ညီအစ်ကိုကြားက စကားဝိုင်း
Vol. 1 Ch. 14
အကြီးအကဲကျင်းဟိုင်၏ မျက်လုံးသည် ထိတ်လန့်မှုဖြင့် ပြူးကျယ်သွားပြီးနောက် ခပ်မြန်မြန်ပင် သူ၏ ကိုယ်ဟန်အမူအရာကို ထိန်းသိမ်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ တူလေးရဲ့ အမိန့်အတိုင်းပဲ ဖြစ်စေရမယ်၊ ဒီအဘိုးကြီးက တူလေးပေးတဲ့အမိန့်ကို ချက်ချင်းကြေညာပစ်လိုက်မယ်။ “
ခန်းမတစ်ခုလုံးသည် စိတ်အားတက်ကြွမှုများဖြင့် ပြည့်နှက်သွားသည်။ အထူးသဖြင့် ပြိုင်ပွဲမှရမည့် ဆုကြေးများ၊ ထိုအရာများအားလုံးသည် လူငယ်မျိုးဆက်များကို စိတ်အားတက်ကြွသွားစေခဲ့ပါသည်။
ဘယ်သူပဲအနိုင်ရပါစေ အနိုင်ရရှိသူသည် အရိုးသန့်စင်ဆေးလုံးကို ရရှိသွားပြီး မိမိ၏ ခွန်အားမှာ ယခင်ကထက် သုံးလေးငါးဆမက ခုန်တက်သွားလိမ့်မည်ဖြစ်သည်။ ထို့အပြင် အနိုင်ရရှိသူသည် ဖုန့်မျိုးရိုးဖြစ်သောကြောင့် မိသားစုခွန်အား တိုးတက်သွားခြင်းပင် ဖြစ်ပါသည်။
“ ကောင်းပြီကောင်းပြီ၊ အားလုံးပဲ ကိုယ့်နေရာကိုယ်ပြန်ပြီး ကျင့်ကြံလို့ရပြီ။ ဖုန့်ယွင် မင်း နေခဲ့စမ်း။ “
လူတိုင်းက ခန်းမအတွင်းမှ စိတ်လှုပ်ရှားစွာ ထွက်သွားခဲ့သည်။ သူတို့၏ စိတ်ဓာတ်မှာ တက်ကြွနေပြီး ခွန်အားပိုကြီးရန်အတွက်သာ တွေးထားခဲ့ပါသည်။
“ အစ်ကိုကြီး ကျွန်တော့်ကို ဘာလို့်မသွားခိုင်းတာလဲ။ “
ဖုန့်ယွင်က မေးလိုက်သည်။ သူ့အသံသည် ယဉ်ကျေးပျူငှာနေသော်လည်း သိချင်စိတ်ပြည့်နေသည်။ ဖုန့်ချန်းက သူ့ကို ထိုင်ရန်အတွက် လက်ဟန်ပြလိုက်၏။ ထို့နောက်မှ သူ၏ မျက်လုံးနှစ်လုံးကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ ဖုန့်ယွင် ငါက မိသားစုခေါင်းဆောင်၊ မင်းက ဒုတိယသခင်လေး၊ လက်ရှိအခြေအနေမှာ ငါတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မင်းကို ငါ ပွင့်ပွင့်လင်းလင်း ပြောပြထားချင်တယ်။
ဆန်းကြယ်မီးတောက်ဂိုဏ်းက အကြီးအကဲကျိုးရဲ့ ရှုံးနိမ့်မှုကို လွယ်လွယ်ကူကူ လက်ခံမှာမဟုတ်ဘူး၊ သူတို့ ပြန်ပြီး လက်စားချေလိမ့်မယ်။ အဲ့ဒီလက်စားချေမဲ့အချိန်က အနှေးနဲ့အမြန်ဆိုသလို ငါတို့ဆီကို ရောက်လာလိမ့်မယ်။ “
ဖုန့်ယွင် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အမူအရာကလည်း စတင်၍ အလေးအနက်ဖြစ်လာသည်။
“ ကျွန်တော် နားလည်ပါတယ် အစ်ကို၊ ကျွန်တော့်ကို ခေါ်တာ အစ်ကို ဘာများ ခိုင်းစရာရှိလို့လဲ။ “
“ ဖုန့်ယွင် သုံးနှစ်ကြာပြီးရင် လင်းမေယုကို မင်း အနိုင်ယူဖို့အတွက် ဘယ်လောက်ယုံကြည်ချက်ရှိလဲ။ “
ထိုစကားကို ကြားသော် ဖုန့်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာသည် ချက်ချင်းလေးနက်သွား၏။ သူ့အစ်ကိုကြီးကို ကြည့်နေသော မျက်လုံးထဲတွင် လေးနက်မှုများအပြည့်နှင့် ဖြစ်နေခဲ့သည်။
သူ၏ ယခင်တုန်းက ကျင့်ကြံမှုအမြန်နှုန်းသည် ဘာကြောင့်နှေးကွေးနေရခြင်းနှင့် စီနီယာမင်းဟောင်၏ ရောက်ရှိလာမှု၊ စီနီယာမင်းဟောင်၏ သင်ကြားပြသမှုများကြောင့် သူ့အခြေအနေကို သူသိလာပြီး ယခင်ကထက် ယုံကြည်ချက်များစွာ ရှိလာသည့်တိုင် လင်းမေယုသည် နှယ်နှယ်ရရအမျိုးသမီး မဟုတ်ပါ။ သူမသည် ချီအရည်ဖွဲ့ခြင်းအဆင့်ကို ရောက်နေသော လူငယ်မျိုးဆက်သစ်၊ ပါရမီရှင်အမျိုးကောင်းသမီးလေးပင် ဖြစ်ပါသည်။
သုံးနှစ်အတွင်းတွင် ချီအရည်ဖွဲ့ခြင်းအဆင့်ကို ရောက်ရှိရန်မှာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်နေခဲ့သည်။ သုံးနှစ်အတွင်း သူသည် ချီအရည်ဖွဲ့ခြင်းအဆင့်ကို ရောက်နိုင်ပြီပဲထားဦး၊ ရောက်ရင်တောင်မှ ယခုလက်ရှိ လင်းမေယု၏ အဆင့်ကိုသာ ရောက်ရခြင်းဖြစ်ပေလိမ့်မည်။
သုံးနှစ်ကြာပြီးနောက် လင်းမေယုက ဘယ်အဆင့်ကို ရောက်နေလောက်ပြီလဲ။ သူမက ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ပင် ရောက်ကောင်းရောက်နေလိမ့်ပေမည်။
“ အစ်ကိုကြီး လက်ရှိ ကျွန်တော့်ရဲ့ အရည်အချင်းတွေ ပါရမီတွေက နိမ့်ကျနေတယ်ဆိုတာကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ အစ်ကိုကြီးကို ကျုပ် စိတ်ပျက်စေမှာမဟုတ်ဘူး။ ကျွန်တော် ကြိုးကြိုးစားစား ကျင့်ကြံမယ်၊ စွမ်းအားထက်လာဖို့အတွက် ဘာပဲလိုအပ်လိုအပ်၊ ဘာပဲလုပ်ရလုပ်ရ ကျုပ် ကျင့်ကြံမယ်၊ သုံးနှစ်အတွင်းမှာ လင်းမေယုကို အောင်အောင်မြင်မြင်နဲ့ကို ဖြတ်ကျော်ပြမယ်။ “
ဖုန့်ယွင်က ယုံကြည်ချက်ခိုင်မာစွာ ပြောလိုက်သည်။ ဖုန့်ချန်းက သူ့ညီအား ထွင်းဖောက်လုမတတ် စိုက်ကြည့်လိုက်၏။ ထို့နောက်မှ ဖြည်းညင်းစွာဖြင့် ခေါင်းတချက်ညိတ်ပြလိုက်သည်။
“ မင်းကို ငါ ယုံပါတယ် ဖုန့်ယွင်။ “
အရင်တုန်းကနှင့် မတူဘဲ ဖုန့်ယွင်၏ မိမိကိုယ်ကိုမိမိ ယုံကြည်မှုကို ဖုန့်ချန်း ခံစားမိပါသည်။ ဖုန့်ယွင်သည် ဆုံးဖြတ်ချက်ပြတ်သားသော လူဖြစ်ကြောင်း ဖုန့်ချန်း သိသည်။ သို့ပေမဲ့ လက်ရှိအဖြစ်မှန်က ဖုန့်ယွင်၏ မျက်နှာကို အကြိမ်ဖန်များစွာ ဖြတ်ရိုက်ခဲ့ပြီး ကျင့်ကြံမှုကို နှေးကွေးစေခဲ့သည်။
ဖုန့်ချန်းကိုယ်တိုင်ပင်လျှင် ညီဖြစ်သူ၏ ကျင့်ကြံမှုအမြန်နှုန်း နှေးကွေးခြင်းက ဘယ်အရာကြောင့်လဲဆိုတာကို မသဲကွဲခဲ့ပါ။ နောက်ဆုံးတွင် ဖုန့်ယွင်က ပါရမီမကောင်းဟုသာ သူ လက်ခံခဲ့မိပါသည်။ ယခုမှသာ သူကိုယ်တိုင် စနစ်ရသောအခါမှ သူ့ညီက အဓိကဇာတ်လိုက်ဖြစ်နေပြီး ဘာကြောင့် ကျင့်ကြံခြင်းနှေးကွေးနေခဲ့သည်ဆိုတာကို အနည်းနှင့်အများသာ ရိပ်စားခဲ့မိပါသည်။
ကြိမ်ဖန်များစွာ ကျရှုံးပြီးသည့်နောက်တွင် ဖုန့်ယွင်ကိုယ်တိုင်ပင်လျှင် စိတ်ဓာတ်ကျလာခဲ့သည်။ သို့သော် ယခုကြည့်ရသလောက်ကတော့ ဖုန့်ယွင်သည် မိမိ၏ ယုံကြည်ချက်များကို ဖြည်းညင်းစွာဖြင့် ပြန်ရလာသည့်ပုံစံ ရှိပါသည်။ ဖုန့်ချန်းက သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ လက်နှင့် ထိလိုက်ပြီးနောက်တွင် သစ်သားဘူးတစ်ဘူးကို ထုတ်လိုက်ပြန်သည်။
“ ဒါကို ယူသွားလိုက်၊ ဒီထဲမှာ အရိုးသန့်စင်ဆေးလုံးအပြင် တခြားဆေးလုံးတွေ ပါသေးတယ်။ ခုနတုန်းက အရိုးသန့်စင်ဆေးလုံးကို မင်း မရလိုက်လို့ စိတ်မပျက်ပါနဲ့ကွာ၊ မင်းနဲ့ ငါနဲ့က သွေးရင်းညီအစ်ကိုတွေပဲ၊ ငါ့ညီကို ငါက ပစ်ထားစရာလားကွ။ “
ဖုန့်ယွင်က သေတ္တာကို လက်နှစ်ဖက်ဖြင့် တရိုတသေ သတိကြီးကြီးထားကာ ယူလိုက်သည်။ အစ်ကိုဖြစ်သူကို ဦးညွတ်ပြီး ကျေးဇူးတရားများနှင့် ပြည့်နှက်နေသည့်အကြည့်ဖြင့် ကြည့်ကာ
“ အစ်ကိုကြီး ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အစ်ကိုကြီးကို စိတ်မပျက်စေရဘူး။ “
ဖုန့်ချန်းက ညီဖြစ်သူ၏ ပုခုံးကို တဖြတ်ဖြတ်ပုတ်ပြီး ဖြည်းဖြည်းပြောလိုက်သည်။
“ မင်း ငါ့ကို စိတ်မပျက်စေမှာ ငါ သိပါတယ်။ ဒါ ပြန်ယူသွားပြီးတော့ စပြီး လေ့ကျင့်လိုက်တော့၊ ငါတို့မိသားစုအတွက် အချိန်က သိပ်မကျန်တော့ဘူး။
ဪ ဒါနဲ့ ဆန်းကြယ်မီးတောက်ဂိုဏ်းက လက်စားချမဲ့ကိစ္စနဲ့ ပတ်သက်ပြီး မင်း စိတ်ပူနေဖို့မလိုဘူး၊ မင်းက ကိုယ့်ဘာသာကိုယ် ကောင်းကောင်းကန်းကန်းပဲ ကျင့်ကြံနေ၊ ကျင့်ကြံရေးကိုသာ အာရုံစိုက်ထား။ ကျန်တဲ့အနှောင့်အယှက်တွေကတော့ မင်းအစ်ကိုကြီးက အေးအေးဆေးဆေးကိုင်တွယ်ပြမယ်၊ စောင့်ကြည့်နေလိုက်။ “
ဖုန့်ချန်းက မာနကြီးစွာ ပြောလိုက်သည်။ အစ်ကိုဖြစ်သူ၏ ယုံကြည်ချက်ရှိနေသည့် ဟန်ပန်ကို မြင်ရသည့်တိုင် ဖုန့်ယွင်၏ စိတ်ထဲ၌ အပြစ်ရှိသလိုခံစားချက်များ တလွှားလွှားပေါ်ပေါက်လာသည်။
လင်းမေယုကို စိတ်အလောကြီးပြီး သူ စေ့စပ်ကြောင်းလမ်းမှုဖြတ်ခဲ့သည်ကို အနည်းငယ်ပင် နောင်တရလာခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်ကြောင့် ကျရောက်လာမည့် အကျိုးဆက်များကို ဖြေရှင်းနေရသည်မှာ အစ်ကိုဖြစ်သူချည်း ဖြစ်နေပါသည်။
“ အစ်ကိုကြီး ကျွန်တော် နားလည်ပါတယ်။ “
ဖုန့်ယွင်က ပြန်ဖြေလိုက်သည်။ ဖုန့်ချန်းကဲ့သို့ပင်လျှင် ဖုန့်ချန်းက ဖုန့်ယွင်၏ ပြောင်းလဲမှုကို သတိပြုမိသလိုပင် ဖုန့်ယွင်သည်လည်း အစ်ကိုကြီးဖြစ်သူ၏ ပြောင်းလဲမှုကို သတိပြုနေမိသည်။
ဖုန့်ယွင်က ခန်းမအတွင်းမှ ထွက်သွားပြီး စတင်၍ ကျင့်ကြံတော့မည့်အချိန်တွင် ဖုန့်ချန်းကလည်း ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် ပတ်သက်ပြီး စတင်၍ တွေးတောလိုက်ပါတော့သည်။
အကြီးအကဲကျိုး၏ ကျရှုံးမှုသည် ပျားအုံကို တုတ်နှင့် ထိုးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ လက်စားချေမှုက မလွဲမသွေ ရောက်လာပေလိမ့်မည်။ သူက ထိုအရာကို ကြိုတင်တွေးတောထားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားမှဖြစ်မည်။ ထို့မှသာ အနာဂတ်တွင် မိသားစု၏ လုံခြုံစိတ်ချမှုကို ရရှိလိမ့်မည်ဖြစ်သည်။
လင်းမိသားစုနှင့် ပတ်သက်ပြီးတော့ ဖုန့်ချန်းက ဘာမှမတွေးထားပါ။ အရင်ဆုံး သုံးနှစ်အချိန်းအချက်ကို အာရုံစိုက်ရန် ဆုံးဖြတ်ထားသည်။ သုံးနှစ်အချိန်းအချက်ပြီးမှသာ ထိုကိစ္စကို စဉ်းစားရမည်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ပါစေ အရာရာအားလုံး၏ အဖြေသည် မိမိက ပို၍ စွမ်းအားကြီးရမည်ဟူသော အဖြေသာ ဖြစ်ပါသည်။ သူသာ စွမ်းအားကြီးသည်နှင့် ထိုကိစ္စများကို စိတ်ပူစရာမလိုပါချေ။
“ ကဲ ငါလည်း ကျင့်ကြံဖို့ အချိန်ရောက်ပါပြီ။ “