← Chapters

လင်းမေယု

Vol. 1 Ch. 5

လင်းမေယု

Vol. 1 Ch. 5

ဖုန့်မိသားစု၏ ခန်းမတစ်ခုလုံးသည် လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားခဲ့ပါတော့သည်။ လေထုသည် ချက်ချင်းပင်လျှင် တောင့်တမှုများ၊ စောင့်ကြိုနေမှုများနှင့် ပြည့်နှက်နေခဲ့သည်။ လူတိုင်း၏ စောင့်မျှော်နေသောအကြည့်အောက်တွင် ဆန်းကြယ်မီးတောက်ဂိုဏ်းဟူသော စာတန်းကို ရေးထိုးထားသည့် အလံတိုင်ကြီးတစ်ခု၏ ပုံရိပ်သည် မြင်ကွင်းထဲသို့ ထိုးတက်လာသည်။

ရောက်လာသောလူစုသည် အရှိန်အဝါကြီးကျယ်ခမ်းနားလှသည်။ သူတို့ကို ဦးဆောင်လာသောလူသည် လွှမ်းမိုးနိုင်သောအရှိန်အဝါများ ရှိသည်။ အနောက်မှလိုက်ပါလာသော လူများသည်လည်း အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်ကြပါသည်။ လေထုတစ်ခုလုံးသည် သူတို့၏ ရောက်ရှိလာမှုကြောင့် တဆတ်ဆတ်တုန်ယီပြီး အက်ကွဲလုမတတ် ဖြစ်နေခဲ့သည်။

“ ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့မြင်ကွင်းလဲ၊ ဆန်းကြယ်မီးတောက်ဂိုဏ်းက လူတစ်ဒါဇင်လောက် ဦးဆောင်ပြီး လာတာပဲ။ အဲ့ဒီလူတွေထဲမှာမှ အားအနည်းဆုံးလူက အမြူတေဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိတယ်။ “

ဧည့်သည်များသည် သူတို့၏ မျက်လုံးများကိုပင် သူတို့မယုံနိုင်အောင် ဖြစ်နေခဲ့သည်။ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အမြူတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နိုင်သောသူသည် နံပါတ်တစ်ပါရမီရှင် ဖြစ်နေပြီဖြစ်သည်။ သို့ပေမဲ့ ဆန်းကြယ်မီးတောက်ဂိုဏ်းကတော့ ထိုကဲ့သို့ငယ်ရွယ်ကာ ကျင့်ကြံဆင့်မြင့်သည့် တပည့်များကို အနည်းဆုံး ဆယ်ယောက်၊ အယောက်တစ်ရာခန့် အေးအေးဆေးဆေး ထုတ်ယူလာနိုင်ပါသည်။ ထိုကဲ့သို့သော ပါရမီရှင်များသည် သူတို့အတွက်တော့ ပေါများနေသည့်အလားပင် ဖြစ်နေသည်။

“ အရှေ့ဆုံးက ဦးဆောင်လာတဲ့ လူသုံးယောက်ကို ကြည့်လိုက်စမ်း။ “

လျိုမိသားစု၏ အကြီးအကဲက လေးနက်နေသောလေသံဖြင့် ပြောလိုက်သည်။

“ သူတို့ရဲ့ ကျင့်ကြံအဆင့်က ဘယ်အဆင့်လဲဆိုတာကို ငါ ဖောက်ပြီးမမြင်နိုင်ဘူး၊ ဖြစ်နိုင်တာက သူတို့က အမြူတေဖွဲ့စည်းခြင်းအဆင့်ရဲ့ အထွဋ်အထိပ်အဆင့်၊ ဒါမှမဟုတ် အဲ့ဒီထက်တောင် မြင့်တဲ့အဆင့်မှာပဲ ဖြစ်ရလိမ့်မယ်။ “

“ တပည့်တွေကို ဦးဆောင်လာတဲ့ မိန်းကလေးကို ကြည့်လိုက်စမ်း၊ လှလိုက်တာကွာ။ “

ဝိုင်းကြည့်နေသောလူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် တီးတိုးပြောလိုက်သည်။ သူ့လေသံထဲတွင် ချစ်မြတ်နိုးမှုများနှင့် ပြည့်နှက်နေသည်။ ထိုစကားလုံးများကို ကြားလိုက်သောလူများကလည်း တီးတိုးတီးတိုးနှင့် အချင်းချင်းဆွေးနွှေးနေကြသည်။ လူတိုင်းက စိတ်ဝင်စားမှုများနှင့် သိလိုစိတ်များသည် တဖြည်းဖြည်းကြီးထွားလာခဲ့သည်။

၎င်းတို့သည် မိုးပြာကောင်းကင်အင်ပါယာ၏ ဧရာမလူဘီလူးကြီးများဟု နာမည်ခေါ်တွင်ထိုက်ပါသည်။ သူတို့၏ ထုတ်ဖော်လာသည့် အင်အားနှင့် စွမ်းအားများသည် ကြီးမားလွန်းလှပါသည်။

ဖုန့်ချန်းကလည်း ရောက်လာကြသောသူများကို တိတ်တဆိတ်စောင့်ကြည့်လိုက်သည်။ ရောက်လာသောလူများထဲတွင် ငယ်ရွယ်ပြီး လှပသောအမျိုးသမီးလေးတစ်ဦး ပါသည်။ သူမလေးသည် အသက်(၁၆)နှစ် သို့မဟုတ် (၁၇)နှစ်ခန့်သာ ရှိပါဦးမည်။ သို့သော် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသောအရှိန်အဝါများကို ကြည့်ခြင်းအားဖြင့် သူမသည် ချီအရည်ဖွဲ့ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဖုန့်ချန်း အံ့ဩသွားခဲ့၏။ အသက်(၁၆) (၁၇)တွင် ထိုအဆင့်သို့ ရောက်နေခြင်းမှာ အစစ်အမှန်ပါရမီရှင်တစ်ဦးပင် ဖြစ်ပါသည်။ ထိုကဲ့သို့သောအလားအလာမျိုးနှင့် လူသည် ဝိဉာဉ်သန္ဓေအဆင့်နှင့် ထိုထက်ပို၍မြင့်မားသော အဆင့်ကို ရောက်ရှိနိုင်သည့်လူမျိုး ဖြစ်ပါသည်။ ဖုန့်ချန်းသည် မိမိကိုယ်ကိုမိမိ မထိန်းနိုင်ဘဲ ထိုအမျိုးသမီးလေးကို စိတ်ထဲတွင် အကြိမ်ကြိမ် ချီးကျူးနေခဲ့မိပါတော့သည်။

မိုးပြာကောင်းကင်အင်ပါယာအတွင်း ထိုကဲ့သို့ပါရမီရှင်များသည် အလွန်အမင်းရှားပါးလှပြီး ထွက်ပေါ်လာပါကလည်း အလွန်အမင်းမြင့်မားသော အနေအထားသို့ ရောက်ရှိကြပါသည်။ ဖုန့်ချန်း အရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ ဦးညွတ်ပြီး အရိုအသေပေးလိုက်သည်။

“ ကြိုဆိုပါတယ် ဆန်းကြယ်မီးတောက်ဂိုဏ်းက ဂုဏ်သရေရှိဧည့်သည်တော်များ၊ ဧည့်သည်တော်များ ရောက်ရှိလာတဲ့အတွက် ကျုပ်တို့ ဖုန့်အိမ်တော်က ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ “

ဖုန့်ချန်းက တရိုတသေနှင့် ဦးညွတ်လိုက်သည်။ သူ၏ ကိုယ်နေဟန်ထားသည် ရိုသေလေးစားပြီး ယဉ်ကျေးပျူငှါသည်။

“ ကျုပ်က ဖုန့်မိသားစုခေါင်းဆောင်ဖြစ်တဲ့ ဖုန့်ချန်းပါ။ ဧည့်သည်တော်တွေ ရောက်လာတာက တကယ်ပဲ ဝမ်းမြောက်မိပါတယ်၊ သက်တောင့်သက်သာနေပေးပါ။ “

ရောက်လာသောဧည့်သည်များတွင် ဦးဆောင်လာသောသူသည် ရုပ်ရည်တည်ကြည်ပြီး လွှမ်းမိုးနိုင်သောအရှိန်အဝါ ရှိသောလူ ဖြစ်သည်။ သူ့ထံမှလည်း စွမ်းအားကြီးသောအရှိန်အဝါများ ထွက်ပေါ်နေသည်။ သူက မဆိုစလောက်လေး ခေါင်းညိတ်ပြလိုက်သည်။

“ ကျုပ်က ဆန်းကြယ်မီးတောက်ဂိုဏ်းရဲ့ အကြီးအကဲဖြစ်တဲ့ အကြီးအကဲရှန်းလို့ ခေါ်တယ်၊ နွေးနွေးထွေးထွေး ကြိုဆိုတဲ့အတွက်ကြောင့်မလို့ ဂုဏ်ယူမိပါတယ် ဖုန့်မိသားစုခေါင်းဆောင်။ “

ဖုန့်ချန်း တစ်ချက်ကြည့်လိုက်သည်။

‘ ဟင်းး ချီအရည်ဖွဲ့ခြင်းအဆင့် အထွဋ်အထိပ်ပဲ၊ အမှန်တကယ်ကို ဆန်းကြယ်မီးတောက်ဂိုဏ်းရဲ့ အကြီးအကဲလို့ ခေါ်ထိုက်ပါတယ်။ ‘

ဆန်းကြယ်မီးတောက်ဂိုဏ်းမှ ရောက်လာကြသောလူများသည် သူတို့အတွက်အစေခံများက အလျင်စလိုပြင်ဆင်ပေးလိုက်သည့် ကုလားထိုင်များတွင် ထိုင်ချလိုက်သည်။

“ အဟမ်းအဟမ်း “

အကြီးအကဲရှန်းက သူ၏ လည်ချောင်းရှင်းလိုက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။ သူက လက်ဟန်ပြုကာ အရိုအသေပေးလိုက်သည်။ ထို့နောက်မှ ပြုံးပြီး ပြောလိုက်၏။

“ မိသားစုခေါင်းဆောင်ဖုန့်ချန်း ကျုပ်တို့ ဒီနေ့ရောက်လာတာက မိသားစုခေါင်းဆောင်ဆီက အကူအညီလေးတစ်ခု လိုအပ်လို့ပါ။ “

“ ဒါပေါ့ အကြီးအကဲရှန်း၊ ဘာပြဿနာများရှိလို့လဲ၊ ကျုပ်ကို ပြောပြပါ။ ကျုပ်သာ ကူညီပေးနိုင်တဲ့အရာဆိုရင် လုံးဝကို ငြင်းမှာမဟုတ်ပါဘူး။ “

ဖုန့်ချန်းက ပြန်ဖြေလိုက်သည်။ ယဉ်ကျေးပျူငှါကာ ရိုသေလေးစားသော ဟန်အမူအရာကိုလည်း ထိန်းသိမ်းထားပါသည်။ သူက အကူအညီတောင်းသည့်ကိစ္စကို လက်လည်း မခံသလို ငြင်းလည်း မငြင်းပယ်ခဲ့ပါ။ ထိုလူတို့က ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲဆိုတာကို သူ အရင်ဆုံး သိချင်ပါသည်။

“ ဖုန့်ခေါင်းဆောင် သူ့ကိုသိလား။ “

အကြီးအကဲရှန်းက တစ်ချက်ပြုံးပြီး သူ့နံဘေးတွင်ရှိသော အမျိုးသမီးလေးကို လက်ညှိုးထိုးပြလိုက်သည်။

“ အမ် ဒီမိန်းကလေးက… “

ဖုန့်ချန်းသည် အမျိုးသမီးလေးကို သက်တောင့်သက်သာမဖြစ်စွာ ကြည့်လိုက်ပြီးနောက် ခေါင်းခါရမ်းလိုက်သည်။ မိသားစုခေါင်းဆောင် ဖြစ်လာပြီးနောက်ပိုင်းတွင် သူသည် တခြားသောအရာများကို အာရုံမစိုက်နိုင်ခဲ့ပါ။ သူမက လူတိုင်းနီးပါးသိသော ထူးချွန်ထက်မြက်သည့် ပါရမီရှင်လေးတစ်ဦး ဖြစ်နေရင်တောင်မှ ဖုန့်ချန်းက လုံးဝသိမည်မဟုတ်ပါ။

အခုထက်ထိ တိတ်ဆိတ်နေသောကောင်မလေးသည် အရှေ့သို့ ခြေလှမ်းလှမ်းလာပြီးနောက် ဖုန့်ချန်းကို ဦးညွတ်ကာ အရိုအသေပြုလိုက်သည်။

“ ကျွန်မနာမည်က လင်းမေယုလို့ ခေါ်ပါတယ် အစ်ကိုဖုန့်၊ ကျွန်မ မိသားစုဆီလာပြီးတော့ အရိုအသေမပေးတာတောင်မှ အချိန်အတော်လေးကြာခဲ့ပြီ။ ကျွန်မကို မမှတ်မိတာ အစ်ကိုဖုန့်ရဲ့ အမှား မဟုတ်ပါဘူး။ “

ဘေးမှ ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးမှာ အံ့အားသင့်သွားသည်။ ဆန်းကြယ်မီးတောက်ဂိုဏ်း၏ ကျော်ကြားလှသည့်ပါရမီရှင်သည် ဖုန့်မိသားစုခေါင်းဆောင်ကို အစ်ကိုဟူ၍ အမည်တပ်ခေါ်နေသည်။

မိသားစုကြီးသုံးခု၏ အမူအရာသည် တဖြည်းဖြည်းဖြင့် ဆိုးရွားလာသည်။ ဖုန့်မိသားစုသည် လင်းမိသားစုနှင့် အဆက်အဆံရှိသည်ဟု သူတို့သိသော်လည်း သေချာသတိမပြုမိခဲ့ပါ။ လင်းမိသားစု၏ ပါရမီရှင်အမျိုးသမီးလေးက ဖုန့်မိသားစုခေါင်းဆောင် ဖုန့်ချန်းကို အစ်ကိုဟု အမည်တပ်ခေါ်လောက်မည့်အထိ ရင်းနှီးမည်ဟု သူတို့မိသားစုသုံးစုလုံး မထင်ထားခဲ့မိပါ။

လင်းမေယုဟူသောအမည်ကို ကြားသော် ဖုန့်ချန်းသည် အနည်းငယ်တောင့်တင်းသွားသည်။ ထို့နောက်မှ သူသည် မှတ်မိသွားတော့သည်။ သူမသည် လင်းမိသားစု၏ လင်းကျန်း၏ သမီးဖြစ်ပါသည်။ လင်းမိသားစုသည် စွမ်းအားကြီးသော မိသားစုတစ်စုဖြစ်ပြီး တော်ဝင်မိသားစု၏ အောက်တစ်ဆင့်သာနိမ့်သော အင်အားနှင့် အာဏာရှိပါသည်။

ဖုန့်မိသားစုသည် လင်းမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးတွင် ရှိသည်။ ထိုဆက်ဆံရေးကောင်းမွန်သည့် အချိန်ကာလသည် သူ၏ မိဘများရှိခဲ့သော အချိန်ကာလတုန်းက ဖြစ်ပါသည်။ သူ့ဖခင်နှင့် လင်းမေယု၏ ဖခင်သည် သွေးသောက်ညီအစ်ကိုများဖြစ်ပြီး အချိန်ရရင်ရသလို သူတို့ဇနီးများမှ လစ်ထွက်ပြီး အတူတူသေရည်သောက်ကာ အချိန်ဖြုန်းလေ့ရှိသည်။

( လင်းကျန်းနဲ့ပတ်သက်ပြီးတော့ ငါ့မှာ မှတ်ဉာဏ်တွေ သိပ်မရှိပေမဲ့ သခင်ကြီးလင်း ငါတို့ဆီ လာလည်တုန်းက ငါ့အဖေက သူနဲ့အတူတူ သေရည်သွားသောက်တာကို ငါ မှတ်မိသေးတယ်။ )

ထိုသူနှစ်ဦးက မိတ်ဆွေဘယ်လိုဖြစ်လာလဲဆိုတာကို သူ မသိပေမဲ့ သူတို့နှစ်ဦးမှာ အလွန်အမင်းရင်းနှီးသည်ကိုတော့ သူ သေချာသိပါသည်။ ထိုကဲ့သို့ အရမ်းကို ရင်းနှီးလှသောကြောင့် ကလေးများကို ထိမ်းမြားလက်ထပ်ရန်အတွက် ကြိုတင်စေ့စပ်ထားခြင်းပင် ဖြစ်သည်။ ကလေးများကို စေ့စပ်ပြီး မိသားစုနှစ်စုကို တစ်စုထဲအဖြစ် ပေါင်းစည်းလိုခြင်းမှာ ဖုန့်သခင်ကြီးနှင့် လင်းသခင်ကြီးတို့၏ ဆန္ဒပင် ဖြစ်ပါသည်။

ထိုအဓိပ္ပါယ်မှာ လင်းမေယုသည် ဖုန့်ယွင်နှင့် စေ့စပ်ထားခြင်းဖြစ်ပါသည်။

အဲ့မှာ မေးစရာတစ်ခုရှိပါသည်။ ဘာလို့ ဖုန့်ယွင်နဲ့ စေ့စပ်ပေးတာလဲ။ ဘာဖြစ်လို့ ဖုန့်ချန်းနဲ့ မစေ့စပ်ပေးတာလဲ။ ဘာလို့လဲဆိုတော့ အသက်ကွာနေသောကြောင့်ပင် ဖြစ်သည်။ သူမ၏ အသက်သည် ဖုန့်ယွင်ထက် တစ်နှစ်သာကြီးသည်။ ဖုန့်ချန်းကတော့ လူအိုကြီးဖြစ်နေခဲ့ပါပြီ။

ထိုကဲ့သို့ အသက်မတိမ်းမယိမ်းဖြစ်သော ကလေးနှစ်ဦးကို ထိမ်းမြားလက်ထပ်ရန်အတွက် မိသားစုနှစ်စုသည် တရားဝင်ကို စေ့စပ်ကြောင်းလမ်းခဲ့သည်။ သို့သော် သူ၏ မိဘများ ပျောက်ကွယ်မှုအပြီးတွင် ထိုအရာအားလုံးသည် ဝေးကွာလှသော အတိတ်မှတ်ဉာဏ်များအဖြစ် ကျန်ရစ်ခဲ့ပါပြီ။

လင်းမိသားစုသည် ဖုန့်မိသားစု၏ မိဘများပျောက်ကွယ်မှု အချိန်ကာလတွင် ထိုစေ့စပ်ကြောင်းလမ်းမှုနှင့်ပတ်သက်ပြီး ထပ်မံကာ လုံးဝစကားမဟခဲ့ပါ။ ထို့ကြောင့်ပင် ဖုန့်ချန်းက မေ့လျော့နေရခြင်းပင် ဖြစ်သည်။ လင်းမေယု ပေါက်စနဘဝတုန်းက ဖုန့်ချန်းက သူမကို ပွေ့ချီခဲ့ဖူးသည်ကို သူ မှတ်မိသွားပါသည်။ ထိုဖြစ်ရပ်များသည် နှစ်ပေါင်းများစွာကြာခဲ့ပြီ။ သူမ ယခုလို ကြီးပြင်းလာသည့်အခါတွင် သူ မမှတ်မိသည်မှာ အံ့ဩစရာပင် မရှိတော့ပါ။

“ ဒီတော့ ဒါက ညီမလေးလင်းမေယုကိုး၊ အစ်ကိုကြီးကို ခွင့်လွှတ်ပါ၊ အစ်ကိုကြီးက အသက်ကြီးပြီဆိုတော့ မှတ်ဉာဏ်တွေ မကောင်းတော့ဘူး။ ညီမလေးက လှလာတော့လည်း အစ်ကိုကြီးက ချက်ချင်းမမှတ်မိဘူးပေါ့လေ။ “

ဖုန့်ချန်းက ပြုံးရင်း ပြောလိုက်သည်။

“ နှစ်တွေတောင် တော်တော်ကြာပြီ၊ အစ်ကိုတောင်မှ ဦးလေးလင်းကျန်းဆီကို လာမလည်ဖြစ်ဘူး။ ညီမလေးရဲ့ အဖေရော အဆင်ပြေရဲ့လား၊ မသိတတ်ဘဲ လာမလည်တဲ့အတွက်ကြောင့်မလို့ ညီမလေးအဖေက အစ်ကို့ကို အပြစ်မတင်နေဖို့ မျှော်လင့်ပါတယ်။ “

ဖုန့်ချန်းက ပြောလိုက်သည်။ လင်းအိမ်တော်ကို မကြာခဏ သူသွားခဲ့သည်ကို သူ ပြန်သတိရသွားသည်။ ထိုအချိန်တုန်းက သူ ကလေးပဲ ရှိပါသေးသည်။ ဒါပေမဲ့ ထိုအရာများသည် သူ့မိဘများ ပျောက်ကွယ်သွားပြီးသည့်နောက်တွင်တော့ ရပ်တန့်သွားခဲ့ရပါတော့သည်။

လင်းမေယု၏ မျက်နှာသည် ပန်းနုရောင်သန်းသွား၏။ သူမသည် တစ်ချိန်တည်းမှာပင် ရှက်ရွံ့သွားပြီး စိတ်ရှုပ်ထွေးမှုများ ဖြစ်နေပုံရပါသည်။ သူမက တောင့်တောင့်ကြီး ပြန်ဖြေလိုက်သည်။

“ အဖေက အရမ်းစွမ်းအားကြီးတဲ့လူနဲ့ ရင်ဆိုင်တိုက်ခိုက်ရပြီးနောက်ပိုင်းမှာ အတွင်းဒဏ်ရာ ရသွားတယ်၊ အဲ့ဒီအချိန်ကတည်းက အိမ်မှာပဲ နားနေတော့တာပေါ့။ “

“ ဦးလေးကျန်းက ဒဏ်ရာရသွားတာလား။ “

ဖုန့်ချန်းသည် ထိုသတင်းကို ကြားသော် ထိတ်လန့်သွားသည်။

‘ ဒီတိုင်းပြည်ကြီးမှာ လင်းကျန်းလို ကျင့်ကြံသူကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့လူ ရှိတာပဲလား။ ‘

လင်းကျန်းသည် ဝိဉာဉ်သန္ဓေအဆင့်ကျင့်ကြံသူ ဖြစ်သည်။ ထိုအဆင့်သည် မိုးပြာကောင်းကင်အင်ပါယာတွင် စွမ်းအားအကြီးဆုံးအဆင့်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် လင်းကျန်းလိုမျိုး လူမျိုးက ဒဏ်ရာရသွားသည်ဟူသော သတင်းသည် အလွန်အမင်းထိတ်လန့်စရာ ဖြစ်နေခဲ့၏။

ဖုန့်ချန်းက သူမ၏ ဖခင်ဖြစ်သူကို စိတ်ပူပန်နေသည်ကို မြင်သော် လင်းမေယု၏ မျက်လုံးထဲမှအကြည့်သည် ပို၍ပင် ရှက်ရွံ့လာခဲ့ပါတော့သည်။ သူမက မသိမသာဖြင့် နံဘေးတွင်ရှိသော အကြီးအကဲရှန်း၏ ဝတ်ရုံလက်ကို လှမ်းဆွဲလိုက်သည်။

“ အဟမ်းအဟမ်း ဖုန့်ခေါင်းဆောင် ကျုပ်တို့ပြောချင်တဲ့ စကားအကြောင်းအရာတွေက လမ်းကြောင်းတွေ လွဲကုန်ပြီ။ “

အကြီးအကဲရှန်းက ဝင်ပြောလိုက်သည်။

“ လင်းမေယုက ဆန်းကြယ်မီးတောက်ဂိုဏ်းက တကူးတကခေါ်ယူထားတဲ့ ပါရမီရှင်တင် မဟုတ်ဘူးဗျ၊ သူက ဂိုဏ်းချုပ်ဖြစ်တဲ့ ဂိုဏ်းချုပ်ရှောင်နင်ရဲ့ ကိုယ်ပိုင်တပည့်လည်း ဖြစ်သေးတယ်။ “

အကြီးအကဲရှန်း၏ စကားကို ကြားသော် ဧည့်သည်များက ဆူညံစွာဖြင့် ဆွေးနွှေးလာကြပါတော့သည်။ ဖုန့်မိသားစု၏ မျိုးဆက်သစ်လူငယ်များကတော့ လင်းမေယုကို မနာလိုအားကျသော အကြည့်များနှင့် ကြည့်နေကြသည်။

တစ်ချိန်တည်းမှာပင် ကျောက်၊ လျိုနှင့် ယန်မိသားစုတို့၏ မျက်နှာအမူအရာများမှာမူ အရုပ်ဆိုးအကျည်းတန်နေခဲ့သည်။ ဖုန့်မိသားစု၏ အနာဂတ်ချွေးမလောင်းသည် ဆန်းကြယ်မီးတောက်ဂိုဏ်းချုပ်၏ ကိုယ်ပိုင်တပည့် ဖြစ်နေရုံသာမက အနာဂတ်တွင်ပင် ဂိုဏ်းချုပ်ဖြစ်လာနိုင်သော အလားအလားရှိသူ ဖြစ်သည်။ ထိုကဲ့သို့ နောက်ခံရှိနေသောကြောင့် သူတို့မိသားစုများအနေဖြင့် ဖုန့်မိသားစုကို အနာဂတ်တွင် ဘယ်လိုရင်ဆိုင်ရတော့မှာလဲ။

“ ဟားဟားဟားဟား အရင်တုန်းက ဆန်းကြယ်မီးတောက်ဂိုဏ်းချုပ်က အရမ်းကို ပါရမီရှိတဲ့တပည့်တစ်ဦးကို တပည့်အဖြစ် လက်ခံလိုက်တယ်လို့ ကျုပ် သတင်းတော့ ကြားမိတယ်ဗျာ၊ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက တပည့်ဖြစ်သွားတဲ့လူက ညီမလေးလင်းမေယု ဖြစ်နေမယ်လို့ ကျုပ် တကယ်ပဲ မထင်ထားခဲ့မိတာ။ ညီမလေး မင်းက အရမ်းကို ပါရမီကောင်းတာပဲကွာ။ “

ဖုန့်ချန်းသည် ပျော်ရွှင်စွာဖြင့် ချီးကျူးလိုက်သည်။ သို့ပေမဲ့ သူ့နှလုံးသားထဲတွင်တော့ နိမိတ်မကောင်သောခံစားချက်များ စတင်၍ ရလာခဲ့သည်။ ယခု စကားအသွားအလာသည် အတိတ်ဘဝတုန်းက သူ ဖတ်ရှုခဲ့ဖူးသောအွန်လိုင်းဝတ္ထုများ၏ ဖန်တစ်ရာတေသော ဇာတ်ကွက်အသွားအလာနဲ့ တူညီနေခဲ့သည်ဟု သူ စတင်၍ သတိပြုမိလာခဲ့သည်။

စာဖတ်သူတွေ အခုလောက်ဆိုရင် ရိပ်မိရောပေါ့၊ စာဖတ်သူတွေလည်း ဖုန့်ချန်းလို တခုခုကိုတော့ တွေးနေမိလောက်ရောပေါ့၊ ဟုတ်တယ်မလား

“ ဒါက ဒီတိုင်းကံကောင်းလို့ပါ။ “

လင်းမေယုက ခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်။ သူမ၏ အမူအရာနှင့် အပြုံးများသည် ပို၍ပင် နေမထိထိုင်မသာ ဖြစ်လာပါတော့သည်။

“ ဟားဟားဟားဟားဟား ဖုန့်ခေါင်းဆောင် ခင်ဗျားကို အကူအညီတောင်းမဲ့ကိစ္စက မေယုနဲ့ ဆိုင်တယ်ဗျ၊ ပြီးတော့ ဒါက ကျုပ်တို့ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် အမိန့်ပေးလိုက်တဲ့အရာပဲ။ “

အကြီးအကဲရှန်းက ဂိုဏ်းခေါင်းဆောင်ဟူသော အမည်ကို ပြောသောအခါတွင် ပြုံးရွှင်နေခဲ့သည်။ သူ့မျက်နှာအမူအရာ လေးနက်လာသည်နှင့်အမျှ မျက်နှာပေါ်က အပြုံးက ချက်ချင်းပျောက်ကွယ်သွားသည်။ ဂိုဏ်းချုပ်လိုမျိုး စွမ်းအားကြီးကျင့်ကြံသူက သူ့ကို ထောက်ပံ့ထားသောကြောင့် အကြီးအကဲရှန်းသည် တောကြိုအုံကြားတွင်ရှိသော ဖုန့်မိသားစုလို မိသားစုငယ်လေးကို ယဉ်ကျေးနေစရာမလိုတော့ဟု တွေးလိုက်မိသည်။

အကြီးအကဲရှန်း၏ အမူအရာနှင့် ကိုယ်နေဟန်ထားကို သတိပြုမိသောဖုန့်ချန်းကလည်း ပြုံးရွှင်နေရာမှ ချက်ချင်းတည်သွားသည်။ ဒီလူအိုကြီး ဘာစကားပြောတော့မလဲဆိုတာကို သူ ကြိုသိနေခဲ့ပြီ။

“ အကြီးအကဲရှန်း ခင်ဗျားတို့ဂိုဏ်းချုပ်က ဘာတောင်းဆိုလိုက်လဲဆိုတာ ကျုပ်ကို ပြောပါ။ “

All Chapters