← Chapters

ငါ့ညီက သောက်ကျိုးနည်း အဓိကဇာတ်ကောင်ဟ

Vol. 1 Ch. 9

ငါ့ညီက သောက်ကျိုးနည်း အဓိကဇာတ်ကောင်ဟ

Vol. 1 Ch. 9

' ဟ သူပြောလိုက်တဲ့ စကားက ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ အဓိကဇာတ်လိုက်ပြောမဲ့ စကားကြီးဟ။ အစတုန်းက ငါ့ညီကို ဒီလောကရဲ့ အဓိကဇာတ်ကောင်လို့ သံသယပဲ ဝင်သေးတာ၊ အခုတော့ ကျိန်းသေသွားပြီ။ '

ဖုန့်ချန်းက သူ့ဘာသာသူ တွေးလိုက်သည်။ အရင်တုန်းကတော့ မသေချာ၊ ယခုအချိန်တွင်တော့ သူ၏ ညီငယ်သည် အဓိက‌ဇာတ်ကောင်၏ ကိုယ်ရည်ကိုယ်သွေးနှင့် အဖြစ်အပျက်များ တစ်ပုံစံထဲ ဖြစ်နေပေပြီ။

ဝတ္ထုတွေ၊ web novelတွေ၊ wuxia worldတို့၊ mtlတို့မှာ ဖတ်တဲ့ ဘယ်စာဖတ်သူမဆို ဇာတ်လမ်းတစ်ပုဒ်မှာ မင်းသားရဲ့ နိမ့်ကျနေတဲ့အခြေအနေမှာ ငယ်ငယ်လေးကတည်းက စေ့စပ်ပေးထားတဲ့ ကောင်မလေးက နေ့ထူးနေ့မြတ်တစ်ခုခုမှာ ရောက်ချလာမယ်။

ပြီးသွားရင် လူသိရှင်ကြား လူအုပ်အရှေ့မှာ နင်နဲ့ငါနဲ့ လက်မထပ်နိုင်ဘူး၊ နင်နဲ့ငါနဲ့ မတန်ဘူးဆိုပြီးတော့ စေ့စပ်ပွဲကို ဖြတ်သိမ်းမယ်။

အဓိကဇာတ်လိုက်မင်းသားက ဒေါသတွေ ထွက်ပြီးတော့ အနာဂတ်မှာ သူ့ကို မတူမတန်သလို ဆက်ဆံသွားတဲ့ သတို့သမီးလောင်းကို ပြန်ပြီး လက်စားချေမယ်။ ပြီးတော့ ယခုလေးတင် ဖုန့်ယွင်ပြောလိုက်တဲ့ စကားတွေက အဓိကဇာတ်လိုက်တွေ မခံချင်ဖြစ်တဲ့အချိန်မှာ ဒရမ်မာချိုးပြီးတော့ မာန်အပြည့်နဲ့ပြောတဲ့ စကားမျိုး အတိအကျဖြစ်နေတယ်လေ။

' ကြည့်ရသလောက်ကတော့ ဖုန့်ယွင်တစ်ယောက် အခုတလော ထူးဆန်းနေတာကို ငါသတိထားမိနေတာ ကြာပြီ။ ကြည့်ရသလောက်တော့ သူ အခုလိုမျိုး ထူးဆန်းနေတာက ဝတ္ထုတွေထဲကအတိုင်း အထောက်အကူဖြစ်တာ တစ်ခုခု သူ့ရဲ့ ရွှေလက်ချောင်းကို ရသွားတာဖြစ်မယ်။ '

ဖုန့်ချန်း တွေးလိုက်သည်။ ဆက်လက်၍ ဖုန့်ချန်း စဉ်းစားလိုက်၏။

' ငါ့ညီလေးက အခုရသွားတဲ့ ရွှေလက်ချောင်းက ဘယ်လိုများဖြစ်နိုင်မလဲ။ စနစ်တော့ မဖြစ်နိုင်ဘူး၊ စနစ်ဆိုတာကြီးက သောက်ကျိုးနည်း ငါနဲ့လာပြီးတော့ ငြိနေတယ်လေ။

ဖြစ်နိုင်တာက ဟိုဝတ္ထုထဲကလို လက်စွပ်ထဲမှာ ပုန်းနေတဲ့ ဘိုးတော်ကြီးတစ်ယောက်ယောက်များ ရှိတာလား၊ ဒါမှမဟုတ် အတိတ်ဘဝက ကောင်းကင်ဧကရာဇ်တွေ ဘာတွေ ဖြစ်ခဲ့တာကို ပြန်ပြီးတော့ သတိရသွားတာများလား၊ ဒါမှမဟုတ်ရင် အနာဂတ်ကနေပြီးတော့ ယခုလက်ရှိအတိတ်ကို ပြန်များရောက်လာတာများလား။

ဒါမှမဟုတ် လက်စွပ်ထဲမှာ ဒဏ်ရာရနေတဲ့ အရမ်းချောမောလှပတဲ့ ညီအစ်မနှစ်ယောက်များ ရှိနေတာများလား၊ ဒါမှမဟုတ် သူ့ရဲ့ စိတ်ဝိဉာဉ်ထဲမှာ ဓားဆရာမကြီးနဲ့ ဆေဘာဓားဆရာကြီးတို့များ အိပ်မောကျနေတာများလား၊ ဒါမှမဟုတ် သူ့ရဲ့ စိတ်ဝိဉာဉ်နယ်ပယ်ထဲမှာ ဆေးပေါင်းအိုးကြီးရှိတာတို့ နဂါးကြီးတွေ ရှိတာတို့များ ဖြစ်နေမလား။ '

ဖုန့်ချန်းက ပေါက်တတ်ကရများ စတင်၍ တွေးပါတော့သည်။ သူတွေးလိုက်သည့် အရာများသည် အတိတ်ဘဝက သူ အားတိုင်းယားတိုင်း ထိုင်ဖတ်ခဲ့ဖူးသော ဝတ္ထုများထဲမှ ဇာတ်ကောင်တို့၏ ရွှေလက်ချောင်းများပင် ဖြစ်သည်။

' နေဦး နေဦး တစ်ယောက်ကျန်သေးတယ် ဟိုကောင်၊ ကောင်းကင်နန်းတော်ရှိပြီးတော့ လူတိုင်းကို ပါးရိုက်နေတဲ့ကောင်၊ ငါ့ညီမှာလည်း ကောင်းကင်နန်းတော်ကြီးများ ရှိနေတာများလား။ '

ဖုန့်ချန်းက တစ်ကောင်ထဲမေးပွတ်ပြီး အားပါးတရတွေးနေသည့်အချိန်တွင်တော့ အပြင်ဘက်တွေတော့ အုတ်အုတ်သောင်းနင်းဖြစ်နေချေပြီ။

သူ့ပတ်ပတ်လည်တွင် ဆူညံပွတ်လောရိုက်နေသည်ကို ဖုန့်ချန်း သတိမပြုမိသေး။ သူမေးစေ့ပွတ်ကာ ဆက်လက်၍ တွေးနေ၏။

' ဘာပဲဖြစ်နေဖြစ်နေ ကောင်းကင်နန်းတော်ကြီးပဲဖြစ်ဖြစ်၊ လက်စွပ်ထဲမှာ ဘိုးတော်ကြီးပဲရှိရှိ ငါ့ညီအတွက်တော့ အနာဂတ်က ဖြောင့်ဖြူးသွားပြီ။ '

အပြင်ဘက်တွင်တော့ ဆူညံနေပြီ။

" နင်...နင်ကများ နင့်လို အနုတ်စုတ်ဂုတ်စုတ်ကများ ငါ့ကို ကွာရှင်းရဲသေးတယ်၊ အတင့်ရဲလိုက်တဲ့ကောင်။ "

သူမ၏ စားပွဲရှေ့တွင်ရှိသော သွေးစွန်းနေသည့် စာရွက်ကို မြင်ပြီးနောက်တွင် လင်းမေယုမှာ မယုံကြည်နိုင်စွာဖြင့် တဆတ်ဆတ် တုန်ယင်နေခဲ့ပြီ။ လင်းမိသားစု၏ မင်းသမီးလေး၊ ဆန်းကြယ်မီးတောက်ဂိုဏ်း၏ ဂိုဏ်းချုပ်အငယ်လေးက ဒီလိုမျိုး လူဘုံအလယ်မှာ အရှက်ခွဲတာကို ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ။ သူမ၏ အဆိုးရွားဆုံးသော စိတ်ကူးယဉ်မှုများတွင်ပင်လျှင် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးမှာ လုံးဝဖြစ်လာစရာအကြောင်း မရှိပေ။

ဖြောင်းဖြောင်းဖြောင်းဖြောင်း ( လက်ခုပ်တီးသံ )

" ကောင်းတယ် ငါတို့ရဲ့ ဖုန့်မျိုးရိုး ပီသပါတယ်။ "

ဖုန့်ချန်းက လက်ခုပ်တီးပြီး အားပါးတရကြွေးကြော်လိုက်ပါသည်။ ဖုန့်ချန်းက လက်ခုပ်တီးရင်း ပြောပြလိုက်သည်။ တခြားလူများကဲ့သို့ မဟုတ်၊ ဖုန့်ချန်းသည် ဖုန့်ယွင်ကို စိတ်မတိုခဲ့ပါ။ ထိုအစား အလွန်အမင်း ပျော်ရွှင်နေခဲ့ပါသည်။

ထိုဖြစ်ရပ်က ရောက်လာကြသော ဧည့်သည်များကို အံ့အားသင့်သွားစေခဲ့သည်။

ထိုညီအစ်ကိုနှစ်ယောက်သည် ဆန်းကြယ်မီးတောက်ဂိုဏ်းကို စော်ကားမိပြီဖြစ်သောကြောင့် ဒုက္ခလှလှတွေ့ပြီဟု သူတို့က ထင်ထားကြပါတော့သည်။ ညီဖြစ်သူက ဆန်းကြယ်မီးတောက်ဂိုဏ်း၏ အနာဂတ်ဂိုဏ်းသခင်မကို ပြောင်ပြောင်တင်းတင်း စော်ကားနေရုံသာမက အစ်ကိုဖြစ်သူက လက်ခုပ်လက်ဝါးတီးကာ အားပေးအားမြောက်ပြုလုပ်နေသည်။

ဒီညီအစ်ကိုနှစ်ယောက်က တကယ့်သွေးရင်းသားရင်း ညီအစ်ကိုများပင် ဖြစ်သည်။ သူတို့နှစ်ယောက်၏ ခေါင်း၌ မည်သည့်အရာများတွေးနေသည်ကို အပြင်လူများ ခန့်မှန်းနိုင်စွမ်းရှိမည် မဟုတ်ပါချေ။

အစ်ကိုဖြစ်သူ၏ အပြုအမူက ဖုန့်ယွင်ကို အံ့အားသင့်သွားစေပါသည်။ သို့သော် အစ်ကိုဖြစ်သူက မိမိအား ထောက်ပံ့သောကြောင့် ပျော်ရွှင်နေခဲ့ပါသည်။

" မဆိုးဘူး၊ လုံးဝကို မဆိုးဘူးပဲ။ ကြည့်ရသလောက်ကတော့ မင်းတို့ ဖုန့်အိမ်တော်က လျှို့ဝှက်စွမ်းအားရှင်ဝှက်ဖဲတစ်ခု ရှိနေတဲ့ပုံပဲ။ "

ဖုန့်ယွင်၏ နားထဲသို့ အသံတစ်သံတိုးဝင်လာသည်။

" စီနီယာမင်းဟောင် စီနီယာပြောချင်တာ ဘာကို ပြောချင်တာလဲခင်ဗျ။ "

ဖုန့်ယွင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

" ဟားဟားဟားဟား မင်းအစ်ကိုက သူ့ခွန်အားကို လျှို့ဝှက်ထားတာပဲ၊ ကံဆိုးသွားတာက သူက ငါနဲ့ တွေ့သွားတာပဲ။ "

စီနီယာမင်းဟောင်က ပုံရိပ်ယောင်ပုံစံမျိုး ဖြစ်နေပြီး ဖုန့်ချန်းကို လှမ်းကြည့်နေသည်။

" ဖုန့်ယွင် မင်း စိတ်ပူနေစရာမလိုဘူး၊ ကြည့်ရသလောက်က အခြေအနေတွေအားလုံးက မင်းအစ်ကိုကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ပုံပဲ။ "

စီနီယာမင်းဟောင်က ပြောပြီးနောက်တွင် သူ၏ ပုံသဏ္ဍာန်သည် အခိုးအငွေ့များဖြစ်ကာ ပျောက်ကွယ်သွားသည်။ စီနီယာမင်းဟောင်ကို ဖုန့်ယွင်တစ်ယောက်သာ မြင်တွေ့ရပါသည်။

ဖုန့်ယွင်က စီနီယာမင်းဟောင်၏ စကားကို စိတ်ရှုပ်ထွေးကာ နားမလည်နိုင်ဖြစ်နေခဲ့၏။ သို့သော် ယခုအခြေအနေသည် သူထင်ထားသလို အရမ်းကြီးစိုးရိမ်စရာမရှိဘဲ ဆန်းကြယ်မီးတောက်ဂိုဏ်းကို ဖြေရှင်းရန်အတွက် အစ်ကိုဖြစ်သူက တစ်ခုခုစီစဉ်ထားလိမ့်မည်ဟု ဖုန့်ယွင်က သတိထားမိလိုက်ပါသည်။

ထိုအရာကို တွေးပြီးနောက် သူ သက်တောင့်သက်သာရှိသွားခဲ့၏။ ထို့နောက်တွင် သူသည် ဤနေရာသို့ ရောက်လာပြီး လုပ်စရာရှိသည်ကို ဆက်လုပ်ရန် ပြင်ဆင်လိုက်သည်။

" ပြီးတော့ ငါတို့ ဖုန့်မိသားစုက ဆန်းကြယ်မီးတောက်ဂိုဏ်းက ပေးတဲ့ အရမ်းကိုတန်ဖိုးကြီးတဲ့ လက်ဆောင်လို့ မင်းတို့ ခေါ်တဲ့ အဆင့်နိမ့်ဆေးလုံးကို လက်ခံစရာအကြောင်း မရှိဘူး၊ ဒါကို ငါတို့ကို ပေးတာက ငါတို့မိသားစုကို စော်ကားလိုက်တာနဲ့ အတူတူပဲ။ "

ကြားလိုက်ရသော ဧည့်သည်များအားလုံးသည် ထိတ်လန့်တကြားဖြင့် တီးတိုးရေရွတ်နေကုန်ကြတော့သည်။ ကျောက်၊ လျိုနှင့် ယန်မိသားစုတို့သည် နံဘေးမှ စောင့်ကြည့်နေရင်းနှင့် ထိုစကားကြောင့် ပို၍ စိတ်ဝင်စားသွားကြပါတော့သည်။

ဖုန့်ယွင်က သတ္တိရှိပြီး လင်းမိန်းကလေးနှင့် ကွာရှင်းရုံသာမက လင်းမိသားစုနှင့် ဆန်းကြယ်မီးတောက်ဂိုဏ်းကိုပင် အပြစ်ပြုမိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့မိပါ။ ဖုန့်မိသားစုသည် မနက်ဖြန်ကျလျှင် နေထွက်သည်ကို မြင်ရမည်ဟုတ်မဟုတ်ကို မသေချာတော့ပါ။ သူတို့က ဆန်းကြယ်မီးတောက်ဂိုဏ်းကို ပြစ်မှားခဲ့မိပြီမဟုတ်ပါလား။

အကြီးအကဲကျိုး၏ မျက်နှာက ဒေါသကြောင့် မည်းနက်သွားသည်။

" ကောင်လေး ငါတို့ပေးတဲ့ဟာကို မင်း ယူသင့်တယ်၊ ဖားပြုတ်က ငန်းသားစားချင်လို့ မရဘူးကွ။ "

' ဒီဆေးလုံးကို ဂိုဏ်းကို ပြန်သယ်သွားလို့ မဖြစ်ဘူး၊ ပြန်သယ်သွားရင် ငါ အဖိုးတန်ဆေးလုံးကို ရတော့မှာမဟုတ်ဘူး၊ ဆေးလုံးကို မူလဆေးလုံးနဲ့ ပြန်ပြီး လဲလိုက်ရလိမ့်မယ်။ '

အကြီးအကဲကျိုးက စိတ်တိုစွာဖြင့် တွေးလိုက်သည်။ သူ၏ အစီအစဉ်မှာ ဆေးလုံးကို ဂိုဏ်းသို့ ပြန်ယူသွားပါက ပျက်စီးသွားတော့မည်ဖြစ်သည်။ သူသည် လက်ထပ်ပွဲဖျက်သိမ်းခြင်း၊ မဖျက်သိမ်းခြင်းကို စိတ်မဝင်စားပါ။ သူ၏ မူလရည်ရွယ်ချက်မှာ ဆေးလုံးကိုသာ အသုံးပြုရန် ဖြစ်ပါသည်။

“ ဟမ့် ဒီလိုမျိုး အဆင့်နိမ့်တဲ့ဆေးလုံးက ငါ့အစ်ကိုရဲ့ မရီဒြာန်တွေကို ထိခိုက်စေနိုင်တယ်။ ထိခိုက်စေရုံတင်မကဘူး၊ သူ့ကို ဒုက္ခိတပါ ဖြစ်သွားစေနိုင်တယ်။ ဒီဆေးလုံးကို မင်းတို့ဘာသာမင်းတို့ ပြန်ယူသွားလိုက်ကြ။ “

ဖုန့်ယွင်က ပြန်ပြောလိုက်သည်။ စီနီယာမင်းဟောင်က အကြီးအကဲကျိုး၏ လက်ထဲတွင်ရှိသော ဆေးလုံးကို တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုဆေးလုံးသည် ဆေးပေါင်းအိုးထဲမှ ထွက်ကျလာသည့် စွန့်ပစ်ဆေးလုံးမှန်း တန်းသိသွားခဲ့ပါသည်။

ထိုဆေးလုံးသည် သောက်သုံးသူကို ချီအရည်ဖွဲ့ခြင်းအဆင့်မှ ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ ချိုးဖျက်နိုင်လိမ့်မည်မဟုတ်ပါ။ သောက်သုံးသူကို အန္တရာယ်ပင် ဖြစ်စေနိုင်ပါသည်။ ထိုအချက်ကလည်း ဖုန့်ယွင် အသေအလဲဒေါသထွက်ရမည့် အချက်များစွာထဲမှ တစ်ခုပင် ဖြစ်ပါသည်။

‘ သူတို့တွေက ငါနဲ့ ငါ့ရဲ့ မိသားစုကို အရှက်ခွဲချင်ရုံသာမကဘူး၊ ငါ့အစ်ကိုကိုပါ အန္တရာယ်ဖြစ်စေချင်ကြတယ်။ ဒီလိုမျိုးကောက်ကျစ်တဲ့ မြေခွေးလိုလူတွေကို ငါ လုံးဝခွင့်မလွှတ်နိုင်ဘူး။ ‘

ဖုန့်ယွင်က တွေးတောလိုက်ပါသည်။

“ တော်တော်သတ္တိရှိတဲ့ကောင်ပဲ၊‌ ဆေးဘုရင်တစ်ပါးက သန့်စင်ထားတဲ့ ဆေးလုံးတွေကိုများ အဆင့်နိမ့်ဆေးလုံးလို့ ပြောရဲသေးတယ်။ “

အကြီးအကဲကျိုး၏ ဒေါသများက ပေါက်ကွဲထွက်လာသည်။ ဖုန့်ယွင်တစ်ယောက် သူ့လက်ထဲက ဆေးလုံးက အရည်အသွေးနိမ့်ကျသော စွန့်ပစ်ဆေးလုံးမှန်း ဖုန့်ယွင် ဘယ်လိုသိသွားလဲဆိုတာကို သူ နားမလည်နိုင်ပါ။ တခြားသူများ ဆေးလုံးကို စစ်ဆေးလိုက်ပါက သူ ဆေးလုံးလဲလှယ်ထားသည်ကို သိသွားမည်ဖြစ်သောကြောင့် အခြားသူများမကြည့်အောင် သူ တစ်ခုခုလုပ်မှရမည်။

‘ ဒီဆေးလုံးကို သူတို့မိသားစုလက်ထဲကို ငါ ထည့်ခဲ့မှရမယ်၊ ဘာပဲပေးရပေးရ ထည့်ခဲ့မှကို ရမယ်။ ‘

“ ဆေးဘုရင် ဟုတ်လား၊ ဆေးဘုရင်ကိုယ်တိုင် ဒီဆေးလုံးကို သန့်စင်ပေးခဲ့တာလား။ “

“ သေစမ်းကွာ ဒီဆေးလုံးကို ရတဲ့သူက ငါပဲ ဖြစ်သင့်တယ်၊ ဖုန့်ချန်းဆိုတဲ့ကောင်က ကံကောင်းလွန်းတယ်။ “

“ ဘာမှမသိတဲ့ ကလေးက ဆေးဘုရင်တစ်ပါးရဲ့ စွမ်းအားကို ဘယ်လိုနားလည်နိုင်မှာလဲ၊ ဖုန့်ယွင်က ကိုယ့်အဆင့်ကိုယ် မသိတာပဲ။ “

ဧည့်သည်များက ချက်ချင်းစိတ်လှုပ်ရှားလာပြီး တစ်ယောက်တစ်ပေါက်နှင့် အော်ဟစ်နေကြသည်။ ဆေးဘုရင်ဟူသော အမည်နာမသည် သူတို့အတွက် စိတ်လှုပ်ရှားဖွယ်ရာကြီး ဖြစ်နေခဲ့သည်။

“ ဆေးဘုရင်ဆိုတာက ဘယ်သူမို့လို့လဲ။ “

မိုးပြာကောင်းကင်အင်ပါယာမှာ အကျွမ်းကျင်အပြောင်မြောက်ကာ ထိပ်ဆုံးစာရင်းဝင်သော အဂ္ဂိရတ်ဆရာပင် ဖြစ်ပါသည်။ ဤနိုင်ငံတော်တွင် သူတစ်ဦးထဲသာ အဆင့်ခြောက်ဆေးဆရာ၊ အစီအရင်ဆရာ ဖြစ်ခဲ့ပါသည်။ စွမ်းအားအကြီးဆုံး ကျင့်ကြံသူပင်လျှင် ဆေးဘုရင်ရှေ့မှောက်တွင် လေးစားသမှုပြသရပါသည်။

“ ဆန်းကြယ်မီးတောက်ဂိုဏ်းကို စော်ကားပြီးတော့ ဘာမှမထိခိုက်ဘဲ ပြန်ထွက်လာနိုင်မယ်လို့ မင်းတို့ ထင်နေတာလား။ “

အကြီးအကဲကျိုးက အော်ဟစ်ပြီး ဖုန့်ယွင်ထံသို့ ခုန်အုပ်လိုက်သည်။

“ အတင့်ရဲလိုက်တာ “

အကြီးအကဲကျိုး ဘာလုပ်မလို့ ကြိုးစားနေလဲဆိုတာကို ဖုန့်ချန်း သတိပြုလိုက်မိသည်။ လျင်မြန်လှသော အရှိန်အဟုန်ဖြင့်

ရွှတ်

ဖုန့်ချန်းသည် ဖုန့်ယွင်ရှေ့သို့ ရောက်လာသည်။

“ ငါတို့က အဆင့်တူချင်းဖြစ်တာတောင်မှ ငါ့ရဲ့ တိုက်ခိုက်မှုကို မင်းက တားဆီးနိုင်မယ်ထင်လို့လား၊ ဒီနေ့မှာ ဆန်းကြယ်မီးတောက်ဂိုဏ်းကို စော်ကားတဲ့ရလဒ်က ဘယ်လိုလဲဆိုတာကို မင်းကို ပြသလိုက်မယ်။ “

အကြီးအကဲကျိုးက လုံးဝမရပ်တန့်ဘဲ အော်ဟစ်လိုက်သည်။ အဆင့်တူချင်းဖြစ်ရင်တောင်မှ သူသည် ဆန်းကြယ်မီးတောက်ဂိုဏ်းတွင် သိုင်းပညာများစွာကို လေ့လာသင်ယူထားပြီဖြစ်သောကြောင့် ဖုန့်ချန်းကို အနိုင်ယူနိုင်မည်ဟု လုံးဝ‌ တွေးတောထားခဲ့ပါသည်။

ကျောက်၊ လျိုနှင့် ယန်မိသားစုများက အကြီးအကဲကျိုး တိုက်ခိုက်သည်ကို မြင်သောအခါ ပျော်ရွှင်သွားကြသည်ည်။ ယနေ့တွင် ဖုန့်ချန်းသည် ဒုက္ခိတဖြစ်ပြီး ဖုန့်မိသားစု ပြိုလဲတော့မည်ဟု မျှော်လင့်နေကြသည်။

အကြီးအကဲရှန်းကလည်း အကြီးအကဲကျိုးကို မတားမြစ်ခဲ့ပါ။ အကြီးအကဲကျိုးက လုပ်တာလွန်သွားခဲ့ပါက ခဏတဖြုတ်ဆူပူပြီး တားမြစ်မည်ဟုသာ တွေးထားပါသည်။

လင်းမေယုကတော့ လက်ရှိအချိန်တွင် သူမသည် စိုးရိမ်ထိတ်လန့်နေခဲ့၏။ သူမ၏ မူလရည်ရွယ်ချက်သည် စေ့စပ်ပွဲဖြတ်သိမ်းပြီး ဖုန့်မိသားစုကို အန္တရာယ်ပေးလိုစိတ် တစ်စက်မှမရှိပါ။ သို့သော် ကိစ္စများက ယခုအချိန်တွင် တားမြစ်ရန်မှာ နောက်ကျလွန်းသွားခဲ့ပါပြီ။

‘ ကိုယ့်ကိုယ်ကို စောက်ထင်ကြီးနေတာပဲ၊ တကယ့်ကို ဝတ္ထုစာအုပ်တွေထဲက ဗီလိန်တွေအတိုင်းပဲ။ ‘

အကြီးအကဲကျိုး၏ လေသံနှင့် အမူအရာကို မြင်သောအခါ ဖုန့်ချန်းသည် ကူကယ်ရာမဲ့စွာဖြင့် ညစ်ကျယ်ကျယ်ပြုံးပြလိုက်သည်။

“ ကျားတစ်ကောင်က အိပ်စက်နေတယ်ဆိုတာနဲ့ ကြောင် မဖြစ်သွားဘူးကွ။ “

“ အစ်ကိုကြီး “

ဖုန့်ယွင်က စိတ်ပူပန်စွာဖြင့် လှမ်းခေါ်လိုက်သည်။

“ ယွင်လေး မလှုပ်နဲ့ကွာ “

ဖုန့်ယွင် ခေါင်းညိတ်ပြလိုက်သည်။ သူက အစ်ကိုဖြစ်သူ၏ အခြေအနေကို စိတ်ပူနေသည်။ သို့သော် သူ့အစ်ကို၏ ယုံကြည်မှုရှိနေသော အမူအရာကို မြင်ပြီးနောက်တွင်တော့ သူ့အစ်ကိုက အေးအေးဆေးဆေးကိုင်တွယ်နိုင်မည်ဟု တွေးလိုက်ပါသည်။

အကြီးအကဲကျိုး၏ တိုက်ခိုက်မှုက သူ့ထံသို့ ရောက်လာသောအခါတွင် ဖုန့်ချန်း၏ အတွင်းအားများနှင့် ရင်ဆိုင်တွေ့သွားပါတော့သည်။ အင်အားနှစ်ခုသည် ထိပ်တိုက်တွေ့သွားပြီးနောက်တွင် အလင်းတန်းက မျက်စိကျိန်းမတတ် ထွက်ပေါ်လာသည်။ သို့သော် ဖုန့်ချန်းထံမှ ထွက်ပေါ်နေသော စွမ်းအင်အရှိန်အဝါသည် အကြီးအကဲကျိုး၏ အရှိန်အဝါကို သက်သောင့်သက်သာဖြင့် စုပ်ယူလိုက်ပါတော့သည်။

ကြည့်နေကြသောသူများက အံ့အားသင့်စွာဖြင့် ပင့်သက်ရှိုက်လိုက်သည်။ သူတို့၏ ထိတ်လန့်နေမှုမှာ မယုံကြည်မှုများအဖြစ်သို့ ပြောင်းလဲသွား၏။ သူတို့သည် ဖုန့်ချန်း၏ စွမ်းအားကို လျှော့တွက်မိလိုက်ကြပြန်သည်။

မိသားစုကြီးသုံးခုကလည်း တစ်ဦးနှင့်တစ်ဦး စိုးရိမ်ပူပန်နေသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။ ဖုန့်မိသားစုသည် လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်မည့် မိသားစုမဟုတ်မှန်း သူတို့ စတင်၍ သတိပြုမိလာပါတော့သည်။

ဖုန့်ချန်း၏ အကြည့်က အကြီးအကဲကျိုးထံသို့ စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းထက်တွင်လည်း ကောက်ကျစ်သောအပြုံးတစ်ခု စပေါ်လာခဲ့၏။

“ ဒီလိုရှိတယ် အကြီးအကဲကျိုးရဲ့၊ ခင်ဗျားတို့ ‌ရောက်နေတာက ဖုန့်အိမ်တော်ပိုင်နက်၊ ဒီလိုအချိန်မှာ အပြင်လူတွေအနေနဲ့ သတိထားသင့်တယ်လို့ ကျုပ် ပြောခဲ့ပြီးသွားပြီ။ ခုနတုန်းက ကျုပ် ပြောတာက ခင်ဗျားလိုမျိုး ဦးနှောက်တစ်ဝက်ပဲပါတဲ့ လူအတွက် နားမလည်နိုင်အောင် မြင့်နေတယ်ထင်ပါတယ်။ “

အကြီးအကဲကျိုး၏ မျက်လုံးသည် ပြူးကျယ်သွားပြီး ဒေါသပုန်ထသွားသည်။ သူသည် ဖုန့်ချန်းကို အေးအေးဆေးဆေးရိုက်နှက်ပြီး အနိုင်ယူနိုင်မည်ဟု ထင်ထားခဲ့၏။ သို့သော် ဖုန့်ချန်းက ချွေးပင် မထွက်ဘဲ သူ၏ တိုက်ခိုက်မှုကို သာသာယာယာတောင့်ခံသွားနိုင်သည်။

“ မင်း... မင်းက ငါ ခန့်မှန်းထားတာထက် စွမ်းအားကြီးနေတာပဲ။ “

“ အမှန်ပဲလေ။ “

ဖုန့်ချန်းက ပြောပြီး ရှေ့သို့ ခြေလှမ်းတိုးလိုက်၏။

“ ဒါကြောင့်မလို့ ပြောတာပေါ့၊ ကိုယ့်ထက် ခွန်အားကြီးတဲ့လူ၊ စွမ်းအားကြီးတဲ့လူကို ရန်မစသင့်ဘူးလို့။ “

ဖုန့်ချန်း၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းစွာ ဝုန်းကနဲထွက်လာသည်။ စွမ်းအားကြီးမားသော အရှိန်အဝါများသည် လေထုတစ်ခုလုံးကို ဖိနှိပ်ချလိုက်ပါသည်။

သူသည် ယခုအချိန်အထိ ခွန်အားကို လျှို့ဝှက်ထားပြီး ထိန်ချုပ်ထားခဲ့သည်။ အနည်းနှင့်အများ သူ၏ ခွန်အားတစ်စိတ်တစ်ပိုင်းကို ထုတ်ပြပြီး ဖုန့်မိသားစုမှာ အနိုင်ကျင့်ချင်သလို ကျင့်၍မရကြောင်း လောကကြီးကို သိအောင် ပြသမှဖြစ်ပေတော့မည်။

ထိုသို့ ဆုံးဖြတ်ချက်ချပြီးနောက် ဖုန့်ချန်း အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ခန်းမတစ်ခုလုံးကို ဖိကျလာသည်။ အကြီးအကဲကျိုး၏ မသိစိတ်တစ်ခုလုံးသည် ထွက်ပြေးရန်အတွက် အော်ဟစ်လာသည်။ သူ့တစ်ကိုယ်လုံး အရိုးထဲအထိပါ စူးရှပြီး ကြောက်ရွံ့သောခံစားချက်များ ပြည့်နှက်လာခဲ့၏။

သူသည် ဖုန့်ချန်း၏ တိုက်ခိုက်မှုကို စွမ်းအားကုန်သုံးကာ အလင်းဒိုင်းတစ်ခုထုတ်ဖော်ပြီး ကာကွယ်လိုက်ပါသည်။ သို့သော် သူ၏ အားထုတ်မှူများအားလုံးမှာ အလဟသပ်ပင် ဖြစ်သွားခဲ့ပါသည်။ ဖုန့်ချန်း၏ ရိုက်နှက်မှုက အကြီးအကဲကျိုး၏ ခန့်မှန်းချက်ထက် များစွာသာလွန်ပြီး သူ၏ ဒိုင်းကာအကာအကွယ်ကို စာရွက်တစ်ရွက်ကဲ့သို့ ချိုးဖျက်သွားပါသည်။

“ မဟုတ်ဘူး “

အကြီးအကဲကျိုးက ခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်၏။

ဘုန်း

ရိုက်ခတ်အားလှိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသည်။ အကြီးအကဲကျိုးသည် အနောက်သို့ လွင့်ပျံသွားပြီး မြေပြင်နှင့် ရိုက်ချခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် မြေပြင်တွင် လိမ့်ပြီး အဝေးထိ လွင့်ထွက်သွားပါတော့သည်။

တစ်ဖက်တွင်တော့ ဖုန့်ချန်းက အေးအေးဆေးဆေး မတ်တပ်ရပ်နေသည်။ သူ့အကြည့်က အေးစက်၏။ ယနေ့တိုက်ပွဲမှာ အစသာဖြစ်မှန်း သူ သိပါသည်။

All Chapters