← Chapters

အသက်(၃၀)ပြည့်မွေးနေ့၊ အစပြုခြင်း

Vol. 1 Ch. 1

အသက်(၃၀)ပြည့်မွေးနေ့၊ အစပြုခြင်း

Vol. 1 Ch. 1

မိုးပြာကောင်းကင်အင်ပါယာ၏ တောင်ဘက်စီရင်စု မြူခိုးချိုင့်ဝှမ်းမြို့တော်။

ဖုန့်မိသားစု၏ ခန်းမအကျယ်ကြီးတွင် ဧည့်သည်များသည် မြစ်ရေများစီးဆင်းနေသလိုမျိုး စီတန်းလျက်ရှိပါသည်။ ဖုန့်မိသားစုသည် မြူခိုးချိုင့်ဝှမ်းမြို့၏ မိသားစုကြီး(၅)စုအနက် တစ်စုအပါအဝင်ဖြစ်ပါသည်။ မြင်ကွင်းတစ်ခုလုံးသည် အရောင်စုံလှသောမီးအိမ်များ ချိတ်ဆွဲထားပြီး ခန်းမတစ်ခုလုံးက အခမ်းအနား၊ ပျော်ပွဲရွှင်ပွဲအငွေ့အသက်များနှင့် ပြည့်နှက်နေခဲ့ပါသည်။

" လျိုမိသားစုက ခေါင်းဆောင်ဖန်းကို အရှေ့ပင်လယ်လိုမျိုး ကျယ်ပြန့်ရှည်လျားတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ပြီး တောင်ဘက်ဒေသက မိုးထိမြင့်တဲ့ တောင်တန်းတွေလိုမျိုး အောင်မြင်မှုကို မြင့်မြင့်မားမားရဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။ "

" ကျောက်မိသားစုကလည်း ခေါင်းဆောင်ဖန်းရဲ့ ကျင့်ကြံခြင်းတွေက ကောင်းကင်အထက်ကို ကျော်လွန်နိုင်ဖို့အတွက်ကို ဆုတောင်းပေးပါတယ်။ "

" ယန်အာက ဦးလေးကို ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ချိုးဖျက်တက်ရောက်နိုင်ဖို့ ဆုတောင်းပေးပါတယ်။ "

" ပိုင်အာကလည်း မိသားစုခေါင်းဆောင်ကို ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းများ နောက်လာမဲ့နှစ်တွေအထိ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ "

ခန်းမအတွင်းတွင် ဆုတောင်းပေးသောအသံများ ပြည့်နှက်နေသည်။ ရယ်မောနေသည့်အသံများ၊ ဂုဏ်ပြုနေသည့်အသံများကလည်း ပြည့်နှက်နေပါသည်။ ထိုကဲ့သို့ ဖြစ်နေသည့်အချိန်တွင် ဖုန့်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ဖုန့်ချန်းကတော့ မိသားစုခေါင်းဆောင်ထိုင်ခုံတွင် ထိုင်ပြီး နွေးထွေးစွာဖြင့် ပြုံးပြနေခဲ့ပါသည်။

ယနေ့သည် သူ၏ အသက်(၃၀)ပြည့်မွေးနေ့ဖြစ်သည်။ အသက်(၃၀)ဟူသည် လူငယ်မဟုတ်၊ လူကြီးလည်းမဟုတ်၊ ကြားကာလဖြစ်ပြီး ဘဝသစ်တစ်ခု စတင်သည်ဟု သတ်မှတ်၍ရသည်။

အပြင်ပိုင်းတွင်တော့ သူသည် ပျော်ရွှင်နေသည့်ဟန်ပန်နှင့် အပြုံးကို ပြုံးပြထားသော်လည်း သူ့အပြုံးနောက်ကွယ်တွင် မျှော်လင့်ချက်ကင်းမဲ့မှုများက ရှိနေခဲ့ပါသည်။ မြူခိုးချိုင့်ဝှမ်းမြို့တွင် မိသားစုကြီး(၅)စုရှိသည့်အနက် သူသည် အသက်အငယ်ဆုံးသော မိသားစုခေါင်းဆောင် ဖြစ်ပါသည်။ အသက်အငယ်ဆုံးဖြစ်သည့်တိုင် ဖုန့်ချန်း၏ အောင်မြင်မှုများက မြို့တစ်မြို့လုံး ပြောစမတ်တွင်အောင် ရှိခဲ့ပါသည်။

သူသည် အသက်ငယ်ရွယ်စဉ်ကတည်းကိုက ချီအရည်ဖွဲ့ခြင်းအဆင့်ကို ရောက်ရှိခဲ့သောသူဖြစ်သည်။ ထိုကဲ့သို့အဆင့်ကို ငယ်ငယ်ရွယ်ရွယ်နှင့် ရောက်နိုင်ခြင်းကိုက လူတိုင်းချီးကျူးထောပနာပြုကာ လေးစားရသည့်အဆင့်မျိုးပင် ဖြစ်ပါသည်။ ထို့ကဲ့သို့သော အချက်များကြောင့်ပင် ဖုန့်မိသားစုသည် မြူခိုးချိုင့်ဝှမ်းမြို့‌တွင် မိသားစုကြီး(၅)စုအနက် တစ်စုအဖြစ် မားမားမတ်မတ်ရပ်တည်နေရခြင်း အကြောင်းအရင်းများစွာထဲမှ တစ်ချက်ပင် ဖြစ်ပါသည်။

ဖုန့်ချန်း၏ အောင်မြင်မှုများသည် ကံကောင်းခြင်းကြောင့် ရောက်ရှိလာခြင်းမဟုတ်ဘဲ သူကိုယ်တိုင် ပါရမီရှိခြင်းကြောင့် ရရှိလာခြင်းပင်ဖြစ်သည်။

အားလုံးသိကြသည့်အတိုင်းပင် သူသည် ကမ္ဘာကူးပြောင်းလာသူဖြစ်၏။ ထိုလျှို့ဝှက်ချက်မှာ သူတစ်ယောက်ထဲသာ သိပါသည်။

ငယ်ရွယ်စဉ်ကတည်းက အသက်အရွယ်ကြီးရင့်သော စိတ်ဓာတ်ရှိသော ဖုန့်ချန်းသည် တခြားကလေးငယ်များခက်ခဲနေသည့် ကျင့်ကြံခြင်းနည်းစနစ်များကို သူ့အတွက်တော့ ထမင်းစားရေသောက်သလို လွယ်ကူနေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အသိဉာဏ်သည် လူကြီးတစ်ယောက်လိုမျိုး ဖြစ်နေခဲ့သည်မဟုတ်ပါလား။

မြို့တော်တွင် စွမ်းအားအကြီးဆုံးလူများထဲမှ တစ်ယောက်ဖြစ်သော်လည်း ဖုန့်ချန်းသည် သူသည် ပါရမီရှိသော ကျွမ်းကျင်သူတစ်ဦးမဟုတ်ကြောင်းကို ကောင်းကောင်းကို သိခဲ့ပါသည်။ အစစ်အမှန်ပါရမီရှင်နှင့် သာမန်ပါရမီသာရှိသော လူအကြား၏ ကွာခြားမှုသည် ကြီးကျယ်လှပြီး တံတားထိုးရန်ပင် မဖြစ်နိုင်ပါ။

တချို့လူများသည် အသက်(၈)နှစ်တွင် ချီအရည်ဖွဲ့ခြင်းအဆင့်ကို ရောက်နိုင်သည်။ အသက်(၁၀)နှစ်သို့ ရောက်သောအခါ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ရောက်နိုင်သည်။ သိုင်းပညာရပ်မျိုးစုံကို အသက်(၁၈)နှစ်တွင် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နိုင်ပါသည်။ ထိုကဲ့သို့သော ပါရမီရှင်များနှင့် သူ့ကို နှိုင်းယှဉ်လိုက်ပါက ဖုန့်ချန်းသည် သူ၏ စွမ်း‌ဆောင်ရည်များသည် အမှတ်အသားပြုထိုက်သော်လည်း ထိုပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက မှေးမှိန်နေမည်ကို သူ ကောင်းကောင်းသိပါသည်။

ဘယ်လိုပဲဖြစ်ပါစေ ယခုလိုမျိုးခေါင်ခိုက်ကာ တောကျသောနေရာတွင် ငယ်ရွယ်စဉ်ကတည်းကိုက ချီအရည်ဖွဲ့ခြင်းအဆင့်ကို ရောက်ရှိနိုင်ခြင်းကိုက အသန်မာဆုံး၊ စွမ်းအားအကြီးဆုံးဟု အသိအမှတ်ပြုခံရမည်သာ ဖြစ်ပါသည်။

ဖုန့်မိသားစုထဲတွင် ဖုန့်ချန်းဟူသောသူသာလျှင် ချီအရည်ဖွဲ့ခြင်းအဆင့်သို့ ရောက်နေခြင်းပင် ဖြစ်သည်။ အကြီးအကဲတော်တော်များများသည် ယခုမှ အမြူတေဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိပါသေးသည်။

ဖုန့်ချန်းသည် ချီအရည်ဖွဲ့ခြင်းအဆင့်ကို ယခုမှ လောလောလတ်လတ် ရောက်နေခြင်းမဟုတ်။ သူသည် ချီအရည်ဖွဲ့ခြင်းအဆင့်၏ အထွဋ်အထိပ်သို့ရောက်နေသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ့ကြောင့်ပင်လျှင် ဖုန့်မိသားစုသည် မြူခိုးချိုင့်ဝှမ်းမြို့တော်၌ မိသားစုကြီး(၅)စုအနက် တစ်စုအဖြစ် ရပ်တည်နေနိုင်ခြင်းပင်လည်း ဖြစ်ပါသည်။

မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် မိသားစုကြီးတစ်ခုအဖြစ် တည်ရှိနိုင်ရန်အတွက် မိသားစုတွင် အနည်းဆုံး ချီအရည်ဖွဲ့ခြင်းအဆင့် လူ(၃)ဦးရှိရမည်ဖြစ်သည်။ မိသားစု၏ အနာဂတ်သည် သူ၏ ပုခုံးထက်တွင် ဖိအားကြီးမားစွာဖြင့် တည်ရှိနေခဲ့ပါသည်။ သူ၏ ခွန်အားမှလွဲ၍ ကျန်သောမိသားစုဝင်များ၏ စွမ်းအားသည် နိမ့်ပါးနေပြီး လက်ရှိမိသားစုကြီးဟူသော နေရာတစ်နေရာကို အပြင်းအထန်ထောက်ကန်ကာ အမှီလိုက်ပြီး တည်ရှိနေရခြင်းလည်း ဖြစ်ပါသည်။

သူ၏ မိသားစုဝင်များသည် အားနည်းသည်။ တချို့ကတော့ ပါရမီမရှိကြပါ။ မိသားစုဝင်များတွင် စွမ်းအားအကြီးဆုံးလူများသည် အမြူတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်သည်ဆိုရုံမျှသာရောက်သော အကြီးအကဲများသာ ဖြစ်သည်။ ထိုအကြီးအကဲများသည်က ကျင့်ကြံနေသည်မှာ အသက်ရာနှင့်ချီကြပြီ ဖြစ်ပါသည်။

ဖုန့်ချန်းသည် အသက်(၂၀)ကျော်အရွယ်တွင် ချီအရည်ဖွဲ့ခြင်းအဆင့်ကို အထွဋ်အထိပ်သို့ ရောက်နေသောကြောင့် သူသည် မြေကြီးလက်ခတ်မလွဲ အစွမ်းအစရှိသော ပါရမီရှင်တစ်ဦးဟု ပြော၍ရသည်။ သူမှလွဲ၍ တခြားသော ဖုန့်မိသားစုဝင်များအားလုံးသည် ပါရမီမပါဘဲ အားနည်းသောလူများသာ ဖြစ်သည်။

ဖုန့်ချန်း၏ အရည်အချင်းသည် ထူးကဲပြောင်မြောက်လှသော်လည်း သူနှင့် သက်တူရွယ်တူမိသားစုဝင်များသည် ယခုထက်ထိပင် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ပင် မရောက်ရှိကြပါသေးချေ။ လူငယ်မျိုးဆက်များမှာမူ ပို၍ပင် ဆိုးသည်။ သူတို့က အလားအလာများနိမ့်ပါးသည့်အပြင် ပါရမီလည်း မရှိကြပေ။

အသက်(၂၀)အောက်တွင်ရှိသော လူငယ်မျိုးဆက်များတွင် အနာဂတ်အတွက် အလားအလာရှိသော ကျင့်ကြံသူများသည် ယခုမှ အခြေတည်ထောင်ခြင်းအဆင့်၏ အစောပိုင်းတွင်သာ ရှိပါသေးသည်။ ထိုကဲ့သို့သော ပါရမီနှင့် မိသားစုသည် အနာဂတ်တွင် ဆက်လက်၍ ရပ်တည်နိုင်ဖို့အတွက် မသေချာမရေရာမှုများနှင့် ပြည့်နှက်နေခဲ့ပါသည်။

ဖုန့်ချန်းသည် ထိုအကြောင်းအရာများကို ကောင်းကောင်းသိပြီး နှလုံးသားတစ်ခုလုံး နာကျင်နေခဲ့သည်။ အနာဂတ်တွင် တစ်စုံတစ်ရာသာ သူ့အပေါ်၌ ဖြစ်သွားခဲ့ပါက ဖုန့်မိသားစု၏ အဆင့်အတန်းသည် တောင်စောင်းမှ လိမ့်ကျသလို အဆုံးထိ ကျဆင်းသွားလိမ့်မည်ဖြစ်သည်။

မြူခိုးချိုင့်ဝှမ်းမြို့၏ အခြားသော မိသားစုကြီးများသည် စွမ်းအားကြီးမားလှပြီး သူတို့၏ မိသားစုကို မျက်စောင်းထိုးနေကြသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ လျိုမိသားစု၊ ကျောက်မိသားစုနှင့် တခြားသော ပါရမီရှိသည့် မိသားစုဝင်များသည် သူတို့၏ စီးပွားရေးလုပ်ငန်းများကို အပိုင်သိမ်းလိုနေကြပါတော့သည်။

အလားအလာကောင်းကာ ပါရမီရှင်မိသားစုဝင် တစ်ဦးတစ်ယောက်မှ ‌မပေါ်ထွက်လာပါက ဖုန့်မိသားစုသည် ကျဆင်းရတော့မည်မှာ အသေအချာပင် ဖြစ်ပါတော့သည်။ သူ၏ ကြောက်ရွံ့မှုသည် အခြေအမြစ်မရှိခြင်း မဟုတ်ပါ။ ဖုန့်မိသားစု၏ ထိုးတက်လာမှုသည် အချိန်တိုတိုမှာ သူ့ကြောင့်ပင် တိုးတက်လာခြင်းဖြစ်သည်။

ထိုကဲ့သို့ အလျင်အမြန်တိုးတက်လာမှုသည် တခြားသောမိသားစုကြီးများ၏ မျက်စိစပါးမွှေး စူးချင်စရာမျိုးဖြစ်ပြီး သူတို့ကို ပစ်မှတ်ထားခြင်းများ ရှိလာခဲ့ပါသည်။ လက်ရှိတွင် သူတို့၏ အဆင့်အတန်း ဆုံးရှုံးသွားခဲ့ပါက ချက်ချင်းပင်လျှင် ထိပ်ဆုံးမိသားစုအဆင့်မှ ဒုတိယအဆင့်သာရှိသော မိသားစုအဆင့်သို့ ကျဆင်းသွားပေရလိမ့်မည်။

ထိုကဲ့သို့ဖြစ်သွားပါက မြူခိုးချိုင့်ဝှမ်းမြို့တော်၏ အင်အားစုများအကြားတွင် အပြောင်းအလဲများဖြစ်သွားပြီး စီးပွားရေးလုပ်ငန်းများစွာကို လက်လွှတ်လိုက်ရပေလိမ့်မည်။

“ ဟူးးးးး “

ဖုန့်ချန်း သက်ပြင်းချလိုက်သည်။ မွေးနေ့ပွဲအခမ်းအနားက ဆက်လက်၍ ကျင်းပနေသည့်အချိန်တွင် အမျိုးသမီးငယ်လေးတစ်ဦးသည် သူ့အရှေ့သို့ ရောက်လာပြီး ဒူးထောက်ချလိုက်သည်ကို သူ မြင်လိုက်ရသည်။

“ အစ်ကိုကြီးရှင့်၊ ဖုန့်မေက အစ်ကိုကြီးကို ဂါရဝပြုပါတယ်ရှင့်။ “

ဖုန့်မေ...

ဉာဏ်ကောင်းသည်၊ လှပပြီး တက်ကြွသောအမျိုးသမီးလေး ဖြစ်သည်။

သူမကို ဖုန့်ချန်း၏ ဦးလေးဖြစ်သူ ဖုန့်ချွန်းက မွေးစားခဲ့သော မွေးစားသမီးလေးဖြစ်ပါသည်။ သူမ၏ အပြုအမူ အပြောအဆိုများသည် ချိုသာသည်။ မြင့်မြတ်လှသည်။ ထို့ကြောင့် သူ့ကို မိသားစုတစ်စုလုံးက ချစ်မြတ်နိုးပြီး မိသားစု၏ အသဲကျော်လေး ဖြစ်နေခဲ့ပါသည်။

အထူးသဖြင့် ဖုန့်ချန်းက ထိုကလေးမကို အလွန်အမင်းချစ်မြတ်နိုးပါသည်။ ဖုန့်မိသားစုကြီးတစ်ခုလုံးတွင် သူ၏ သွေးရင်းညီအစ်ကိုဖြစ်သူမှလွဲ၍ ဖုန့်မေတစ်ယောက်ထဲကသာ သူ့ကို အစ်ကိုကြီးဟု နာမည်တပ်၍ ခေါ်ခွင့်သာ ရှိပါသည်။

“ ဟားဟားဟား မြန်မြန်ထ မေ့အာ၊ မေ့အာလေးရောက်လာတာ အစ်ကိုကြီးက ပျော်သွားပြီကွယ်။ “

ဖုန့်ချန်းက ပြောလိုက်သည်။ နွေးထွေးစွာပြုံးပြရင်း ဒူးထောက်နေသောသူမကို ထူပေးလိုက်သည်။ ထိုကဲ့သို့သောမြင်ကွင်းကို လူငယ်မျိုးဆက်များက မြင်တွေ့လိုက်သည့်တိုင် အားလုံးသည် စိတ်ထဲ၌သာ ကြိတ်၍ မနာလိုဖြစ်ရဲခဲ့ပါသည်။

သူမသည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုရင်း ဖုန့်ချန်း၏ ညီဖြစ်သူ ဖုန့်ယွင်ကို လိုက်ရှာနေပါသည်။

“ အစ်ကိုဖုန့်ယွင်ကော ဘယ်မှာလဲ။ “

သူမ မေးလိုက်သည်။ ပျော်ရွှင်နေ‌ကြသောသူများအားလုံး တိတ်ဆိတ်သွားသည်။ ဖုန့်ယွင်၏ နာမည်ထွက်ပေါ်လာသည်နှင့် လူတိုင်းက မီးကို ရေနဲ့ပက်လိုက်သလိုမျိုး ငြိမ်ကျသွားသည်။ ဖုန့်ယွင်သည် ဖုန့်ချန်း၏ သွေးသားတော်စပ်သောညီ ဖြစ်ပါသည်။

ဖုန့်ချန်းက ပါရမီရှင်ဖြစ်သော်လည်း ဖုန့်ယွင်၏ စိတ်ဝိဉာဉ်အရင်းအမြစ်သည် လွန်စွာနိမ့်ကျသည်။ သူသည် အဆက်မပြတ်ကျင့်ကြံနေသည့်တိုင် ယခုအချိန်ထိ ချီစုဆောင်းခြင်းအဆင့်(၅)တွင် ရပ်တန့်နေခဲ့သည်။ ဒါတောင်မှ သူ့အသက်က (၁၆)နှစ်ပြည့်နေပြီဖြစ်ပါသည်။

“ အာ မိသားစုခေါင်းဆောင်ခင်ဗျာ၊ ကျွန်တော်ထင်တာတော့ အစ်ကိုဖုန့်ယွင်က မိသားစုခေါင်းဆောင်ရဲ့ မွေးနေ့အတွက် အထူးလက်ဆောင်ကို ပြင်ဆင်နေပုံရပါတယ်။ “

ကောင်လေးတစ်ယောက်က ဖြေလိုက်သည်။ ဖုန့်ချန်းက ခေါင်းကို မဆိုစလောက် ညိတ်ပြလိုက်သည်။ တခြားသူများနှင့်မတူတာက ဖုန့်ချန်းသည် သူ၏ ညီငယ်ဖြစ်သူ၏ နိမ့်ကျသောအရည်အချင်းကို စိတ်ပျက်ခြင်းမရှိပါ။ မိသားစုထဲရှိ တခြားမိသားစုဝင်များသည် ဖုန့်ချန်း၏ ပါရမီကို မြင်ဖူးထားသောကြောင့် ဖုန့်ယွင်အပေါ်တွင်လည်း ကြီးကြီးမားမားမျှော်လင့်ထားခဲ့သည်။

သူတို့သည် ဖုန့်ယွင်အား ပါရမီရှင်တစ်ဦးအဖြစ် သက်မှတ်သည်။ မိဘများနှင့် အစ်ကိုဖြစ်သူ၏ ထွန်းတောက်မှုကို အမှီလိုက်နိုင်မည်ဟု မျှော်လင့်ကာ ယုံကြည်ထားကြပါသည်။ သို့သော် သူတို့၏ မျှော်လင့်ချက်များကို ခါးသီးလှသောအမှန်တရား၏ ပါးဖြတ်ရိုက်ခြင်းကို ခံခဲ့ရပါသည်။

ဖုန့်ယွင်သည် ပါရမီရှင်တစ်ဦးဖြစ်မည့် လက္ခဏာများကို မပြသရာရုံသာမက မိသားစုထဲရှိ သာမန်လူတစ်ဦး၏ ပါရမီကိုပင် သူ့မှာ အနိုင်နိုင်လိုက်နေခဲ့ရသည်။ ဖုန့်ချန်းအတွက်ကတော့ သူ့ညီမှာ အဖေနဲ့အမေ ပြီးတော့ သူ့လိုမျိုး စွမ်းအားကြီးမားသော အကိုတစ်ယောက်ရှိနေခြင်းကြောင့် ပါရမီရှိစရာမလိုဟု တွေးထားသည်။ ညီဖြစ်သူသည် ပျော်ပျော်ရွှင်ရွှင်နှင့် ဘဝကို ဖြတ်သန်းနိုင်ပါက လုံလောက်ပြီဟုသာ ဖုန့်ချန်း တွေးထားသည်။

သူက အစ်ကိုအကြီးဆုံးဖြစ်သည် မဟုတ်ပါလား။ မိသားစု၏ တာဝန်များအားလုံးကို သူတစ်ယောက်ထဲကသာ ခါးသက်စွာဖြင့် တာဝန်ယူရမည်။ ငယ်ရွယ်သောလူများကတော့ ပျော်ပျော်ရွှင်ရွှင်နှင့် အသက်ရှင်ရင်သာ လုံလောက်ပြီဖြစ်သည်။ မိသားစုပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ကတော့ သူ‌ရှိနေသေးသရွေ့ ထိုအရာများအားလုံးကို သူ ကိုင်တွယ်မည်ဖြစ်သည်။

ယခုအချိန်သည် သူ၏ မွေးနေ့ကျင်းပနေသော်လည်း ဖုန့်ချန်းသည် ပျော်ရွှင်မနေပေ။ ဧည့်သည်များစွာ ဤနေရာသို့ ရောက်လာခြင်းသည် သူ့ကို ဂုဏ်ပြုလိုခြင်းကြောင့် ရောက်နေခြင်းမဟုတ်မှန်းကို သူ ကောင်းကောင်းသိပါသည်။

ဖုန့်ချန်းသည် ဖုန့်မိသားစု၏ အနာဂတ်ကို စိတ်မောနေသည့်အချိန်တွင် ရုတ်တရက်တွင် ထူးခြားဆန်းကြယ်လှသော ခံစားချက်တစ်ခုသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူ၏ မျက်လုံးများသည် မှုန်ဝါးသွားသည်။ လေထုတစ်ခုလုံးသည် အေးစက်သောအငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။

[ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ စနစ်က ပေါင်းစပ်လိုက်ပါပြီ။ ဒီစနစ်က ပိုင်ရှင့်ကို ကောင်းကင်နယ်မြေမှာ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာဖို့အတွက် အထောက်အကူပြုမဲ့စနစ် ဖြစ်ပါတယ်။ ]

ထိုအသံကို ကြားသော် ဖုန့်ချန်း၏ မျက်လုံးသည် ထိတ်လန့်တကြားဖြင့် ပြူးကျယ်ကာ သူထိုင်နေသောထိုင်ခုံ၏ လက်ရမ်းကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ ထိုခံစားချက်သည် မရင်းနှီးဘဲ တစ်ချိန်တည်းမှာပင် ရင်းနှီးနေသလို ခံစားချက်ကြီးမျိုးဖြစ်သည်။ ထိုအသံသည် ကြည်လင်ပြီး အမိန့်ပေးနိုင်စွမ်းရှိသောအသံပင် ဖြစ်သည်။

သူ ရေရွတ်လိုက်သည်။ သူပြောလိုက်သော်လည်း မသိသောကြောင့် ပြောလိုက်ခြင်းမျိုးမဟုတ်ပါ။ ထိုအရာက ဘာလဲဆိုတာကို သူ ကောင်းကောင်းသိသည်။ သူသည် ထိတ်လန့်နေသောကြောင့်သာ ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ အတိတ်ဘဝတုန်းက ဝတ္ထုပေါင်းများစွာကို ဖတ်ရှုခဲ့သော စာဂျပိုးတစ်ယောက်ဖြစ်သောကြောင့် စနစ်ဟူသောအရာသည် မည်သို့သောအရာမှန်း သူ ကောင်းကောင်းသိသည်။

သို့သော် သူ၏ ရွှေလက်ချောင်းစနစ်သည် သူစိတ်လျှော့လိုက်ပြီး နှစ်ပေါင်းများစွာကြာသည့်အခါမှသာ ရုတ်တရက် ပေါ်လာခဲ့သည်မဟုတ်ပါလား။ ယခုလိုမျိုး အသက်(၃၀)အရွယ်ရောက်မှ စနစ်ပေါ်လာသောကြောင့် သူ ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။ နှစ်ပေါင်း(၃၀)ကြာအောင် နောက်ကျသောစနစ်ကို သူသည် အရင်တုန်းက အတိတ်ဘဝတွင် ဖတ်ရှု‌ခဲ့သောဝတ္ထုများတွင် တစ်ခါမှ မမြင်ဖူးခဲ့ပါ။

နှစ်ပေါင်း(၃၀)ကြာမှ စနစ်က မနေ့တစ်နေ့ကမှ သူမွေးလာသလိုမျိုး ဝုန်းခနဲ ပေါ်လာတာတဲ့လား။ သူမွေးလာကတည်းက စနစ်ပေါ်လာခဲ့ပါက သူ၏ မိသားစုသည် ယခုအချိန်တွင် တစ်လောကလုံးကို အုပ်ချုပ်နေသော ထိပ်တန်းမိသားစုကြီးဖြစ်နေပြီဟု ဖုန့်ချန်း တွေးလိုက်မိပါသည်။

“ ဟားဟားဟားဟားဟား ဟားဟားဟားဟားဟားဟား “

ဖုန့်ချန်း၏ စစချင်း ထိတ်လန့်ကြောက်ရွံ့မှုက ချက်ချင်းပင်လျှင် ထိန်းချုပ်၍မရနိုင်သော ရယ်မောမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတွင် စနစ်ရောက်လာပြီဖြစ်သည်။ (၁၀)စုနှစ်သုံးခုတိတိ နောက်ကျခဲ့သောအဖြစ်အပျက်ကြောင့် သူ့ကို စိတ်သက်သာရာရခြင်းနှင့်အတူ ပျော်ရွှင်မှုကိုပါ ခံစားသွားစေခဲ့ရပါသည်။

ဖုန့်ချန်း၏ ရုတ်တရက် အားပါးတရ အော်ဟစ်ရယ်မောလိုက်မှုက ရောက်နေကြသောဧည့်သည်များကို အနည်းငယ် ဆွံ့အသွားစေခဲ့ပါသည်။ အထူးသဖြင့် ကျောက်၊ လျိုနှင့် ယန်မိသားစုများပင် ဖြစ်ပါသည်။

ထိုမိသားစုသုံးစုသည် ဖုန့်မိသားစုကို အမြဲမပြတ်စောင့်ကြည့်နေပြီး ဖိနှိပ်ချင်သောမိသားစုများ ဖြစ်ပါသည်။ ရှင်းရှင်းပြောရမည်ဆိုလျှင် ထိုမိသားစုသုံးစုသည် ဖုန့်မိသားစု၏ ရန်သူမိသားစုများ ဖြစ်ပါသည်။

“ အစ်ကို၊ အစ်ကို အဆင်ပြေရဲ့လား။ “

ဖုန့်မေ၏ အသံသည် သူ၏ အော်ဟစ်ရယ်မောမှုကြားမှ ထွက်ပေါ်လာသည်။ သူမ၏ မျက်နှာအမူအရာသည် စိတ်ပူပန်မှုနှင့် သိချင်မှုများ ရောယှက်နေပါသည်။ ထိုအသံကို ကြားမှသာ ဖုန့်ချန်းသည် ရုတ်တရက် သတိရသွားပြီး ကိုယ့်ကိုယ်ကို စိတ်အမြန်ပြန်ထိန်းလိုက်သည်။ သူက သူမကို စိုက်ကြည့်ပြီး အဆင်ပြေသည့်အပြုံး ပြုံးပြရင်း

“ အစ်ကိုကြီး အဆင်ပြေပါတယ် မေ့အာရဲ့၊ နည်းနည်းစိတ်လှုပ်ရှားသွားလို့ပါ။ “

ဖုန့်ချန်းသည် အသက်ပြင်းပြင်းရှူပြီး စိတ်ငြိမ်အောင် ကမန်းကတန်းထိန်းချုပ်လိုက်သည်။ သူက နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြပြီး လက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏ စိတ်အာရုံများအားလုံးကို ဧည့်သည်များထံသို့ အာရုံစိုက်လိုက်ပါသည်။

“ အားလုံးပဲ၊ ကျေးဇူးပြုပြီးတော့ အခမ်းအနားကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက်၍ မွေ့လျော်ကြပါဦး၊ စိတ်တိုင်းကျ အစားအစာတွေကိုလည်း စားသုံးပေးပါ။

ဒီနေ့အခမ်းအနားမှာ စီစဉ်ထားတာတွေက အလွဲအချော်ဖြစ်တာတို့ လိုအပ်နေတာတွေရှိရင်တော့ ကျွန်တော့်ရဲ့ အတွေ့အကြုံနုနယ်တာကိုပဲ အပြစ်တင်ပြီး နားလည်ခွင့်လွှတ်‌ပေးဖို့ မျှော်လင့်ပါတယ်၊ ဒီနေ့က မွေးနေ့ပွဲဂုဏ်ပြုတဲ့နေ့ဖြစ်တာကြောင့် ရောက်လာကြတဲ့ ဧည့်သည်တော်တွေအကုန်လုံးကို အချိန်ကောင်းတွေ ပိုင်ဆိုင်စေချင်ပါတယ်ဗျာ။ “

သူက စားပွဲခုံအရှည်ကြီးကို လက်ဟန်ပြုပြီး မွှေးကြိုင်သောအစားအသောက်များကို အစေခံများအား အစီအရီနှင့် ချရန်အတွက် အချက်ပြလိုက်သည်။

“ အားလုံးပဲ အားပါးတရ သုံးဆောင်လိုက်ကြပါဦး၊ ဒီနေ့မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းအောင် ပျော်ရွှင်လိုက်ကြပါဗျာ။ “

ဖုန့်မိသားစုခေါင်းဆောင်သည် ပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်ကို ဧည့်သည်များက သတိပြုလိုက်ပြီဖြစ်သောကြောင့် သူတို့သည် ဆက်လက်၍ ပျော်ပျော်ရွှင်ရွှင်နှင့် စကားပြောကာ ရယ်မောသံများပေါ်ထွက်လာပါတော့သည်။

ဖုန့်မိသားစုကို မကြည်ဖြူသောဧည့်သည်များကတော့ ဖုန့်ချန်း၏ ရုတ်တရက်ပြောင်းလဲမှုကို နားမလည်နိုင်ကြပါချေ။ သို့သော် မွေးနေ့တွင် ကလေးတစ်ယောက်လိုမျိုး အမူအရာပျက်ကာ အော်ဟစ်ပျော်ရွှင်နေသော မိသားစုခေါင်းဆောင်ကို မြင်သောကြောင့် ထိုသူများသည် ဖုန့်ချန်းကို ရှုံ့ချကာ ကဲ့ရဲ့နေကြပါတော့သည်။

မိသားစုကြီး(၅)စုအနက် တစ်စုဖြစ်သော မိသားစုခေါင်းဆောင်တစ်ဦးသည် ထိုကဲ့သို့သောအခမ်းအနားတွင် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ခြင်းက အလွန်အင်မတန် ရှက်ဖွယ်ကောင်းလှပါသည်။

“ ဟမ့် ဖုန့်ချန်းက မိသားစုခေါင်းဆောင်ဖြစ်ဖို့အတွက်ကို မသင့်တော်ဘူး၊ သူ့အပြုအမူတွေက ကလေးဆန်လွန်းတယ်။ “

ကျောက်မိသားစုဝင်တစ်ယောက်က ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

“ သူက အရူးတစ်ယောက်လိုမျိုး ရယ်လိုက်တယ်။ ဖုန့်မိသားစုက တဖြည်းဖြည်းနဲ့ နိမ့်ကျနေ‌တာ မထူးဆန်းတော့ပါဘူး၊ သူတို့တွေ ဘယ်လောက်ထိ ပျော်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ “

ယန်မိသားစုဝင် အကြီးအကဲတစ်ယောက်ကလည်း လှောင်ပြောင်လိုက်သည်။

“ ဖုန့်မိသားစုတွေကတော့ တစ်နေ့နေ့မှာ ဖုန့်ချန်း တစ်ခုခုမဖြစ်ပါစေနဲ့လို့ ဆုတောင်းထားပေတော့၊ ဖုန့်ချန်းသာ အရင်မိသားစုခေါင်းဆောင်လိုမျိုး သတင်းအစအနမရှိဘဲ ပျောက်ကွယ်သွားလို့ကတော့ ဟက်ဟက်ဟက် ဖုန့်မိသားစုဆိုတာက ဒီမြို့မှာ တည်ရှိနိုင်တော့မှာမဟုတ်ဘူး။ “

မိသားစုကြီးသုံးစုသည် ဖုန့်မိသားစုကို လှောင်ပြောင်နေကြသည်။ ဖုန့်ချန်းမကြားအောင် ခပ်တိုးတိုးဖြင့်သာ လှောင်ပြောင်နေကြ၏။ သူတို့၏ လေသံများသည် မိုက်ရိုင်းကာ ကြမ်းကြုတ်သော်လည်း ယခုအချိန်တွင်တော့ ဖုန့်မိသားစုကို ပြောင်ပြောင်တင်းတင်း စိန်မခေါ်ရဲပါသေးချေ။

အခမ်းအနားသည် ဆက်လက်၍ ကျင်းပနေသည်။ ဒါပေမဲ့ ဖုန့်ချန်း၏ စိတ်တစ်ခုလုံးကတော့ ရုတ်တရက်ရောက်လာသော သိုင်းပညာစနစ်၏ အပေါ်တွင်သာ အာရုံရောက်နေပါသည်။ ယခုလိုမျိုး စနစ်ရောက်လာခြင်းက သူ၏ စိတ်ထဲတွင် လေးလံနေသောပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် သင့်တော်သွားပြီဖြစ်သည်။

ယခုအချိန်သည် ဖုန့်မိသားစုကို အသက်ရှင်ရပ်တည်နိုင်ရုံသာမက ပိုမိုအောင်မြင်သောအမြင့်သို့ ရောက်ရှိအောင် စနစ်အကူအညီဖြင့် သူ ကြိုးပမ်းသွားနိုင်မည်ဖြစ်သည်။

"ဖြစ်နိုင်တာကတော့"

ဖုန့်ချန်း ခပ်တိုးတိုးပြောလိုက်သည်။

“ ဒီအချိန်က အမှန်အကန်ကို အစတစ်ခုဖြစ်လာပြီထင်တယ်။ “

All Chapters