ဆန်းကြယ်မီးတောက်ဂိုဏ်း
Vol. 1 Ch. 4
“ ဖုန့်မေရဲ့ ပါရမီက ထူးခြားနေပါလား၊ ဘယ်လောက်ထိထူးခြားလဲဆိုတာကိုတော့ငါ သေချာမသိဘူး။ “
[ ပိုင်ရှင်၊ ပါရမီများကို (၆)မျိုးခွဲခြားနိုင်ပါသည်၊ နိမ့်ကျတဲ့ပါရမီ၊ သာမန်ပါရမီ၊ သာမန်ထက်မြင့်သော ပါရမီ၊ ထူးခြားသောပါရမီ၊ ပါရမီရှင်အဆင့်နှင့် ကောင်းကင်ဘုံ၏ ဂုဏ်သိက္ခာဟူ၍ ခွဲထားနိုင်ပါသည်။ လူတော်တော်များများမှာ သာမန်ပါရမီများသာ ရှိပြီး လူတစ်သောင်းမှာ တစ်ယောက်ကသာ သာမန်ထက်ထူးခြားသော ပါရမီကို ရရှိနိုင်ပါသည်။ ထူးခြားသော ပါရမီများသည် လူတစ်သန်းမှာ တစ်ယောက်သာရှိနိုင်သော ပါရမီမျိုးဖြစ်ပါသည်။ ]
“ ဝေါင်း ဒါဆိုလို့ရှိရင် မေ့အာက တကယ့်ကို ပါရမီရှင်ကြီးပေါ့။ “
ဖုန့်ချန်းက စိတ်ထဲ၌ ရေရွတ်လိုက်သည်။ စိတ်ပိုတက်ကြွသွားသည်။ သူ့ဦးလေးက လမ်းမတွင်တွေ့ကာ ကောက်ယူမွေးစားခဲ့သည့် အမျိုးသမီးလေးသည် ယခုလောက် ပါရမီရှိမည်ဟု သူ မမျှော်လင့်ထားခဲ့မိပါ။
“ အဲ့ဒါဆိုလို့ရှိရင် သူမရဲ့ ခန္ဓာကိုယ်ကရော ဘာလဲ၊ နာမည်က ဖီးနစ် ဘာဆိုလားပဲ၊ အဲ့ဒါက အရမ်းစွမ်းအားကြီးတယ်မလား။ “
ဖုန့်ချန်းက စိတ်အားတက်ကြွစွာဖြင့် မေးလိုက်သည်။ ထူးခြားသောပါရမီနှင့် သန်မာသောခန္ဓာကိုယ်ခွန်အား ရှိသောကြောင့် အနာဂတ်တွင် ဖုန့်မေသည် ဖုန့်မိသားစုကို ပိုမိုမြင့်မားသောအမြင့်ကို ရောက်အောင် ဦးဆောင်နိုင်ပေလိမ့်မည်။
[ အမှန်ပါပဲ ပိုင်ရှင်၊ ကျောက်စိမ်းဖီးနစ်ခန္ဓာကိုယ်က အလွန်အမင်းရှားပါးပြီး စွမ်းအားကြီးပါတယ်၊ လူတစ်ဆယ်မီလီယံမှာ တစ်ယောက်သာ ဒီခန္ဓာကိုယ် ရှိနိုင်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်စွမ်းအား နိုးထလာတာနဲ့ ယခုလက်ရှိခွန်အားထက် သူမက အဆပေါင်းတစ်ထောင်လောက် ပိုသန်မာသွားပါလိမ့်မယ်။ ]
‘ ဒီလိုပါရမီနဲ့ ခန္ဓာကိုယ်စွမ်းအားရှိမှတော့ မေ့အာရဲ့ အနာဂတ်က တောက်ပနေတော့မှာပဲ။ ‘
ဖုန့်ချန်း တွေးလိုက်သည်။
“ စနစ်ရေ မေ့အာရဲ့ ခန္ဓာကိုယ်ကို နှိုးထဖို့အတွက် ဘာနည်းလမ်းတွေ သုံးရမလဲဆိုတာကို သိလားကွ။ “
[ ပိုင်ရှင်၊ ကျောက်စိမ်းဖီးနစ်ခန္ဓာကိုယ်ကို နှိုးထဖို့ လိုအပ်တဲ့အချက်အလက်တွေကို ရယူဖို့အတွက် ပိုင်ရှင်ရဲ့ ခံစားခွင့်က လိုအပ်နေပါသေးတယ်။ ပိုင်ရှင် ခွန်အားပိုကြီးလာပြီး စနစ်က ချပေးတဲ့တာဝန်တွေကို ပြီးမြောက်အောင်မြင်လာပြီးတဲ့ နောက်ပိုင်းမှာ ပိုမိုများပြားတဲ့ စနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ အချက်အလက်တွေကို လက်ခံရယူနိုင်မှာပဲ ဖြစ်ပါတယ်။ ]
“ ဟမ့် “
လောလောဆယ်မှာ သူသည် စနစ်ဆီမှ အချက်အလက်များကို ထပ်ယူ၍ မရနိုင်တော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန့်ချန်းသည် ဖုန့်မေ၏ နတ်ခန္ဓာကိုယ်ကို နှိုးဆွရန်အတွက် အလောတကြီးဖြစ်မနေပါ။
သူမ၏ ကျောက်စိမ်းဖီးနစ်ခန္ဓာကိုယ် မနိုးထသေးတာတောင်မှ သူမသည် သူမ၏ ပါရမီတစ်ခုထဲနှင့်ပင် ထိပ်ပိုင်းတွင် ရောက်ရှိနိုင်မည်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိမှာ သူက သူရဲ့ မိသားစုနဲ့ပတ်သက်ပြီး အခြေအနေပိုသိရမည် ဖြစ်သည်။
“ စနစ်ရေ “
ဖုန့်ချန်းက ဆက်ပြောလိုက်သည်။
“ ငါ့ရဲ့ မိသားစုရဲ့ အဆင့်အတန်းနဲ့ ခွန်အားကို တိုးမြှင့်ဖို့အတွက် လုပ်ရမဲ့တာဝန်လေးဘာလေးများ မရှိဘူးလား။ “
[ ပိုင်ရှင် လောလောဆယ်မှာ ပိုင်ရှင်ရဲ့ မိသားစုကို စွမ်းအားကြီးဖို့အတွက် လုပ်လို့ရမဲ့တာဝန်နှစ်ခု ရှိပါတယ်။ ]
[ တာဝန်(၁) ဖုန့်မိသားစုရဲ့ လူငယ်မျိုးဆက်တွေကို အမြူတေဖွဲ့စည်းခြင်းအဆင့်ရောက်အောင် လုပ်ဆောင်ပါ။ ]
[ ဆုလာဘ်များ - ကောင်းကင်ဘုံအဆင့်လှုပ်ရှားမှုနည်းလမ်း (၁)ခု၊ အမြူတေအရည်ဖွဲ့စည်းခြင်းဆေးလုံး အလုံး(၅၀)၊ ကောင်းကင်ဘုံအဆင့်ခုခံရေးကျင့်စဉ် (၁)ခု ]
[ တာဝန်(၂) မြူခိုးချိုင့်ဝှမ်းမြို့မှာ ဖုန့်မိသားစုကို စွမ်းအားအကြီးဆုံးမိသားစုဖြစ်အောင် လုပ်ရမည်။ မိသားစုတွင် အနည်းဆုံး ချီအရည်ဖွဲ့ခြင်းအဆင့် (၅)ဦးရှိပြီး အမြူတေဖွဲ့စည်းခြင်းအဆင့် အယောက်(၃၀)ရှိရမည်။ ]
[ ဆုလာဘ်များ - စနစ်ရမှတ်(၁)သိန်းမှတ်နှင့် ??? ]
ဖုန့်ချန်း၏ မျက်လုံးများသည် အရောင်တောက်ပသွားပါတော့သည်။
‘ ကောင်းလိုက်တာ '
ထိုတာဝန်သည် လောလောဆယ်၌ မိသားစုကို တိုးတက်အောင်လုပ်ရမည့် သူ၏ အနေအထားအတွက် အသင့်တော်ဆုံးတာဝန်ပင် ဖြစ်ပါသည်။ လူငယ်မျိုးဆက်များသာ အမြူတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနိုင်မည်ဆိုပါက သူသည် စနစ်ထံမှ လက်ဆောင်များစွာကို ရရှိနိုင်ပြီး မိသားစု၏ စုစုပေါင်းစွမ်းအားကို တိုးမြှင့်နိုင်စွမ်းဖြစ်လိမ့်မည် ဖြစ်သည်။
ဒင်း
ဖုန့်ချန်းက ပျော်ရွှင်မှုမှ မနိုးထလာစဉ်မှာပင် စနစ်ထံမှ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်။
[ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ နောက်ထပ်လျှို့ဝှက်တာဝန်တစ်ခုကိုပြီးမြောက်အောင်မြင်ခဲ့ပါပြီ။ မြူခိုးချိုင့်ဝှမ်းမြို့တစ်မြို့လုံးတွင် စွမ်းအားအကြီးဆုံးဖြစ်ရမည့် တာဝန်ပင် ဖြစ်ပါသည်။ ]
[ ဆုလာဘ်များ - စနစ်ရမှတ်(၁)သိန်းနှင့် သူတော်စင်အလယ်အလတ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ် သူတော်စင်မိုးကြိုးခန္ဓာ ]
ဖုန့်ချန်းသည် တိတ်ဆိတ်သွားသည်။ သူက လက်ဆောင်များကို ငိုင်ငိုင်ကြီး စိုက်ကြည့်နေမိသည်။
“ သူ…သူတော်စင် ဟုတ်လား၊ သူတော်စင်အဆင့် ဟုတ်လား။ “
ကောင်းကင်ဘုံအဆင့် သိုင်းပညာကျမ်းများကို ရရှိခြင်းက ဖုန့်ချန်းအတွက် ရူးသွပ်လုနီးပါးဖြစ်နေခဲ့ပြီ။ ထိုကဲ့သို့ဖြစ်နေသည့်အချိန်တွင် စနစ်က သူ၏ အမြင်မကျယ်မှုကို ပါးဖြတ်ရိုက်ကာ သူတော်စင်အဆင့် သိုင်းပညာကျမ်းဖြင့် ဆုချလိုက်ပြန်သည်။
“ သူတော်စင်အဆင့်တဲ့ဟေ့၊ ပြီးတော့ အဲ့ဒါက သူတော်စင်အလယ်အဆင့်ဟ၊ ဒါက… “
( ဒီအရင်းအမြစ်တွေနဲ့ဆိုလို့ရှိရင် လောကကြီးတစ်ခုလုံးကို ငါ သိမ်းပိုက်လို့ရလောက်ပြီ မဟုတ်ဘူးလား။ )
ဖုန့်ချန်းသည် အူကြောင်ကြောင်ဖြင့် တွေးနေမိသည်။ ထိုအတွေးမှာ မမှန်ကန်သော်လည်း ဖုန့်ချန်းသည် မဖြစ်နိုင်ဟူ၍လည်း မထင်မိပါ။ အင်ပါယာကြီးတစ်ခုလုံးတွင် သူတော်စင်အဆင့်ကျင့်စဉ်ဟူ၍ လုံးဝမရှိပါ။
အနည်းဆုံးတော့ သူက တစ်စုံတစ်ဦးက သူတော်စင်အဆင့်ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်ဟူ၍လည်း မကြားဖူးခဲ့ပါ။ ယခု သူ့၌ သူတော်စင်အဆင့်ကျင့်စဉ် ပိုင်ဆိုင်ပြီဖြစ်သောကြောင့် ထိုအဓိပ္ပါယ်မှာ သူသည် ဤအင်ပါယာတစ်ခုလုံးတွင် စွမ်းအားအကြီးဆုံးလူတစ်ယောက် ဖြစ်သွားပြီမဟုတ်ပါလား။
ကျင့်စဉ်တစ်ခုက လူတစ်ယောက်၏ ခွန်အားကို မဆုံးဖြတ်ပေးနိုင်သော်လည်း ကြီးမားသောအခန်းကဏ္ဍတွင်တော့ ပါဝင်ပါသည်။ အထူးသဖြင့် ကျင့်စဉ်၏ အဆင့်အတန်းသည် သူတော်စင်အဆင့်အလယ်အလတ် ဖြစ်နေခြင်းပင် ဖြစ်သည်။
‘ ငါ့မှာသာ သူတော်စင်အလယ်အလတ်အဆင့်ကျင့်စဉ် ရှိနေတာကို လူတွေ သိသွားလို့ရှိရင် ဘယ်လောက်တောင်များ အုပ်လိုက်ချီတက်လာပြီးတော့ ကျင့်စဉ်ကို လာလုမလဲတောင် မသိဘူး။ ‘
ဖုန့်ချန်းက တွေးလိုက်သည်။ တခြားနိုင်ငံမှ စွမ်းအားကြီးကျင့်ကြံသူများသည် မိုးပြာကောင်းကင်အင်ပါယာကို ကျူးကျော်ပြီး သူ့ထံမှ သူတော်စင်အဆင့်ကျင့်စဉ်ကို လာရောက်၍ လုနိုင်ပါသေးသည်။ သူတော်စင်အဆင့်ကျင့်စဉ်ကို ပိုင်ဆိုင်ထားသော ထိပ်တန်းအင်အားစုများ၊ ဂိုဏ်းကြီးများပင်လျှင် ဤနိုင်ငံကို ကျူးကျော်ကာ သူ့မိသားစုကို လာရောက်၍ ဖျက်ဆီးကာ ကျင့်စဉ်ကို ယူသွားနိုင်ပါသေးသည်။
ကံကောင်းသွားတာက တခြားဘယ်သူကမှ သူတော်စင်အဆင့်ကျင့်စဉ်တွေကို မမြင်ဖူးတာကြောင့်မို့လို့ သူ့ဆီမှာ ရှိတာကို တခြားလူတစ်ယောက်ယောက် မြင်ရင်တောင်မှ သိနိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် သူရထားတဲ့ကျင့်စဉ်က ခန္ဓာသန့်စင်ခြင်းကျင့်စဉ် ဖြစ်နေတော့ ပိုမသိသာဘူးပေါ့။
“ စနစ်ရေ “
ဖုန့်ချန်းသည် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“ ငါ အခုချက်ချင်း သူတော်စင်မိုးကြိုးခန္ဓာကို ကျင့်ချင်တယ်ကွာ။ “
ရွှတ်
ချက်ချင်းပင်လျှင် သူတော်စင်မိုးကြိုးခန္ဓာ၏ အချက်အလက်များသည် သူ၏ စိတ်အာရုံထဲသို့ ဆင်းသက်လာသည်။ သူ့စိတ်အာရုံတစ်ခုလုံးကို အချက်အလက်များနှင့် ပြည့်လျှံကျသွားပါတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။
သူသည် ထိုကျင့်စဉ်ကို နားလည်သွားသည့်အခါတွင် အရင်တုန်းက တစ်ခါမှမခံစားဖူးသော ခွန်အားတစ်ရပ်ကို စတင်၍ ခံစားလိုက်ရပါသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပုရွက်ဆိတ်များ ဝိုင်းကိုက်သလိုမျိုး စူးရှရှခံစားချက်ကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဓာတ်လိုက်သလိုမျိုး လျှပ်စီးများထနေသော ခံစားချက်များကို ရရှိနေသည်။ သူ၏ သွေးကြောများအတွင်းတွင် လျှပ်စီးများစီးဆင်းနေသည်ကိုပင် သူ မြင်ရလုလုပင် ဖြစ်သွားခဲ့သည်။
သူတော်စင်မိုးကြိုးခန္ဓာသည် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ် ဖြစ်ရုံသာမကပေ။ ယင်းသည် လောက၏ ပြိုင်ဘက်ကင်းသော သဘာဝကျင့်စဉ်တစ်ခုလည်း ဖြစ်ပါသည်။
‘ ဒါ…ဒါကြီးက အရမ်းကို အံ့ဩဖို့ကောင်းတာပဲ၊ ဒီသူတော်စင်မိုးကြိုးခန္ဓာကိုယ်ကျင့်စဉ်က ငါခန့်မှန်းထားတာထက် ငါထင်ထားတာတွေထက် အများကြီး ပိုသာတာပဲ။ ‘
ထိုကျင့်စဉ်သည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားနှင့် စွမ်းအားများကို မိုးကြိုးစွမ်းအားများဖြင့် ကူးပြောင်းပြီး အသွင်ပြောင်းလိုက်ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် မိမိ၏ ရုပ်ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ရုံသာမကဘဲ ဒူပေတာပေခံနိုင်စွမ်းနှင့် ပေါက်ကွဲစွမ်းအားကိုပါ ပေးစွမ်းပါသည်။
‘ ဒါနဲ့ဆိုရင် ငါက အသန်မာဆုံးသော လှံတံလည်းဖြစ်သလို အကြံ့ခိုင်ဆုံးသော ဒိုင်းကာတစ်လက်လည်း ဖြစ်လာပြီပဲ။ ‘
သူ အရင်တုန်းက တွေးဖူးသောအရာများနှင့် မတူညီစွာ ယခုသိုင်းကျမ်းသည် သူ၏ ဖြစ်တည်မှုတစ်ခုလုံးထဲသို့ မိုးကြိုးစွမ်းအားကို ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။ သူ့အား ဖျက်ဆီး၍ မရနိုင်လုနီးပါးသော ရုပ်ခန္ဓာကို ပေးလိုက်ခြင်းဖြစ်ပါသည်။
“ ငါ ဒီကျင့်စဉ်ကျမ်းရဲ့ အတိုချုံးရှင်းပြချက်ကို ဖတ်လိုက်ရတယ်၊ အဲ့မှာ ပြောထားတာကတော့ လက်ရှိ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားက အရမ်းစွမ်းအားကြီးတဲ့ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်နိုင်ရုံသာမက အဲ့ဒီတိုက်ခိုက်မှုရဲ့ အားကို ပြန်စုပ်ယူပြီးတော့ တိုက်ခိုက်လိုက်တဲ့လူကို ပြန်သုံးနိုင်တယ်လို့တောင် တန်ပြန်တိုက်နိုင်တယ်လို့တောင် ရေးထားတာပဲ။ “
ထိုသိုင်းကျမ်းသည် ကျင့်ကြံသူအား မိုးကြိုးစွမ်းအားကို ထိန်းချုပ်နိုင်စွမ်းပေးသည်။ ရုပ်ပိုင်းဆိုင်ရာခွန်အားပင် တိုးမြှင့်လာခြင်းပင် မဟုတ်၊ မိုးကြိုးစွမ်းအားကိုပါ တိုက်ခိုက်မှုများတွင် ထည့်သွင်းအသုံးချနိုင်ပေလိမ့်မည်။
( ဒီကျင့်စဉ်နဲ့ဆိုလို့ရှိရင် ဝိဉာဉ်သန္ဓေအဆင့် အစောပိုင်းအဆင့်ကတောင်မှ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်တော့ဘူး။ )
ကံကောင်းသွားတာက ဖုန့်ချန်းသည် ထိုထူးခြားအံ့သြဖွယ်ရာများအားလုံးကို ကြုံတွေ့နေရသည့်တိုင် အပြင်ပန်းတွင် တစ်စက်မှ မထုတ်ပြမိနိုင်အောင် ထိန်းချုပ်ထားခဲ့သောကြောင့်ပင် ဖြစ်သည်။ မဟုတ်ပါက သူသည် အရူးတစ်ယောက်လို အော်ဟစ်နေမိလျှင် တခြားသောလူများက သူ၏ ပုံမှန်မဟုတ်မှုကို သတိပြုမိသွားပေလိမ့်မည်။
“ အမှန်ပဲ၊ ရွှေလက်ချောင်းရှိတာက တကယ်ကို မတူတာပဲ။ လက်ဆောင်လေး နည်းနည်းလက်ခံလိုက်တာနဲ့ ငါက အရင်တုန်းကထက် အဆ(၂၀)လောက် ပိုပြီးစွမ်းအားကြီးနေပြီ။ “
ဖုန့်ချန်းသည် စိတ်ပျက်မှုနှင့် ကျေနပ်မှု ရောထွေးနေသောလေသံဖြင့် ပြောလိုက်ပါသည်။ ဝမ်းနည်းနေသည်မှာ နှစ်ပေါင်းများစွာကြာအောင် ကြိုးကြိုးစားစားကျင့်ကြံခဲ့ရခြင်းသည် စနစ်ထံမှ ဆုလာဘ်များရရှိခြင်းထက် စွမ်းအားနည်းပါးနေခြင်းကြောင့်ပင် ဖြစ်ပါသည်။ ပျော်ရွှင်နေသည်မှာ သူ၏ စနစ်က အလွန်စွမ်းအားကြီးမားသောကြောင့်ပင် ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဖုန့်ချန်းသည် သူ၏ မွေးနေ့ပွဲအခမ်းအနားကို ပျော်ပျော်ရွှင်ရွှင်နှင့် ကျင်းပရန်သာ ဆုံးဖြတ်လိုက်သည်။ နောက်မှသာ စနစ်၏ စတိုးဆိုင်ကို လေ့လာရန် ထားလိုက်ပေမည်။ စနစ်၏ ဈေးဆိုင်ထဲတွင် နတ်ဘုရားအဆင့် ကျင့်စဉ်များနှင့် လက်နက်များကို တွေ့ရှိပါက သူသည် ငြိမ်ငြိမ်နေနိုင်တော့မည်မဟုတ်ဘဲ ခုန်ပေါက်အော်ဟစ်နေမိတော့မည် ဖြစ်သည်။
ထိုကဲ့သို့နှင့် မွေးနေ့ပွဲအခမ်းအနားက ဆက်လက်၍ ကျင်းပနေသည်။ ရုတ်တရက် အစောင့်တစ်ဦးက အတွင်းသို့ ကမန်းကတန်းပြေးဝင်လာသည်။ သူသည် အသက်ကို အမောတကောလုရှူနေပြီး မျက်လုံးပြူးနေ၏။
“ မိသားစုခေါင်းဆောင် “
အစောင့်က ပြောလိုက်သည်။
“ ကျွန်တော့်မှာ သတင်းတစ်ခုပါလာတယ်။ “
ဖုန့်ချန်းက အစောင့်ကို ချက်ချင်းစိုက်ကြည့်လိုက်သည်။
“ ဘာဖြစ်လို့လဲ။ “
“ ဆန်းကြယ်မီးတောက်ဂိုဏ်းက လူတွေ ရောက်လာပြီ။ “
အစောင့်က ပြောသည်။ သူ၏ အသံမှာ တုန်ခါနေသည်။ အလောတကြီးလည်း ဖြစ်နေ၏။
“ ဦးဆောင်လာတာက သူတို့ဂိုဏ်းရဲ့ အကြီးအကဲဖြစ်ပုံရတယ်။ “
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုသတင်း၏ လေးနက်မှုက လေထုကိုပင် ဖိနှိပ်သွားသည်။ ဆန်းကြယ်မီးတောက်ဂိုဏ်းသည် မိုးပြာကောင်းကင်အင်ပါယာ၏ နံပါတ်တစ်ဂိုဏ်းကြီးဖြစ်ပြီး အာဏာရှိသည့်အပြင် စွမ်းအားလည်း ကြီးမားသည်။ လွှမ်းမိုးနိုင်စွမ်းလည်း ရှိသည်။ သူတို့သာ ဤနိုင်ငံ၏ နံပါတ်နှစ်ဟု ကြွေးကြော်လိုက်ပါက ဘယ်သူကမှ နံပါတ်တစ်ဟု မပြောရဲကြပါ။
ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် ပုခုံးချင်းယှဉ်ကာ ဖိုက်နိုင်သည့်မိသားစုသည် တော်ဝင်မိသားစုတစ်ခုသာ ရှိပေလိမ့်မည်။ ဆန်းကြယ်မီးတောက်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ရန်အတွက် အသက်(၂၀)မပြည့်ခင်မှာပင်လျှင် အမြူတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နေရပေလိမ့်မည်။ အကြီးအကဲများအားလုံးသည် ချီအရည်ဖွဲ့ခြင်း အစောပိုင်းအဆင့်သို့ ရောက်နေရမည်ဖြစ်သည်။
ရောက်နေကြသော ဧည့်သည်တော်များအားလုံးသည် တိတ်ဆိတ်နေရာမှ ချက်ချင်းကို ဆူညံလာပါတော့သည်။
“ ဆန်းကြယ်မီးတောက်ဂိုဏ်းက ဒီလိုမျိုး ငါတို့လို တောကျတဲ့နေရာကို ဘာလို့ရောက်လာတာလဲ၊ ပြီးတော့ အကြီးအကဲက ဦးဆောင်လာတာတဲ့။ “
“ ဆန်းကြယ်မီးတောက်ဂိုဏ်းမှာ အကြီးအကဲဖြစ်ဖို့အတွက် ဘယ်လိုကျင့်ကြံခြင်းအဆင့်ကို လိုလဲဆိုတာ မင်းတို့သိကြလား။ “
“ အနည်းဆုံး ချီအရည်ဖွဲ့ခြင်း အထွဋ်အထိပ်အဆင့်ကို ရောက်ရမယ်။ “
“ ချီ…ချီအရည်ဖွဲ့ခြင်း အထွဋ်အထိပ်အဆင့် ဟုတ်လား၊ ငါတို့ရဲ့ မြူခိုးချိုင့်ဝှမ်းမြို့တစ်ခုလုံးမှာ အဲ့ဒီအဆင့်ကျင့်ကြံသူ တစ်ယောက်ပဲရှိတယ်လေ။ “
ထိုကဲ့သို့ဖြင့် စကားဝိုင်းက တဖြည်းဖြည်းဖြင့် ကျယ်ပြန့်လာသည်။ ဧည့်သည်များအားလုံးသည် ဖုန့်ချန်းကို စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။ ဆန်းကြယ်မီးတောက်ဂိုဏ်း ရောက်လာသည်မှာ ဖုန့်ချန်းကြောင့် ရောက်လာသည်ဟု အားလုံးက ထင်နေကြ၏။
“ မြန်မြန်လေး သူတို့ကို ဖိတ်ခေါ်လိုက်လေကွာ။ “
ဖုန့်ချန်းက ညွှန်ကြားလိုက်သည်။ ဖုန့်ချန်းသည် ငြိမ်ငြိမ်ထိုင်မနေပါ။ သူက ဆန်းကြယ်မီးတောက်ဂိုဏ်းက ဧည့်သည်များကို အတွင်းသို့ ဝင်လာနိုင်ရန်အတွက် အစောင့်ကို ညွှန်ကြားလိုက်သည်။
( သူတို့ ဘာလို့ ဒီကိုရောက်လာတာလဲ။ )
ဖုန့်ချန်းပင်လျှင် ဆန်းကြယ်မီးတောက်ဂိုဏ်းမှ လူများရောက်လာသည်ကို နားမလည်နိုင်အောင် ဖြစ်နေပါသည်။ ဆန်းကြယ်မီးတောက်ဂိုဏ်းမှ တစ်ယောက်မှကို သူ မသိပါ။ ထို့ကြောင့် ၎င်းတို့ရောက်လာခြင်းသည် သူ့မွေးနေ့ကို ဂုဏ်လာပြုခြင်းမဟုတ်မှန်းတော့ ကျိန်းသေပါသည်။
နံဘေးတွင်ရှိသော တခြားသော မိသားစုကြီးလေးခုကလည်း ဆန်းကြယ်မီးတောက်ဂိုဏ်းက ဖုန့်မိသားစုကို ဘာကြောင့်လာလဲဆိုတာကို စိတ်ဝင်စားနေကြသည်။ ဖြစ်နိုင်တာက ဆန်းကြယ်မီးတောက်ဂိုဏ်းနဲ့ ဖုန့်ချန်းနဲ့က ရန်ငြှိုးရန်စများ ရှိလို့လား၊ ဒါမှမဟုတ် ဖုန့်ချန်းနဲ့ ဆန်းကြယ်မီးတောက်ဂိုဏ်းက ရင်းနှီးတဲ့ဆက်ဆံရေးများ ရှိလို့လား။
ထိုကဲ့သို့ တွေးမိသွားသောအခါ ကျောက်၊ လျိုနှင့် ယန်မိသားစုဝင်များသည် အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားသည်။ ဝမ်မိသားစုကသာ အမူအရာမပျက်ပါချေ။ ထိုအတွေးသာ မှန်ကန်မည်ဆိုပါက ဖုန့်မိသားစုသည် မြူခိုးချိုင့်ဝှမ်းမြို့တွင် တားဆီး၍မရသော အင်အားစုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။