← Chapters

ဖုန့်ချန်း၏ အနစ်နာခံမှုများ

Vol. 1 Ch. 7

ဖုန့်ချန်း၏ အနစ်နာခံမှုများ

Vol. 1 Ch. 7

ဖုန့်ချန်းသည် ဖုန့်မိသားစုတွင် လူငယ်မျိုးဆက်ကော လူကြီးမျိုးဆက်ပါ ချစ်‌မြတ်နိုးသည့်လူငယ်တစ်ဦး ဖြစ်ပါသည်။

သူသည် မိသားစုခေါင်းဆောင်နေရာကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရရှိထားရုံသာမက သူ၏ ခွန်အားကလည်း ကောင်းမွန်လှသည့်အပြင် ယခင်မိသားစုခေါင်းဆောင်ဟောင်း၏ သားကြီးဩရသလည်း ဖြစ်ပါသေးသည်။

ယခုလို မိသားစုခေါင်းဆောင်ဖြစ်လာရခြင်းသည် ဖုန့်မိသားစုဝင်များအားလုံး၏ ထောက်ခံမှုကို ရရှိပြီး ဖြစ်လာရခြင်းဖြစ်ပါသည်။ ဖုန့်မိသားစု အနိမ့်ကျဆုံးအချိန်တွင် သူ မိသားစုခေါင်းဆောင်နေရာကို ဝင်ရောက်တာဝန်ထမ်းဆောင်ပြီး ကြီးလေးသောတာဝန်များကို ပုခုံးပေါ် ထမ်းခဲ့သည်။ ဖြစ်ပျက်နေသော ကိစ္စအဝဝများ အခက်အခဲများအားလုံးကို သူ‌ ဖြေရှင်းခဲ့သည်။

ခေါင်းဆောင်ဟောင်းနှင့် ဇနီးဖြစ်သူတို့ ပျောက်ဆုံးသွားပြီးသည့်နောက်တွင် ဖုန့်မိသားစု၌ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူဟူ၍ တစ်ဦးမှ မရှိပါ။ ဖုန့်ချန်းကြောင့်သာ မဟုတ်လျှင် သူတို့သည် မိသားစုကြီးအဆင့်မှ ဒုတိယတန်းစားမိသားစုအဆင့်အဖြစ်သို့ လျှောကျသွားရမည်ဖြစ်ပါသည်။

သူက ဖုန့်မိသားစုကို တခြားသောမိသားစုများ၏ ဝါးမြိုခြင်းခံရခြင်းမှ လွတ်မြောက်အောင် လုပ်ခဲ့ရုံသာမက ပိုမို၍ တိုးတက်အောင်လည်း ကြိုးစားခဲ့သည်။ မိသားစုခေါင်းဆောင် ဖြစ်လာပြီးနောက်ပိုင်းတွင် ဖုန့်ချန်းက မည်မျှပြောင်းလဲသွားသည်ကို မျိုးဆက်ဟောင်းလူကြီးများနှင့် အကြီးအကဲများက ကောင်းကောင်းသိခဲ့ပါသည်။

ဖုန့်ချန်းသည် မိသားစုအတွက် ဧရာမထောက်တိုင်ကြီးဖြစ်ပြီး ခွန်အားနှင့် ဉာဏ်ပညာကြီးမားမှုကို ကိုယ်စားပြုသည့် ပြရုဂ်တစ်ခု ဖြစ်လာခဲ့ပါသည်။ အရင်တုန်းက ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်သော သူ၏ ဟန်ပန်အမူအရာများအားလုံးသည် အမြဲတမ်းလေးနက်ကာ စေ့စေ့စပ်စပ်တွေးတောသည့် စိတ်သဘောထားအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပါသည်။

သူသည် ခေါင်းဆောင်တစ်ယောက်အဖြစ် ဦးစီးဦးဆောင်လုပ်ခဲ့ရခြင်းကြောင့် သူ၏ ယခင်တုန်းက ပေါ့ပါးမှုများအားလုံးလည်း ပျောက်ကွယ်သွားရခြင်းပင် ဖြစ်သည်။ နေ့ခင်းဘက်တွင် ပျော်ရွှင်ပြုံးရွှင်စွာ နေတတ်ပေမဲ့ ညဘက်တွင်တော့ သူသည် မိသားစု၏ အနာဂါတ်နှင့် ဖိအားများကို တစ်ယောက်ထဲတောင့်ခံရင်း အိပ်မပျော်သည့်ညများစွာကို တစ်ယောက်ထဲ ဖြတ်သန်းခဲ့ရပါသည်။

မိသားစု၏ အနာဂါတ်အတွက် သူ့မှာ ကြံဆတွေးတောရသည့်အပြင် မျိုးဆက်သစ်လူငယ်များ၏ ကျင့်ကြံမှုနှင့် ပတ်သက်ပြီးတော့လည်း အမြဲတစေ လမ်းညွှန်ပြသနေရပါသေးသည်။ လူငယ်များသည်လည်း ဖုန့်ချန်းကို အလွန်အမင်း လေးစားအားကိုးကာ သဘောကျကြသည်။

မိသားစုခေါင်းဆောင်ဖြစ်နေသော်လည်း ဖုန့်ချန်းသည် မောက်မာခြင်း အလျှင်းမရှိပါ။ လူတိုင်းကို ညီမျှစွာဆက်ဆံသည်။ သူသည် မိသားစုအတွက် မိမိတွင် ရှိသမျှသော အရာများအားလုံးကို စွန့်လွှတ်အနစ်နာခံမည့် ခေါင်းဆောင်တစ်ဦးပင် ဖြစ်သည်။

ဖုန့်ချန်းသည် အချိန်တစ်ခုသပ်သပ်ပေးပြီး မျိုးဆက်သစ်လူငယ်များကို ကျင့်ကြံရာ၌ လမ်းညွှန်ပြသပြီး ကူညီပေးခဲ့သည်။ ထိုသို့လုပ်ခြင်းက မိသားစု၏ အနာဂါတ်ကို ရင်းနှီးမြှုပ်နှံနေသည်ဟု သူ ပြောလေ့ရှိသည်။ ဘယ်လိုအခက်အခဲမျိုးပဲကြုံကြုံ ပထမဦးဆုံး တုံ့ပြန်သူမှု သူပင် ဖြစ်သည်။

မိသားစုအတွက် အသက်စွန့်လွှတ်ရန် အသင့်ဖြစ်နေသည်။ မိသားစုအတွက် မိမိဘဝကိုမိမိ မြှုပ်နှံထားမှုမှာ မယိမ်းယိုင်သော ကျောက်သားကျောက်တုံးကြီးပမာ ဖြစ်နေခဲ့သည်။ သူ၏ လုပ်ဆောင်မှုများသည် စကားပြောဆိုခြင်းထက် ပိုမို၍ ထိရောက်လှပါသည်။

ထိုကဲ့သို့ပြုလုပ်ရခြင်းကြောင့် မည်သည့်အရာကိုမှ သူ ပြန်လည်မတောင်းဆိုပါ။ မိသားစုခေါင်းဆောင်ဖြစ်ရခြင်းသည် မိသားစုကို အလုပ်အကျွေးပြုရန်ဟု သူက တွေးထားပါသည်။ မိသားစုထံမှ မည်သည့်အရာကိုမှ ပြန်လည်၍ ယူဆောင်ခြင်းလည်း အလျင်းမရှိခဲ့ပါ။

ဖုန့်မိသားစုတို့ စီးပွားရေးအခက်အခဲ ကြုံတွေ့သည့်အချိန်တွင် ဖုန့်ချန်းက သူ၏ ကိုယ်ပိုင်စုဆောင်းမှုထဲမှ အရင်ဦးဆုံးပေးအပ်ခြင်း ဖြစ်သည်။ သူ အလေးအမြတ်ထားကာ စုဆောင်းထားသည့်အရာများကို ရောင်းသင့်သည်ကို ရောင်း၊ ပေါင်သင့်သည်ကို ပေါင်ပြီး မိသားစု၏ ငွေရေးကြေးရေးအခက်အခဲကို ဖြေရှင်းခဲ့ပါသည်။ သူ၏ ဦးဆောင်မှုတွင် မိသားစုသည် ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုဖြစ်ခြင်းမဟုတ်ဘဲ သူ့ကို အမှန်အကန်ကို ချစ်မြတ်နိုးပြီး လေးစားကြပါသည်။

ယခုအချိန်တွင် သူတို့၏ မိသားစုအပေါ် ဘဝတစ်ခုလုံး မြှုပ်နှံပြီး အလွန်အမင်းပင်ပန်းခဲ့သည့် ငယ်ရွယ်လှ‌သော မိသားစုခေါင်းဆောင်၊ ရှိရှိသမျှသောအရာအားလုံးကို မိသားစုအတွက်‌ ပေးအပ်ပြီး သူတို့ကို အမြဲတစေ ကာကွယ်ပေးတတ်သော မိသားစုခေါင်းဆောင်ကို အပြင်လူက စော်ကားနေသည်။ ထိုကဲ့သို့သောအပြင်လူကို မည်သူမှ ခွန်းတုံ့မပြန်နိုင်ခြင်းသည် မိသားစုများအတွက် လိပ်ပြာမလုံဖြစ်စေသည်။ အရှက်တရားနှင့် ကူကယ်ရာမဲ့သော ခံစားချက်ကို ခံစားရပါသည်။

ဖုန့်ချန်းကို တားမြစ်လိုက်သောအကြီးအကဲနှင့် တခြားသောအကြီးအကဲများသည် အံတင်းတင်းကြိတ်ပြီး ဝတ်ရုံအောက်ထဲမှ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူတို့သည် စကားပြောလိုက်သည့် အကြီးအကဲကျိုးကို ပါးဖြတ်ရိုက်မတတ်ပင် ဖြစ်နေခဲ့ပါပြီ။

ထိုကဲ့သို့အခြေအနေကို ပွဲထိုင်ကြည့်နေသော ကျန်မိသားစုသုံးခုမှာမူ ရင်ထဲတွင် ကုလားဘုရားပွဲလှည့်သလိုမျိုး ပျော်ရွှင်နေခဲ့ပြီ။ ယခုလိုမျိုးအဖြစ်အပျက် ဖြစ်လာပြီဆိုမှတော့ ဖုန့်ချန်းက ယနေ့တွင် မျက်နှာပျက်ရတော့မည်ဖြစ်သည်။

“ ဖုန့်မိသားစုခေါင်းဆောင် နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။ “

အကြီးအကဲရှန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။ ဖုန့်မိသားစုဝင်များကြားတွင် မကျေမနပ်မှုများ ဒေါသထွက်နေသည်ကို သူ မြင်သော်လည်း သူ၏ တာဝန်ပြီးမြောက်သည်နှင့် ထိုအရာများက အရေးမပါပါဟု သူ‌ တွေးထားပါသည်။

“ ဒီနေ့တောင်းဆိုသွားတဲ့ တောင်းဆိုချက်က မလေးမစားလုပ်ရာကျတယ်ဆိုတာကို ကျုပ်တို့ နားလည်ပါတယ်၊ ဒါကြောင့်မလို့လည်း ကျုပ်တို့က စိတ်ရင်းကို ပြသတဲ့အနေနဲ့ လက်ဆောင်ပစ္စည်းတွေ ယူလာခဲ့ပါတယ်။ ကျုပ်တို့ဘက်က တောင်းပန်တဲ့အနေနဲ့ ဒီလက်ဆောင်ပစ္စည်းတွေကို ပေးအပ်ပါတယ်၊ ဖုန့်ခေါင်းဆောင်အနေနဲ့ လက်ခံပေးဖို့ မျှော်လင့်ပါတယ်။ “

အကြီးအကဲရှန်းက ပြောရင်းနှင့် လက်ဟန်ပြလိုက်သည်။ အကြီးအကဲကျိုးက လက်ဆောင်ကို ထုတ်လာသည်။ အကြီးအကဲကျိုးသည် သူ့လက်ထဲတွင်ရှိသော လက်စွပ်ကို တို့ထိလိုက်သည်။ ချက်ချင်းပင် ကျောက်စိမ်းသေတ္တာတစ်ခုသည် သူ့လက်ထဲသို့ ရောက်ရှိလာသည်။

ဂရုတစိုက်ဖြင့် သေတ္တာကို ဖွင့်လိုက်သောအခါတွင် အတွင်းမှထွက်ပေါ်လာသည့် သင်းရနံ့သည် ဟောခန်းမတစ်ခုလုံးကို ပြန့်နှံ့သွားသည်။ အနံ့ခံလိုက်ရသည့် မည်သူမဆိုသည် ထိုသေတ္တာအတွင်း၌ အရည်အသွေးကောင်းမွန်သော ဆေးလုံးရှိသည်ကို သိရမည်ဖြစ်သည်။

“ ဒါက ဓာတ်ကြီးသုံးပါးရောထွေးခြင်းဆေးပါလား။ “

နေပြည်တော်၌ ထိုဆေးလုံးကို မျက်လုံးဖြင့်မြင်ဖူးခဲ့သော ယန်ကျန်းဟောင်က ထအော်လိုက်သည်။ လူတိုင်းက တအံ့တဩဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။ တခြားသောမိသားစုများနှင့် ဧည့်သည်တော်များသည် ဖုန့်ချန်းကို မနာလိုစွာကြည့်လိုက်သည်။

ဓာတ်ကြီးသုံးပါးရောထွေးခြင်းဆေးသည် အလွန်အမင်း တန်ဖိုးကြီးမားလှပြီး ရှားပါးသည်။ ၎င်းသည် အဆင့်ငါးအဆင့်ရှိသော ဆေး ဖြစ်ပါသည်။ ထိုဆေးလုံးသည် ချီအရည်ဖွဲ့ခြင်းအဆင့်မှ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ချိုးဖျက်ပေးနိုင်စွမ်းရှိပါသည်။

မြူခိုးချိုင့်ဝှမ်းမြို့တွင် အဆင့်သုံးရှိသော ဆေးမှာ အလွန်အမင်းရှားပါးပြီး တန်ဖိုးကြီးလှပါသည်။ အဆင့်ငါးဆိုလျှင် ဤမြို့တွင် ဒဏ္ဍာရီလာအဆင့် ဖြစ်နေခဲ့ပြီ။ လူတော်တော်များများသည် ထိုအဆင့်ရှိသော ဆေးကို ကြားပင်မကြားဖူးကြပါ။ ထိုဆေးနှင့်ဆိုလျှင် ချီအရည်ဖွဲ့ခြင်းအဆင့်ထိပ်ဆုံးသို့ ရောက်နေသည့် ဖုန့်ချန်းသည် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို အေးအေးဆေးဆေး ချိုးဖျက်နိုင်မည်ဖြစ်သည်။

ကျောက်၊ လျိုနှင့် ယန်မိသားစုတို့သည် ချက်ချင်း စိတ်မကြည်မသာဖြစ်သွားခဲ့ပါသည်။ သူတို့၏ ပျော်ရွှင်ခြင်းသည် တစ်ခဏမျှသာ ဖြစ်ခဲ့၏။ ဖုန့်ချန်းသည် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ချိုးဖျက်သွားပါက သူတို့အားလုံး ဒုက္ခလှလှတွေ့တော့မည်ဖြစ်သည်။ ဖုန့်မိသားစုသည် လင်းမိသားစုနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ရင်တောင်မှ ဖုန့်ချန်း ရှိနေသေးသရွေ့တော့ ဖုန့်မိသားစုမှာ ဆက်လက်ထွန်းတောက်နေဦးမည်ပင်။

ဖုန့်ချန်းက ကျောက်စိမ်းသေတ္တာထဲမှ ဓာတ်ကြီးသုံးပါးရောထွေးခြင်းဆေးကို အေးစက်စွာဖြင့် ကြည့်ရင်း နာကြည်းစွာပြုံးလိုက်သည်။

အတိတ်တုန်းက ဖုန့်ချန်းဆိုလျှင် ထိုဆေးလုံးကို တန်ဖိုးကြီးမားသည်ဟု မှတ်ယူပေလိမ့်မည်။ သို့သော် စနစ်ထံမှ သူသည် မြောက်မြားစွာသောဆေးလုံးများ၊ အဆင့်ငါးဆေးလုံးများစွာတို့လည်း ရရှိထားပြီဖြစ်သောကြောင့် ထိုဆေးလုံးကို သူ အထင်သေးနေပြီ။

ထို့အပြင် ကျောက်စိမ်းဗူးထဲရှိ ဆေးလုံးသည် အဆင့်ငါးဆေးလုံးဟု ဆိုသော်လည်း အရည်အသွေးမှာ နိမ့်ပါးလွန်းလှသည်။ ထိုကဲ့သို့သော အရည်အသွေးနိမ့်ပါးသည့် ဆေးလုံးကို သောက်သုံးမိပါက သောက်သုံးလိုက်သူသည် ဆေး၏ ဘေးထွက်ဆိုးကျိုးကိုပင် ခံစားရဦးမည်ဖြစ်သည်။

“ ဖုန့်မိသားစုခေါင်းဆောင် ဒါဆိုရင်ရော ဘယ်လိုလဲ။ “

အကြီးအကဲကျိုးက မကျေမနပ်မေးလိုက်သည်။ သူ့စိတ်ထဲတွင်တော့ ဖုန့်ချန်းပြန်ဖြေမည့် အဖြေကိုပင် သိပြီးသားဖြစ်ပါသည်။

‘ ဟမ့် ဒီလိုတောက လူတွေက ဒီဆေးရဲ့ အရည်အသွေးကို ကောင်းလား၊ မကောင်းဘူးလားဆိုတာ ဘယ်သိမလဲ။ ‘

အကြီးအကဲကျိုးက ပျော်ရွှင်စွာတွေးလိုက်သည်။ သူသည် ဂိုဏ်းချုပ်က ပေးလိုက်သည့် အရည်အသွေးကောင်းမွန်သည့် ဆေးလုံးကို အရည်အသွေးနိမ့်သော ဆေးဖြင့် တိတ်တဆိတ်လဲလှယ်ထားခြင်း ဖြစ်ပါသည်။

ဖုန့်ချန်းက လုံးဝကို သိလိမ့်မည်မဟုတ်ဟု သူက ယုံကြည်ထားပါသည်။

သူသည် ဂိုဏ်းသို့ ပြန်ပြီး ဖုန့်မိသားစုကို မူလပေးရမည့် ဆေးလုံး၊ အရည်အသွေးမြင့်ဆေးလုံးကို အသုံးပြုပြီး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ချိုးဖျက်တက်ရောက်ရန် ပြင်ဆင်ထားပါသည်။ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ရောက်ရှိသွားပါက ဘယ်လိုစွမ်းအားမျိုးကို ပိုင်ဆိုင်ရမလဲဟု တွေးရင်း သူသည် စိတ်ထဲ၌ ကြည်နူးနေမိသည်။

“ ဟမ့် ဒီလိုအစုတ်ပလုတ်တွေကိုများ မင်းတို့ ပြန်ယူသွားလိုက်စမ်းပါ။ “

ဖုန့်ချန်းက လက်ကို ဟန်ပါပါဖြင့် ဝှေ့ယမ်းလိုက်သည်။ သူ၏ လေသံမှာ စိတ်မရှည်တော့ပေ။ ရောက်လာသောလူများကို ချက်ချင်းမောင်းထုတ်ချင်နေသည့် အသံဖြစ်သည်။ ထိုအခိုက်တွင် နှိုင်းယှဉ်၍မရသော အသံတစ်သံ ထွက်ပေါ်လာ၏။

“ ကျုပ်အစ်ကိုပြောတာ မှန်တယ်၊ ဒီအရေးမပါတဲ့ အရာတွေကို ခင်ဗျားတို့တွေ ပြန်သိမ်းသွားလိုက်စမ်း။ “

All Chapters