သူ၏ အဆင့်ကို ထုတ်ဖော်ပြသခြင်း
Vol. 1 Ch. 12
အချိန်တိုလေးအတွင်းမှာပင် အဓိကခန်းမတစ်လုံးသည် ဖုန့်မိသားစု၏ အရေးကြီးပုဂ္ဂိုလ်များနှင့် ပြည့်နှက်သွားသည်။ အကြီးအကဲများကလည်း မိမိတို့သက်ဆိုင်ရာ ထိုင်ခုံများကို နေရာယူကာ ဝင်ထိုင်လိုက်ကြသည်။ သူတို့၏ မျက်နှာအမူအရာများသည် စိတ်ဝင်တစားမှုနှင့် အနည်းငယ် မျှော်လင့်တောင့်တမှုများနှင့် ပြည့်နှက်နေပါသည်။
သူတို့သည် လူငယ်မျိုးဆက်သစ်များလိုမျိုး တစ်ခဏအောင်မြင်မှုကို ပျော်ရွှင်ကြည်နူးနေကြသော သူများ မဟုတ်ပါ။ ဖုန့်ချန်းအတွက် သူတို့သည် ပျော်ရွှင်ကြသော်လည်း အကြီးအကဲကျိုးကို တိုက်ခိုက်ခြင်းက နောက်ပိုင်းတွင် ပြဿနာတက်လာနိုင်ချေရှိကြောင်းကိုသူတို့ သိပါသည်။
ဖုန့်ယွင်နှင့်တကွ ပါရမီရှင်သုံးဦးကလည်း အဓိကဟောခန်းမအထဲတွင် ရောက်ရှိလာပြီဖြစ်သည်။ ဖုန့်ယွင်က ဒုတိယသခင်လေးဖြစ်သောကြောင့် အစည်းအဝေးပွဲကို တက်ရောက်သည့်အချိန်တွင် သူလည်းပဲ ပါဝင်ခဲ့ပါသည်။
မပါဝင်သောလူများသည် အချိန်ပြည့်ကျင့်ကြံအားထုတ်နေသော မဟာအကြီးအကဲများသာ ဖြစ်ပါသည်။ လွန်စွာအရေးကြီးမားလှသော ပြဿနာများ ဖြစ်သည့်အချိန်မှသာ ထိုအကြီးအကဲများသည် တံခါးပိတ်ကျင့်ကြံရာဂူအတွင်းမှ ထွက်လာကြခြင်းဖြစ်ပါသည်။ ကျန်သည့်အချိန်များတွင် သူတို့သည် သက်တမ်းကို ဆွဲဆန့်နိုင်သမျှ ဆွဲဆန့်ရင်း အပြင်းအထန် အပတ်တကုတ်ကြိုးစားကာ ကျင့်ကြံနေကြပါ၏။
ယခုကဲ့သို့ ကျင့်ကြံနေရခြင်းမှာလည်း ဖုန့်မိသားစု၏ အခြေအနေကို မသိသောကြောင့် မဟုတ်ပါ။ သူတို့သည် ဖုန့်ချန်းရင်ဆိုင်နေရသော အခက်အခဲကို သိပါသည်။ ဖုန့်ချန်းကို ကူညီချင်သောကြောင့်သာ သူတို့သည် ခွန်အားအမြန်ကြီးအောင် အသည်းအသန် ကျင့်ကြံနေကြခြင်းပင် ဖြစ်ပါ၏။
ဖုန့်ချန်းက မိသားစုခေါင်းဆောင်ထိုင်ခုံဖြစ်သော ဟောခန်းမ၏ အလယ်နေရာ အမြင့်တည့်တည့်တွင် ထိုင်နေသည်။ သူ့မျက်နှာအမူအရာကတော့ ကြောက်ရွံ့ခြင်းများ ပူပန်မှုများ အလျှင်းမရှိပါ။ အနည်းငယ်မျှပင် စိတ်လှုပ်ရှားနေသော အမူအရာပင် ရှိနေပါသေးသည်။
သူက စတင်၍ စကားပြောလိုက်သည်။ သူ၏ လေသံသည် တည်ငြိမ်နေပြီး လွှမ်းမိုးနိုင်စွမ်းအပြည့်နှင့် ဖြစ်ပါသည်။
" ဒီနေ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အားလုံး ဘယ်လိုများထင်ကြလဲ။ "
သူက ရောက်ရှ်ိနေကြသော သူများအားလုံးကို ဝေ့ကြည့်ကာ မေးလိုက်သည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အကြီးအကဲများနှင့် လူငယ်မျိုးဆက်သစ်များသည် တစ်ဦးပြီးတစ်ဦး မိမိတို့ ထင်မြင်ယူဆချက်များကို ထုတ်ပြောလိုက်ပါ၏။
" တူလေး မင်း ဒီနေ့လုပ်လိုက်တဲ့ လုပ်ရပ်က ဆန်းကြယ်မီးတောက်ဂိုဏ်းကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာတော့ ဟုတ်တယ်၊ အဲ့ဒါအပြင် မြူခိုးချိုင့်ဝှမ်းမြို့တော်မှာရှိတဲ့ တခြားမကောင်းကြံချင်နေတဲ့ မိသားစုတွေကိုပါ သတိပေးလိုက်တာလို့ ပြောလို့ရတယ်။
ဒါပေမဲ့ သူတို့ ပြန်ပြီး တုံ့ပြန်မှာကို ငါတို့ ပြင်ဆင်ဖို့တော့ လိုလိမ့်မယ်၊ အကြီးအကဲကျိုးက ရှုံးနိမ့်တဲ့ကိစ္စကို ဒီတိုင်း လက်လျှော့သွားမှာမဟုတ်ဘူး။ "
အကြီးအကဲဖုန့်ဝေ့က ရောက်နေကြသော အကြီးအကဲများတွင် အသက်အရွယ်အကြီးရင့်ဆုံး အကြီးအကဲပင် ဖြစ်သည်။ သူ၏ လေသံသည် အသက်ကြီးလွန်းသောကြောင့် အနည်းငယ် တုန်ယင်နေသည့်တိုင် လွှမ်းမိုးနိုင်စွမ်းနှင့် ဉာဏ်ပညာကြီးမားမှုတို့ ပါရှိနေပါသည်။
တခြားသောမိသားစုများနှင့် မတူသည်က ဖုန့်မိသားစုတွင် အကြီးအကဲများအားလုံးသည် ဖုန့်ချန်းကို တူလေးဟုသာ ခေါ်ကြပါသည်။ ယင်းမှာ ဖုန့်ချန်းကို မိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် မလေးစားသောကြောင့် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဖုန့်ချန်းကိုယ်တိုင်ကပင် သူ့ကို မိသားစုခေါင်းဆောင်ဟု ခေါ်ဆိုခြင်းက နေမထိထိုင်မသာဖြစ်လွန်းပါသည်ဟု အကြိမ်ကြိမ်တောင်းပန်သောကြောင့် အကြီးအကဲများသည် သူ့အား တူလေးဟုသာ ခေါ်ရခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ ဖုန့်ချန်းလုပ်လိုက်ခြင်းက အကြီးအကဲများက အသက်အရွယ်ကြီးရင့်သည့်တိုင် ငယ်ရွယ်သောလူကို တလေးတစားလုပ်နေစရာမလိုဘဲ ဖုန့်ချန်းနှင့် အကြီးအကဲများကြား ဆက်ဆံရေးမှာ တခြားမိသားစုများထက်ပင် ပို၍ပင် တိုးတက်လာပါတော့သည်။
အကြီးအကဲဝေ့၏ ဖြေကြားမှုကို ထောက်ရှုရသော် အကြီးအကဲများနှင့် မိသားစုဝင်များအားလုံးသည် ဖုန့်ချန်း၏ လုပ်ရပ်ကို အပြစ်တင်နေကြခြင်းမဟုတ်မှန်း တိကျသေချာလွန်းလှပါသည်။ ဖုန့်ချန်း ဘာကြောင့် ဒီလိုလုပ်လိုက်ရလဲဆိုတာ သူတို့ နားလည်ပါသည်။
ထို့အပြင် ဖုန့်ချန်းသည် စိတ်ခံစားချက်များကို လွယ်လွယ်ကူကူနှင့် ထိန်းချုပ်ခံမည့်သူ မဟုတ်ကြောင်းကိုလည်း သူတို့ သိပါသည်။ ဖုန့်ချန်းလုပ်သမျှ အရာအားလုံးသည် အစီအစဉ်မချဘဲ လုပ်လေ့မရှိပါ။ ယခုကိစ္စသည်လည်း သူ့တွင် ထိုကဲ့သို့လုပ်ရမည့် အကြောင်းပြချက် ရှိကိုရှိရပေလိမ့်မည်။
“ အဲ့ဒါအပြင်ကိုမှ ငါတို့နဲ့ လင်းမိသားစုရဲ့ ဆက်ဆံရေးက လူသိရှင်ကြားကို ပြတ်တောက်သွားပြီ၊ ဒါကြောင့်မလို့ တခြားမိသားစုကြီးတွေက ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ ငါတို့ကို တိုက်ခိုက်လာနိုင်လိမ့်မယ်။ “
အကြီးအကဲဝေ့က ဆက်ပြောသည်။ သူ့မျက်နှာတစ်ခုလုံးသည် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေပါသည်။ တခြားအကြီးအကဲများသည်လည်း အကြီးအကဲဝေ့၏ စကားကို ထောက်ခံကြသည်။ ထိုအရာမှာ တိကျသေချာသော အမှန်တရားဖြစ်သည်။ ဘယ်သူ့ကိုမှ အပြစ်တင်၍မရသော အခြေအနေမျိုးလည်း ဖြစ်သည်။
“ ဒါဆိုလို့ရှိရင် အကြီးအကဲတို့က ဒီအခြေအနေကို ကျုပ်တို့ ဘယ်လိုကိုင်တွယ်သင့်တယ်လို့ ထင်လဲဗျ။ “
ဖုန့်ချန်းက မေးလိုက်၏။
“ တူလေး မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ငါတို့တွေ တခြားမိသားစုကြီးတွေရဲ့ တိုက်ခိုက်တာကို တောင့်ခံနိုင်ကောင်းခံနိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ အကြီးအကဲကျိုးနဲ့ ဆန်းကြယ်မီးတောက်ဂိုဏ်းရဲ့ တိုက်ခိုက်မှုကို ခံဖို့ဆိုရင်တော့ ခက်ခဲသွားလိမ့်မယ်၊ လင်းမိသားစုကလည်း ငါတို့ကို တိုက်ခိုက်ဖို့အတွက် ကြိုးပမ်းလာမှာ ကျိန်းသေပေါက်ပဲ။ “
အကြီးအကဲဝေ့က ပြန်ဖြေလိုက်သည်။
“ ဒီတော့ ဒီအဘိုးကြီး အကြံပေးချင်တာက လူငယ်မျိုးဆက်သစ်တွေကို တခြားနေရာကို ရွှေ့ထားဖို့ အကြံပြုချင်တယ်၊ ငါတို့ သက်ကြားအိုတွေကတော့ အသေခံတိုက်ခိုက်ပြီးတော့ ဒီမှာ ကျန်ခဲ့မယ်လေ။ အနည်းဆုံးတော့ ငါတို့ မျိုးဆက် မပျက်တော့ဘူးပေါ့ကွာ၊ မျိုးဆက်သစ်တွေ အကုန်လုံး အသက်ရှင်သွားလို့ရှိရင် ဖုန့်မိသားစုက အနာဂတ်မှာ ပြန်လည်ခေါင်းထောင်လာနိုင်သေးတယ်။ “
အကြီးအကဲဝေ့က ဆုံးဖြတ်ထားပြီးသည့် ဟန်ပန်ဖြင့် ပြောသည်။ ဖုန့်မိသားစုတွင် အကြီးအကဲဝေ့နှင့် တခြားသောအကြီးအကဲများသည် သေခြင်းရှင်ခြင်း အတွေ့အကြုံများစွာတို့ကို ဖြတ်သန်းထားခဲ့ပြီးသား ဖြစ်ပါသည်။ ထို့ကြောင့် သူတို့သည် သေရမည်ကို မကြောက်ရွံ့တော့ပါ။
သူတို့ စိုးရိမ်သည်မှာ လူငယ်မျိုးဆက်များက ဘဝဆိုတာ ဘာလဲမသိသေးခင်မှာပင် အသတ်ခံလိုက်ရမည်ကိုသာ စိုးရိမ်နေကြပါသည်။ အစည်းအဝေးခန်းမထဲတွင် ရောက်ရှိနေသော မျိုးဆက်သစ်လူငယ်များနှင့် ဖုန့်ယွင်ပါအပါအဝင် ထိုစကားကို ကြားသော် နေမထိထိုင်မသာ ဖြစ်သွားခဲ့ကြပါသည်။
အကြီးအကဲဝေ့၏ အကြံပြုချက်သည် သူတို့ကို လုံခြုံစေရန်အတွက် ရည်မှန်းထားသော်လည်း သူတို့လိုမျိုး လူငယ်များအနေဖြင့် ခြေနှစ်ချောင်းကြားထဲသို့ အမြှီးကုတ်ပြီး ထွက်ပြေးရန်မှာ မဖြစ်နိုင်ပါ။
ဖုန့်ချန်းက အကြီးအကဲဝေ့ပြောသည်ကို သဘောတူသည့်အလား ခေါင်းညိတ်ပြလိုက်သည်။ သူ့၌ စနစ်သာ မရှိပါက ထိုဆုံးဖြတ်ချက်သည် လုံးဝသင့်တော်သော ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်ပေလိမ့်မည်။
လူတိုင်းမသိအောင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခဲ့ရ၏။ သူ၏ အစစ်မှန်ကျင့်ကြံခြင်းအဆင့်သည် ဓာတ်ကြီးသုံးပါးနတ်အဆင့်၏ အထွဋ်အထိပ်တွင် ဖြစ်ပါသည်။ ဆန်းကြယ်မီးတောက်ဂိုဏ်းက ဘယ်အချိန် သူတို့က လက်စားချေမလဲဆိုတာကိုတော့ သူတို့ မသိသေးပါ။
ဖုန့်ချန်းသာ သူ့ရဲ့ စွမ်းအားကို ထုတ်ပြလိုက်သည့်အချိန်တွင် ဆန်းကြယ်မီးတောက်ဂိုဏ်းကလည်း ဓာတ်ကြီးသုံးပါးနတ်အဆင့် အကြီးအကဲများကို စေလွှတ်လိုက်တော့မည်ဖြစ်ပါသည်။ ဖုန့်ချန်းက အကြီးအကဲတစ်ဦးကို တိုက်ခိုက်နိုင်သည် ဆိုဦးထားဦး၊ တခြားသောဆန်းကြယ်မီးတောက်ဂိုဏ်းမှ ဓာတ်ကြီးသုံးပါးနတ်အဆင့် အကြီးအကဲများ ထပ်မံရောက်လာပါက သူလည်း တောင့်ခံနိုင်လိမ့်မည်မဟုတ်ပါ။
ဖုန့်ချန်းက ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ၊ ဖုန့်မိသားစုကို ကောင်းကောင်းကာကွယ်နိုင်မည်မဟုတ်ပါ။ သို့သော် ယခုအချိန်တွင်တော့ ထိုအရာများက မလိုအပ်တော့ပါချေ။
“ အကြီးအကဲဝေ့ရဲ့ အကြံပြုချက်ကတော့ တကယ်ကို ဉာဏ်ပညာနဲ့ ပြည့်စုံပါတယ်၊ ဒါပေမဲ့ ကျုပ်တို့တွေက အဲ့လိုမျိုးလုပ်နေဖို့ မလိုအပ်ဘူး၊ အကြီးအကဲကျိုးကို ကျုပ်က မျက်လုံးထဲတောင် ထည့်တာမဟုတ်ဘူးဗျာ။
ပွင့်ပွင့်လင်းလင်းပြောရရင် ဆန်းကြယ်မီးတောက်ဂိုဏ်းကလည်း အကြီးအကဲတစ်ယောက်ကို ပါးဖြတ်ရိုက်လိုက်ရုံနဲ့ ချက်ချင်းကြီး အရေးတွေယူ၊ ထပြီးတော့ လက်စားချေမယ်လို့တော့ ကျုပ် မထင်ဘူး။ “
ဖုန့်ချန်း၏ စကားလုံးနှင့် ယုံကြည်ချက်ရှိသော အပြုအမူကို မြင်သော် အကြီးအကဲများအားလုံးက အံ့အားသင့်သွားသည်။ ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် အကြီးအကဲကျိုးကို ပြစ်မှားစော်ကားပြီးသည့်နောက်တွင် မိုးပြာကောင်းကင်အင်ပါယာအတွင်း၌ သူ့လိုမျိုး အေးအေးဆေးဆေးနေနိုင်သော သူဟူ၍ တစ်ဦးမှပင် ရှိလိမ့်မည်မဟုတ်။
“ဝုန်း”
ဖုန့်ချန်းက သူတို့ကို ဆက်လက်၍ မခန့်မှန်းခိုင်းတော့ပါ။ ချက်ချင်းပင် သူ၏ စွမ်းအားအကုန်အရှိန်အဝါကို ထုတ်ဖွင့်လိုက်ပါတော့သည်။ ထိုစွမ်းအားသည် ဓာတ်ကြီးသုံးပါးနတ်အဆင့်အထွဋ်အထိပ်တွင် ရှိသော စွမ်းအားဖြစ်ပါသည်။
“ ဒီ...ဒီစွမ်းအားက... တူလေး မင်း အဆင့်ချိုးဖျက်သွားတာလား။ “
ခန်းမတစ်ခုလုံးသည် ဖုန့်ချန်း၏ ဖိအားကို ခံစားရပြီးနောက်တွင် ကျွတ်ကျွတ်ညံသွားကြပါတော့သည်။
အကြီးအကဲများနှင့် ပါရမီရှင်သုံးဦးတို့သည် ဖုန့်ချန်းထံမှ ထွက်ပေါ်လာသည့် ပြင်းထန်လှသည့် ဖိအားကို ခံစားရပြီးနောက်တွင် မယုံကြည်နိုင်မှုများ၊ ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားသည်။ ဖုန့်ယွင်ကလည်း အနည်းငယ်တော့ အံ့ဩသွားသည်။ သူ့အစ်ကိုသည် ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ ရောက်နေပြီဟု သံသယဝင်ထားသော်လည်း တကယ့်တကယ်ကြုံသောအခါတွင် အံ့အားသင့်ရပါသေးသည်။
“ အကြီးအကဲတို့ ခန့်မှန်းတဲ့အတိုင်းပါပဲ။ “
ဖုန့်ချန်းက ယောင်ဝါးဝါးနှင့် ပြောလိုက်သည်။ သူက တိုက်ရိုက်ကြီးမလိမ်ခဲ့ပါ။ အမှန်အတိုင်းပြောရမည်ဆိုလျှင် သူသည် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို အထွဋ်အထိပ်ရောက်နေသည်မှာ လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းကပင် ဖြစ်သည်။ အကြီးအကဲများကို လိမ်ညာရသည်မှာ ခက်ခဲလွန်းလှသောကြောင့် ယောင်ဝါးဝါးသာ ဖြေလိုက်ခြင်းပင် ဖြစ်သည်။
သူသည် ကမ္ဘာမြေမှ လာသောသူ ဖြစ်သောကြောင့် သူ၏ ကျင့်ကြံခြင်းအစစ်အမှန်ကို မည်သို့ထုတ်ပြရန် ဖြစ်နိုင်မည်နည်း။ သူသည် ဝတ္ထုထဲမှအတိုင်း ဗီလိန်အသေးစားလေးကို မင်းသားက အနိုင်ယူပြီးသည့်နောက်တွင် ပို၍ ကြီးမားသော ဗီလိန်အကြီးကြီးတစ်ကောင် ထပ်ရောက်လာမည်။ ထိုဗီလိန်အကြီးကြီးကို အနိုင်ယူလိုက်ပြန်ရင်လည်း ထိုထက်ကြီးမားသော ဘိုးတော်ဗီလိန်ကြီးက ထပ်ရောက်လာဦးမည်။
ထိုကဲ့သို့သောအဖြစ်မျိုးကို သူ ကြောက်ရွံ့သည်။ ထို့ကြောင့် သူသည် တမင်တကာ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားရခြင်း ဖြစ်ပါသည်။ သူက ဖုန့်မိသားစု အဖျက်ဆီးခံရတော့မည့် အနေအထားကဲ့သို့သော အန္တရာယ်ကြီးကြီးမားမား ကြုံမှသာ ကျင့်ကြံခြင်းအစစ်အမှန်ကို ထုတ်လွှင့်ပြီး မီးကုန်းယမ်းကုန်ကြမ်းပြမည်ဟု တွေးထားမိပါသည်။
“ တူလေး ဒါ သိပ်ကောင်းတဲ့သတင်းပဲကွ။ “
“ ဓာတ်ကြီးသုံးပါးနတ်အဆင့်တဲ့ဟေ့။ “
“ ငါတို့ဖုန့်အိမ်တော်မှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာပြီကွ။ “
“ အသက်သုံးဆယ်နဲ့ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ရောက်တာတဲ့လား၊ ဆန်းကြယ်မီးတောက်ဂိုဏ်းက ပါရမီရှင်တွေတောင်မှ ငါတို့ခေါင်းဆောင်ကို မှီမှာမဟုတ်ဘူးကွာ။ “
“ မင်းအဖေနဲ့ အမေသာရှိရင် သိပ်ကို ဂုဏ်ယူကြမှာပဲ။ “
“ မိသားစုခေါင်းဆောင်က ပြိုင်ဘက်ကင်းလွန်းတယ်။ “
လူတိုင်းက တစ်ယောက်တစ်ပေါက်ဖြင့် ထိုသတင်းကို ပျော်ရွှင်စွာဖြင့် ပြောဆိုနေကြသည်။
“ အမှန်ပဲ အမှန်ပဲ၊ တူလေးရဲ့ ခွန်အားနဲ့သာဆိုရင် တခြားမိသားစုကြီးတွေကို ငါတို့ ခေါင်းထဲ ထည့်စရာမလိုတော့ဘူး။ “
အကြီးအကဲဝေက ပြောလိုက်သည်။ ခုနတုန်းက ဖုန့်ချန်း ဘာကြောင့် ယုံကြည်မှုရှိနေလဲဆိုတာကို သူ သဘောပေါက်သွားပုံရပါသည်။
“ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ အားလုံးကို ခေါ်လိုက်ရတဲ့ကိစ္စက ဒီကိစ္စကို ပြောဖို့မဟုတ်ဘူး၊ နဂိုကထဲကိုက တခြားမိသားစုတွေကို ကျုပ်က ခေါင်းထဲကို မထည့်ခဲ့တာ။ “
ဖုန့်ချန်းက ပြောလိုက်သည်။ တခြားမိသားစုတွေက သူ့အား အနှောင့်အယှက်ပေးမှာကို စနစ်မရခင်တုန်းကပင် သူ သောက်ဖတ်မလုပ်ခဲ့ပါ။ စနစ်ရပြီးမှတော့ ပြောကို ပြောနေစရာပင် မလိုတော့ပါ။
“ အကြီးအကဲဝေ့ ဒီသိုလှောင်လက်စွပ်ထဲမှာ ဆေးလုံးအချို့ရှိတယ်၊ ဒီဆေးလုံးတွေကို အကြီးအကဲတွေကြားထဲမှာ အညီအမျှ ဖြန့်ပေးလိုက်ပါဦး။ “
ဖုန့်ချန်းက သိုလှောင်လက်စွပ်ကို အကြီးအကဲဝေ့ထံသို့ ပစ်ပေးရင်း ပြောလိုက်သည်။ ထိုသိုလှောင်လက်စွပ်အတွင်း၌ ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် အထက်တွင် ရှိသော ကျင့်ကြံသူများ အသုံးပြု၍ရသည့် ဆေးလုံးများအားလုံး ပါဝင်ပါသည်။
“ ကောင်းပါပြီ တူလေး။ “
အကြီးအကဲဝေ့က ဟန်အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ သို့သော် သိုလှောင်လက်စွပ်အတွင်းသို့ သူ၏ နတ်ဘုရားအာရုံဖြင့် စူးစမ်းကြည့်မိပြီးသောအခါတွင် သူ့မျက်ဝန်းများသည် ထိတ်လန့်တကြားဖြင့် ပြူးကျယ်သွားပါတော့၏။
“ တူလေး ဒါ...ဒါ...ဒါတွေက... “