← Chapters

နတ်ဘုရား၏ ညစ်ညမ်းမှုငါးမျိုး

Vol. 85 Ch. 1299

နတ်ဘုရား၏ ညစ်ညမ်းမှုငါးမျိုး

Vol. 85 Ch. 1299

ရွှီချင်းသည် အလျင်မလိုပေ။ မင်ဖေးကို ပထမဆုံးအကြိမ် သူသတ်ခဲ့သည့်အချိန်မှလွဲ၍ နောက်ပိုင်းအကြိမ်များတွင် ခွဲခြမ်းစိတ်ဖြာရန်နှင့် စူးစမ်းလေ့လာရန်သာ အာရုံစိုက်ခဲ့သည်။

ဆယ်ကြိမ်ထက်မနည်း မင်ဖေးသေဆုံးသွားရသည့် အကြောင်းအရင်းများသည် ခြားနားသည်။ တစ်ခါတစ်ရံ မင်ဖေးသည် ခွဲခြမ်းစိတ်ဖြာခံနေရရင်း သေဆုံးသွားခဲ့သည်။

အချိန်အများစုတွင် မင်ဖေး၏ အဆိပ်က အလွန်ပြင်းထန်သောကြောင့် ဘေးပတ်ဝန်းကျင်သည် ညစ်ထေးလာပြီး ရွှီချင်း၏ နတ်ဘုရားအစွမ်းသည် သက်ရောက်ခံလိုက်ရသည်။ ယင်းက သူ၏ သုတေသနပြုလုပ်မှုကို အခက်တွေ့စေသည်။

သို့သော်လည်း ယင်းက ပြဿနာကြီးမဟုတ်ပေ။ မင်ဖေးသည် သေဆုံးသွားတိုင်း အသက်ရှူချိန်အနည်းငယ်ကြာပြီးမှ ပြန်ရှင်လာလိမ့်မည်။ ထိုအချိန်သည် ရွှီချင်းအတွက် တစ်ဖက်လူ၏ အဆိပ်ကို ဝိညာဉ်ချည်မျှင်များဖြင့် သွေးဆောင်ပြီး အဝေးသို့ ပို့ဆောင်ပစ်ရန် လုံလောက်သည်။

ထိုနည်းလမ်းသည် မင်ဖေး၏ အဆိပ်ကို ယာယီလွင့်ပြယ်စေရန် သူစဉ်းစားမိသော နည်းလမ်းဖြစ်သည်။ မည်သို့ဖြစ်ပါစေ ဖေးအဆိပ်က နတ်ဘုရားအစွမ်းကို အဓိကပစ်မှတ်ထားခြင်း မဟုတ်ပါလော။ ရွှီချင်း၏ ဝိညာဉ်ချည်မျှင်များက နတ်ဘုရားအရင်းအမြစ်မှ ဖြစ်ပေါ်လာခြင်းဖြစ်လေရာ ထိုထဲမှာ ရွှီချင်း၏ နတ်ဘုရားအစွမ်း ပါရှိသည်။

ရွှီချင်း၏ တားမြစ်အဆိပ်သည်တော့ မင်ဖေး၏ အဆိပ်ကို ဆက်ပြီး ခုခံနေသည်။

သို့ဖြစ်၍ ပိုမိုများပြားသော ဝိညာဉ်ချည်မျှင်များက ဖေးအဆိပ်ကြောင့် ညစ်ထေးသွားပြီး အပျက်အစီးများကြားထဲမှာ ပြန့်ကျဲသွားကြသည်။

သို့တိုင်အောင် ရွှီချင်သည် ဆက်ပြီး သုတေသနပြုလုပ်နေဆဲပင်။

မင်ဖေး၏ တိုက်ပွဲစွမ်းအားသည် ၎င်းအသက်ပြန်ရှင်လာသည့်အခါတိုင်း ပိုပြီးသန်မာလာသည်။ ယခု ၎င်းက ထပ်မံ အသက်ပြန်ရှင်လာသည့်အခါ ၎င်း၏ တိုက်ပွဲစွမ်းအားက ဗလာနတ္ထိဒုတိယအဆင့်နှင့် နှိုင်းယှဉ်နိုင်သွားသည်။

၎င်း၏ အရှိန်အဝါသည် အံ့ဖွယ်ကောင်းပြီး ၎င်း၏ ဟိန်းသံသည် နတ်ဘုရားတစ်ပါး၏ ဟိန်းသံနှင့်ဆင်တူသည်။ ၎င်း၏ အဆိပ်သည်လည်း ပိုပြီးပြင်းထန်လာသည်။ ယင်းက ကပ်ဘေးကိုပင် ခေါ်ဆောင်လာသည်။

သို့သော်လည်း နောက်ဆုံးရလဒ်သည် သိပ်မခြားနားသွားပေ။ မင်ဖေး၏ တိုက်ပွဲစွမ်းအားက မည်မျှတိုးမြှင့်သွားပါစေ ရွှီချင်းက ၎င်းကို အလွယ်တကူ ဖမ်းဆုပ်လိုက်ပြီး သူ့အနားသို့ ခေါ်ဆောင်လိုက်သည်။

သူက မင်ဖေး၏ ခန္ဓာကိုယ်ကို ခွဲခြမ်းစိတ်ဖြာလိုက်ပြီး သူ၏ သုတေသနမှာ အာရုံစူးစိုက်လိုက်သည်။

ရွှီချင်းသည် သင်ယူခြင်းနှင့် စူးစမ်းလေ့လာခြင်းတွင် အမြဲတမ်း ဇွဲကောင်းပြီး အလေးအနက်ထားသည်။

ယင်းကို ချီယွဲ့ထုံဂိုဏ်းမှာ သူရှိနေခဲ့စဉ်က အပြည့်အဝ ဖော်ပြခဲ့သည်။ လူဆိုးထိန်းဌာန၏ အကျဉ်းထောင်ထဲမှ အကျဉ်းသားများက ယင်းကို သက်သေပြုပေးနိုင်သည်။

ယင်းက ရွှီချင်း၏ အဆိပ်တာအို ဤအဆင့်သို့ ရောက်ရှိလာရသည့် အရေးကြီးဆုံး အကြောင်းအရင်းလည်း ဟုတ်သည်။

မည်သို့ဖြစ်ပါစေ ရွှီချင်းသည် အသိပညာကို ရိုသေလေးစားသည်။

ဤအခိုက်အတန့်မှာ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ အနက်ရောင်လှံသည် မင်ဖေး၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။ သူက မင်ဖေးကို သတ်ပစ်ရခြင်းမှာ ၎င်းက သူ၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မတောင့်ခံနိုင်၍ ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် ကြံစည်နေသောကြောင့် ဖြစ်သည်။

မင်ဖေး၏ ခန္ဓာကိုယ်တည်ဆောက်ပုံသည် အနည်းငယ် ထူးဆန်းသည်။

သို့သော်လည်း အဆိပ်က မည်သို့မည်ပုံဖြစ်ပေါ်လာကြောင်းနှင့်ပတ်သက်ပြီး တစ်ခုနှစ်ခု သူသိသွားသည်။

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက နက်နဲစွာ တွေးတောနေစဉ် ဖေးအဆိပ်ကို အဝေးသို့ ပို့လွှတ်ပစ်ရန် မမေ့ခဲ့ပေ။ ထို့ကြောင့် သူက ဝိညာဉ်ချည်မျှင်များကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဖေးအဆိပ်နှင့် သူ၏ ဘေးပတ်ပတ်လည်မှ အဆိပ်မြူခိုးကို အဝေးသို့ မျှားခေါ်သွားစေသည်။

ထို့နောက် သူက မင်ဖေးသေဆုံးသွားသော နေရာကို စိုက်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် သုတေသနပြုလုပ်ရန် ပြင်ဆင်လိုက်သည်။

ဤတစ်ကြိမ်တွင် သူက မင်ဖေး၏ ဝိညာဉ်ကို လေ့လာချင်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဤလောကထဲမှ မြူခိုးသည် ရုတ်တရက် လှုပ်ခါလာပြီး ပင်လယ်တစ်စင်းပမာ တအိအိလှိုင်းထလာသည်။ နောက်အခိုက်အတန့်မှာ မြူခိုးသည် မင်ဖေးသေဆုံးသွားခဲ့သော နေရာဆီသို့ ဦးတည်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မင်ဖေးသည် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

မင်ဖေးထွက်ပေါ်လာသည်နှင့်ချက်ချင်း ဗလာနတ္ထိတတိယအဆင့် ကျင့်ကြံခြင်းအရှိန်အဝါသည် ၎င်းထံမှ ပေါ်လျှိုးလာသည်။ အရှိန်အဝါက ဘေးပတ်ဝန်းကျင်မှ မြူခိုးကို ရိုက်ခတ်သွားသည်နှင့် မင်ဖေးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် ၎င်းက ရူးသွပ်မှု၊ မုန်းတီးမှုနှင့်အတူ ရွှီချင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပြေးသွားသည်။

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ ဦးခေါင်းပေါ်မှ အနက်ရောင်လှံသည် ချက်ချင်း အရှေ့သို့ ပျံသန်းထွက်သွားသည်။ ပျံသန်းလာနေသော အနက်ရောင်လှံကို မြင်လိုက်ရသောအခါ ထိုလှံအောက်မှာ အကြိမ်ကြိမ် အသတ်ခံခဲ့ရသော မင်ဖေးသည် ရုတ်တရက် ဝေဝါးလာပြီး အနက်ရောင်လှံကို ရှောင်ရှားလိုက်သည်။ နောက်အခိုက်အတန့်မှာ ၎င်းက ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာပြီး အဆိပ်ကို မှုတ်ထုတ်ရန် ပါးစပ်ဟလိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ကောင်းကင်ဘုံဆေဘာဓားက ဆင်းသက်လာသည်။

မင်ဖေး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး နှစ်ခြမ်းပိုင်းဖြတ်ခံလိုက်ရသည်။ ၎င်းက နေရာမှာတင် ပျက်စီးသွားသည်။

၎င်းသေဆုံးသွားသည်နှင့် ရွှေကျီးကန်းသည် ရွှီချင်း၏ အနောက်မှာ ထွက်ပေါ်လာပြီး စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ ထို့နောက် ၎င်းက မင်ဖေး၏ အလောင်းကို အကြမ်းပတမ်း စုပ်ယူလိုက်သည်။

သို့သော်လည်း မင်ဖေးက ဖျက်ဆီးခံလိုက်ရသဖြင့် ရွှေကျီးကန်းသည် ဘာမှမစုပ်ယူနိုင်ခဲ့ပေ။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

ရွှေကျီးကန်းက မင်ဖေး၏ ဝိညာဉ်ကို မစုပ်ယူနိုင်ခဲ့ကြောင်း သူအာရုံခံနိုင်သည်။

သူ၏ လုပ်ဆောင်မှုက တားမြစ်ချက်တချို့ကို ဖောက်ဖျက်သွားဟန် ရ၏။ ထို့ကြောင့် ဤလောကထဲမှ မြူခိုးသည် ရုတ်တရက် ပိုပြီးကြမ်းကြုတ်လာသည်။ ကောင်းကင်ပေါ်မှ ဝဲကတော့သည်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ဝုန်းခနဲ မြည်ဟိန်းသွားသည်။

အမှန်မှာ ကောင်းကင်နှင့်မြေပြင်ကြားတွင် လျှပ်စီးများပင် ထွက်ပေါ်လာသည်။ ကောင်းကင်သည် ပုံပျက်တွန့်လိမ်လာပြီး မြေပြင်သည် တုန်လှုပ်သွားသည်။ ဟိန်းသံများသည် ဟင်းလင်းပြင်ထဲမှ ဆက်တိုက် ပဲ့တင်ထပ်လာသည်။

ထို့နောက် ကောင်းကင်ပေါ်မှ ဝဲကတော့သည် ရုတ်တရက် ပေါက်ကွဲသွားပြီး ပေတစ်သောင်းရှည်လျားသော မင်ဖေးက အထဲမှ ထွက်လျှောက်လာသည်။

၎င်း၏ ခန္ဓာကိုယ်သော်လည်းကောင်း အရှိန်အဝါသော်လည်းကောင်း အစောနက ကောင်ထက် အများကြီး ပိုသန်မာသည်။ ၎င်းသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ဟိန်းသံက အလွန်ကျယ်လောင်လေရာ ကမ္ဘာမြေက နှစ်ခြမ်းကွဲသွားတော့မည့်ဟန် ရ၏။

ရွှီချင်းက မလှုပ်ရှားခင်မှာ ၎င်းက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး အကြမ်းပတမ်း စုပ်ယူလိုက်သည်။

ဤလောကထဲမှာရှိသော မြူခိုးသည် ပရမ်းပတာ လှုပ်ခါသွားပြီး အရပ်မျက်နှာအသီးသီးမှ စုဝေးသွားကာ မင်ဖေး၏ ပါးစပ်ထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ လောကသည် ကြည်လင်သွားပြီး မြူခိုးအားလုံးသည် မင်ဖေး၏ စုပ်ယူခံလိုက်ရသည်။

၎င်း၏ အရှိန်အဝါသည် ကြီးကျယ်မြင့်မြတ်မှုဖြင့် ပြည့်နှက်သွားသည်။

ထို့ပြင် ၎င်းက ပြင်ပလောကမှ မြူခိုးကိုသာ စုပ်ယူခဲ့ခြင်းမဟုတ်ပေ။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ အဆိပ်ကိုလည်း စုပ်ယူခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ပေတစ်သောင်းရှည်လျားသော ၎င်း၏ ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ပိန်ချုံးသွားသည်။ ဤသည်မှာ ၎င်း၏ ခန္ဓာကိုယ်က စုပ်ယူခံလိုက်ရသည့်အလားပင်။ နောက်အခိုက်အတန့်မှာ ၎င်း၏ ခန္ဓာကိုယ်သည် ခြောက်သွေ့သွားပြီး မျက်နှာပေါ်မှ မျက်လုံးသည်သာ ထင်ရှားလာသည်။ ဤအခိုက်အတန့်မှာ မျက်လုံးသည် ထွန်းလင်းတောက်ပလာသည်။ မဟူရာအလင်းအကာအကွယ်က မျက်လုံး၏ အရှေ့မှာ ထွက်ပေါ်လာလေရာ ၎င်းက ဤလောက၏ တစ်ခုတည်းသော အာရုံစိုက်စရာ ဖြစ်လာသည်။

မျက်လုံးသည် ရွှီချင်းကို စူးစိုက်ကြည့်နေသည်။

ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ ငါ့ကို ဝိညာဉ်လေ့လာဖို့ ခွင့်မပြုဘူးလား… ”

တစ်ချိန်တည်းမှာ ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လောကသည် ကမောက်ကမာ ဖြစ်သွားသည်။ ထို့နောက် စိုးရိမ်သော အရိပ်အမြွက်ပါသည့် သစ်စိမ်းဘိုးဘေး၏ အိုမင်းသော အသံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မိတ်ဆွေလေး… မင်းရဲ့ အကူအညီက အရမ်းထိရောက်တယ်… ဒါပေမဲ့ မင်းသတိထားရမယ်… ဒီနတ်ဆိုးသားရဲက အရိုင်းစိတ်ဝင်သွားပြီး မင်းကို ဖိနှိပ်ဖို့အတွက် မူလခန္ဓာကိုယ်ဆီကနေ အစွမ်းငှားယူလိုက်တယ်… အဲ့ဒီကောင်က သူ့ရဲ့ အစွမ်းထက်ဆုံး မွေးရာပါနတ်ဘုရားစွမ်းအားကို အသုံးပြုပြီး မင်းကို ဖိနှိပ်တော့မယ် ”

“ အဲ့ဒါကို… နတ်ဘုရားရဲ့ ညစ်ညမ်းမှုငါးမျိုးလို့ ခေါ်တယ် ”

“ မိတ်ဆွေလေး… ကျေးဇူးပြုပြီးတော့ အချိန်ခဏလောက် ထပ်ဆွဲပေးပြီး သူ့ကို အားအင်ကုန်ခမ်းအောင် ပြုလုပ်ပေးပါ… ကြယ်တာရာကောင်းကင်ပေါ်မှာ ငါနဲ့ မိုဖေးကြားက တိုက်ပွဲက အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီ ”

သစ်စိမ်းဘိုးဘေးက စကားပြောနေစဉ် ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ပိုပြီးပြင်းထန်သော အားလှိုင်းအတတ်အကျများသည် ဤလောက၏ အပြင်ဘက်ရှိ ကြယ်တာရာကောင်းကင်ထဲမှ ပေါက်ကွဲထွက်လာသည်။

ချက်ချင်းဆိုသလို ဤလောကသည် တုန်ယင်သွားပြီး စတင်ယိုယွင်းပျက်စီးလာသည်။

မြေပြင်သည် အက်ကွဲသွားပြီး အပျက်အစီးများက လေထဲသို့ မြှောက်တတ်သွားကြသည်။ ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းများသည် ကြေးမုံပေါ်မှ အက်ကွဲရာများနှင့် ဆင်တူသည်။ ယင်းတို့က တဖြည်းဖြည်း ပိုပြီးကြီးမားလာပြီး များပြားလာသည်။ ဤသည်မှာ ကောင်းကင်က အက်ကွဲသွားတော့မည့်ဟန် ရသည်။

ဤအခိုက်အတန့်မှာ လောကကြီးက ကမ္ဘာပျက်ကပ်ဘေးဖြင့် ရင်ဆိုင်ရတော့မည့်အလား အောက်မေ့ရသည်။

ပထမဆုံးအကြိမ် ရွှီချင်းသည် စေတီအပျက်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေရာမှ မတ်တတ်ထရပ်လိုက်သည်။

သူက မတ်တတ်ရပ်လိုက်သည်နှင့်ချက်ချင်း ကောင်းကင်ပေါ်မှ မင်ဖေး၏ တစ်ခုတည်းသော မျက်လုံးသည် လွင့်ပြယ်သွားသည်။

တုနှိုင်းမဲ့သော နတ်ဆိုးစွမ်းအားနှင့် ရှေးဟောင်းစွမ်းအားသည် ကောင်းကင်ပေါ်မှ ရုတ်တရက် ဆင်းသက်လာသည်။

ထို့နောက် ဝေဝါးသော တာအိုအသံသည် ရွှီချင်း၏ စိတ်ထဲမှာ ပေါက်ကွဲသွားသည်။

“ ပထမညစ်ညမ်းမှု… မီးခိုးက နတ်ဘုရားမီးတောက်ထဲကနေ မြှောက်တတ်လာတယ်… အစက နတ်ဘုရားမီးတောက်ထဲမှာ မီးခိုးမရှိဘူး… မီးခိုးထဲမှာ ညစ်ညမ်းမှုတွေ ပါဝင်တယ် ”

“ ဒုတိယညစ်ညမ်းမှု… အလိုရမ္မက်က နတ်ဘုရားဝိညာဉ်ထဲကနေ ထွက်ပေါ်လာတယ်… အစက နတ်ဘုရားဝိညာဉ်ထဲမှာ အလိုရမ္မက် မရှိဘူး… လိုအင်ဆန္ဒတွေက အနန္တအသိဉာဏ်ကို ဆုံးရှုံးစေတယ် ”

“ တတိယညစ်ညမ်းမှု… ယိုယွင်းပျက်စီးမှုက နတ်ဘုရားခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတယ်… အစက နတ်ဘုရားခန္ဓာကိုယ်ထဲမှာ ယိုယွင်းပျက်စီးမှု မရှိဘူး… ယိုယွင်းပျက်စီးမှုက ထာဝရဖြစ်တည်မှုကို ဆုံးရှုံးစေတယ် ”

“ စတုတ္ထညစ်ညမ်းမှု… ဖုန်မှုန့်က နတ်ဘုရားရောင်ဝါပေါ်မှာ တွယ်ကပ်နေတယ်… အစက နတ်ဘုရားရောင်ဝါပေါ်မှာ ဖုန်မှုန့်မရှိဘူး… ဖုန်မှုန့်က ရောင်ဝါတောက်ပမှုကို ဖုံးကွယ်ပေးတယ် ”

“ ပဉ္စမညစ်ညမ်းမှု… နတ်ဘုရားသဘာဝက ညစ်ညမ်းသွားတယ်… အစက နတ်ဘုရားသဘာဝမှာ ညစ်ညမ်းမှုမရှိဘူး… နတ်ဘုရားသဘာဝရဲ့ ညစ်ညမ်းမှုက အသိဉာဏ်ကင်းမဲ့စေတယ် ”

ဤသည်မှာ နတ်ဘုရား၏ ညစ်ညမ်းမှုငါးမျိုးဖြစ်သည်။

တာအိုအသံငါးသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားမီးတောက်မရှိကြောင်း ထင်ရှားသည်။ သို့သော်လည်း ပထမညစ်ညမ်းမှုကြောင့် အနက်ရောင်မီးခိုးသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ ညစ်ညမ်းမှုက လေထဲမှာ ထွက်ပေါ်လာသည့်အလား မသန့်စင်သော ခံစားမှုကို ပေးသည်။

ထို့နောက် သူ၏ ဝိညာဉ်သည် တုန်ယင်သွားပြီး သူ၏ စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)မျိုးက ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။ ယင်းတို့က ဒီရေအလား ထွက်ပေါ်လာပြီး သူ၏ အသိစိတ်ကို တိုက်ရိုက် လွှမ်းမိုးသွားသည်။ ထိုအခါ သူ၏ စိတ်အာရုံကို ဆုံးရှုံးသွားသည်။

ထိုမျှသာ မဟုတ်သေးပေ။ သူ၏ ခန္ဓာကိုယ်သည်လည်း အရွယ်အိုမင်းနေသော လက္ခဏာများ ပြလာသည်။ သူ၏ အသက်ဓာတ်သည် မှေးမှိန်လာပြီး ပျက်စီးလာသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်များ ဖြစ်သည်။ ထိုဝိညာဉ်ချည်မျှင်များက နတ်ဘုရားအရင်းအမြစ်မှ ဖြစ်ပေါ်လာခြင်းဖြစ်လေရာ စတုတ္ထညစ်ညမ်းမှုအတွက် နတ်ဘုရားရောင်ဝါနေရာမှာ အစားထိုးသွားသည်။ သို့ဖြစ်၍ သူ၏ ဝိညာဉ်ချည်မျှင်များသည် ဖုန်မှုန့်ဖြင့် တွယ်ကပ်ခံလိုက်ရပြီး အရောင်မှေးမှိန်သွားကြသည်။

နောက်ဆုံးမှာတော့ သူ၏ နတ်ဘုရားသဘာဝက အပြင်းအထန် ပေါက်ကွဲထွက်လာသည်။ သူက လူသားသဘာဝနှင့် သားရဲသဘာဝကို မထိန်းချုပ်နိုင်တော့ပေ။ ဤသည်မှာ သူ၏ ဘဝအဆင့်အတန်းက နိမ့်ကျသွားနေသည့်အလားပင်။

ရွှီချင်းသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။

ထိုအဆိပ်က နတ်ဘုရားများအပေါ် အထူးပစ်မှတ်ထားကြောင်း သူအာရုံခံနိုင်သည်။

ယင်းကို ကိုယ်တိုင် တွေ့ကြုံခံစားကြည့်လိုက်သည့်အခါ မင်ဖေးက သူ၏ တားမြစ်အဆိပ်နတ်ဘုရားရတနာသိုက်ထဲမှာ ကောင်းကင်ဘုံတာအိုဖြစ်ရန် မည်သို့ကြောင့် သင့်တော်ကြောင်း နောက်ဆုံးမှာတော့ ရွှီချင်း နားလည်သွားသည်။

အကြောင်းအရင်းမှာ နတ်ဘုရား၏ ညစ်ညမ်းမှုငါးမျိုးက သူ၏ နတ်ဘုရားကျိန်စာဖြင့် အပြည့်အဝ ပေါင်းစပ်သွားပြီး ဆဌမညစ်ညမ်းမှုကို ဖန်တီးနိုင်သောကြောင့် ဖြစ်သည်။

‘ ဆဌမညစ်ညမ်းမှု… ကျိန်စာက နတ်ဘုရားတစ်ပါးရဲ့ ဘဝမှာ မွေးဖွားလာတယ်…. အစက နတ်ဘုရားရဲ့ ဘဝမှာ ကျိန်စာမရှိဘူး… ကျိန်စာရဲ့ မွေးဖွားလာမှုက ဘဝကို ဖြတ်တောက်ပစ်ပြီး နတ်ဘုရားအရင်းအမြစ်ကို ငြိမ်းသတ်စေတယ် ’

ထိုအတွေးများက ရွှီချင်း၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ ထိုစက္ကန့်ပိုင်းလေးအတွင်းမှာ နတ်ဘုရား၏ ညစ်ညမ်းမှုငါးမျိုးသည် အဆုံးစွန်အထိ ပိုပြီးအားကောင်းလာသည်။

အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ ဝုန်းခနဲ မြည်သံသည် သူ၏ အနောက်မှ ပဲ့တင်ထပ်လာသည်။ ထို့နောက် ဧရာမနေနာရီ၏ ပုံရိပ်သည် ရုတ်တရက် ထွက်ပေါ်လာသည်။

နေနာရီပေါ်မှ နာရီလက်တံက လှည့်ပတ်သွားသည့်အခါ အချိန်ဥပဒေသစွမ်းအားက ထွက်ပေါ်လာသည်။ အချိန်အားလှိုင်းများသည် တအိအိပျံ့လွင့်သွားပြီး လွန်ခဲ့သော ငါးစက္ကန့်တုန်းက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အချိန်မြစ်ထဲမှာ ပျောက်ကွယ်သွားစေသည်။

အချိန်နောက်ပြန်ဆုတ်စေ…

ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပထမညစ်ညမ်းမှု၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော အနက်ရောင်မီးခိုးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။

ဝိညာဉ်၏ ညစ်ညမ်းမှုသည် ပျောက်ကွယ်သွားပြီး စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)မျိုး၏ ထွက်ပေါ်လာမှုသည်လည်း ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။ ထိုအခါ သူဆုံးရှုံးသွားသော အာရုံခံစားမှုများကို ပြန်ရရှိသွားသည်။ သူ၏ နတ်ဘုရားစိတ်အာရုံသည်လည်း ပြန်ကြည်လင်လာသည်။

အရွယ်အိုမင်းနေသော သူ၏ ခန္ဓာကိုယ်သည် ပြန်ကောင်းမွန်လာသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်များသည် ဖုန်မှုန့်ဖြင့် မဖုံးလွှမ်းခံရတော့ဘဲ ယခင်တောက်ပမှုကို ပြန်လည်ရရှိသွားသည်။

နတ်ဘုရားသဘာဝ၊ လူသားသဘာဝနှင့် သားရဲသဘာဝသည် ပြန်လည်မျှခြေညီသွားသည်။

အရာအားလုံးက အချိန်နောက်ပြန်ဆုတ်သွားဟန် ရ၏။ ဤသည်မှာ သူက နတ်ဘုရား၏ ညစ်ညမ်းမှုငါးမျိုးကို မခံစားရခင်က အချိန်ကို ပြန်ရောက်သွားသည့်အလားပင်။ သို့သော်လည်း နေနာရီလွင့်ပြယ်သွားပြီးနောက် ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

နေနာရီ၏ အချိန်နောက်ပြန်ဆုတ်ခြင်းစွမ်းအားကြောင့် သူက နဂိုအတိုင်း ပြန်ကောင်းမွန်သွားခဲ့သော်လည်း နတ်ဘုရား၏ ညစ်ညမ်းမှုငါးမျိုးကို မပယ်ဖျက်နိုင်ခဲ့ကြောင်း ရှာတွေ့သွားသည်။

ညစ်ညမ်းမှုငါးမျိုး၏ ဇစ်မြစ်က ကျန်ရှိနေဆဲပင်။

သို့သော်လည်း ၎င်းက ပေါက်ကွဲထွက်မလာပေ။ ယင်းအစား စက်လုံးတစ်လုံးအဖြစ် စုစည်းသွားသည်။ ဤသည်မှာ ၎င်းက စွမ်းအားစုဆောင်းနေသည့်အလားပင်။ သို့ဖြစ်၍ ၎င်းက နောက်တစ်ကြိမ် သူ၏ ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့သွားရန် အချိန်မည်မျှမှ မလိုကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

ရွှီချင်းသည် အဆိပ်ကို ရင်ဆိုင်ရာမှာ အတွေ့အကြုံများစွာ ရှိသည်။ အရိပ်လေးကို အတင်းအဓမ္မ အမိန့်ပေးပြီး အဆိပ်ကို ဝါးမျိုစေခြင်းသော်လည်းကောင်း၊ နတ်ဘုရားလက်ချောင်းကို အသုံးပြု၍ အဆိပ်ကို အဝေးသို့ မျှားခေါ်စေခြင်းသော်လည်းကောင်း သို့မဟုတ် ဝိညာဉ်ချောက်နက်တုံကင်မှတဆင့် ရှေးဟောင်းဝိညာဉ်လောကထဲသို့ အဆိပ်ကို လွှဲပြောင်းပေးခြင်းသော်လည်းကောင်း သူကြိုးစားကြည့်နိုင်သည်။

အတိတ်တွင် နတ်ဘုရားကျိန်စာကို သူဖိနှိပ်ခဲ့သော နည်းလမ်းကိုပင် အသုံးပြုနိုင်သည်။ အဆိပ်ကို ဖြည်းဖြည်းချင်း ခံနိုင်ရည်ရှိလာရန် နေနာရီကို အသုံးပြု၍ အဆိပ်ဖြေဆေးကို သူ၏ ခန္ဓာကိုယ်မှ ထပ်ခါထပ်ခါ ထုတ်လွှတ်စေရန် သူကြိုးစားကြည့်နိုင်သည်။

သို့သော်လည်း ရွှီချင်းသည် မည်သည့်နည်းလမ်းကိုမှ မရွေးချယ်ခဲ့ပေ။ ယင်းအစား သူက ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ လက်မောင်းတစ်ခုလုံးနှင့် လက်ဝါးသည် ချောက်ချားဖွယ်ကောင်းလာပြီး ကြည်လင်လာသည်။

ထို့နောက် သူက သူ၏ ရင်ဘက်ပေါ်သို့ ဆုံးဖြတ်ချက်ပြတ်သားစွာ ဖိချလိုက်သည်။ သူက အောက်လမ်းတာအိုမိစ္ဆာအတတ်ကို အသုံးပြု၍ သူ၏ ညာလက်ကို အသိစိတ်ပင်လယ်ထဲသို့ ဆန့်တန်းသွားစေသည်။ တားမြစ်အဆိပ်နတ်ဘုရားရတနာသိုက်၏ ဂိတ်တံခါးအရှေ့သို့ ရောက်ရှိသွားသည့်အခါ သူက ပိတ်နေသော ဂိတ်တံခါးကို လက်သီးဖြင့် အားပြင်းစွာ ထိုးလိုက်သည်။

ဒုတိယနတ်ဘုရားရတနာသိုက်ထဲမှာ ကောင်းကင်ဘုံတာအိုမရှိသော်လည်း ရွှီချင်း၏ အားပြင်းသော လက်သီးထိုးချက်အောက်မှာ အဟရာတစ်ခုက အချိန်တိုလေးအတွင်း ပွင့်သွားသည်။

ထိုအဟရာထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ ထိန်းချုပ်မှုအောက်မှာ ဆွဲငင်အားသည် ရတနာသိုက်ဂိတ်တံခါးထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။ ထိုဆွဲငင်အားသည် အဆိပ်အရင်းအမြစ်ကို လွှမ်းခြုံသွားပြီး ဒုတိယနတ်ဘုရားရတနာသိုက်ထဲသို့ စုပ်ယူသွားသည်။

ထို့နောက် ဂိတ်တံခါးထဲမှ အဟရာသည် ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် ပြန်ပိတ်သွားသည်။

အဆိပ်အရင်းအမြစ်သည်တော့ တားမြစ်အဆိပ်နတ်ဘုရားရတနာသိုက်ထဲမှာ ချိပ်ပိတ်ခံလိုက်ရသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး လေထဲမှာ ဆွံ့အနေသော မင်ဖေးကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်စလုံးကို မြှောက်လိုက်သည်။ ထိုအခါ အနက်ရောင်လှံနှင့် ကောင်းကင်ဘုံဆေဘာဓားသည် သူ၏ လက်ထဲမှာ ထွက်ပေါ်လာကြသည်။

သူက ဆေဘာဓားနှင့် လှံကို တစ်ချိန်တည်းမှာ လွှဲယမ်းလိုက်ပြီး လောကဆီသို့ ခုတ်ပိုင်းလိုက်သည်။

မင်ဖေးသည် မည်မျှအစွမ်းထက်ပါစေ တုန်ယင်သွားပြီး ဓားချက်လှံချက်အောက်မှာ ပြိုကွဲပျက်စီးသွားသည်။

တစ်ချိန်တည်းမှာ တစ်စစီ အက်ကွဲနေသော ကြေးမုံသဖွယ် ကောင်းကင်သည် လုံးဝပြိုကျပျက်စီးသွားသည်။ ထို့နောက် ဤလောက၏ အပြင်ဘက်မှ ကြယ်တာရာကောင်းကင်က ထွက်ပေါ်လာသည်။

ကြယ်တာရာကောင်းကင်ပေါ်တွင် ဧရာမမင်ဖေး၏ မူလခန္ဓာကိုယ်သည် ဆန္ဒမရှိသော အော်ညည်းသံကို ထုတ်ဖော်လိုက်သည်။ ၎င်းက အလွန်အမင်း အားနည်းသွားသည်။ ၎င်းက ရွှီချင်းကို ဒေါသကြီးစွာ စိုက်ကြည့်လိုက်သည်။

၎င်းက တန်ပြန်တိုက်ခိုက်ချင်သော်လည်း ထိုသို့လုပ်ဆောင်ရန် အင်အားမရှိချေ။ ၎င်း၏ ခန္ဓာကိုယ်သည် သစ်စိမ်းဘိုးဘေး၏ ရစ်ပတ်တုတ်နှောင်ခံလိုက်ရသည်။ ၎င်းက မည်သို့ရုန်းကန်ပါစေ အချည်းနှီးသာဖြစ်၏။

နောက်ဆုံးမှာတော့ ၎င်း၏ ခန္ဓာကိုယ်သည် သစ်ပင်အကိုင်းအခတ်များဖြင့် ထိုးဖောက်ခံလိုက်ရသည်။ သွေးမိုးသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။ သစ်ပင်အကိုင်းအခတ်များက ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထုတ်ချင်းပေါက်သည်အထိ တိုက်ရိုက် ဖောက်ထွင်းသွားကြသည်။

ယင်းက အလွန်ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။ တဖြည်းဖြည်း မင်ဖေးသည် မလှုပ်ရှားနိုင်တော့ပေ။

ကြယ်တာရာကောင်းကင်သည် တုန်ယင်သွားသည်။ ထို့နောက် မကျေမချမ်းစိတ်၏ ဇစ်မြစ်က ပျောက်ကွယ်သွားသည့်အလား ကြယ်တာရာကောင်းကင်က ပြန်ကြည်လင်သွားသည်။

ဧရာမသစ်ပင်သည်တော့ ၎င်း၏ အစွမ်းအားလုံးကို အသုံးပြုခဲ့ဟန် ရ၏။ ဤအခိုက်အတန့်မှာ ၎င်းက ဆီကုန်သွားသော မီးအိမ်တစ်ခုနှင့် ဆင်တူသည်။ ၎င်းက အလွန်အားနည်းနေသော်လည်း စိတ်သက်သာရာရသွားပုံပေါ်သည်။

“ ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး… ငါ့မှာ နောင်တရစရာ ဘာမှမရှိတော့ပါဘူး ”

ရှေးဟောင်းအသံက ပဲ့တင်ထပ်လာသည့်အခါ သစ်ကိုင်းတစ်ခုသည် မင်ဖေးအလောင်း၏ မျက်နှာကို ရစ်ပတ်လိုက်သည်။ ၎င်း၏ မျက်နှာသည် ယိုယွင်းပျက်စီးသွားပြီး မျက်လုံးတစ်လုံးသာ ကျန်ရှိတော့သည်။ ထို့နောက် သစ်ကိုင်းသည် မျက်လုံးကို ရွှီချင်း၏ အရှေ့သို့ သယ်ဆောင်သွားသည်။

“ မိတ်ဆွေလေး… ဒီမှာ ငါကတိပေးထားတဲ့ ပစ္စည်းပါ ”

ရွှီချင်းသည် တိတ်ဆိတ်နေသည်။ မျက်လုံးက သူ့အရှေ့သို့ ရောက်လာသည်နှင့်ချက်ချင်း သူက ညာလက်ကို မြှောက်လိုက်သည်။ ထိုအခါ ကောင်းကင်ဘုံဆေဘာဓားက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက လျှပ်စီးပမာ မြန်ဆန်သော အလျင်နှင့်အတူ မျက်လုံးကို ကောင်းကင်ဘုံဆေဘာဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

မျက်လုံးသည် ဖျက်ဆီးခံလိုက်ရသည်။

“ မင်းသရုပ်ဆောင်တာ ပြီးပြီလား ”

ရွှီချင်းက အေးဆေးတည်ငြိမ်စွာ ပြောသည်။

All Chapters