← Chapters

ပြီးပြည့်စုံသော အစမ်းသပ်ခံ

Vol. 85 Ch. 1298

ပြီးပြည့်စုံသော အစမ်းသပ်ခံ

Vol. 85 Ch. 1298

အိုမင်းသော အသံက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာစဉ် ရွှီချင်း၏ မျက်တောင်သည် အနည်းငယ် လှုပ်ခါသွားသည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ အရှင်… ငါ့မှာ မင်ဖေးနဲ့ မင်းရဲ့ တိုက်ပွဲကို ဝင်စွက်ဖက်ဖို့ အရည်အချင်းမရှိပါဘူး… ငါမင်းကို ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ ”

“ အဲ့ဒါကြောင့်ပဲ မင်းရဲ့ အကူအညီကို ငါလိုအပ်တာ ”

ကောင်းကင်ဘုံတာအို၏ အသံသည် ထပ်မံ ထွက်ပေါ်လာသည်။ ၎င်း၏ အိုမင်းသော အသံထဲမှာ အကူအညီတောင်းခံသော အရိပ်အမြွက်ပါရှိသည်။

“ မင်ဖေးနဲ့ ငါ့တိုက်ပွဲက ကြယ်တာရာကောင်းကင်မှာပဲ ဖြစ်ပွားနေတာ မဟုတ်ဘူး… တိုက်ပွဲက ကြယ်တွေအများကြီးနဲ့ အသင်္ချေနယ်မြေတွေထိ ပျံ့နှံ့နေတယ်… ငါတို့နှစ်ယောက်စလုံးက ကံကြမ္မာနဲ့ တာအိုကို ယှဉ်ပြိုင်နေတယ် ”

“ ဒီနယ်မြေက ပေဖန်းခေတ်ရဲ့ မူလအစပဲ… ပြီးတော့ မင်ဖေးထွက်ပေါ်လာတဲ့ စမှတ်ဆိုလည်း ဟုတ်တယ်… ဒီနယ်မြေထဲမှာ သူ့ရဲ့ တာအိုအရိပ်ရှိတယ်… အဲ့ဒီတာအိုအရိပ်က ဒီနယ်မြေက ကောင်းကင်ဘုံတာအိုရဲ့ အာဏာတစ်ဝက်ကို သိမ်းပိုက်ထားပြီးပြီ ”

“ မိတ်ဆွေလေး… မင်းက မင်ဖေးရဲ့ တာအိုအရိပ်ကို မျှားခေါ်ပြီး အဲ့ဒါကို အကြိမ်ရေတစ်ရာကျော် သတ်ပစ်ပေးပါ ”

“ တာအိုအရိပ်က တစ်ကြိမ်သေသွားတိုင်း မင်ဖေးရဲ့ မူလစွမ်းအားကို ကုန်ဆုံးစေလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ငါက ကောင်းကင်ဘုံကံကြမ္မာကို အသုံးပြုဖို့ အခွင့်အရေးရလာလိမ့်မယ် ”

“ အင်မော်တယ်အင်ပါယာကို ငါစိတ်ပျက်စေခဲ့တယ်… ဒီနယ်မြေက သက်ရှိတွေကို ငါမကာကွယ်ပေးနိုင်ခဲ့ဘူး… အခု ငါက နောက်ဆုံးအချိန်ကို ရောက်နေပြီ… ဒီအခွင့်အရေးကို အသုံးပြုပြီး မင်ဖေးနဲ့ အတူတူ သေဆုံးဖို့ပဲ ငါဆန္ဒရှိတော့တယ်… အဲ့ဒါမှ ငါ့ဘဝက အဓိပ္ပာယ်ရှိပြီး ငါ့တာအိုကို ကာကွယ်နိုင်လိမ့်မယ်… ဒီနည်းနဲ့ အင်မော်တယ်အင်ပါယာရဲ့ ကျေးဇူးတရားကို ငါပြန်ဆပ်နိုင်လိမ့်မယ် ”

“ ပြီးတော့ မိတ်ဆွေလေး… ငါမင်းကို အလကား မကူညီခိုင်းပါဘူး… မင်ဖေးနဲ့အတူ ငါသေတဲ့အခါကျရင် မင်းကို မင်ဖေးရဲ့ မျက်လုံးပေးခဲ့မယ် ”

“ မင်းရဲ့ ရတနာသိုက်ထဲမှာ ကောင်းကင်ဘုံတာအို လိုအပ်နေတာကို ငါအာရုံခံမိတယ်… သာမန်ကောင်းကင်ဘုံတာအိုက အဲ့ဒီအတွက် မသင့်တော်ဘူး… မင်ဖေးက မကျေမချမ်းစိတ်တွေကနေ မွေးဖွားလာခဲ့တဲ့ သက်ရှိတစ်ကောင်ပဲ… အဲ့ဒီမကျေမချမ်းစိတ်တွေက ပြင်ပနတ်ဘုရားတွေ ခေါ်ဆောင်လာတဲ့ ကပ်ဘေးတွေကနေ အရင်းပြုခဲ့တာပဲ… ဒါကြောင့် အဲ့ဒါကို နတ်ဘုရားတွေရဲ့ မကျေမချမ်းစွမ်းအားလို့ သတ်မှတ်နိုင်တယ်… အဲ့ဒါက မင်းရဲ့ ရတနာသိုက်ထဲမှာ ကောင်းကင်ဘုံတာအိုအဖြစ် ထမ်းဆောင်ဖို့ အထူးသင့်တော်တယ် ”

“ ဒါ့အပြင် အဲ့ဒါက ဒီကနေ မင်းထွက်သွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ ”

ထိုစကားကို ကြားပြီးနောက် ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ သူက ချက်ချင်း ပြန်မဖြေပေ။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ မြူခိုးကို ကြည့်လိုက်သည်။

မြူခိုးထဲမှာ အဆိပ်ပါဝင်ပြီး ယင်းက လောကတစ်ခွင် ပျံ့နှံ့နေသည်။ ရံဖန်ရံခါ မြူခိုးက ရေတံခွန်ပမာ ကျဆင်းသွားလေ့ရှိပြီး ရံဖန်ရံခါ မြေပြင်ပေါ်မှ မြှောက်တတ်သွားလေ့ရှိသည်။ မြူခိုးသည် ပါးလွှာဟန်ထင်ရသော်လည်း ယင်း၏ ဧရိယာသည် အလွန်ကျယ်ဝန်းသည်။ ယင်းက ကောင်းကင်ကိုပင် ဖုံးလွှမ်းထားသည်။

ဤလောက၏ ကောင်းကင်ဘုံတာအိုပြောသော စကားများသည် အဓိပ္ပာယ်ရှိသည်။ သူ၏ ဒုတိယနတ်ဘုရားရတနာသိုက်က တားမြစ်အဆိပ်မှ ဖြစ်ပေါ်လာသောကြောင့် ထိုရတနာသိုက်၏ ကောင်းကင်ဘုံတာအိုဖြစ်လာနိုင်သော နတ်ဘုရားသက်ရှိများက အလွန်ရှားပါးကြောင်း ရွှီချင်း သိသည်။

မည်သို့ဖြစ်ပါစေ ရွှီချင်းသည် ဤနှစ်များတွင် တားမြစ်အဆိပ်၏ အနှစ်သာရကို ပိုပြီးကောင်းမွန်စွာ နားလည်ခဲ့သည်။ ယင်းက နတ်ဘုရားကျိန်စာဖြစ်သည်။

ထိုအကြောင်းအရင်းကြောင့် သူက သတ္တမမြောက်ဝဲကတော့ထဲသို့ စွန့်စားပြီး ဝင်ရောက်ခဲ့ခြင်းမဟုတ်ပါလော။

အကယ်၍ မင်ဖေးသာ ဤလောကကို ဖျက်ဆီးရန် ပြင်ပနတ်ဘုရားများဆင်းသက်လာခဲ့ချိန်တုန်းက သက်ရှိအားလုံး၏ မကျေမချမ်းမှုမှ မွေးဖွားလာခြင်းဖြစ်မည်ဆိုလျှင် နတ်ဘုရားများအပေါ် ထိုမကျေမချမ်းစိတ်သည် သူ၏ တားမြစ်အဆိပ်နတ်ဘုရားရတနာသိုက်ထဲမှာ ကောင်းကင်ဘုံတာအိုအဖြစ် ထမ်းဆောင်ရန် အမှန်တကယ် သင့်တော်ပေသည်။

ထိုအချက်ကို တားမြစ်အဆိပ်နတ်ဘုရားရတနာသိုက်မှ ထုတ်လွှတ်နေသော အားလှိုင်းအတတ်အကျများနှင့် ကြယ်တာရာကောင်းကင်ပေါ်မှာ မင်ဖေးကို သူမြင်တွေ့ပြီးနောက် ရတနာသိုက်မှ ထုတ်လွှတ်လာသော လိုအင်ဆန္ဒက သက်သေပြုပေးနိုင်သည်။

သို့သော်လည်း…

အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တစ်ခဏကြာ စဉ်းစားပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ကောင်းပြီ ”

“ ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး… ငါမင်းကို စကားအများကြီး မပြောနိုင်ဘူး… အခုချိန်မှာ ငါ့ရဲ့ အဓိကစိတ်အာရုံက မင်ဖေးနဲ့ တိုက်ခိုက်ဖို့ အာရုံစိုက်ထားရတယ်… မင်းလုပ်ရမှာက ဒီနေရာမှာ အပျက်အစီးတွေဖြစ်ပေါ်လာအောင် ဖန်တီးဖို့ပဲ… အဲ့ဒါဆိုရင် မင်ဖေးရဲ့ တာအိုအရိပ်က မင်းကို တားဆီးဖို့ ဆင်းသက်လာလိမ့်မယ် ”

“ ပြီးတော့ မင်းရဲ့ ဘေးကင်းလုံခြုံမှုက ငါ့ရဲ့ တာဝန်ပါ… ငါ့ကို ဒီတစ်ခုတော့ ကူညီပေးပါ… ဒီကိစ္စတွေပြီးသွားရင် သစ်စိမ်းဘိုးဘေးက သူ့ကတိကို မမေ့ပါဘူး ”

ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်နေသော အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ထို့နောက် မရေမတွက်နိုင်သော အလင်းအစက်အပြောက်များသည် အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာကြပြီး အပေါ်သို့ မြှောက်တတ်သွားကြသည်။ ယင်းတို့က ၎င်း၏ နတ်ဘုရားစိတ်အာရုံကို ကိုယ်စားပြုဟန် ရသည်။ ထို့နောက် အလင်းအစက်အပြောက်များသည် ကောင်းကင်ပေါ်သို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။

စေတီအပျက်ပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းသည် ကောင်းကင်ပေါ်မှာ ပျောက်ကွယ်သွားသော အလင်းအစက်အပြောက်များထံမှ အကြည့်ပြန်ရုပ်လိုက်သည်။

သူ၏ အမူအရာသည် ခံစားချက်ကင်းမဲ့ပြီး ကန်ရေပြင်ပမာ တည်ငြိမ်သည်။ သူ့ကို စိတ်ပျံ့လွင့်စေမည့် အတွေးများ မရှိပေ။ သူက သူ့အရှေ့မှ သမိုင်းမှတ်တမ်းကျောက်ပြားကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်ပြား၏ အစွမ်းကို လွင့်ပြယ်သွားစေသည်။

ထိုအခါ သမိုင်းကြောင်းကို မှတ်တမ်းတင်ထားသော ဧရာမကျောက်ပြားသည် ကြေမွပျက်စီးသွားပြီး မူလအပိုင်းအစများအဖြစ်သို့ ပြန်ပြောင်းလဲသွားကာ မြေပြင်ပေါ်တွင် ပြန့်ကျဲသွားကြသည်။ ယင်းတို့က ဖုန်မှုန့်ဖြင့် ထပ်မံ ဖုံးလွှမ်းခံလိုက်ရသည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စေတီအပျက်ပေါ်မှာ ထိုင်ချလိုက်သည်။ သစ်စိမ်းဘိုးဘေး၏ စကားအရ မင်ဖေး၏ တာအိုအရိပ်ကို သူမျှားခေါ်ချင်လျှင် အပျက်အစီးများကို ဖန်တီးရလိမ့်မည်။

“ အဲ့လောက် ဒုက္ခခံနေစရာ မလိုပါဘူး ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်လုံးသည် အနက်ရောင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ဒုတိယနတ်ဘုရားရတနာသိုက်သည် တုန်ယင်သွားပြီး တားမြစ်အဆိပ်စွမ်းအားက ပေါ်လျှိုးထွက်လာကာ သူ၏ မျက်လုံးထဲသို့ ပေါင်းစပ်သွားသည်။

သူ၏ အကြည့် ကျရောက်သွားသည့်နေရာတိုင်း တားမြစ်အဆိပ်က ပျံ့နှံ့သွားလိမ့်မည်။

သူက အပျက်အစီးများကို ကြည့်လိုက်သည်။ အဆောက်အဦးအားလုံးသည် ချက်ချင်း ဝေဝါးသွားသည်။ လမ်းများသည်လည်း ထို့အတူပင်။ တားမြစ်အဆိပ်သည် မြူခိုးအဖြစ် အသွင်ပြောင်းလဲသွားပြီး အရာအားလုံးကို ပုံပျက်တွန့်လိမ်စေသည်။

သူက ဘေးပတ်ဝန်းကျင်မှ ကုန်းမြေကို ကြည့်လိုက်သည်။ ဤလောက၏ မီးခိုးရောင်ကုန်းမြေသည် မင်ရည်ဖြင့် စွန်းထင်ခံလိုက်ရသည့်အလား နက်မှောင်သွားသည်။ တားမြစ်အဆိပ်၏ အရှိန်အဝါသည် အဆိပ်ငွေ့အဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် သူက ကောင်းကင်ကို ကြည့်လိုက်သည်။ ကောင်းကင်သည် ပရမ်းပတာ လှုပ်ခါသွားသည်။ ကောင်းကင်ကို ဖုံးလွှမ်းထားသော မြူခိုးထဲတွင် ရွှီချင်း၏ တားမြစ်အဆိပ်မြူခိုးက ထပ်လောင်း ထွက်ပေါ်လာသည်။ ထိုနှစ်ခုက မရောနှောသွားပေ။ ယင်းအစား ဆီပူအိုးထဲသို့ ရေစက်ကျသွားသည့်အလား ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။

ရွှီချင်း၏ အကြည့် ကျရောက်သွားသည့်နေရာတိုင်း နတ်ဘုရားကျိန်စာက ဆင်းသက်လာလိမ့်မည်။

လောကသည် ဝုန်းခနဲ လှုပ်ခါသွားပြီး မြူခိုးသည် ပိုပြီးကြမ်းကြုတ်လာသည်။

မကြာမီ သူ၏ အကြည့် ကျရောက်သွားသော နေရာတိုင်းမှ တားမြစ်အဆိပ်သည် အပေါ်သို့ ဆက်လက် မြှောက်တတ်သွားပြီး စေတီအပျက်၏ ကောင်းကင်ပေါ်တွင် စုဝေးသွားသည်။ ယင်းက တခြားနေရာများမှ မြူခိုးနှင့် လုံးဝခြားနားသည်။

ပေါက်ကွဲသံများသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။

ကောင်းကင်ပေါ်မှာ ဝဲကတော့နှစ်ခု ထွက်ပေါ်လာကြောင်း မြင်နိုင်လိမ့်မည်။ ဝဲကတော့တစ်ခုသည် အလယ်ဗဟိုမှာရှိပြီး ဝဲကတော့ထဲမှာ ရွှီချင်း၏ တားမြစ်အဆိပ်ရှိသည်။ ယင်းက မြန်ဆန်စွာ လှည့်ပတ်နေပြီး ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဒုတိယဝဲကတော့သည် တားမြစ်အဆိပ်ဝဲကတော့ကို ဝန်းရံထားသည်။ ယင်းက ဤလောက၏ အဆိပ်မှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဆန့်ကျင်ဘက် ဦးတည်ရာဆီသို့ လှည့်ပတ်နေသည်။ ယင်းက အံ့အားသင့်ဖွယ်ကောင်းစွာ အလွန်ကျယ်ပြောသည်။

ဝဲကတော့နှစ်ခုစလုံးသည် တစ်ချိန်တည်းမှာ ဆန့်ကျင်ဘက် ဦးတည်ရာဆီသို့ လှည့်ပတ်နေကြပြီး ဆုတ်ဖြဲသော စိတ်ဆန္ဒကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဟင်းလင်းပြင်သည် အက်ကွဲသွားပြီး အလင်းရောင်သည် ပုံပျက်တွန့်လိမ်သွားသည်။

အချိန်ကြာလာသည်နှင့်အမျှ ယင်းတို့က ပိုပြီးအားကောင်းလာပြီး ဆက်လက် ပေါက်ကွဲသွားသည်။ ကြမ်းတမ်းသော လေပြင်းသည် မြေပြင်ကို တိုက်ခတ်လာပြီး မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

အဝေးမှကြည့်လျှင် ကောင်းကင်နှင့်မြေပြင်က ပြိုကျပျက်စီးတော့မည့်ဟန် ရ၏။

ရွှီချင်းသာလျှင် ဝဲကတော့အောက်မှ စေတီအပျက်ပေါ်မှာ ထိုင်နေပြီး ကောင်းကင်ကို အေးဆေးတည်ငြိမ်စွာ စိုက်ကြည့်နေသည်။

သူ၏ ဆံပင်ရှည်နှင့် အဝတ်အစားများသည် မုန်တိုင်းထဲမှာ တဖျပ်ဖျပ်လွင့်မျောနေသည်။ ယင်းကို သူ၏ ချောမောခန့်ညားသော အသွင်အပြင်နှင့် တွဲဖက်မြင်လိုက်သည့်အခါ သူက အင်မော်တယ်တစ်ပါး သို့မဟုတ် နတ်ဘုရားတစ်ပါးပမာ အောက်မေ့ရသည်။

နောက်အခိုက်အတန့်မှာ နွားအော်သံသည် ကောင်းကင်ပေါ်မှ မြည်ဟိန်းထွက်လာသည်။ ထိုအသံသည် နားကွဲလုမတတ် ကျယ်လောင်ပြီး လောကကြီးကို တုန်လှုပ်သွားစေသည်။

ထို့ပြင် ထိုအသံထဲမှာ လျှပ်စီးနှင့် အသေးစားနိယာမများလည်း ပါရှိသည်။ ထိုအသံက ပျံ့လွင့်သွားသည့်အခါ ကောင်းကင်သည် ဆက်လက် မပျက်စီးတော့သလို မြေပြင်သည် ဆက်ပြီး မအက်ကွဲတော့ပေ။ ဝဲကတော့များသည်လည်း ရပ်တန့်သွားသည်။

တိုက်ခတ်နေသော လေသည်လည်း ရပ်တန့်သွားသည်။

မြူခိုးသည်သာ အပြင်းအထန် လှုပ်ခါလာပြီး ကောင်းကင်ပေါ်မှ ရေတံခွန်ပမာ ကျဆင်းလာသည်။ ယင်းက ဇောက်ထိုးပန်းပွင့်တစ်ပွင့်ပမာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ သားရဲတစ်ကောင်သည် ထိုမြူခိုးထဲမှ ထွက်လျှောက်လာသည်။

ထိုသားရဲ၏ ခန္ဓာကိုယ်သည် နွားတစ်ကောင်နှင့် ဆင်တူသည်။ ၎င်း၏ ဦးခေါင်းသည် အဖြူရောင်ဖြစ်ပြီး မျက်နှာပေါ်မှာ ဧရာမမျက်လုံးတစ်လုံးသာ ရှိသည်။ ၎င်း၏ မျက်လုံးထဲတွင် ဒေါင်လိုက်သဏ္ဍာန် သူငယ်အိမ်ရှိသည်။ ၎င်း၏ အမြှီးသည် စပါးအုံးမြွေတစ်ကောင်နှင့် ဆင်တူပြီး ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။

၎င်းက လျှောက်လှမ်းလာနေစဉ် မဟာကပ်ဘေးနှင့် ဆင်တူသော ရှေးဟောင်းအဆိပ်က ၎င်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။

၎င်းက လေထဲမှာ လမ်းလျှောက်နေစဉ် လေသည် ယိုယွင်းပျက်စီးသွားပုံပေါ်သည်။

၎င်းက ဟင်းလင်းပြင်ပေါ်သို့ ခြေချလိုက်သည့်အခါ ဟင်းလင်းပြင်က ပြိုကျပျက်စီးသွားပုံပေါ်သည်။

၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း အဆိပ်ကပ်ဘေးက ပျံ့နှံ့ထွက်လာပြီး ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ၎င်းက ရွှီချင်းဆီသို့ သတ်ဖြတ်ချင်သော စိတ်ဆန္ဒနှင့်အတူ ပြေးထွက်သွားသည်။

၎င်း၏ အသွင်အပြင်သည် ကြယ်တာရာကောင်းကင်ပေါ်မှာ ရွှီချင်းမြင်တွေ့ခဲ့သော မင်ဖေးနှင့် အတူတူသာ ဖြစ်သည်။ သို့သော်လည်း ကြယ်တာရာကောင်းကင်ပေါ်မှ ၎င်း၏ အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် ဤမင်ဖေးသည် အလွန်အမင်း သေးငယ်သည်။

အကယ်၍ သေမျိုးတစ်ယောက်က ၎င်းကို မြင်တွေ့သွားလျှင် ထိုသူက သေချာပေါက် ထိတ်လန့်သွားလိမ့်မည်။ သို့သော်လည်း ရွှီချင်း၏ မျက်လုံးထဲမှာတော့ ထိုသားရဲ၏ အဆိပ်ကပ်ဘေးက အံ့ဖွယ်ကောင်းသော်လည်း မင်ဖေး၏ တာအိုအရိပ်၏ တိုက်ပွဲစွမ်းအားသည် ဗလာနတ္ထိပထမအဆင့်မှာသာ ရှိသည်။

သို့သော်လည်း ရွှီချင်းသည် ယင်းကို မအံ့ဩပေ။ မင်ဖေး၏ အဆိပ်ကပ်ဘေးက ပေါ်လျှိုးလာသည်နှင့်ချက်ချင်း သူက လက်မြှောက်လိုက်ပြီး အရှေ့သို့ တွန်းလွှတ်လိုက်သည်။

လောကသည် တုန်ယင်သွားပြီး မရေမတွက်နိုင်သော ဝိညာဉ်ချည်မျှင်များက ပျံသန်းထွက်လာကြသည်။ ယင်းတို့က လေထဲမှာ ဧရာမလက်ဝါးအဖြစ် ဖွဲ့စည်းသွားသည်။ ထို့နောက် ဧရာမလက်ဝါးသည် နတ်ဘုရားတစ်ပါး၏ လက်သဖွယ် မင်ဖေး၏ တာအိုအရိပ်ကို ဖမ်းဆုပ်လိုက်သည်။

ထို့နောက် ဧရာမလက်သည် တာအိုအရိပ်ကို အကြင်နာမဲ့စွာ ဖျစ်ညှစ်လိုက်သည်။

ဗုန်းဟူသော မြည်သံနှင့်အတူ လွန်ခဲ့သော တစ်စက္ကန့်က ကြောက်စရာကောင်းစွာ ထွက်ပေါ်လာခဲ့သော မင်ဖေးသည် ရွှီချင်း၏ ဧရာမလက်ဝါးအောက်မှာ ချေမွခံလိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ဖျက်ဆီးခံလိုက်ရသည်။

သို့သော်လည်း ဝိညာဉ်ချည်မျှင်များမှ ဖွဲ့စည်းထားသော ဧရာမလက်က ရွှီချင်းဆီသို့ ပြန်သွားတော့မည့်အချိန် လက်ဝါးမှ ဝိညာဉ်ချည်မျှင်(၃၀)ရာခိုင်နှုန်းက ရုတ်တရက် တုန်ယင်သွားပြီး အနက်ရောင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ မကျေမချမ်းစိတ်သည်ပင် ယင်းတို့ထံမှ ထွက်ပေါ်လာသည်။

ယင်းက မြန်ဆန်စွာ ပျံ့နှံ့သွားပြီး လက်ဝါးတစ်ခုလုံးကို ဖုံးလွှမ်းချင်နေဟန် ရ၏။

ယင်းက ဖေးအဆိပ်ဖြစ်သည်။

ပထမဆုံးအကြိမ် ရွှီချင်း၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။ သူက လေထဲမှ လက်ဝါးကို ဂရုမစိုက်ပေ။ ယင်းအစား သူက လက်ကို မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ထိုအခါ အနက်ရောင်ဝိညာဉ်ချည်မျှင်တစ်မျှင်သည် သူ့ဆီသို့ တန်းမတ်စွာ ပျံသန်းလာပြီး သူ၏ လက်ထဲသို့ ကျရောက်သွားသည်။

ရွှီချင်းသည် အဆိပ်တာအိုကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ပြီး အတွေ့အကြုံများစွာ ရှိသည်။ ဤအခိုက်အတန့်မှာ သူ၏ အကြည့်က လက်ဖဝါးပေါ်မှ အနက်ရောင်ဝိညာဉ်ချည်မျှင်ပေါ်သို့ ကျရောက်သွားသည်။ ယင်းကို လေ့လာကြည့်ပြီးနောက် သူက နက်နဲစွာ တွေးတောလိုက်သည်။ ထို့နောက် သူက ရုတ်တရက် အသက်ရှူသွင်းလိုက်သည်။

ချက်ချင်းဆိုသလို အနက်ရောင်ဝိညာဉ်ချည်မျှင်သည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

နောက်အခိုက်အတန့်မှာ မိန်းမောတွေဝေသော အမူအရာသည် ရွှီချင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ မိစ္ဆာစိတ်ဆန္ဒသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သို့သော်လည်း ရွှီချင်းက ယင်းကို စက္ကန့်ပိုင်းအတွင်းမှာ ဖိနှိပ်လိုက်သည်။ တားမြစ်အဆိပ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားကာ အရာအားလုံးကို လွှမ်းခြုံသွားသည်။

ယင်းက အနက်ရောင်ဝိညာဉ်ချည်မျှင်ကို လွင့်ပြယ်သွားစေသည်။ ဤသည်မှာ ၎င်းက သန့်စင်ခံလိုက်ရသည့်အလားပင်။

သို့သော်လည်း သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အကြည့် ထွက်ပေါ်လာသည်။

“ ဒီအဆိပ်က နတ်ဘုရားတွေကို ပစ်မှတ်ထားတာပဲ ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ယခု သူက ဖေးအဆိပ်ကို ပိုပြီးကောင်းမွန်စွာ နားလည်သွားသည်။

မင်ဖေး၏ အဆိပ်သည် အမှန်တကယ်ပင် နတ်ဘုရားများအပေါ် မကျေမချမ်းစိတ်မှ မွေးဖွားလာခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းက နတ်ဘုရားအစွမ်းများကို ညစ်ညမ်းစေနိုင်သည်။ ထို့ပြင် ယင်းက နတ်ဘုရား၏ ရောင်ဝါတောက်ပမှုကို ပျောက်ကွယ်သွားစေပြီး ပိုပြီးနိမ့်ကျသော အဆင့်သို့ ရောက်ရှိသွားစေနိုင်သည်။ နတ်ဘုရားများအပေါ် သက်ရောက်မှုရှိသော အဆိပ်သည် အလွန်ရှားပါးသည်။

ရွှီချင်းသည် အစောနတုန်းက ဖေးအဆိပ်၏ တစ်စိတ်တစ်ပိုင်းကို စုပ်ယူခဲ့ပြီး စူးစမ်းလေ့လာခဲ့သည်။ ယင်းက အမျှင်တန်းတစ်ခုမျှသာဖြစ်သော်လည်း သူ၏ နတ်ဘုရားသဘာဝ၊ လူသားသဘာဝနှင့် သားရဲသဘာဝ၏ မျှခြေညီမှုကို ယာယီပျက်စီးစေခဲ့သည်။

“ စိတ်ဝင်စားစရာပဲ ”

ရွှီချင်းသည် နှုတ်ခမ်းသပ်လိုက်သည်။ ဤသည်မှာ တားမြစ်အဆိပ်အား ခုခံနိုင်သော အဆိပ်ကို ပထမဆုံးအကြိမ် သူတွေ့ကြုံဖူးခြင်း ဖြစ်သည်။ ထိုအဆိပ်တွင် တမူထူးခြားသော အာနိသင်များမရှိသော်လည်း ယင်းက နတ်ဘုရားအစွမ်းများပေါ်မှာ ကြီးမားသော သက်ရောက်မှုရှိသည်။

ထို့ကြောင့် သူ၏ မျက်လုံးထဲမှာ တားမြစ်အဆိပ်ကို အသက်သွင်းလိုက်ပြီး လေထဲမှ ဝိညာဉ်ချည်မျှင်လက်ဝါးကို စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်က ကျရောက်သွားသည်နှင့်ချက်ချင်း တားမြစ်အဆိပ်နှင့် ဖေးအဆိပ်သည် လက်ဝါးကို စစ်မြေပြင်အဖြစ် သဘောထား၍ အပြန်အလှန် တိုက်ခိုက်လိုက်ကြသည်။

လောကသည် ထပ်မံ တုန်လှုပ်သွားသည်။ မင်ဖေးသေဆုံးသွားခဲ့သော နေရာတွင် ဤလောကထဲမှ မြူခိုးသည် ထပ်မံစုဝေးသွားသည်။ ထို့နောက် မင်ဖေး၏ ခန္ဓာကိုယ်သည် အတုအယောင်မှ အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားကာ ထပ်မံ ဖွဲ့စည်းသွားသည်။ ထို့ပြင် ၎င်း၏ တိုက်ပွဲစွမ်းအားသည် ယခင်ထက် အနည်းငယ် မြင့်တတ်သွားသည်။ ၎င်းက ပြန်လည်ဖွဲ့စည်းပြီးသည်နှင့်ချက်ချင်း ဟိန်းဟောက်လိုက်ပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ရွှီချင်းသည် ညာလက်ကို မြှောက်လိုက်ပြီး အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ဝိညာဉ်ချည်မျှင်များကို ကြားခံနယ်အဖြစ် အသုံးမပြုတော့ပေ။ ယင်းအစား သူ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို အသုံးပြု၍ အဝေးမှ မင်ဖေးကို ဖမ်းဆုပ်လိုက်ပြီး သူ့အရှေ့သို့ ဆွဲခေါ်လိုက်သည်။

မင်ဖေးသည် မရုန်းကန်နိုင်ပေ။ ၎င်းက ပါးစပ်ဟရုံသာ တတ်စွမ်းပြီး အဆိပ်မြူခိုးကို အရပ်ရှစ်မျက်နှာဆီသို့ မှုတ်ထုတ်လိုက်သည်။

သို့သော်လည်း ရွှီချင်းသည် အဆိပ်မြူခိုးကို ဂရုမစိုက်ပေ။ သူက မင်ဖေးကို သူ့အရှေ့မှာ ထားပြီး ခန္ဓာကိုယ်ကို ဖွင့်လှစ်ရန် ပိုင်းဖြတ်လိုက်သည်။ သူက မင်ဖေး၏ ခန္ဓာကိုယ်အတွင်းပိုင်းကို သေချာစိုက်ကြည့်လိုက်ပြီး စတင်လေ့လာလိုက်သည်။

သူက မင်ဖေး၏ ခန္ဓာကိုယ်တည်ဆောက်ပုံ၊ ဝိညာဉ်တည်ဆောက်ပုံနှင့် မည်သို့မည်ပုံ အဆိပ်ဖြစ်ပေါ်လာကြောင်း စူးစမ်းလေ့လာချင်သည်။

ရွှီချင်း၏ အပြုအမူက မင်ဖေးကိုပင် အံ့ဩသွားစေသည်။ ၎င်းက ပိုပြီးကြမ်းတမ်းစွာ ရုန်းကန်လိုက်သည်။ သို့သော်လည်း ၎င်းတို့ကြားမှ စွမ်းအားကွာခြားမှုကြောင့် အဆိပ်ကို အသုံးပြုရန်မှတပါး ၎င်းမှာ တခြားရွေးချယ်စရာ မရှိပေ။

သို့သော်လည်း ဖေးအဆိပ်သည် အမှန်တကယ် ကြမ်းကြုတ်သည်။ မင်ဖေးက ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် မှုတ်ထုတ်လိုက်သည့်အခါ အဆိပ်သည် ဘေးပတ်ဝန်းကျင်သို့ စွန်းထင်သွားပြီး နတ်ဘုရားအစွမ်းပေါ် သက်ရောက်သွားသည်။ ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ အနက်လှံက သူ၏ ဘေးမှာ ထွက်ပေါ်လာသည်။ လှံသည် မင်ဖေး၏ ဦးခေါင်းကို ဖောက်ထွင်းသွားပြီး ၎င်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို နောက်တစ်ကြိမ် ဖျက်ဆီးပစ်လိုက်သည်။

“ သူ့ရဲ့ ခန္ဓာကိုယ်က ပုံရိပ်ယောင်ဖြစ်ပြီး သူ့ရဲ့ ဝိညာဉ်က ဝေဝါးနေတယ်… သူက မကျေမချမ်းစိတ်ကနေ တကယ် မွေးဖွားလာတာပဲ… ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မကျေမချမ်းစိတ်ဆန္ဒ လည်ပတ်တဲ့ နည်းလမ်းက နည်းနည်း စိတ်ဝင်စားဖို့ကောင်းတယ်… ”

“ အဲ့ဒါရဲ့ အနှစ်သာရကို နားလည်ဖို့ အကြိမ်ရေအနည်းငယ် ငါခွဲခြမ်းစိတ်ဖြာရလိမ့်မယ်… ”

ရွှီချင်းသည် မင်ဖေးသေဆုံးသွားသော နေရာကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားပြီး သူ၏ နှလုံးသားထဲမှာ မျှော်လင့်မှု ထွက်ပေါ်လာသည်။

အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် မင်ဖေးသည် ရွှီချင်း၏ အရှေ့မှာ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ၎င်းက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဟိန်းဟောက်ရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ဧရာမလက်က ၎င်းပေါ်သို့ ချက်ချင်း ကျရောက်လာသည်။

သူက မင်ဖေးကို ဆုပ်ကိုင်လိုက်ပြီး ၎င်းကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။ သူက ၎င်း၏ ခန္ဓာကိုယ်၊ စပါးအုံးမြွေအမြှီးနှင့် ခြေလက်များကို ဖြတ်တောက်ပစ်လိုက်ပြီး ယင်းတို့တစ်ခုချင်းစီကို ဂရုတစိုက် စစ်ဆေးလေ့လာလိုက်သည်။

All Chapters