ကွာရှင်းခြင်း
Vol. 1 Ch. 8
ထိုအသံသည် တည်ငြိမ်သည်။ တစ်ဆက်တည်းမှာပင် လွှမ်းမိုးနိုင်စွမ်းလည်း အပြည့်ရှိပေသည်။ အသံက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။
အသံပြုလိုက်သူသည် လူငယ်လေးတစ်ဦးဖြစ်ပြီး ဟောခန်းမထဲသို့ လွှမ်းမိုးနိုင်သည့်အရှိန်အဝါများဖြင့် ဝင်ရောက်လာသည်။ ငယ်ရွယ်သည့်တိုင် သူ၏ လှုပ်ရှားမှုများသည် လွှမ်းမိုးထိန်းချုပ်နိုင်သော အရှိန်အဝါနှင့် ပြည့်နှက်နေသည်။
ထိုလူငယ်သည် ဖုန့်ယွင်ပင် ဖြစ်သည်။
သူသည် အရပ်ရှည်သည်။ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိခြင်းများနှင့် ပြည့်နှက်နေပြီး မျက်လုံးများက ထက်ရှသည်။ သူ့ကို ကြည့်လိုက်တာနဲ့ ဖုန့်မိသားစုက အမှိုက်ကောင်ဟု ဘယ်သူကမှ ထင်နိုင်မည်မဟုတ်ပါ။
" ညီလေး "
ဖုန့်ချန်းက လှမ်းခေါ်လိုက်သည်။ ဒီပြဿနာကို သူသည် ညီဖြစ်သူကို အသိမခံဘဲ တစ်ယောက်ထဲဖြေရှင်းရန် ဆုံးဖြတ်ထားသည်။ သို့သော် ကံကြမ္မာက သူ့ကို ထိုသို့မလုပ်စေချင်ပုံပေ။ ထို့အပြင် သူ၏ ညီငယ်၏ အမူအရာသည် ထူးခြားနေသည်ဟု သူ တွေးမိသည်။
အရင်တုန်းကဆိုလျှင် သူ့ညီသည် ဘယ်လိုအနိုင်ကျင့်မှုများနှင့်ပဲ ကြုံတွေ့ကြုံတွေ့ ခေါင်းငုံ့ခံကာ နှုတ်ဆိတ်နေမြဲသာ ဖြစ်ပါသည်။ သူ၏ ပုံစံသည် အနည်းငယ်သွေးကြောင်တတ်သည့် အနေအထား ရှိပါသည်။ သို့သော် ဖုန့်ချန်းကတော့ သူ့ညီကို သတ္တိနည်းသောသူဟု တစ်ခါမှ မထင်ခဲ့ဖူးပါ။
သို့သော် အခုအချိန်တွင်တော့ ဖုန့်ယွင်သည် ဆန်းကြယ်မီးတောက်ဂိုဏ်း၏ အကြီးအကဲကိုပင်လျှင် တိုက်ရိုက် မခန့်လေးစားပြောနေပြီ။ အရင်တုန်းက သူ၏ ပုံစံနှင့် လားလားမှမတူညီနေပါ။
" အစ်ကိုယွင် "
ဖုန့်မေကလည်း ဖုန့်ယွင်ထံသို့ ခပ်သွက်သွက်ပြေးသွားသည်။ တခြားသူများရှိနေသည်၊ သူမကို ကြည့်နေသည်ကို သူမ ဂရုမထား။ ဖုန့်ယွင်ထံသို့သာ အပြေးလေးလှမ်းသွားသည်။
" ဒုတိယသခင်လေး "
တခြားသောဖုန့်မိသားစုဝင်များကလည်း ဖုန့်ယွင်ကို အရိုအသေပေးလိုက်ကြ၏။
" နင်က ဖုန့်ယွင်ဆိုတဲ့ လူလား။ "
လင်းမေယုက မကျေမနပ်ဖြင့် မေးလိုက်သည်။ စေ့စပ်ထားသော်လည်း သူမ၏ သတို့သားလောင်းကို ယခုအကြိမ်သည် ပထမဆုံးတွေရသည့်အချိန် ဖြစ်သည်။
ဖုန့်ယွင်သည် ခန့်ညားသည်။ သူ့မျက်နှာမှာ အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်နိုင်စွမ်းရှိသော်လည်း လင်းမေယုအတွက်ကတော့ ရုပ်ရည်သည် ဒုတိယသာဖြစ်သည်။ ပါရမီကောင်းပြီး အရည်အချင်းရှိခြင်းကသာ သူမ၏ နှလုံးသားကို ဖမ်းဆုပ်ရယူနိုင်မည်ဖြစ်သည်။
" ဖုန့်မိသားစုရဲ့ သခင်လေးဖုန့်ယွင် မိန်းကလေးလင်းမေယုကို လက်ခံဆုံတွေ့ပါတယ်။ "
ဖုန့်ယွင်က ခံစားချက်မဲ့စွာ ပြောသည်။ လင်းမေယုက သူ့အရှေ့တွင် မတ်တပ်ရပ်နေ၏။ ထိုအမျိုးသမီးသည် မိုးပြာကောင်းကင်အင်ပါယာကြီး၌ ချောမောလှပဆုံးမိန်းမပျိုလေးဟု တင်စား၍ ရလောက်သော်လည်း ဖုန့်ယွင်က သူမကို သာမန်မျှသာ နှုတ်ဆက်ပြီး ခံစားချက်တစ်စုံတစ်ရာ မဖြစ်ပါ။
ထိုကဲ့သို့သော အဖြစ်အပျက်မျိုးသည် လင်းမေယုအတွက် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ပုံမှန်ဆိုလျှင် အမျိုးသားများသည် သူမကို အမြဲတမ်း သည်းသည်းလှုပ်နေပြီး သူမ စိတ်တိုင်းကျ စိတ်အလိုကျအတိုင်းသာ ပြုမူဆောင်ရွက်ပါသည်။ တခြားသော မျိုးရိုးမြင့်သခင်လေးများပင်လျှင် သူမကို မြင်လျှင် အနည်းဆုံးတော့ နှစ်ကြိမ်လောက်တော့ ပြန်ကြည့်ကြပါသည်။
သို့သော် ဖုန့်ယွင်က သူမကို သာမန်ကာလျှံကာသာ နှုတ်ဆက်ပြီး ဖုန့်ချန်းထံသို့ အာရုံစိုက်သွားသည်။ သူမ ပြန်ပြီး နှုတ်ဆက်မည်ကိုပင် ထိုသူက အဖက်ပင် မလုပ်ပါ။
" အစ်ကို ဒီစေ့စပ်ပွဲကို ကျုပ် မလိုချင်ဘူးဗျာ။ "
ထိုစကားက ရောက်လာကြသောသူများကို ထိတ်လန့်သွားစေသည်။ ဆန်းကြယ်မီးတောက်ဂိုဏ်းမှ အကြီးအကဲများအပါအဝင် တခြားဧည့်သည်များပင်လျှင် ဖုန့်ယွင်၏ သဘောထားကို မခန့်မှန်းနိုင်ပါ။
ဖုန့်ယွင်၏ စကားမှာ အမှန်တရားများ ဖြစ်သည်လား၊ ဒါမှမဟုတ် ဆန်းကြယ်မီးတောက်ဂိုဏ်းကနေ အခွင့်အရေးတွေ ပိုပြီးတောင်းချင်လို့ ဟန်ဆောင်နေတာလားဆိုတာ သူတို့ မကွဲပြားပါ။ ထိုကဲ့သို့ဆိုရင်တောင် လူတော်တော်များများက ဖုန့်ယွင်သည် အရှက်မကွဲအောင်၊ မျက်နှာမပျက်အောင် ဟန်ဆောင်ကာ ပြုမူနေသည်ဟုသာ ထင်ကြပါသည်။
" ဟမ့် ဒီဖုန့်ယွင်ဆိုတဲ့ လူကမှ ဦးနှောက်တစ်ခြမ်းရှိသေးတယ်၊ ဒီစေ့စပ်ပွဲက အဖျက်ခံရတော့မယ်ဆိုတာ သိတဲ့အတွက်ကြောင့်မလို့ မာနကြီးချင်ယောင်ဆောင်ပြီး မျက်နှာမပျက်အောင် ထိန်းနေသေးတယ်။ "
" ဦးနောက်တစ်ခြမ်းရှိတယ် ဟုတ်လား၊ သူ၏ ဆုံးဖြတ်ချက်က ဦးနှောက်မရှိတဲ့ လူရဲ့ ဆုံးဖြတ်ချက်နဲ့ အတူတူပဲ။ မျက်နှာပျက်တာ မပျက်တာပဲ ထားလိုက်ဦး၊ အနည်းဆုံးတော့ သူ့ရဲ့ လုပ်ရပ်က ဆန်းကြယ်မီးတောက်ဂိုဏ်းနဲ့ လုံးဝ ရန်သူဖြစ်သွားပြီလေ၊ ငါတို့အတွက် ကောင်းတာပေါ့။ "
" ဒီဖုန့်ယွင်ဆိုတဲ့ကောင်က ကိုယ့်အဆင့် ကိုယ်မသိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဖုန့်မိသားစုဘက်က စေ့စပ်ပွဲစဖျက်သိမ်းတဲ့ သတင်းက ငါတို့ မြို့ကနေစပြီး အနီးအနားထိပါ ပြန့်နှံ့သွားတော့မှာပဲ။ "
ကျောက်၊ လျိုနှင့် ယန်မိသားစုများသည် စတင်၍ ဆွေးနွှေးနေပါတော့သည်။ သူတို့၏ လေသံများကို မထိန်းချုပ်ထားဘဲ ဖုန့်မိသားစုကို ပေါ်ပေါ်တင်တင်ကို နှိမ့်ချဝေဖန်နေသည်။
ဖုန့်ချန်းကလည်း ဖုန့်ယွင်ပြောစကားကို နားထောင်၏။ ဖုန့်ယွင်သည် ယခုလိုမျိုး အကြီးအကျယ်ကိစ္စရပ်ကို ပြုလုပ်မည်ဟု မထင်ထားခဲ့ပါ။
' ကြည့်ရသလောက်ကတော့ ဝတ္ထုတေွထဲကအတိုင်း ဒီကောင်လေးက အားကိုးစရာတစ်ခုခုကို ရသွားပြီနဲ့တူတယ်။ '
ဖုန့်ချန်း တစ်ကိုယ်ထဲ တွေးလိုက်ပါသည်။ ထို့နောက် သူသည် ဆန်းကြယ်မီးတောက်ဂိုဏ်းက လူများကို စိုက်ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် လင်းမေယုမှာ ဒေါသူပုန်ပေါက်ကွဲနေပြီ ဖြစ်၏။
သူမ၏ အလှ၊ သူမ၏ ပါရမီ၊ သူမ၏ နောက်ခံ၊ ဘယ်ယောက်ျားမဆို သူမကို ယူချင်ကြပေလိမ့်မည်။ လက်ထပ်ချင်ကြပေလိမ့်မည်။ ဒါတောင်မှ တောကြိုအုံကြားဖုန့်မိသားစုက အမှိုက်ကောင်က သူမနဲ့ လက်မထပ်ချင်ဘဲ စေ့စပ်ပွဲဖျက်ချင်တာတဲ့လား။ ထိုကဲ့သို့ဖြစ်ရပ်မျိုးက သူမသည် အိပ်မက်မက်နေသည်ဟုပင် ထင်ခဲ့ပါသည်။
“ လင်းမိန်းကလေး မင်း ဒီကိုလာပြီးတော့ စေ့စပ်ပွဲဖျက်သိမ်းဖို့ဆိုတာ ငါ နားလည်ပါတယ်။ မင်းဘက်ကနေ ကြည့်မယ်ဆိုရင် ငါက ချီစုစည်းခြင်းအဆင့်ရဲ့ အလယ်အဆင့်တောင် မရောက်သေးတဲ့ အမှိုက်ကောင်ပဲလေ၊ မင်းအတွက် ငါ မထိုက်တန်ပါဘူး။ “
ဖုန့်ယွင်က ဆက်ပြောသည်။
“ ဒါပေမဲ့ ဒီကိစ္စကို မင်းက လူသိရှင်ကြား မလုပ်သင့်ဘူးကွ၊ ငါ့ကို လူတွေ ပုတ်ခတ်ဝေဖန်ပြီးတော့ အနိုင်ကျင့်မှာ၊ ငါ့ဂုဏ်သိက္ခာကို ငါက သိပ်စိတ်ဝင်စားတဲ့ကောင် မဟုတ်ဘူး။ ဒါပေမဲ့ ငါ့အစ်ကို၊
ငါ့အစ်ကိုက မိသားစုခေါင်းဆောင်။
ဒီနေ့ မင်းတို့ရဲ့ တောင်းဆိုချက်ကို ငါတို့ လိုက်လျောလိုက်ရင် နောက်ပိုင်းမှာ ငါ့အစ်ကိုက မိသားစုခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီမြို့မှာ ဘယ်လိုဆက်ပြီးတော့ တည်ရှိနိုင်မလဲ၊ ငါတို့ ဖုန့်မိသားစုကို ဒီမြို့မှာ ဘယ်လိုမျက်နှာနဲ့ ဆက်ပြီးတော့ နေရမှာလဲ။ “
ဖုန့်ယွင်က လင်းမေယုကို အမုန်းတရားများပြည့်နှက်နေသော မျက်လုံးဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
ဖုန့်ယွင်သည် အမှန်အကန်ကို စိတ်တိုနေသည်။ သူ့ကို စော်ကားခြင်းကြောင့် မဟုတ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုခေါင်းဆောင်ဖြစ်လာပြီး အခက်အခဲများစွာကို ခါးစည်းခံခဲ့ရသော အစ်ကိုကြီးအတွက် ဖြစ်သည်။
ဒေါသပေါက်ကွဲနေသည့် လူငယ်လေးကိုကြည့်ရင်း လင်းမေယု မျက်မှောင်ကြုတ်လိုက်သည်။ သူမက ဟောခန်းမ၏ အစွန်းဘက်တွင်ရှိသော ဖုန့်ချန်းကို လှမ်းကြည့်လိုက်သည်။ ဖုန့်ချန်း၏ အရင်တုန်းက စကားများနှင့် သူမဖခင်၏ စကားများကို ပြန်တွေးကြည့်သောအခါ ဖုန့်မိသားစုနှင့် သူမ၏ ဖခင်သည် အလွန်အမင်းကို ရင်းနှီးသည်ကို သူမ ပြန်တွေးမိလိုက်သည်။
သူမဖခင် ဒဏ်ရာရနေသည့်သတင်းကို ကြားသော် ဖုန့်ချန်းသည် အလွန်အမင်းစိတ်ပူခဲ့သည်ကို သူမ ပြန်သတိရလိုက်သည်။ ထိုအချက်များကို ပြန်တွေးမိပြီးနောက်တွင် သူမနှလုံးသား၌ အနည်းငယ်မျှသော နောင်တတရားများ ရရှိလာပြီးနောက် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။
“ ဒီနေ့က ငါ့အစ်ကိုရဲ့ အသက်သုံးဆယ်ပြည့်မွေးနေ့ဆိုတာ မင်း မသိဘူးလား၊ မင်းအဖေနဲ့ ငါ့အဖေက သွေးသောက်ညီအစ်ကိုတွေနော်၊ ဒီလိုနည်းနဲ့ မင်းက ကိုယ့်အဖေကိုယ် ပြန်ပြီးတော့ ကျေးဇူးဆပ်လိုက်တာလား။ လင်းကျန်းရဲ့ သွေးသောက်အစ်ကိုရဲ့ မိသားစုကို ဒီလိုမလေးမစား မင်းက ပြုမူရဲတယ်ပေါ့၊ သမီးအလိမ္မာလေးပဲ။ “
ဖုန့်ယွင်က ပြောလိုက်သည်။
“ ကောင်လေး မင်း စောက်ပါးစပ်ပိတ်ထားစမ်း၊ သေချင်နေတာလား။ “
ဆန်းကြယ်မီးတောက်ဂိုဏ်း အကြီးအကဲတစ်ဦးသည် အရှေ့သို့ တိုးလာပြီး ဖုန့်ယွင်ကို တိုက်ခိုက်လိုက်သည်။ ထိုအကြီးအကဲ၏ ကျင့်ကြံအဆင့်သည် အမြူတေဖွဲ့စည်းခြင်းအဆင့်ထိပ်ဆုံး ဖြစ်သည်။
“ အတင့်ရဲလိုက်တာ။ “
စွမ်းအားကြီးသော အရှိန်အဝါလှိုင်းများ ထွက်ပေါ်လာ၏။ ဖုန့်ချန်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသည် ဟုန်းခနဲတောက်လာပြီး ဆန်းကြယ်မီးတောက်ဂိုဏ်း အကြီးအကဲကို ရိုက်ချလိုက်သည်။
ရိုက်နှက်မှုကြောင့် ထိုအကြီးအကဲသည် ခန်းမ၏ တစ်ဖက်သို့ လွင့်ထွက်သွားပြီး အုတ်နံရံကို ဖောက်ထွင်းသွားပါတော့သည်။ တိုက်ခိုက်မှုကြောင့် ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာ၏။
ဖုန့်ချန်း၏ မျက်လုံးသည် မီးဝင်းဝင်းတောက်နေပြီး လွှမ်းမိုးနိုင်စွမ်းနှင့် ပြည့်နှက်နေသည်။ သူက ဆန်းကြယ်မီးတောက်ဂိုဏ်းရှိ ကျန်သောသူများကို မောက်မာစွာ ကြည့်လိုက်၏။
“ ဒီနေရာက ဖုန့်အိမ်ေတာ်ပိုင်နက်နော်၊ တစ်ခုခုလုပ်မယ်ဆိုရင် မလုပ်ခင် ကြိုစဉ်းစားသင့်တယ်။ “
ဖုန့်ချန်းက မောက်မာစွာ ပြောလိုက်၏။ ဆန်းကြယ်မီးတောက်ဂိုဏ်းကို လုံးဝ မျက်နှာသာမပေးသည့်လေသံ ဖြစ်သည်။ ဖုန့်ချန်း၏ မောက်မာမှုနှင့် ပြောဆိုမှုက ဆန်းကြယ်မီးတောက်ဂိုဏ်း၏ ဂိုဏ်းသားများအားလုံးကို စိန်ခေါ်လိုက်သလို ဖြစ်သွားသည်။
သူတို့သည် ချက်ချင်းပင် ဖုန့်ချန်းကို တိုက်ခိုက်ရန် ပြင်လိုက်၏။ သို့သော် အကြီးအကဲရှန်း၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။
ဤနေရာတွင် ဧည့်သည်များစွာ ရှိနေသည်။ မျက်လုံးများစွာက စောင့်ကြည့်နေသည်။ စတင်၍ တိုက်ခိုက်လိုက်သူမှာ ဆန်းကြယ်မီးတောက်ဂိုဏ်းမှ ဂိုဏ်းသားဖြစ်သည်။ ဖုန့်မိသားစုက ပြန်လည်တုံ့ပြန်ရုံသာ ဖြစ်ပါသည်။
ဖုန့်ချန်းက ဂိုဏ်းသားတစ်ဦးကို ရိုက်ချလိုက်ခြင်းကို လင်းမေယုကလည်း အများကြီးမတွေးနေပါ။ သူ့မ၏ ခေါင်းထဲတွင် ဖုန့်ယွင်ပြောလိုက်သော စကားများသာ ပဲ့တင်သံရိုက်ခတ်နေသည်။
မှန်၏။ သူမသည် ဖုန့်ချန်း၏ မွေးနေ့တွင် စေ့စပ်ပွဲလာဖျက်ခြင်းက ဖုန့်မိသားစုနှင့် ဖုန့်ချန်းကို စော်ကားရာရောက်သွားပေသည်။
“ ဒီနေ့တောင်းဆိုမှုက ကျွန်မဘက်က နည်းနည်းလေးလွန်သွားပါတယ်၊ ဒါကြောင့်မလို့ ဒီနေ့ စေ့စပ်ပွဲရုတ်သိမ်းတဲ့ကိစ္စကို ခဏဆိုင်းငံ့လိုက်ပါ့မယ်။ ဒါပေမဲ့ တစ်ခုတော့ ကတိပေးပါ။ “
“ ဘာကတိပေးရမှာလဲ။ “
“ စေ့စပ်ပွဲကို သုံးနှစ်ပဲ ငါ ဆိုင်းငံ့ပေးလို့ရမယ်၊ သုံးနှစ်ပြီးရင် မိုးပြာကောင်းကင်အင်ပါယာရဲ့ နဂါးနဲ့ ဖီးနစ်အဆင့်သက်မှတ်မှုကျောက်ပြားမှာ ငါ နင့်ကို စောင့်နေမယ်။
ဒီနေ့အဖြစ်အပျက်ကို မလေးမစားပြုမူတယ်လို့ နင်က ဒီသခင်မလေးကို ပြောတယ်ပေါ့ ဟုတ်လား၊ ဒီသခင်မလေးကို မကျေနပ်ဘူးဆိုရင် အဲ့နေ့မှာ သုံးနှစ်ပြည့်တဲ့နေ့မှာ ငါ့ကိုလာပြီး အနိုင်တိုက်ခိုက်လေ။
နင်သာ ငါ့ကိုနိုင်မယ်ဆိုရင် တစ်သက်လုံး ငါက အစေခံကျွန်မအဖြစ် နေပေးမယ်၊ ဒါပေမဲ့ နင်ရှုံးတယ်ဆိုလို့ရှိရင်တော့ စေ့စပ်ပွဲကို ဖျက်ပေးရမယ်။ “
လင်းမေယုက ပြောလိုက်သည်။ ထိုလိုက်လျောမှုသည် သူမ လုပ်ပေးနိုင်သော အကြီးမားဆုံးလိုက်လျောမှု ဖြစ်သည့်အပြင် ဖုန့်မိသားစုကို တောင်းပန်ရာလည်း ရောက်ပါသည်။ သူမဖခင်၏ မျက်နှာကြောင့် သုံးနှစ်ဟူသော အချိန်ပမာဏကို သူမ ပေးခြင်းပင် ဖြစ်သည်။
ဧည့်သည်များက နဂါးနှင့် ဖီးနစ်အဆင့်ဟူသော စကားကိုကြားသည်နှင့် စိတ်လှုပ်ရှားနေပြီဖြစ်သည်။ ထိုအဆင့်သည် မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးတွင် ရှိသော ပါရမီရှင်များကို အဆင့်သက်မှတ်ထားခြင်း ဖြစ်၏။
သုံးနှစ်တိုင်းတွင် ထိုနေရာတွင် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ ပြုလုပ်လေ့ရှိပါသည်။ ထိုပြိုင်ပွဲကို ဝင်ပြိုင်ရန်အတွက် လိုအပ်ချက်သည် အသက်(၂၀)အောက် ရှိရမည်ဖြစ်ပြီး အနည်းဆုံး အမြူတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေရမည်ဖြစ်သည်။
အရင်နှစ်တုန်းက နဂါးနှင့် ဖီးနစ်အဆင့်သက်မှတ်ချက်တွင် အဆင့်တစ်ကနေ တစ်ဆယ်အတွင်းတွင် ရှိသူများသည် ဓာတ်ကြီးသုံးပါးနတ်အဆင့်များ ဖြစ်ကြသည်။ ထိုအဓိပ္ပါယ်မှာ ထိုစဉ်တုန်းက ပါရမီရှင်များသည် အစွမ်းတကာ့အစွမ်းဆုံး ပါရမီရှင်များ ဖြစ်ပါသည်။
ထိုပါရမီရှင်များသည် မြူခိုးချိုင့်ဝှမ်းမြို့တွင်ရှိသော ပါရမီရှင်များထက် များစွာလည်း သန်မာလှပါသည်။ ထိုအရာများကို ရောက်နေကြသောသူများက တွေးလိုက်မိကြ၏။
“ သိပ်ကောင်းတယ်၊ ကျုပ် ကတိပေးတယ်။ “
ဖုန့်ယွင်က တုံ့ဆိုင်းမနေဘဲ သူမ၏ စိန်ခေါ်မှုကို လက်ခံလိုက်သည်။
“ နင် လက်ခံလိုက်တာ ကောင်းတယ်။ သတိတစ်ခုတော့ ပေးမယ်နော်၊ သုံးနှစ်အတွင်းမှာ အမြူတေဖွဲ့စည်းခြင်းအဆင့်ကို မရောက်နိုင်ဘူးဆိုရင်တော့ အဲ့ဒီပြိုင်ပွဲကို နင် ဝင်ပြိုင်ဖို့အတွက် အခွင့်အရေးရှိမှာမဟုတ်ဘူး။ အဲ့ဒီအချိန်ကျရင်တော့ ငါတို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ သဘောတူညီပေးဖို့အတွက် ငါ မျှော်လင့်ပါတယ်။ “
လင်းမေယု၏ မောက်မာနေသောမျက်နှာကို မြင်သော် ဖုန့်ယွင် အံတင်းတင်းကြိတ်လိုက်သည်။
“ ဟမ့် သုံးနှစ် ဘာလို့စောင့်ရမှာလဲ၊ နင် ဒူးထောက်ပြီးတော့ နင့်ကို ယူဖို့အတွက် ငါ့ကို တောင်းပန်ရင်တောင်မှ ငါက နင့်ကို ယူမယ်တဲ့လား၊ နင့်ကိုယ်နင် အထင်ကြီးနေပြီ ကောင်မလေး။ “
ထိုသို့ပြောပြီးနောက် ဖုန့်ယွင်သည် လင်းမေယု၏ မောက်မာနေသောမျက်နှာကို လှည့်မကြည့်တော့ဘဲ အနောက်သို့ လှည့်ထွက်လိုက်ပါသည်။ သူသည် စားပွဲတစ်ခုရှေ့သို့ လမ်းလျှောက်သွားပြီးနောက် စာရွက်တစ်ရွက်နှင့် စုတ်တံတစ်ခုထုတ်ကာ စာ စတင်၍ ရေးလိုက်၏။
ထို့နောက်တွင် ဖုန့်ယွင်သည် ဓားဆွဲထုတ်လိုက်ပြီး သူ၏ ဘယ်ဘက်လက်ဖဝါးကို ဓားဖြင့် ပိုင်းလိုက်သည်။ လက်ဖဝါးမှ ထွက်လာသည့်သွေးကို သူသည် စာရွက်ပေါ်တွင် လက်ဝါးရာရိုက်နှက်လိုက်၏။ ထိုနောက် ထိုစာရွက်ကို ကောက်ယူလိုက်ပြီးနောက်တွင် လင်းမေယု၏ စားပွဲအရှေ့တွင် ဗန်းကနဲ ရိုက်ချလိုက်သည်။
“ နင့်လိုမျိုး မိန်းမမျိုးကို ငါဆိုတဲ့ ဖုန့်ဒုတိယသခင်လေးက ကြိုက်မယ်များထင်နေလား။ ဒီနေ့မှာ နင်ဆိုတဲ့ လင်းမေယုက စေ့စပ်ပွဲလာဖျက်တာမဟုတ်ဘူး၊ ငါက နင့်လိုမိန်းမမျိုးကို မယူနိုင်တာ။ ဒီနေ့ကစပြီး နင်နဲ့ ငါနဲ့ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူး၊ ဒီနေ့ ငါနင့်ကို ကွာတယ်၊ နင်က ငါ့ရဲ့ သတို့သမီးလောင်းဖြစ်ဖို့ မတန်ဘူး။ “
ထိုမြင်ကွင်းကို ဖုန့်ချမ်း စိတ်ထဲမှ ခေါင်းကြိတ်ခါလိုက်သည်။
သောက်ကျိုးနည်း ဝတ္ထုထဲက အတိုင်းဟ လခွမ်းနဲ့မှ
စာရွက်ပေါ်သွေးနဲ့ ကွာရှင်းတာက အစ တူနေတာဟေ့...
အို ကောင်းကင်ဘုံ ကျုပ်ကို ဘယ်လောကမှာ ပြန်မွေးဖွားပေးလိုက်တာလဲ
ဖုန့်ချန်းသည် ကောင်းကင်ကို မော့ကြည့်ပြီး ကြိတ်ရရွတ်လိုက်သည်။