ။
သတ္တမ မင်းသားက လေထဲမှာ ရပ်ပြီး အဋ္ဌမ မင်းသား၏ ရုပ်အလောင်းကို အေးစက်စွာ ကြည့်ကာ သူ၏ မျက်လုံးထဲမှာ ရွှေရောင်မီးတောက်နှစ်ခုက လောင်ကျွမ်းလာခဲ့၏။
“ဂီး…”
နဝမ မင်းသားက သူ၏ ခေါင်းကို မော့၍ နာကျင်နေသော အမူအရာတစ်ခုနှင့်အတူ အော်ဟစ်လိုက်၏။
“ဂီး…”
ရွှေကျီးကန်း ရာချီသည် သူတို့၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး လေထဲကနေ အဋ္ဌမ မင်းသား၏ ရုပ်အလောင်းပတ်လည်မှာ လှည့်ပတ်ကာ အဆက်မပြတ် အော်ဟစ်နေကြ၏။
“အဆူရာ… ငါ မင်းအသက်နဲ့ ပြန်ပေးဆပ်ခိုင်းမယ်”
သတ္တမ မင်းသားက ဟိန်းဟောက်၍ မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် လှံတစ်လက်အဖြစ် အသွင်ပြောင်းလဲကာ ယန်ပေးချန်ဆီသို့ ပစ်ဝင်လာခဲ့၏။
ထိုလှံသည် လေထုကို ဆုတ်ဖြဲပြီး လေထဲမှာ ရှိသော ဓမ္မစွမ်းအားများကို လောင်ကျွမ်းစေ၏။
တစ်ချိန်တည်းမှာပင်.. နဝမနှင့် ဒဿမ မင်းသားတို့က တိုက်ခိုက်လာ၏။
မင်းသား ၃ပါးက ဓမ္မပညာရပ်များကို ထုတ်ဖော်ပြီး ယန်ပေးချန်ကို တိုက်ခိုက်ဖို့အတွက် ပူးပေါင်းလာကြ၏။
ယန်ပေးချန်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ အမုန်းမိစ္ဆာဆေဘာကို ကိုင်ဆွဲကာ အမုန်းသုတ္တန်နှင့် အဆူရာသုတ္တန်၏ ဆေဘာနည်းစနစ်ကို ပြီးပြည့်စုံစွာ ပေါင်းစည်းလိုက်၏။
ခုတ်ချက်တစ်ချက်ချင်းစီမှာ ဆေဘာစိတ်ဆန္ဒနှစ်ခု ပါဝင်လေသည်။
မင်းသား ၃ပါးသည်ပင် အဲဒါကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိဘဲ ရှောင်တိမ်းရလေသည်။
ဤအဆင့် တိုက်ပွဲတွင် အခြားသူများကို မပြောနှင့်.. မင်းကျန်ပင်လျှင် ဝင်ပါနိုင်ခြင်း မရှိပေ။
“ဟမ့်”
ကျိချန်းရှန်က လှောင်ရယ်လိုက်၏။
“ရွှေကျီးကန်းမျိုးနွယ်က တော်တော်အရှက်မဲ့တာပဲ… စောစောကတင် သူတို့က တရားမျှတတဲ့ တိုက်ပွဲတစ်ခုအကြောင်းကို ပြောနေသေးတယ်… အခု သူတို့က မနိုင်ဘူးဆိုတာလည်း သိရော.. အတူပူးပေါင်းကြတော့တာပဲ”
“အဲဒါ မထူးဆန်းဘူး”
လမ့်ရိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဆူရာက အရမ်းကို သန်မာတယ်… ရွှေကျီးကန်းမင်းသား ၃ပါးက ပူးပေါင်းတိုက်ခိုက်နေတာတောင် သူတို့က အသာမရနိုင်ဘူး”
“ဂီး..”
သတ္တမ မင်းသားက နောက်တစ်ဖန် အော်ဟစ်လိုက်၏။
တိုက်ပွဲနယ်မြေရှိ အခြေအနေက ချက်ချင်းပင် ပြောင်းလဲသွားလေသည်။
သူတို့သည် အမိန့်တစ်ခုကို လက်ခံရရှိလိုက်သည့်အလား.. ရာနှင့်ချီသော ခြေသုံးချောင်း ရွှေကျီးကန်းများသည် ကောင်းကင်ထက်ကနေ လှည့်ပတ်ကာ တစ်ကောင်ပြီးတစ်ကောင် တိုက်ခိုက်လာကြ၏။ သူတို့သည် ယန်ပေးချန် ရှိရာဘက်သို့ နေမင်းအမြုတေမီးများကို ထွေးထုတ်လိုက်ကြ၏။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
အဲဒါက လူသုံးယောက် ပူးပေါင်းတိုက်ခိုက်ခြင်း ဆက်လက်၍ မဟုတ်တော့ပေ။
အဲဒါသည် မျိုးနွယ်စုတစ်စု၏ ခွန်အားကို စုစည်းပြီး ယန်ပေးချန်ကို ဖျက်ဆီးချေမှုန်းဖို့ ကြိုးစားလာခြင်း ဖြစ်၏။
မင်းကျန်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး တိုက်ပွဲမြေပြင်သို့ နောက်တစ်ဖန် ဝင်ရောက်ကာ ရွှေကျီးကန်းတစ်ကောင်ကို တိုက်ခိုက်လိုက်၏။
မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်ဂိုဏ်းမှ ပန်းရောင်ဝတ် မိန်းကလေးတစ်ယောက်က ရှေ့သို့ ထွက်လာ၏။ သူမသည် သူမ၏ မျက်နှာဖုံးကို ခွာချပြီး ရွှေကျီးကန်းတစ်ကောင်ကို ပြုံးပြလိုက်၏။
ထိုရွှေကျီးကန်း၏ စိတ်ထဲမှာ ဝုန်းခနဲ မြည်သံ ထွက်ပေါ်လာပြီး သူ၏ မျက်လုံးများက ချက်ချင်းပြူးကျယ်ကာ ပန်းရောင်ဝတ် မိန်းကလေး၏ အပြုံးဖြင့် ညို့ငင်ဖမ်းစားခြင်း ခံလိုက်ရ၏။
ပန်းရောင်ဝတ်မိန်းကလေးက မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင် နတ်ဆိုးမကျိ ဖြစ်လေသည်။
နတ်ဆိုးမကျိ၏ မျက်လုံးများက ဝင်းလက်တောက်ပနေပြီး သူက ညင်သာစွာ ပြောလိုက်၏။
“သူ့ကို သွားပြီးသတ်လိုက်”
နတ်ဆိုးမကျိသည် ထိုရွှေကျီးကန်း၏ ဘေးတွင်ရှိသော အခြားသော ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်ကို လက်ညိုးထိုးကာ အမိန့်ပေးလိုက်၏။
သူမ၏ ညို့ငင်ဖမ်းစားခြင်း ခံထားရသော ရွှေကျီးကန်းသည် ထိုအမိန့်ကို ကြားသောအခါ သူ၏ မျက်လုံးများက တွေဝေရှုပ်ထွေးသည့် အမူအရာတစ်ခုကို ထုတ်ဖော်ပြသပြီး နာကျင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
နတ်ဆိုးမကျိကလည်း မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
သူမ၏ ညို့ငင်ဖမ်းစားမှု နည်းစနစ်သည် ခြေသုံးချောင်း ရွှေကျီးကန်းကို ညို့ငင်ဖမ်းစားနိုင်သော်လည်း သူ၏ ကလန်သားအချင်းချင်း သတ်ဖြတ်ခိုင်းခြင်းဖြင့် ထိုသူ၏ နှလုံးသားထဲရှိ အောက်စည်းကို ဖြတ်ကျော်မိသွားလေသည်။
“သတ်”
ခြေသုံးချောင်း ရွှေကျီးကန်းနှစ်ယောက်က အဲဒါကို သတိထားမိသွားပြီး နတ်ဆိုးမကျိထံသို့ ပြေးဝင်လာကြ၏။
အဲဒါက တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်ရသည်ဆိုလျှင် နတ်ဆိုးမကျိ၏ ညို့ငင်ဖမ်းစားမှု နည်းစနစ်သည် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ၎င်း၏ အကန့်အသတ်ထိ သေချာပေါက် ထုတ်ဖော်နိုင်ပေလိမ့်မည်။
ဥပမာအားဖြင့်… သူမသည် စောစောက ခြေသုံးချောင်း ရွှေကျီးကန်းကို သူ၏ ကလန်သားအချင်းချင်း သတ်ဖြတ်ဖို့ အမိန့်မပေးနိုင်ဘူးဆိုလျှင်တောင် နတ်ဆိုးမကျိသည် ထိုရွှေကျီးကန်းကို အလွယ်တကူ သတ်ဖြတ်နိုင်လေသည်။
သို့သော်လည်း ရာနှင့်ချီသော ခြေသုံးချောင်း ရွှေကျီးကန်း၏ ဝန်းရံပိတ်ဆို့မှုနှင့် ရင်ဆိုင်ရချိန်မှာ နတ်ဆိုးမကျိ ထုတ်ဖော်နိုင်သော စွမ်းအားက အကန့်အသတ် ရှိလာခဲ့၏။
သူမသည် သူမ၏ လှပသိမ်မွေ့ ခြေလှမ်းများနှင့်အတူ ခြေသုံးချောင်း ရွှေကျီးကန်းအချို့ကိုသာ တားဆီးပေးနိုင်လေသည်။
သို့သော်လည်း.. ရာနှင့်ချီသော ခြေသုံးချောင်း ရွှေကျီးကန်းများနှင့် ရင်ဆိုင်ရချိန်မှာ အဲဒါက လျစ်လျူရှု၍ ရသလောက်နီးပါးပင်။
ဘုန်း…
မနှိုင်းယှဉ်သာအောင် တုတ်ခိုင်သော ရွှေရောင် တောင်ဝှေးတစ်ချောင်းက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်၏ နောက်ကျောဘက်ကို ပစ်ကျကာ ထိုသူကို အပိုင်းပိုင်း ကြေမွသွားစေ၏။
ခြေသုံးချောင်း ရွှေကျီးကန်း၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးလိုက်သော်လည်း အဲဒါသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာသော အပေါက်များဖြင့် ပြည့်နှက်နေသည့် အနက်ရောင် ခြင်းတောင်းတစ်ခုဖြင့် ဖမ်းအုပ်ခြင်းကို ခံလိုက်ရ၏။
အနက်ရောင် သံခြင်းတောင်းထဲမှာ ရွှေရောင်အလင်းတန်းများက ရုန်းကန်ထွက်ပေါ်လာပြီး ဒေါသူပုန်ထနေသော မီးတောက်များက လောင်ကျွမ်းလာ၏။ ရွှေကျီးကန်း၏ အမြုတေစိတ်ဝိညာဉ်သည် ချက်ချင်းပင် ပြာအဖြစ် လောင်ကျွမ်းခံလိုက်ရ၏။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် နောက်ထပ် ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်က ကျဆုံးသွားရလေပြီ။