← Chapters

အာဏာပြခြင်း

Vol. 1 Ch. 10

အာဏာပြခြင်း

Vol. 1 Ch. 10

ဧည့်သည်များအားလုံး တိတ်ဆိတ်သွားသည်။ ဖုန့်ချန်းထံမှ ထွက်ပေါ်နေသော လွှမ်းမိုးနိုင်သည့်အရှိန်အဝါကို သူတို့ ကြောင်အပြီး ကြည့်နေမိကြသည်။ မြေပြင်ထက်၌ လဲလျောင်းနေသာ အကြီးအကဲကျိုးနှင့် သက်သောင့်သက်သာရပ်နေသည့် ဖုန့်ချန်းကို တစ်လှည့် သူတို့ ငေးကြည့်နေကြသည်။ သူတို့၏ မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်ကြပါ။

တစ်ကွက်ထဲ။ ဆန်းကြယ်မီးတောက်ဂိုဏ်းမှ အကြီးအကဲတစ်ဦးကို မှောက်ရက်လဲသွားအောင် ဖုန့်ချန်း အသုံးပြုလိုက်သည်မှာ သိုင်းကွက်တစ်ကွက်ထဲသာ ဖြစ်သည်။

" မာနကြီးနေတဲ့လူတွေ ဘယ်ရောက်သွားလဲ၊ ဆန်းကြယ်မီးတောက်ဂိုဏ်းကို ပုန်ကန်မိလို့ ပြစ်မှားမိလို့ ပြန်တုံ့ပြန်ခံရမဲ့အရာတွေက ဘယ်ရောက်သွားလဲ၊ ဆန်းကြယ်မီးတောက်ဂိုဏ်းကပဲ ခံလိုက်ရတာ မဟုတ်ဘူးလား။ "

အကြီးအကဲကျိုးက မြေပြင်၌ တွားသွားနေသည်။ ရောက်လာခါစတုန်းက သူ၏ လွှမ်းမိုးနိုင်ကာ မာနကြီးသည့် အရှိန်အဝါများအားလုံးသည် ယခုအချိန်တွင်တော့ သနားစဖွယ်အနေအထားသို့ ရောက်ရှိသွားပါသည်။ သူ၏ ဝတ်ရုံသည် ဖရိုဖရဲဖြစ်နေပြီး ဖုန်မှုန့်များဖြင့် ပေကပ်နေသည်။ သူ၏ ပုံစံသည် အရှုံးသမားတစ်ယောက်နှင့် လုံးဝထပ်တူညီနေခဲ့သည်။

သူတို့နှစ်ဦးကြားတွင် ထိုကဲ့သို့ စွမ်းအားကွာခြားနေမည်ဟု ဘယ်သူက မျှော်လင့်ထားမှာလဲ။ လူတိုင်းမျှော်လင့်ထားသည်မှာ ဖုန့်ချန်းကသာ ခံရမည်ဟု မျှော်လင့်ထားခြင်းဖြစ်သည်။ ဖုန့်ချန်းက ချီအရည်ဖွဲ့ခြင်းအဆင့်ထိပ်ဆုံးသို့ ရောက်နေရင်တောင်မှ ဤနေရာရှိ မိသားစုကြီးသုံးစု၏ ပူးပေါင်းဖိနှိပ်မှုကို ဖုန့်ချန်းတစ်ယောက်ထဲ တောင့်ခံနိုင်လိမ့်မည်မဟုတ်ဟု သူတို့ ထင်ထားပါသည်။

သို့သော် ဖုန့်ချန်းသည် သူတို့၏ အထင်အမြင်များအားလုံးကို သိုင်းကွက်တစ်ကွက် ထုတ်ဖော်ပြသရုံနှင့် ပြောင်းလဲသွားစေခဲ့ပါသည်။ စစချင်းတုန်းက လှောင်ပြောင်မှုများအားလုံးသည် တိတ်ဆိတ်မှုအဖြစ် ပြောင်းလဲသွား၏။ ဖုန့်ချန်းမှာ သွားရှုပ်၍မရသော သူတစ်ယောက်ပင် ဖြစ်သည်။

" စွမ်းအားကြီးလွန်းတယ်၊ ဒါကြောင့်မလို့ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သူက ချီအရည်ဖွဲ့ခြင်းအဆင့်အောက်မှာ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဆိုပြီး နာမည်ကြီးနေခဲ့တာကိုး။ "

" ဖုန့်ခေါင်းဆောင်က အစွမ်းကို လျှို့ဝှက်ထားတာပဲ၊ ဒီလိုစွမ်းအားနဲ့ဆိုမှတော့ ဖုန့်မိသားစုကို အနာဂတ်မှာ ဘယ်သူက ပြစ်မှားရဲတော့မှာလဲ။ "

ဖုန့်ချန်းသည် နောက်ပိုင်းနှစ်များတွင် တိတ်တဆိတ်နှင့်သာ နေခဲ့သောကြောင့် လူတိုင်းက တစ်ချိန်တုန်းက နာမည်ကြီးခဲ့သည့် ပါရမီရှင်ကို မေ့လျော့သွားခဲ့ခြင်းပင် ဖြစ်သည်။ ဖုန့်ချန်းသည် မိမိကိုယ်ကို ပါရမီရှင်ဟု မထင်ထားသော်လည်း မြူခိုးချိုင့်ဝှမ်းမြို့တွင် သူက မှားယွင်းစရာမရှိအောင်ကို နှစ်ပေါင်းထောင်ပေါင်းများစွာအတွင်းတွင် တစ်ယောက်ပေါ်ထွန်းခဲ့သည့် ပါရမီရှင်တစ်ဦးပင် ဖြစ်ပါသည်။

" ညီလေး မင်းအဆင်ပြေလား။ "

ဖုန့်ချန်းက ညီဖြစ်သူကို မေးလိုက်သည်။ ဖုန့်ယွင် ခေါင်းညိတ်ပြသည်။ သူ့အစ်ကိုကြီးပေါ်တွင် ထားရှိသော လေးစားမှုမှာ ပို၍ ကြီးမားလာသည်။ အရာအားလုံးသည် သူ့အစ်ကို၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ သူ၏ ဆရာသခင်ဖြစ်သူ စီနီယာမင်းဟောင်‌ ပြောသည့်အတိုင်းပင် ဖြစ်ပါသည်။

" အစ်ကိုကြီးကျေးဇူးနဲ့ပဲ ကျွန်တော် အဆင်ပြေပါတယ်။ "

ဖုန့်ချန်း ပြုံးလိုက်၏။ ထို့နောက်တွင် ဆန်းကြယ်မီးတောက်ဂိုဏ်းဝင်များကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာ၏ အကြည့်က အေးစက်မှုနှင့် ရက်စက်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဆန်းကြယ်မီးတောက်ဂိုဏ်းမှ လူများ၏ မျက်နှာအမူအရာသည် ရှုံ့မဲ့နေကြသည်။ တချို့မှာ ဘာဖြစ်နေလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေသည်။ တချို့မှာ သူတို့ မြင်တွေ့လိုက်ရသည့် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကြောင့် တုန်လှုပ်နေကြ၏။

သူတို့ရောက်လာသည်မှာ ဖုန့်မိသားစုကို ဖိနှိပ်ရန် လွှမ်းမိုးရန် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူတို့သည် ကြောက်မက်ဖွယ်ကောင်းမှုနှင့် မရေရာမသေချာမှုများကိုသာ အဆက်မပြတ် ခံစားနေခဲ့ရသည်။

အကြီးအကဲရှန်းကတော့ ရုပ်အဆိုးဆုံးဖြစ်နေသည်။ အကြီးအကဲကျိုးမှာ ဖုန့်ချန်းကို ရှုံးနိမ့်မည်ဟု သူ မထင်ထားခဲ့မိပါ။ ရှုံးနိမ့်ရင်တောင်မှ ဤမျှလောက်ထိ ရုပ်ပျက်ဆင်းပျက်မဖြစ်သင့်ပါချေ။

အကြီးအကဲရှန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ သူ့မျက်နှာသည် ဒေါသနှင့် ထိန်းချုပ်မှုများ ရောနှက်နေခဲ့ပါသည်။

" ဖုန့်မိသားစုခေါင်းဆောင် ဒီလောက်ထိ ပြင်းပြင်းထန်ထန်ကိုင်တွယ်ဖို့ မလိုပါဘူးကွာ။ "

ဖုန့်ချန်း၏ အကြည့်က မယိမ်းယိုင်သွားဘဲ ဖြေလိုက်သည်။

" ခင်ဗျားတို့ကို ကျုပ် အစောကြီးကတည်းက သတိပေးသားပဲ။ ဒီနေရာက ဖုန့်မိသားစုပိုင်နက်၊ ဆန်းကြယ်မီးတောက်ဂိုဏ်းရဲ့ ပြေးလွှားဆော့ကစားနေတဲ့ ကစားကွင်းမဟုတ်ဘူး။ ခင်ဗျားတို့ လုပ်ချင်သလိုလုပ်ပြီး အကျိုးသက်ရောက်မှုတွေကို မခံချင်လို့ ရမယ်ထင်နေလား။ "

ဖုန့်ချန်းသည် စကားကို ယဉ်ကျေးအောင် မပြောတော့ပါ။ သူနှင့် ဆန်းကြယ်မီးတောက်ဂိုဏ်း နှစ်ခုကြား၏ ဆက်ဆံရေးမှာ ပျက်စီးနေပြီးသားဖြစ်သည်။

" ခင်ဗျားတို့ ဆန်းကြယ်မီးတောက်ဂိုဏ်းကို အခုလိုမျိုး လုပ်ပေးတာကပဲ မျက်နှာသာပေးရာ ရောက်နေပြီ၊ မဟုတ်လို့ကတော့ ခုနက တိုက်ကွက်တစ်ကွက်ထဲနဲ့တင် အဲ့ဒီခွေးအိုကြီးက တန်းသေသွားပြီ။ "

ဖုန့်ချန်း၏ လေသံသည် အေးစက်ပြီး ခြိမ်းခြောက်မှုနှင့်အပြည့် ဖြစ်နေသည်။ ယင်းမှာ ဆန်းကြယ်မီးတောက်ဂိုဏ်းကော ရောက်ရှိနေသော ဧည့်သည်များထဲမှ ဖုန့်မိသားစုကို မကောင်းကြံချင်သော လူများအားလုံးကို တိုက်ရိုက်ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်ပါတော့သည်။

အကြီးအကဲရှန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ဖုန့်ချန်း၏ စကားက သူ့ကို မမျှော်လင့်သည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ ယခုကြည့်ရသလောက်ကတော့ အခြေအနေသည် သူတို့ဘက်မှ အနည်းငယ်ခံစားရမည့် အနေအထား ရောက်ရှိနေခဲ့ပြီ။

“ ခင်ဗျားတို့အားလုံး ပြောစရာမရှိလို့ရှိရင် ပြန်လို့ရပြီ။ “

ဖုန့်ချန်းက အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်ပါသည်။ သာမန်တောကြိုအုတ်ကြားတွင် ရှိသော မိသားစုငယ်လေး၏ မိသားစုခေါင်းဆောင်က ဆန်းကြယ်မီးတောက်ဂိုဏ်း၏ အကြီးအကဲများကို ထိုကဲ့သို့ ပြင်းပြင်းထန်ထန် ဆက်ဆံလိမ့်မည်ဟု မည်သူကများ ထင်မိမှာလဲ။

အကြီးအကဲရှန်းက ဖုန့်ချန်းကို တစ်ခဏကြာအောင် စိုက်ကြည့်နေသည်။ သူ ဘာပြောရမလဲဆိုတာ သူ မသိဖြစ်နေခဲ့၏။

“ ဟမ့် အခုတော့ ငါတို့ ပြန်လိုက်မယ်။ ဒါပေမဲ့ မှတ်ထားစမ်း၊ ဆန်းကြယ်မီးတောက်ဂိုဏ်းက လွယ်လွယ်နဲ့ ဒီကိစ္စကို မေ့ပစ်မယ်မထင်နဲ့။ “

အကြီးအကဲရှန်းက ဒေါသတကြီးဖြင့် ပြောကာ တပည့်များကို ခေါ်ဆောင်သွားသည်။ လင်းမေယုကလည်း တိတ်တဆိတ်နှင့်သာ လိုက်ပါသွားခဲ့သည်။ တခြားတပည့်များက မြေပြင်ပေါ်တွင် မေ့မြောနေသည့် အကြီးအကဲကျိုးကို ချီပိုးသွားကြပါသည်။

ဆန်းကြယ်မီးတောက်ဂိုဏ်း ထွက်သွားပြီးသည့်နောက်တွင် ဖုန့်စံအိမ်တော်တစ်ခုလုံး တိတ်ဆိတ်ကျသွားခဲ့သည်။

“ ဟားဟားဟားဟားဟား ဧည့်သည်တော်များအားလုံးပဲ ခွင့်လွှတ်ကြပါဗျာ၊ ဒီနေ့လိုမျိုး ကိစ္စမျိုးကို မျက်မြင်တွေ့လိုက်ရတဲ့အတွက်ကြောင့်မလို့ ကျုပ်က တကယ်ပဲ အားနာမိပါတယ်။ “

ဖုန့်ချန်းက တောင်းပန်သည့်လေသံဖြင့် ပြောလိုက်သည်။

“ စိတ်ပူစရာမလိုပါဘူး ခေါင်းဆောင်ဖုန့်ရေ။ “

ဧည့်သည်တစ်ဦးက ခပ်မြန်မြန် စကားပြောလိုက်ပြီး ရှေ့သို့တိုးကာ ဦးညွတ်အရိုအသေပေးလိုက်သည်။

“ ဖုန့်ခေါင်းဆောင်ရဲ့ အသက်သုံးဆယ်ပြည့်မွေးနေ့ကို တက်ရောက်ရတာပဲ ဂုဏ်ရှိလှပါပြီ၊။ “

“ ဘယ်လောက်တောင် ကြီးကျယ်မြင့်မားတဲ့ ခွန်အားလဲ။ “

တခြားဧည့်သည်တစ်ဦးကလည်း ခပ်မြန်မြန်ပင် ဝင်ရောက်ပြောဆိုလိုက်သည်။

“ အမှန်ပဲ အမှန်ပဲ၊ ဖုန့်ခေါင်းဆောင်ရဲ့ စွမ်းအားက တကယ်ကို မှတ်သားလောက်စရာပဲ။ မြူခိုးချိုင့်ဝှမ်းမြို့တော်တစ်ခုလုံးမှာ စွမ်းအားအကြီးဆုံးလူဆိုတဲ့ ဂုဏ်ပုဒ်အတိုင်းပဲဗျာ။ “

“ ကျုပ်လည်း လက်ခံတယ်။ “

တတိယမြောက်ဧည့်သည်က လေးစားနေသည့် လေသံဖြင့် ဝင်ပြောသည်။

“ ဒီကိစ္စကို ဘာမှမဟုတ်သလို ဖြေရှင်းလိုက်တာကိုက အရမ်းကို အံ့ဩဖို့ကောင်းနေပြီ၊ ဖုန့်ခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာကတော့ ပိုပြီးတော့ ကြီးကျယ်တော့မှာပဲဗျာ။ “

ခပ်မြန်မြန်ပင် ဧည့်သည်တော်များ တစ်ဦးပြီးတစ်ဦးက ဖုန့်ချန်းကို မြှောက်ပင့်ကြပါတော့သည်။ သူထုတ်ဖော်ပြသလိုက်သည့် အပြုအမူနှင့် စွမ်းအားက ပထမတန်းစားမိသားစုနှင့် ဒုတိယတန်းစားမိသားစုများကို ဖုန့်ချန်းအား အလွန်အမင်း လေးစားကြည်ညိုသွားစေခဲ့သည်။

တချို့မိသားစုများသည် ဖုန့်မိသားစုနှင့် မဟာမိတ်ဖွဲ့ရမလား၊ ကြားနေပဲ နေရမလား၊ ဆန့်ကျင်ရမလားဆိုတာကို မသဲကွဲဖြစ်နေ၏။ သို့သော် သူတို့သိသည်မှာ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ဖုန့်ချန်းသည် စွမ်းအားအကြီးဆုံးဖြစ်သည်။

သို့ပေမဲ့ သူက မိုးပြာကောင်းကင်အင်ပါယာ၏ နံပါတ်တစ်ဂိုဏ်းကို စော်ကားခဲ့မိသည်။ ဖုန့်မိသားစုနှင့် မဟာမိတ်ဖွဲ့ခြင်းသည် ဆန်းကြယ်မီးတောက်ဂိုဏ်း၏ လက်စားချေခံရမည့် အရှုပ်အထွေးထဲ၌ ဝင်ပါသွားနိုင်ပါသည်။

အချို့လူများက ဖုန့်မိသားစုကို ယုံယုံကြည်ကြည်ဖြင့် လောင်းကစားပြုလုပ်ပြီး မဟာမိတ်ဖွဲ့သော်လည်း တခြားသူများကတော့ မိမိတို့မိသားစု လုံခြုံစေရန်အတွက် ကြားနေအဖြစ်သာ ရှိနေကြပါတော့သည်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ရောက်နေကြသော သူများအားလုံးက ဖုန့်မိသားစုကို မပြစ်မှားရဲကြချေ။ မိတ်ဆွေမဖြစ်ရင်တောင်မှ ရန်သူအဖြစ်ခံ၍ မရပါ။

ကျောက်၊ လျိုနှင့် ယန်မိသားစုများ၏ စိတ်ခံစားချက်များသည် ချက်ချင်းအဆိုးဘက်သို့ ရောက်ရှိသွားသည်။ အဘယ်ကြောင့်ဆိုသော် ဖုန့်မိသားစု၏ ဂုဏ်သိက္ခာသည် စေ့စပ်ပွဲဖျက်သိမ်းခံရခြင်းကြောင့် ကျဆင်းသွားသောကြောင့် ဖြစ်၏။

သို့သော် ဖုန့်ချန်း၏ စွမ်းအားပြသမှုနှင့် ထိုစေ့စပ်ကြောင်းလမ်းပွဲဖျက်သိမ်းမှုကို ဖုံးအုပ်သွားပြီး ဆန်းကြယ်မီးတောက်ဂိုဏ်းကိုပင် တစ်ဖန်ပြန်၍ အနိုင်ကျင့်နိုင်ခဲ့သည် မဟုတ်ပါလား။

“ ဟမ့် ဖုန့်ချန်း ပျော်မနေနဲ့ဦး၊ အချိန်တစ်ခုရောက်လို့ရှိရင် ဒီနေ့ မင်း ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်လားမှားလားဆိုတာ သိရလိမ့်မယ်။ “

“ အကြီးအကဲကျိုးကို စော်ကားမိတာက မိသားစုတစ်ခုလုံး အမြစ်ပြတ်သုတ်သင်ခံရမှာ၊ အကြီးအကဲကျိုးက ရက်စက်ပြီးတော့ အငြှိုးအတေးကြီးတယ်လို့ နာမည်ကြီးနေခဲ့တာ၊ ဖုန့်မိသားစုကို ချမ်းသာပေးမှာ မဟုတ်ဘူး။ “

“ အဲ့ဒီအချိန်မတိုင်ခင်အထိ ဖုန့်မိသားစုက ပျော်ပျော်ရွှင်ရွှင် အသက်ရှင်ကြဦးပေါ့ကွာ။

မိသားစုသုံးစုက ဖုန့်အိမ်တော်မှ ထွက်သွားပြီးသည့်အချိန်တွင် တီးတိုးပြောနေကြခြင်းဖြစ်သည်။ သူတို့သည် အရင်တုန်းက စီစဉ်ခဲ့သော အစီအစဉ်များအားလုံးကို ပြောင်းလဲကာ နောက်ထပ်အစီအစဉ်သစ်တစ်ခု ထပ်မံ၍ စီစဉ်မှရမည်။

အရင်အစီအစဉ်ဟောင်းနှင့်ဆိုလျှင် ဖုန့်မိသားစုကို ဆွဲချရန် မဖြစ်နိုင်သေးပါ။ လင်းမိသားစု၏ ထောက်ပံ့မှုနှင့်အတူ ဖုန့်အိမ်တော်ကို ဆွဲချနိုင်မည်ဟု သူတို့ လွယ်လွယ်ကူကူ ထင်ခဲ့ကြသည်။

သို့သော် သူတို့၏ အထင်အမြင်ကို ဖုန့်ချန်းက မှားယွင်း‌ကြောင်း သက်သေပြခဲ့လိုက်၏။ ဖုန့်မိသားစုကို မကိုင်တွယ်ခင်မှာပင် အချိန်တစ်ခုစောင့်ရန် လိုအပ်ကြောင်း သူတို့ တွေးထားမိပါသည်။

လူများစွာက သူ့ကို ချီးမွမ်းနေကြသည်။ ဖုန့်ချန်းက အကုန်လုံးကို အသိအမှတ်ပြုသည့် ဟန်ပန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ လူတိုင်း၏ ချီးမွမ်းမှုများကို တည်ငြိမ်စွာဖြင့် ခံယူနေခဲ့သည်။

“ ကြင်နာတဲ့စကားလုံးတွေ သုံးပေးလို့ ကျေးဇူးတင်ပါတယ်၊ အားလုံးပဲ ညစာစားပွဲမှာ ပျော်ရွှင်ကြမယ်လို့ ကျုပ်က မျှော်လင့်ပါတယ်။ “

ဧည့်သည်တော်များသည် သူ့ကို မြှောက်ပင့်ပြီး တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကာ ပျော်ပျော်ရွှင်ရွှင်နှင့် ပြန်သွားကြသည်။ ပြန်သွားပြီးသည့်နောက်မှ ဖုန့်ချန်းက သူ၏ အာရုံကို စနစ်ထံသို့ အားစိုက်လိုက်သည်။

စနစ်၏ ဈေးဆိုင်ထဲ၌ မည်သည့်အရာများ ရှိနေပြီလဲဆိုတာကို သူ သိချင်နေ၏။ သို့ပေမဲ့လည်း သူသည် စိတ်ကို ကြိုးစားပမ်းစားရှည်ကာ စောင့်ဆိုင်းလိုက်ပါတော့သည်။ သူက နံဘေးတွင် ရပ်နေသည့် ဖုန့်ယွင်ကို လှည့်ကြည့်လိုက်သည်။ ဖုန့်ယွင်မှာ သူ၏ ခွန်အားကို မြင်ပြီး ယခုထက်ထိ ငုတ်တုတ်မေ့နေဆဲဖြစ်သည်။

“ ဖုန့်ယွင် တခြားဧည့်သည်တော်တွေကို ကောင်းကောင်းမွန်မွန်နှုတ်ဆက်ပြီး ပြန်ပို့လေကွာ။

“

ဖုန့်ချန်းက အမိန့်ပေးလိုက်၏။ ဖုန့်ယွင်က အူကြောင်ကြောင်ဖြင့် ခေါင်းညိတ်လိုက်ပြီး

“ ဒါပေါ့ အစ်ကိုကြီး။ “

ဧည့်သည်တော်များထွက်သွားသည်နှင့် ဖုန့်ချန်းက အစေခံတစ်ဦးကို လက်ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်၏။

“ အကြီးအကဲတွေ အားလုံးနဲ့ ပါရမီရှင်တွေ အကုန်လုံးကို အဓိကခန်းမထဲကို ဆင့်ခေါ်လိုက်စမ်း။ “

“ အမိန့်အတိုင်းပါ မိသားစုခေါင်းဆောင်။ “

အစေခံက ခပ်မြန်မြန် အရိုအသေပေးပြီး အပြင်သို့ထွက်ကာ အမိန့်အတိုင်း ဆောက်ရွက်ရန် ပြေးသွားတော့သည်။

‘ အခုချိန်ကတော့ ငါ စနစ်ရဲ့ ဈေးဆိုင်ကို ကြည့်ရတော့မယ်ဟေ့၊ နတ်ဘုရားလက်နက်တွေ နတ်ဘုရားသိုင်းကျမ်းတွေ လာထားစမ်း လာထားစမ်း။ ‘

All Chapters