အရိုးသန့်စင်ဆေးလုံး
Vol. 1 Ch. 13
l
" ဒီမှာ ချီစုဆောင်းခြင်းဆေးလုံး အလုံးတစ်ရာ၊ သန့်စင်အနှစ်သာရဆေးလုံး အလုံးတစ်ရာ၊ အခြေတည်ထောင်ခြင်းဆေးလုံး အလုံးတစ်ရာနဲ့ ဉာဏ်အလင်းပွင့်ကျမ်း အခုတစ်ရာ ပါတယ်။ "
ဖုန့်ချန်း ပြောလိုက်သည်။ သူသည် ခုနတုန်းက ထိုဆေးလုံးများကို စနစ်၏ ဈေးဆိုင်ထဲမှ လဲလှယ်ထားခြင်းဖြစ်သည်။ ထိုဆေးလုံးများသည် အမြင့်ဆုံးအဆင့်အနေဖြင့် အဆင့်နှစ်ခန့်သာ ရှိသောကြောင့် စနစ်၏ ဈေးဆိုင်ထဲတွင် ဈေးပေါလွန်းလှပါသည်။
အဆင့်တစ်ဆေးလုံးများသည် အဆင့်ရမှတ်ဆယ်မှတ်ခန့်သာ ကုန်ကျပြီး အဆင့်နှစ်ဆေးလုံးများသည် စနစ်ရမှတ်၏ အမှတ်တစ်ရာခန့်သာ ကုန်ကျပါသည်။ ထိုဆေးလုံးများအားလုံးကို သူ ဝယ်ယူပြီးသည့်တိုင် သူသည် စနစ်၏ ရမှတ် နှစ်သောင်းခန့်သာ ကုန်ကျခဲ့ပါသည်။
ဝယ်ယူရရှိခဲ့သော ဆေးလုံးများ၏ ပမာဏနှင့် နှိုင်းယှဉ်ပါက ထိုဈေးနှုန်းသည် သက်သာသော ကုန်ကျစရိတ်ဟု ပြော၍ရပါသည်။ ထိုအရင်းအမြစ်များနှင့်ဆိုလျှင် ဖုန့်မိသားစု၏ ခွန်အားသည် နောက်ထပ်တစ်ဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းက ဖုန့်ချန်း၏ စကားကို သေချာနားလည်အောင် ကြိုးစားနေဆဲပင် ဖြစ်သည်။ တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီး ဖုန့်မိသားစု၏ တိုးတက်မှု၊ ကျရှုံးမှုတို့ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည့် အကြီးအကဲများပင်လျှင် မိမိတို့၏ နားကို မိမိတို့ ကြားလိုက်ရသည့် စကားကို မယုံနိုင်အောင် ဖြစ်နေသည်။
" တူလေး မင်း...မင်းပြောတာ ဟုတ်ကောဟုတ်ရဲ့လားကွ။ "
အကြီးအကဲဝေ့က မေးလိုက်သည်။ သူ့အသံသည် အနည်းငယ်တုန်ခါနေ၏။ ဖုန့်ချန်းတစ်ယောက် ဒီအရင်းအမြစ်တွေကို ဘယ်လိုရလာလဲဆိုတာကို အကြီးအကဲဝေ့ မသိပါ။
သို့သော် သူသိသည်က ထိုအရင်းအမြစ်များကို ရရှိရန်အတွက် ငွေကုန်ကြေးကျ အလွန်အင်မတန် များပြားခဲ့မည်ဆိုသည်ကိုပင် ဖြစ်သည်။ သူသေချာသိတာက ထိုငွေကြေးကို ထုတ်ယူနိုင်ရန်အတွက် မိသားစုတွင် ပိုက်ဆံမရှိပါ။
" ဟုတ်ပါတယ် အကြီးအကဲဝေ့။ "
ဖုန့်ချန်းက တည်ငြိမ်စွာပြောလိုက်သည်။
" ဒီအရင်းအမြစ်တွေနဲ့ဆိုရင် ကျုပ်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေက ပိုပြီး ကြီးပြင်းလာဖို့အတွက် ခိုင်မာတဲ့ အခြေခံတစ်ခု ရသွားလိမ့်မယ်။ ယခုလက်ရှိမှာ မိသားစုက အရာအားလုံးကို ကျုပ်အပေါ်မှာ မှီခိုတာပဲ မဖြစ်သင့်တော့ဘူး၊ အခြားမျိုးဆက်သစ်လူငယ်တွေကော အကြီးအကဲတွေရော အားလုံး အစွမ်းထက်လာဖို့အတွက် ကျုပ် လိုအပ်တယ်။ "
အကြီးအကဲများက တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်လိုက်ကြသည်။ သူတို့၏ မျက်နှာအမူအရာများသည် ဝမ်းနည်းမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောစွက်နေကြသည်။ ဖုန့်ချန်းတစ်ယောက် ဘယ်လောက်တောင် အနစ်နာခံခဲ့ရလဲနှင့် အနာဂတ်တွင်လည်း ဘယ်လောက်တောင်ထပ်ပြီး အနစ်နာခံဦးမလဲဆိုတာကို သူတို့ ကောင်းကောင်းနားလည်ကြသည်။
ထိုဆေးလုံးများသည် ဖုန့်ချန်းအတွက် လက်ရှိတွင် အသုံးမဝင်တော့ပြီဆိုပေမဲ့ ထိုအရာများကို ဆေးဆိုင်များတွင် ရောင်းချပြီး ပိုမိုအဆင့်မြင့်ကာ သူ့အတွက် အသုံးဝင်မည့် ဆေးလုံးများဖြင့်လည်း လဲလှယ်နိုင်မည်ဖြစ်သည်။ ဖုန့်မိသားစုက သူ့ကို မိသားစုတာဝန်ဟူသည့် သံကြိုးများဖြင့် တုပ်နှောင်ပြီး ဆွဲထားခြင်းကြောင့် မဟုတ်ပါက ဖုန့်ချန်းသည် ယခုလက်ရှိထက်ပင် ပို၍ စွမ်းအားကြီးမားလာလိမ့်မည်ဖြစ်သည်။
သူတို့က ကံဆိုးပါသည်။ ရာစုနှစ်တစ်ခုမှာ တစ်ယောက်သာပေါ်ပေါက်သည့် ထိုကဲ့သို့ပါရမီရှင်ကို ပြုစုပျိုးထောင်ရမည့်အစား မိသားစုတစ်ခုလုံး၏ တာဝန်များကို သူ့အား ပေးကာ သူ၏ တိုးတက်မှုကို လျော့ကျအောင် လုပ်ထားခဲ့ကြပါသည်။
" အကြီးအကဲဝေ့ "
ဖုန့်ချန်းက ဆက်ပြောသည်။
" ဒီဆေးလုံးတွေကို သိမ်းထားဖို့မလိုဘူး၊ ဒီနေ့မှာပဲ အားလုံးကို ခွဲဝေပေးလိုက်။ တစ်ယောက်ယောက်ကသာ အဆင့်ချိုးဖျက်တက်လာနိုင်တယ်ဆိုရင် ကျုပ်ကို ချက်ချင်း အသိလာပေး၊ အဆင့်ချိုးဖျက်လာနိုင်တဲ့ ဘယ်သူမဆို ကျုပ်က ဆုကြီးကြီးချပေးမယ်။ "
ဖုန့်ချန်းက ပြောလိုက်သည်။ ထိုကဲ့သို့ပြောလိုက်မှသာ မျိုးဆက်သစ်လူငယ်များသည် ပို၍ အလုပ်ကြိုးစားကြမည်ဖြစ်သည်။
" တူလေး မင်းပြောတာ ဦးလေး နားလည်ပါတယ်ကွာ။ "
အကြီးအကဲဝေ့က စိတ်အားတက်ကြွစွာ ပြောလိုက်ပြီး ခေါင်းအဆက်မပြတ် ညိတ်ပြလိုက်သည်။ ဖုန့်ချန်းသည် သူ၏ အာရုံကို ပါရမီရှင်သုံးဦးထံသို့ ဦးတည်လိုက်သည်။
" ဖုန့်ရှောင်ယု၊ ဖုန့်ကျန်းဟောင်နဲ့ ဖုန့်လျန်း၊ မင်းတို့သုံးယောက်က အလားအလာကောင်းကောင်းရှိတယ်။ "
သူသည် သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ တို့ထိလိုက်ပြီးနောက်တွင် သေးငယ်ပြီး မဟော်ဂနီရောင်ရှိသော သစ်သားဘူးတစ်ဘူးကို ထုတ်လိုက်၏။ ထိုသစ်သားဘူးကို ဖွင့်လိုက်သောအခါတွင် အတွင်း၌ တောက်ပကာ မွှေးပျံ့နေသည့် ဆေးလုံးသုံးလုံး သပ်သပ်ရပ်ရပ်နှင့် စီရီထားသည်ကို မြင်တွေ့လိုက်ရသည်။ ဆေးလုံးတစ်လုံးဆီတိုင်းက မတူထူးခြားသော အလင်းတန်းများ ထုတ်လွှင့်နေသည်။
" ဒါတွေက အရိုးသန့်စင်ဆေးလုံးတွေပဲ၊ ဒါတွေကို မင်းတို့ သောက်လိုက်လို့ရှိရင် မင်းတို့ရဲ့ အရိုးတွေကို သန့်စင်ပေးပြီးတော့ ကျင့်ကြံခြင်းအလားအလာကို ပိုမြှင့်တင်ပေးစေနိုင်တယ်၊ ဒီဟာကို အကျိုးရှိရှိ အသုံးချပါ။ "
ခန်းမတစ်ခုလုံးသည် တိတ်ဆိတ်မှုဖြင့် ခညောင်းသွားပြန်ပါတော့သည်။ ရတနာပစ္စည်းမျိုးစုံကို မြင်ဖူးသော အကြီးအကဲများပင်လျှင် အရိုးသန့်စင်ဆေးလုံးများ၏ ရှေ့မှောက်တွင် ပါးစပ်အဟောင်းသားဖြင့် ဖြစ်သွားခဲ့ရပြန်ပြီ။ ထိုကဲ့သို့ရှားပါးကာ တန်ဖိုးကြီးမားလှသော အရာများသည် ဖုန့်အိမ်တော်တွင် လုံးဝမကြားဖူး၊ မမြင်ဖူးသော အရာများ ဖြစ်ပါသည်။
ထို့အပြင် ထိုကဲ့သို့တန်ဖိုးရှိသော ဆေးလုံးများကို မျိုးဆက်သစ်လူငယ်များကို ဖောဖောသီသီပေးနေသည့် ဖုန့်ချန်း၏ လုပ်ရပ်က လူတိုင်းကို ဆွံအသွားစေခဲ့ပါ၏။
" အ...အ..အရိုး...အရိုးသန့်စင်ခြင်းဆေးလုံး ဟုတ်လား။ "
အကြီးအကဲဝေ့က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးများသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်ထွက်လာပါတော့သည်။
အရိုးသန့်စင်ဆေးလုံးများသည် အဆင့်လေးဆေးလုံးများသာ ဖြစ်သော်လည်း ထိုဆေးလုံးများကို ဖော်စပ်ရန်မှာ ခက်ခဲပြီး ဆေးလုံးတစ်လုံးချင်းဆီတိုင်းကလည်း ရှားပါးလွန်းလှပါသည်။ ထို့ကြောင့် လူတော်တော်များများသည် ထိုအဆင့်လေးဆေးလုံးများကို အဆင့်ငါးဆေးလုံးများဖြင့်ပင်လျှင် လဲလှယ်ရန်အတွက် ဆန္ဒသိပ်မရှိကြပါ။
ထိုဆေးလုံးသုံးလုံးသည် အကြီးအကဲဝေ့၏ လက်ထဲတွင် ရှိသော ဆေးလုံးများစွာထက် အနည်းဆုံး အဆသုံးဆယ်ခန့် ပိုမိုတန်ဖိုးရှိပါသည်။
‘ တူလေးတစ်ယောက် ဒီရတနာတွေကို ဘယ်လိုများရလာပါလိမ့်။ ပြောလို့မရဘူး၊ တော်ဝင်နန်းတော်က ဘုရင့်မိသားစုဆီကနေ သွားများခိုးလာခဲ့တာလား။ “
အကြီးအကဲများက စတင်၍ တွေးတောလာခဲ့သည်။ ဖုန့်ရှောင်ယု၊ ဖုန့်ကျန်းဟောင်နဲ့ ဖုန့်လျန်းက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကြသည်။ သူတို့မျက်လုံးများသည် ပြူးကျယ်နေပြီး ကျေးဇူးတင်မှုများနှင့် ပြည့်နှက်နေသည်။ တစ်ယောက်ချင်းဆီက ဆေးလုံးများကို လက်နှစ်ဖက်ဖြင့် သေချာကိုင်တွယ်ပြီး ဖုန့်ချန်းအား အလွန်အမင်း ရိုသေသည့်ဟန်ပန်ဖြင့် ဦးညွတ်အရိုအသေပေးလိုက်ကြသည်။
“ ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်၊ မိသားစုခေါင်းဆောင်ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်၊ ကျွန်မတို့က အလဟဿ မဖြစ်စေရပါဘူး။ “
သုံးယောက်လုံးက ပြိုင်တူပြောလိုက်ကြသည်။
“ စိတ်ချပါ မိသားစုခေါင်းဆောင်၊ ကျွန်တော်တို့တွေက ဖုန့်မိသားစုရဲ့ အဓိက ဧရာမထောက်တိုင်ကြီးတွေ အနာဂတ်မှာ ဖြစ်လာစေရမယ်၊ ကျွန်တော်တို့ ကြိုးစားကြပါမယ်။ “
ဖုန့်ချန်းက ပြုံးပြလိုက်သည်။
“ မင်းတို့တွေ အောင်မြင်မယ်ဆိုတာကို ငါက သံသယမရှိပါဘူး၊ ဒီဆေးလုံးတွေရယ် ကျင့်ကြံနည်းလမ်းတွေရယ်နဲ့ဆိုလို့ရှိရင် မင်းတို့ရဲ့ ကျင့်ကြံမှုတွေက နောက်တစ်ဆင့်ကို လွယ်လွယ်ကူကူနဲ့ ထိုးတက်သွားစေလိမ့်မယ်။
ကျင့်ကြံမှုကိုသာ မပျင်းမရိဘဲနဲ့ အားစိုက်ပြီးတော့ လုပ်ကြ၊ လေ့ကျင့်ရေးကိုလည်း မှန်မှန်ကန်ကန်လုပ်ကြ၊ အချိန်တန်လို့ရှိရင် မင်းတို့တွေက အကောင်းဆုံးအဆင့်အတန်းနဲ့ အမြင့်အမားကို ရောက်ရှိလိမ့်မယ်။ “
တစ်ချိန်တည်းမှာပင် သူက သတိပေးလိုက်သည်။
“ မြူခိုးချိုင့်ဝှမ်းမြို့မှာ မျိုးဆက်သစ်လူငယ်တွေ အကုန်လုံးစုပေါင်းပြီးတော့ ပြိုင်ပွဲတစ်ပွဲရှိနေတာကိုလည်း မမေ့ကြနဲ့ဦးဟေ့၊ အခုပေးလိုက်တဲ့ အရင်းအမြစ်တွေကို ကောင်းကောင်းအသုံးပြုပြီးတော့ ဒီပြိုင်ပွဲမှာ အစွမ်းပြနိုင်ဖို့အတွက်လည်း အားစိုက်ထားကြပေါ့ကွာ။ “
မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် အသက်နှစ်ဆယ်အောက် လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ပြိုင်ပွဲ ရှိပါသည်။ ထိုပြိုင်ပွဲသည် ကြီးမားသော ဆုလာဘ်များကို ရရှိရုံသာမက အနိုင်ရရှိသူ၏ နောက်ခံမိသားစုများကိုပင်လျှင် ဂုဏ်တက်စေသော ပြိုင်ပွဲ ဖြစ်ပါသည်။ သို့ပေမဲ့ အချိန်အများစုတွင် ထိုပြိုင်ပွဲမှာ မိသားစုကြီးသုံးစု၏ ခွန်အားကို ထုတ်ပြသည့် ပြိုင်ပွဲသာ ဖြစ်နေခဲ့ပါသည်။
မိသားစုကြီးသုံးစုလုံး ပက်ပက်စက်စက်ရှုံးနိမ့်ခဲ့ရသည့် အချိန်သည် ဖုန့်ချန်းတစ်ယောက် လူငယ်မျိုးဆက်အတွင်းတွင် ကိုယ်စားပြုကာ ဝင်ပြိုင်ခဲ့သည့် အချိန်ကာလတုန်းက ဖြစ်ပါသည်။ ထိုပြိုင်ပွဲမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ဖြစ်ပါ၏။ ထိုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် ဖုန့်ချန်းသည် ချီအရည်ဖွဲ့ခြင်းအဆင့်၏ အောက်တွင် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဟူသော ဂုဏ်ထူးဘွဲ့ထူးကို ရရှိခဲ့ခြင်းပင်လည်း ဖြစ်ပါသည်။
ဖုန့်ချန်းက သူ၏ အာရုံကို အကြီးအကဲများထံသို့ ဦးတည်ကာ ပြောလိုက်ပြန်၏။
“ အကြီးအကဲကျင်းဟိုင် ကျေးဇူးပြုပြီးတော့ အသက်ဆယ့်ငါးနှစ်ကနေ အသက်နှစ်ဆယ်အတွင်း မျိုးဆက်သစ်လူငယ်တွေကို မိသားစုအတွင်းမှာ ယှဉ်ပြိုင်ပွဲလုပ်ရမယ်ဆိုတာကိုပါ တစ်ခါထဲ ကြေညာလိုက်ပါဦး၊ ပြိုင်ပွဲကို ဗိုလ်စွဲတဲ့လူရဲ့ ရမှတ်ဆုလာဘ်ကတော့ အရိုးသန့်စင်ဆေးလုံးအပြင် အခြားသော ကျင့်ကြံခြင်းကျမ်းတွေပဲ ဖြစ်မယ်။ “