← Chapters

အစစ်အမှန် မီးတောက်၊ ကမ္မမီးတောက်၊ ကပ်ဘေးမီးတောက်၊ ပြစ်ချက်မဲ့မီးတောက်

Vol. 85 Ch. 1307

အစစ်အမှန် မီးတောက်၊ ကမ္မမီးတောက်၊ ကပ်ဘေးမီးတောက်၊ ပြစ်ချက်မဲ့မီးတောက်

Vol. 85 Ch. 1307

နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာငါးပိုင်းထဲတွင် လေးပိုင်းသည် ပိုင်ရှင်ရှိပြီးပြီ ဖြစ်သည်။

ထို့ကြောင့် နတ်ဘုရားသုံးပါးသည် အနက်ရောင်ဝဲကတော့ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး တောင်တန်းပင်လယ်ဒေသကြီးကို ကြည့်လိုက်သည်။

နောက်တစ်ဆင့်မှာ နတ်ဘုရားနယ်မြေ၏ နောက်ဆုံးအခွင့်အာဏာကို ၎င်းတို့၏ အကြည့်အောက်မှာ အဆုံးအဖြတ်ပေးလိမ့်မည်။

ဝဲကတော့၏ အနက်ပိုင်းထဲမှာ ဖြစ်ပွားခဲ့သော အင်ပါယာအလောင်းထဲမှ တိုက်ပွဲကို ၎င်းတို့က မဝင်စွက်ဖက်ခဲ့သကဲ့သို့ ရွှီချင်းနှင့် အားညို၏ သေခြင်းရှင်ခြင်းသော်လည်းကောင်း သို့မဟုတ် သူတို့၏ အောင်မြင်ခြင်း ကျရှုံးခြင်းသော်လည်းကောင်း အရာအားလုံးက သူတို့၏ ကံတရားပေါ်မှာသာ မူတည်လိမ့်မည်။

သူတို့က ဤနေရာမှ ကံကြမ္မာအတွက် ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့မှတော့ ကံကြမ္မာ၏ အကျိုးဆက်ကို ခံနိုင်ရည်ရှိရမည်။

နတ်ဘုရားသုံးပါးအတွက်တော့ အင်ပါယာအလောင်းထဲမှ တိုက်ပွဲသည် သူတို့စောင့်ဆိုင်းနေသော အခွင့်အရေးတစ်ခုသာ ဖြစ်သည်။ ယင်းက စင်မြင့်ပေါ်မှ ကန့်လန့်ကာကို ဖွင့်နိုင်မည့် သော့ချက်ဖြစ်သည်။

တောင်တန်းပင်လယ်ဒေသကြီးသည်တော့ ယင်းက အချိန်ကို ဖြတ်သန်းသွားပြီး ပေဖန်းအင်မော်တယ်အင်ပါယာလောကနှင့် ဝမ်ကူးကုန်းမြေကို ဆက်သွယ်ပေးထားသော ကမ္မဖြစ်သည်။

ထိုကမ္မသည် အပြည့်အဝ ဖြစ်တည်လာသည်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ၎င်းတို့က တောင်တန်းပင်လယ်ဒေသကြီးထဲမှ ပုဂ္ဂိုလ်၏ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းမှာ ဝင်မကူညီပေးနိုင်ကြပေ။

ကံကြမ္မာကြောင့်သော်လည်းကောင်း သို့မဟုတ် ကမ္မကြောင့်သော်လည်း ၎င်းတို့ကြားမှာ အချိန်ကာလထဲမှ ကတိပေးမှုတစ်ခုရှိသော်လည်း ထိုပုဂ္ဂိုလ်က ယင်းတို့ကို တောင့်ခံနိုင်ခြင်း မတောင့်ခံနိုင်ခြင်းသည် သူ့အပေါ်မှာသာ မူတည်သည်။

အကယ်၍ ထိုလူသာ တောင်တန်းပင်လယ်ဒေသကြီးထဲမှ နောက်ဆုံးအခွင့်အာဏာကို အောင်မြင်စွာ ရယူနိုင်မည်ဆိုလျှင် ၎င်းတို့၏ ကတိအတိုင်း ဆောင်ရွက်ပေးလိမ့်မည်။ ထို့ပြင် သူ့ကို နတ်ဘုရားဖြစ်နိုင်မည့် အခွင့်အရေးတစ်ခုကိုပင် ကမ်းလှမ်းပေးဦးလိမ့်မည်။

အကယ်၍ သူက ယင်းကို မတောင့်ခံနိုင်လျှင်လည်း ယင်းက သူ့အတွက် ကမ္မဖြစ်လိမ့်မည်။ ထိုအခါကျလျှင် ပဉ္စမမြောက်အခွင့်အာဏာအပိုင်းက နတ်ဘုရားသုံးပါးဆီသို့ ပြန်ရောက်လာလိမ့်မည်။ ထို့အတူ အချိန်ကာလထဲမှ ကတိသည် လောင်စာဖြစ်လာပြီး မရေမတွက်နိုင်သော ခေတ်ကာလများကို လောင်ကျွမ်းပစ်ကာ နတ်ဘုရားတာအိုတစ်ခုကို ထုဆစ်ပုံဖော်လိမ့်မည်။

ယင်းက နတ်ဘုရားသစ်သီးတစ်လုံး ဖြစ်သည်။

ထိုအချိန်ကျလျှင် တောင်တန်းပင်လယ်ဒေသကြီးသည် ကံကြမ္မာကို အပြစ်တင်ရုံမှတပါး တခြားဘာမှမတတ်နိုင်တော့ပေ။

သို့ဖြစ်၍ မည်သည့်အရာကိုမှ ကြိုမခန့်မှန်းနိုင်ပေ။ ပင့်ကူနတ်ဘုရားသည်သာ အသက်သေဆုံးမည့် ကံကြမ္မာဖြင့် ကြိုတင်သတ်မှတ်ခံထားရသည်။

၎င်းက လီဇီဟွား၏ လက်ချောင်းကြောင့် မသေဆုံးလျှင်ပင် နတ်ဘုရားသုံးပါးကြောင့် သေဆုံးရလိမ့်မည်။ ၎င်း၏ သေဆုံးရမည့် ကံကြမ္မာကို မည်သည့်နည်းနှင့်မှ မရှောင်လွှဲနိုင်ပေ။

အချိန်သည် ကုန်ဆုံးသွားသည်။

တောင်တန်းပင်လယ်ဒေသကြီးသည် ဆက်လက် ရွေးချယ်နေဆဲပင်။ နတ်ဘုရားနယ်မြေ၏ ကံကြမ္မာသည် အခွင့်အာဏာရှိပြီးသော လူများ၏ လက်ထဲသို့ ကျရောက်သွားသည်။ သို့ဖြစ်၍ နတ်ဘုရားသုံးပါး၏ အရှိန်အဝါသည် ပိုပြီးအားကောင်းလာသည်။ ဝဲကတော့ပေါ်မှ ၎င်းတို့၏ နတ်စင်များသည် ပိုပြီးရောင်ဝါတောက်ပလာကြသည်။

၎င်းတို့၏ ဘဝအဆင့်အတန်းသည် စတင်မြင့်တတ်လာသည်။ ၎င်းတို့၏ ရွှေရောင်နတ်ဘုရားမီးတောက်သည် အပြင်းအထန် လောင်ကျွမ်းလာသည်။ မီးတောက်က အဆုံးစွန်ထိ လောင်ကျွမ်းသွားသည့်အခါ အထဲမှာ ပုန်းကွယ်နေသော အနက်ရောင်မီးတောက်က ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။ နတ်ဘုရားများကြားမှ ချိပ်တံဆိပ်သည် ဖြေလျော့သွားသည်။

၎င်းတို့ကြားတွင် နေနတ်ဘုရား၏ အနက်ရောင်မီးတောက်ပမာဏက အသိပ်သည်းဆုံး ဖြစ်သည်။ ၎င်းနောက်တွင် လနတ်ဘုရားဖြစ်ပြီး ကြယ်နတ်ဘုရားက အနည်းဆုံး ဖြစ်သည်။

“ နောက်ဆုံးတော့ ကပ်ဘေးမီးတောက်ကို ဖြေရှင်းနိုင်သွားပြီ ”

နေနတ်ဘုရားသည် မျက်လုံးမှိတ်လိုက်သည်။ လနတ်ဘုရားသည် နှုတ်ဆိတ်သွားပြီး ကြယ်နတ်ဘုရား၏ မျက်လုံးထဲမှာ မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်သွားသည်။

…..

ဝဲကတော့၏ အနက်ပိုင်းထဲမှ အင်ပါယာအလောင်းထဲမှာလည်း အခွင့်အာဏာရှိသည်။

သို့ဖြစ်၍ ကံကြမ္မာသည် အင်ပါယာအလောင်း၏ ကံတရားမြစ်ထဲသို့လည်း ကျဆင်းသွားသည်။

အင်ပါယာအလောင်း၏ ခန္ဓာကိုယ်ကို အားညိုက ထိန်းချုပ်ထားပြီး ဝိညာဉ်ကို ရွှီချင်းက ထိန်းချုပ်ထားသောကြောင့် သူတို့နှစ်ယောက်က ကံတရားမြစ်၏ အဆုံးသတ်ကို သိမ်းပိုက်ထားဟန် ရသည်။ ဤသည်မှာ အင်ပါယာအလောင်း၏ ကံကြမ္မာက သူတို့နှစ်ယောက်၏ လက်ထဲမှာ ရှိသည့်အလားပင်။

ထို့ကြောင့် နတ်ဘုရားနယ်မြေ၏ ကံကြမ္မာက သူတို့နှစ်ယောက်ဆီသို့ ကျဆင်းသွားသည်။

ခေါင်းဆောင်၏ ရွေးချယ်မှုသည် နတ်ဘုရားနယ်မြေ၏ ကံကြမ္မာကို ဆေးမီးဖိုတစ်ခုအဖြစ် ပြောင်းလဲရန် ဖြစ်သည်။ သူက စကားလုံးမဲ့ ကျောက်တုံးကျမ်းစာ၏ စကားလုံးများကို လောင်ကျွမ်းပစ်နေစဉ် အမွှေးနှစ်ချောင်းကိုလည်း ထုတ်လိုက်ပြီး ကံကြမ္မာနှင့်အတူ လောင်ကျွမ်းပစ်လိုက်သည်။

သူက သန့်စင်ခြင်းကို လုပ်ဆောင်နေဟန် ရသည်။

ထိုသို့သန့်စင်ခြင်းလုပ်ငန်းစဉ်သည် အလွန်ရှားပါးသည်။ အမှန်မှာ ယင်းက ဝမ်ကူးကုန်းမြေကို တုန်လှုပ်သွားစေရန် လုံလောက်သည်။

မည်သို့ဖြစ်ပါစေ ဝမ်ကူးကုန်းမြေထဲမှ ကျင့်ကြံသူအများစုသည် လက်နက်သန့်စင်ရန်အတွက် အင်ပါယာအလောင်း၏ သွေးနှင့်ချီကို မီးတောက်အဖြစ်အသုံးပြုပြီး နတ်ဘုရားနယ်မြေ၏ ကံကြမ္မာကို လောင်စာအဖြစ် အသုံးပြုရန် မတတ်စွမ်းနိုင်ကြချေ။

လက်နက်သန့်စင်ခြင်းအတွက် ကုန်ကြမ်းပစ္စည်းများသည်လည်း အလွန်ထူးခြားသည်။

ပစ္စည်းတစ်ခုသည် ကြီးမားသော တွက်ချက်မှုများကို ရှောင်တိမ်းနိုင်သော စကားလုံးမဲ့ ကျောက်တုံးကျမ်းစာဖြစ်သည်။ ယင်းက သူ့အား ဤနေရာဆီသို့ ချောချောမွေ့မွေ့ ရောက်ရှိစေခဲ့လေရာ ထိုစကားလုံးမဲ့ ကျောက်တုံးကျမ်းစာက မည်မျှအံ့ဖွယ်ကောင်းကြောင်း မြင်နိုင်ပေသည်။

ဒုတိယပစ္စည်းသည် ရှေးခေတ်တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုမှ မွေးဖွားလာသော အသိစိတ်ဖြစ်သည်။ ၎င်းက ဝမ်ကူးကုန်းမြေ၏ ထူးခြားဆန်းကြယ်သော သက်ရှိတစ်ကောင်ဖြစ်ပြီး ၎င်းဆီမှာ ဖန်တီးမှုနှင့်ပတ်သက်သော လျှို့ဝှက်နက်နဲမှုများ ရှိသည်။

သို့ဖြစ်၍ ၎င်းထံမှ အမွှေးများသည် အတော်လေး အံ့ဖွယ်ကောင်းသည်။

သာမန်ပစ္စည်းများကို ဤနည်းဖြင့် သန့်စင်မည်ဆိုလျှင် ယင်းတို့က ထူးခြားဆန်းကြယ်လာလိမ့်မည်။ သို့ဖြစ်၍ ခေါင်းဆောင်က သာမန်ထက် အများကြီး ထူးခြားသာလွန်သော ဤပစ္စည်းနှစ်မျိုးကို သန့်စင်နေလေရာ ရလဒ်ကို စိတ်ကူးကြည့်နိုင်ပေသည်။

ခေါင်းဆောင်က သန့်စင်နေစဉ် သူ၏ နှလုံးသားထဲမှ ရူးသွပ်မှုက ပိုပြီးအားကောင်းလာသည်။ သူက နတ်ဘုရားစိတ်အာရုံနှင့်အတူ တစ်စုံတစ်ခုကို တီးတိုးရေရွတ်နေသည်။

“ မြန်မြန်လေး လောင်ကျွမ်းစမ်း… မြန်မြန်လေး ”

“ ရခါနီးနေပြီ… အို ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ စိတ်ဝိညာဉ်၊ နွေဦးအင်မော်တယ်တွေ၊ ရွှမ်ယုံ၊ ဆရာ၊ ငါနဲ့ ဂျူနီယာညီလေး… ငါ့ကို ကောင်းချီးပေးပါ… အဲ့ဒါအောင်မြင်ရမယ် ”

ခေါင်းဆောင်၏ နတ်ဘုရားစိတ်အာရုံကို ရွှီချင်း ကြားနေရသည်။ ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်က အတူတကွ ပေါင်းစည်းနေခြင်း မဟုတ်ပါလော။ ထို့ကြောင့် အကယ်၍ ရွှီချင်းက ခေါင်းဆောင်၏ လုပ်ရပ်များနှင့် စကားသံများကို မမြင်ချင် မကြားချင်လျှင်ပင် အသုံးမဝင်ပေ။

ထို့ကြောင့် ခေါင်းဆောင်အပေါ် သူ၏ နားလည်မှုအရ အင်ပါယာအလောင်း၏ အကြွင်းအကျန်ဝိညာဉ်ကို ရွှီချင်းက အောင်မြင်စွာ သန့်စင်ပြီးနောက် ခန့်မှန်းမှုတစ်ခုကို ပြုလုပ်လိုက်သည်။

ခေါင်းဆောင်၏ ရည်မှန်းချက်က ထိုမျှသာ မဟုတ်နိုင်ပေ။

သူတို့က အင်ပါယာအလောင်းနှင့် နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာကို ရရှိသွားသော်လည်း ယင်းက အတိတ်မှာ ခေါင်းဆောင်ပြောခဲ့သော အထူးကိစ္စကြီးနှင့် အနည်းငယ် မသင့်လျော်သေးပေ။

မည်သို့ဖြစ်ပါစေ သူတို့က နတ်ဘုရားနယ်မြေ၏ ကံကြမ္မာအပြည့်အစုံကို ရရှိခဲ့ခြင်းမဟုတ်ပေ။

ဤအခိုက်အတန့်မှာ ဤကံကြမ္မာမှတဆင့် နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာက ငါးပိုင်းခွဲထွက်သွားကြောင်း ရွှီချင်း အာရုံခံနိုင်သည်။

ခေါင်းဆောင်နှင့် သူသည် အခွင့်အာဏာတစ်ပိုင်းကို အတူတကွ ရရှိခဲ့ကြသည်။

တခြားလူများအတွက်တော့ ဤရိတ်သိမ်းမှုက အလွန်အံ့ဖွယ်ကောင်းသော အခွင့်အလမ်းတစ်ခု ဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏ နားလည်မှုအရ သူ၏ စီနီယာအကိုကြီးသည် ထိုမျှဖြင့် ရောင့်ရဲတင်းတိမ်လိမ့်မည့်သူ မဟုတ်ပေ။

သို့သော်လည်း သူက ယင်းကို အလေးမထားနိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် ယခုအချိန်မှာ ရွှီချင်းအတွက် အရေးကြီးဆုံးအရာသည် စီနီယာအကိုကြီး၏ ရူးသွပ်မှုမဟုတ်ပေ။ ယင်းအစား သူ့အတွက် အဆင့်ချိုးဖြတ်ရန် အခွင့်အရေးဖြစ်သည်။

သူ၏ သက်စောင့်ရတနာသိုက်ဂိတ်တံခါးသည် အစောကြီးကတည်းက ပွင့်နေပြီးသား ဖြစ်သည်။ ကောင်းကင်ဘုံတာအိုမိုဆာဆောသည် ကြောက်စရာကောင်းသော ဟိန်းသံကို ထုတ်ဖော်ပြီး ရတနာသိုက်ထဲမှာ လှည့်ပတ်ပျံသန်းနေသည်။

တားမြစ်အဆိပ်၏ ရတနာသိုက်ဂိတ်တံခါးသည်လည်း ပွင့်နေသည်။ မင်ဖေးသည် ရတနာသိုက်ထဲမှ ကောင်းကင်ဘုံတာအို ဖြစ်သည်။ ၎င်းက လျှို့ဝှက်ဆန်းကြယ်သော မျက်လုံးတစ်လုံးဖြစ်ပြီး အထဲမှာ ညစ်ညမ်းမှုခြောက်မျိုး၏ ချိပ်တံဆိပ်များရှိသည်။

ခရမ်းလရတနာသိုက်ဂိတ်တံခါးသည်တော့ စောစောတုန်းက အစွန်းရောက်ယင်စွမ်းအားကို စုပ်ယူပြီးနောက် အပြည့်အဝ ပွင့်သွားခဲ့သည်။ အစွန်းရောက်ယင်ငရဲပိုးစုန်းကြူးသည် ခရမ်းလရတနာသိုက်၏ ကောင်းကင်ဘုံတာအိုဖြစ်သည်။

ဧကရာဇ်ဓားလျှို့ဝှက်ရတနာသိုက်သည်တော့ ယခုမှ ပြီးပြည့်စုံသွားခဲ့ခြင်း ဖြစ်သည်။

အကြွင်းအကျန်ဝိညာဉ်သည် ဧကရာဇ်ဓား၏ သန့်စင်မှုအောက်မှာ ရတနာသိုက်၏ ကောင်းကင်ဘုံတာအိုအဖြစ် ပြောင်းလဲသွားသည်။ ထို့ပြင် ၎င်းက ရွှီချင်းတစ်ယောက်တည်းသာ ပိုင်ဆိုင်သော ဧကရာဇ်ဓား၏ လက်နက်ဝိညာဉ်လည်း ဖြစ်လာသည်။ ဤအခိုက်အတန့်မှာ လျှို့ဝှက်ရတနာသိုက်သည် အပြည့်အဝ အသက်ဝင်လာသည်။

ရတနာသိုက်ဂိတ်တံခါးငါးခုထဲတွင် ဂိတ်တံခါးလေးခုက ပွင့်သွားပြီ ဖြစ်သည်။ နောက်ဆုံးကျန်ရှိသည်မှာ တစ်ဝက်သာ ပွင့်သေးသော ဂမ္ဘီရမှော်ဝင်ရတနာသိုက်ဖြစ်သည်။

ထိုရတနာသိုက်သည် ကောင်းကင်ဘုံတာအိုကို မလိုအပ်ပေ။ ရတနာသိုက်ထဲမှ ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်သည် ကောင်းကင်ဘုံတာအိုဖြစ်သည်။

သူလုပ်ဆောင်ရမည်မှာ ဂမ္ဘီရမှော်အစွမ်းကို စုစည်းပြီး ရတနာသိုက်ဂိတ်တံခါးကို အပြည့်အဝ ဖွင့်လှစ်ရန် ဖြစ်သည်။

ရွှီချင်းသည် ဂမ္ဘီရမှော်အစွမ်းနေရာမှာ နတ်ဘုရားနယ်မြေ၏ ကံကြမ္မာကို အစားထိုးနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် ယင်းက တစ်ခါသာ အသုံးပြုနိုင်သောအရာ မဟုတ်ပေ။ နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာသည် ထာဝရ တည်ရှိနေလိမ့်မည်။ ယခု သူက ယင်းကို လမ်းညွှန်ရန်အတွက်သာ အသုံးပြုခြင်း ဖြစ်သည်။

နောက်အခိုက်အတန့်မှာ မမြင်နိုင်သော ကံကြမ္မာသည် ရွှီချင်း၏ ကံတရားပေါ်သို့ ကျဆင်းလာပြီး သူ၏ ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ထိုအခါ ဂမ္ဘီရမှော်ဝင်ရတနာသိုက်သည် တုန်ယင်သွားပြီး ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်က မြန်ဆန်စွာ ဒြပ်ထည်ဖြစ်ပေါ်လာသည်။ ၎င်းက ပိုပြီးရှည်လျားလာပြီး ပိုပြီးကြီးမားလာသည်။

ကျူးလီ၏ ဦးခေါင်းကိုးလုံးက တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ကြပြီး ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်ဖြင့် တစ်ကောင်ပြီးတစ်ကောင် ပေါင်းစပ်သွားကြသည်။ နောက်ဆုံးမှာတော့ ၎င်းတို့၏ ပေါင်းစပ်မှုနှင့်အတူ ကြီးကျယ်မြင့်မြတ်သော ဧရာမပုံရိပ်တစ်ခုက ရှင်းလင်းစွာ ထွက်ပေါ်လာပြီး လောကကြီးကို ထောက်ပံ့ပေးလိုက်သည်။ ရှေးဟောင်းအငွေ့အသက်သည် ၎င်းထံမှ ပျံ့လွင့်လာသည်။

ဤသည်မှာ ဧရာမဘီလူးတစ်ကောင်က ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲမှာ မတ်တတ်ရပ်နေသည့်အလားပင်။

ဧရာမဘီလူးသည် ၎င်း၏ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး အရှေ့သို့ တွန်းထုတ်လိုက်သည်။

ဝုန်း…

ထိုအခါ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဂမ္ဘီရမှော်ဝင်ရတနာသိုက်၏ ဂိတ်တံခါးသည် အထဲမှ တွန်းအားကြောင့် ရုတ်တရက် ပွင့်သွားသည်။

ယင်းက ပွင့်သွားသည်နှင့်ချက်ချင်း ရတနာသိုက်ဂိတ်တံခါးငါးခုသည် စူးရှသော အလင်းရောင်နှင့်အတူ ထွန်းလင်းတောက်ပလာသည်။ ၎င်းတို့ထံမှ အလင်းရောင်က ရွှီချင်း၏ အသိစိတ်ပင်လယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ယင်းက ရတနာသိုက်ငါးခုစလုံး၏ သက်ဝင်လှုပ်ရှားမှုကို ဖော်ပြသော အမှတ်လက္ခဏာဖြစ်သည်။

ကြီးကျယ်မြင့်မြတ်သော စွမ်းအားသည် ရတနာသိုက်ငါးခုစလုံးမှ ပေါ်လျှိုးလာပြီး ရွှီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက မြင့်တတ်သွားပြီး သူ၏ ဝိညာဉ်က ချက်ချင်း သန့်ရှင်းစင်ကြယ်သွားသည်။ သူ၏ တိုက်ပွဲစွမ်းအားသည် ဆက်လက် မြင့်တတ်သွားသည်။ သူ၏ ဘဝအဆင့်အတန်းသည် နဂါးဂိတ်ကို ဖြတ်ကျော်သွားသော ငါးတစ်ကောင်နှယ် ကြီးကြီးမားမား မြင့်တတ်သွားသည်။

ရတနာသိုက်ဂိတ်တံခါးငါးခုထဲမှာ မိုဆာဆောသည် ကောင်းကင်ကို ဟိန်းဟောက်နေသည်။ ၎င်း၏ မျက်လုံးထဲမှာ မောက်မာထောင်လွှားမှုဖြင့် ပြည့်နှက်နေပြီး လောကကြီးကို အထင်သေးရှုံ့ချသော အရိပ်အယောင်လည်း ရှိသည်။ မင်ဖေးသည် လေထဲမှာ လွင့်မျောနေပြီး အစွန်းရောက်ယင်ငရဲပိုးစုန်းကြူးသည် အမြင့်ဆုံးသို့ရောက်အောင် ပျံသန်းနေသည်။ အင်ပါယာဝိညာဉ်သည် ဓားကို ကိုင်၍ လမ်းလျှောက်နေပြီး ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန် မျက်လုံးဖွင့်လိုက်သည်။ နေနှင့်လသည် ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

၎င်းတို့အားလုံးသည် ရွှီချင်း၏ ကောင်းကင်ဘုံတာအိုများ ဖြစ်ကြသည်။

ကမ္ဘာတုန်ဟီးစေနိုင်သော အပြောင်းအလဲသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံတာအိုငါးခု ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှီချင်း၏ ရတနာသိုက်ဂိတ်တံခါးငါးခုသည် ဆေးမီးဖိုများအဖြစ် ပြောင်းလဲသွားပြီး အကြမ်းပတမ်း စတင်လှည့်ပတ်လာကြသည်။

ကောင်းကင်ဘုံမိုးခြိမ်းသံထက် သာလွန်သော မြည်ဟိန်းသံက ပဲ့တင်ထပ်လာသည်။ မြည်ဟိန်းသံများက ဆက်တိုက် ပဲ့တင်ထပ်နေစဉ် နှင်းနှင့်တူသော ပြာမှုန်များက ရတနာသိုက်ငါးခုစလုံးမှ ပေါ်လျှိုးလာကြသည်။

ထိုဖုန်မှုန့်သည် တာအိုနှင့် ကံကြမ္မာမှ ဖြစ်ပေါ်လာသော မီးတောင်ပြာမှုန်နှင့် ဆင်တူသည်။ ယင်းတို့က ဤလောကကြီးထဲတွင် ရွှီချင်း၏ ကျင့်ကြံခြင်းခရီးစဉ်တစ်လျှောက်မှာ ကျန်ရစ်ခဲ့သော ခြေလှမ်းများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ယင်းကို ဗလာနတ္ထိဖုန်မှုန့်ဟု ခေါ်သည်။

ဗလာနတ္ထိဖုန်မှုန့်များသည် တာအိုအမှတ်အသားများကို ဖွဲ့စည်းနိုင်ပြီး ရွှီချင်း၏ အသိစိတ်ပင်လယ်ပေါ်မှာ ပျံ့နှံ့သွားလိမ့်မည်။

ယင်းက ဗလာနတ္ထိအဆင့်၏ အခြေခံအုတ်မြစ်ဖြစ်သည်။

ထူးဆန်းသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ့အတွက် ဝိညာဉ်သိုက်အဆင့်မှ ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းရန် မည်သည့်အဟန့်အတားမှ မရှိပေ။ သူက ဆန္ဒပြုလိုက်ရုံဖြင့် ချက်ချင်း အဆင့်ချိုးဖြတ်နိုင်လိမ့်မည်။

သို့သော်လည်း ခေါင်းဆောင်၏ အထူးကိစ္စကြီးကို စဉ်းစားမိသွားသောအခါ ရွှီချင်း၏ အသိစိတ်ပင်လယ်သည် ချက်ချင်း ငြိမ်သက်သွားပြီး ရတနာသိုက်ငါးခုထဲမှ ဆေးမီးဖိုများသည် ချက်ချင်း အေးခဲသွားကြသည်။

သူက အချိန်မရွေး အဆင့်ချိုးဖြတ်နိုင်မှတော့ ယင်းကို တစ်ခဏကြာ နှေးကွေးထားမည်။

ထိုအခိုက်အတန့်မှာ ခေါင်းဆောင်၏ အသံက တိုးညင်းစွာ ထွက်ပေါ်လာသည်။

“ ဂျူနီယာညီလေး… ”

ခေါင်းဆောင်သည် အနည်းငယ် နောင်တရသွားသည်။ အစက သူသည် ရွှီချင်း၏ အဆင့်တတ်မှုကို တားဆီးပြီး စီနီယာအကိုကြီးဟူသော သူ၏ သရုပ်ကို ပေါ်လွင်စွာ ထုတ်ဖော်ပြမည်ဟု စိတ်ကူးထားသည်။ သူက မည်သို့ပြောရမည်ကိုပင် စိတ်ထဲမှာ ကြိုစဉ်းစားထားသည်။ ထိုနည်းဖြင့် အနာဂတ်မှာ သူက ကြီးမားသော အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်လိမ့်မည်။

သို့သော်လည်း သူမျှော်လင့်မထားခဲ့သည်မှာ ရွှီချင်းက အဆင့်ချိုးဖြတ်မှုကို သူ့ဘာသာ နှောင့်နှေးစေခဲ့သည်။

‘ ထားလိုက်ပါတော့… သူက အဆင့်တတ်တာကို ရပ်ထားလိုက်ပြီဆိုပေမဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ငါပြင်ဆင်ထားပြီးပြီ ’

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး ပြောသည်။

“ ဂျူနီယာညီလေး… အဆင့်ချိုးဖြတ်တဲ့အခါမှာ စိတ်လောဖို့ မလိုဘူး… မင်းရဲ့ အရိုးတွေက ထူးခြားတာကို ငါမြင်တယ်… မင်းက လူတစ်သန်းမှာ တစ်ယောက်သာ ပေါ်ထွန်းနိုင်တဲ့ ကျင့်ကြံခြင်းပါရမီရှင်ပဲ… ဒီနေရာမှာ အရမ်းကြီးမားတဲ့ ကံကြမ္မာတစ်ခုရှိတယ်… အဲ့ဒါကို မင်းလိုချင်လား ”

ခေါင်းဆောင်၏ စကားကို ကြားသောအခါ ရွှီချင်းသည် ခေါင်းဆောင်၏ အတွေးများကို ချက်ချင်း နားလည်သွားသည်။ သို့ဖြစ်၍ သူက ခေါင်းဆောင်စိတ်ကျေနပ်အောင် ခေါင်းညိတ်လိုက်သည်။

ခေါင်းဆောင်သည် စိတ်ကျေနပ်သွားသည်။

“ ဂျူနီယာညီလေး… စောစောက ငါပြောခဲ့တာကို မင်းမှတ်မိလား… ငါတို့ခေတ်ကို ရောက်ပြီဆိုတာလေ… အဲ့ဒါကြောင့် မင်းရဲ့ ဗလာနတ္ထိက ရိုးရှင်းနေလို့ ဘယ်ဖြစ်မလဲ ”

“ နတ်ဘုရားနယ်မြေရဲ့ အရှင်သခင်ဖြစ်လာတာက ဒီတစ်ကြိမ် ငါ့ရဲ့ ကိစ္စကြီးအတွက် ပထမခြေလှမ်းပဲရှိသေးတယ်… အဲ့ဒါကို ဝင်ခွင့်တုံကင်အဖြစ် မင်းသဘောထားနိုင်တယ်… ”

“ ခဏနေကျရင် မင်းရဲ့ မရီးရယ်၊ မင်းကောင်မလေးရယ် ပြီးတော့ ဟိုဒွိလိင်အဖွားကြီးရယ်က အပြင်ဘက်မှာ ပြပွဲတစ်ခု ပြသလိမ့်မယ်… ငါတို့က အဲ့ဒါကို အသုံးပြုပြီးတော့ အပေါ်ကို တတ်ကြမယ် ”

“ ဒါပေမဲ့ ဒီဟာအတွက် ငါက ဘဝပေါင်းအများကြီး နှစ်တွေအကြာကြီး ပြင်ဆင်ခဲ့ရတဲ့အပြင် ကြီးမားတဲ့ တန်ဖိုးကိုလည်း ပေးချေခဲ့ရတယ်… အဲ့ဒါကြောင့် မင်းငါ့ကို ကတိတစ်ခု ပေးရမယ်… ”

“ ကောင်းပြီ ”

ခေါင်းဆောင်၏ စကားမဆုံးခင်မှာ ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

“ အယ်… ဘာကတိလဲဆိုတာ ငါမင်းကို မပြောရသေးဘူးလေ… ”

“ စီနီယာအကိုကြီး… ငါလုပ်နိုင်တဲ့ အတိုင်းအတာအတွင်းက ဘယ်ကိစ္စမဆို မင်းကို ကတိပေးနိုင်တယ် ”

ယခု သူတို့နှစ်ယောက်က အင်ပါယာအလောင်းဖြင့် အတူတကွ ပေါင်းစည်းထားလေရာ အားညိုသည် ရွှီချင်း၏ အသံထဲမှ ဆုံးဖြတ်ချက်ပြတ်သားမှုကို အာရုံခံနိုင်သည်။ ထိုအခါ ဖော်မပြနိုင်သော နွေးထွေးမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ထိုသို့နွေးထွေးမှုကို ခံစားမိသွားစဉ် ရွှီချင်းကို အမြတ်ထုတ်မည့် သူ၏ ယခင်အတွေးများက အနည်းငယ် သဘောထားသေးသိမ်ကြောင်း သူခံစားမိသွားသည်။

သူက စီနီယာအကိုကြီးဟူသော သူ၏ ဂုဏ်သိက္ခာနှင့် တာဝန်ကို ပြန်မတွေးဘဲ မနေနိုင်ပေ။ ထို့ကြောင့် သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ ငါ့ဂျူနီယာညီလေးကို ကူညီပေးတာပဲ ငါတို့ကြားမှာ ကတိတွေ ဘာတွေ လိုသေးလို့လား… စောစောက မင်းကို ငါနောက်နေတာပါ… အဲ့ဒီအကြောင်းကို မေ့လိုက်တော့ ”

“ ငါ့အစီအစဉ်အကြောင်း မင်းကို ပြောပြမယ်… ”

“ ဂျူနီယာညီလေး… နတ်ဘုရားတစ်ပါးအတွက် အမှတ်လက္ခဏာက နတ်ဘုရားမီးတောက်ဆိုတာ မင်းသိပြီးသား ဖြစ်မှာပါ… နတ်ဘုရားမီးတောက်ကို မထွန်းညှိရသေးခင်မှာ သူတို့က နတ်ဘုရားသက်ရှိတွေပဲ ဖြစ်နေဦးမှာ… နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီးတဲ့ သူတွေကိုပဲ နတ်ဘုရားလို့ သတ်မှတ်နိုင်တယ် ”

“ နတ်ဘုရားမီးတောက်အဆင့်ကို အဆင့်သုံးဆင့် ခွဲခြားထားတယ် ”

“ အဲ့ဒါတွေကို အစစ်အမှန်မီးတောက်၊ ကမ္မမီးတောက်နဲ့ ကပ်ဘေးမီးတောက်လို့ ခေါ်တယ် ”

ရွှီချင်းသည် နှလုံးတုန်သွားသည်။ ဤသည်မှာ နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီးသော နတ်ဘုရားများ၏ အဆင့်သတ်မှတ်ချက်ကို ပထမဆုံးအကြိမ် သူကြားဖူးခြင်း ဖြစ်သည်။

“ ဥပမာ ဖုန်းဟိုင်ဒေသငယ်က အင်မော်တယ်တားမြစ်နယ်မြေထဲမှာ ငါတို့တွေ့ဆုံခဲ့တဲ့ နတ်ငါးက အစစ်အမှန်မီးတောက်အဆင့်မှာ ရှိတယ်… သူ့ရဲ့ အစစ်အမှန်မီးတောက်က ကမ္မမီးတောက်အဖြစ် မပြောင်းလဲခင်မှာ သူ့ကို အဆင့်နိမ့်နတ်ဘုရားလို့ ခေါ်နိုင်တယ်… ကမ္မမီးတောက်ကို ပိုင်ဆိုင်သွားမယ်ဆိုရင်တော့ အဆင့်မြင့်နတ်ဘုရားလို့ သတ်မှတ်နိုင်တယ် ”

“ အဆင့်မြင့်နတ်ဘုရားရဲ့ အတိုင်းအတာက အရမ်းကျယ်ပြောတယ်… ကမ္မမီးတောက်ရော ကပ်ဘေးမီးတောက်ရောက အဆင့်မြင့်နတ်ဘုရားတွေ ဖြစ်တယ် ”

“ တကယ်လို့ မင်းက ကပ်ဘေးမီးတောက်ကို ပြီးပြည့်စုံအောင် လုပ်နိုင်ပြီး ပြစ်ချက်မဲ့အဆင့်ကို ရောက်နိုင်မယ်ဆိုရင် နတ်ဘုရားယဇ်ပလ္လင်ဆီ တတ်လှမ်းဖို့ ဖြစ်နိုင်ခြေရှိလာလိမ့်မယ်… လီဇီဟွားက နတ်ဘုရားယဇ်ပလ္လင်အဆင့်မှာ ”

ရွှီချင်းက အလေးအနက်ထား၍ နားထောင်သည်။ ခေါင်းဆောင်က ထိုသို့ပြောနေစဉ် သူ၏ လေသံထဲမှာ ကံကြမ္မာ၏ အနိမ့်အမြင့်အတတ်အကျ သဘောတရားပါရှိကြောင်း သူအာရုံခံမိသည်။

“ ကပ်ဘေးမီးတောက်အဆင့်မှာ နတ်ဘုရားတွေက အကန့်အသတ်မဲ့ စွမ်းအားနဲ့ အနန္တအသိဉာဏ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်… တစ်ချိန်တည်းမှာ အဲ့ဒီအဆင့်က အရမ်းအန္တရာယ်များတယ်… အဲ့ဒါက နတ်ဘုရားတွေအတွက် ကပ်ဘေးဒုက္ခတွေကို ခေါ်ဆောင်လာလိမ့်မယ် ”

“ အဲ့ဒီကပ်ဘေးဒုက္ခတွေက နတ်ဘုရားတွေရဲ့ အနန္တအသိဉာဏ်ထက် ကျော်လွန်နေတယ်… တကယ်လို့ အဲ့ဒီကပ်ဘေးဒုက္ခကို မကျော်လွှားနိုင်ဘူးဆိုရင် သူတို့ရဲ့ နတ်ဘုရားမီးတောက်က ငြိမ်းသတ်သွားပြီး နတ်ဘုရားလမ်းစဉ်က ဗလာဟင်းလင်းပြင် ဖြစ်သွားလိမ့်မယ်… အရင်က သူတို့ကြိုးစားခဲ့တဲ့ အရာအားလုံးကလည်း ဖုန်မှုန့်ဖြစ်သွားလိမ့်မယ်… ပြစ်ချက်မဲ့အဆင့်ကို ရောက်မှပဲ တစ်စုံတစ်ယောက်က ကပ်ဘေးဒုက္ခကို ရှောင်ရှားနိုင်ပြီး နတ်ဘုရားယဇ်ပလ္လင်ကို အဆင့်ချိုးဖြတ်ဖို့ အေးအေးဆေးဆေး ပြင်ဆင်နိုင်လိမ့်မယ် ”

“ ပင့်ကူနတ်ဘုရားက ကပ်ဘေးမီးတောက်အဆင့်မှာ… သူက ကပ်ဘေးမီးတောက်ရဲ့ အထွတ်အထိပ်မှာ ရှိတယ်… ဒါပေမဲ့ သူက ပြစ်ချက်မဲ့အဆင့်ကို မရောက်ခဲ့ဘူး… အဲ့ဒါကြောင့် သူ့ရဲ့ ကပ်ဘေးဒုက္ခက ရောက်လာတယ် ”

“ နတ်ဘုရားသုံးပါးအပါအဝင် မင်းနဲ့ငါက သူ့ရဲ့ ကပ်ဘေးဒုက္ခထဲမှာ ပါဝင်တယ် ”

“ အတိတ်တုန်းက နီလာနတ်သမီးကလည်း အဲ့ဒီအတိုင်းပဲ… သူက အဆင့်မြင့်နတ်ဘုရားဖြစ်ပြီး ကပ်ဘေးမီးတောက်ရဲ့ အထွတ်အထိပ်မှာ ရှိတယ်… သူ့ရဲ့ အဆင့်အတန်းက ပင့်ကူနတ်ဘုရားနဲ့ အတူတူလောက်ပဲ… ဒါပေမဲ့ သူက ပြစ်ချက်မဲ့အဆင့်ကို ရောက်ဖို့ ခြေလှမ်းဝက် လိုနေသေးတယ် ”

“ အဲ့ဒါကြောင့် လီဇီဟွားရယ် မင်းနဲ့ငါရယ်က သူ့အတွက် ကပ်ဘေးဒုက္ခဖြစ်လာတယ် ”

“ အဲ့ဒီလိုပဲ အတိတ်မှာ လီဇီဟွားအတွက် နီလာနတ်သမီးက ကပ်ဘေးဒုက္ခဖြစ်ခဲ့တယ် ”

ရွှီချင်းသည် နှလုံးတုန်သွားသည်။ သူက ရုတ်တရက် မေးသည်။

“ အဲ့ဒါဆို နတ်ဘုရားသုံးပါးကရော ”

“ ငါ့အရင်ဘဝတုန်းက သိထားချက်အရဆိုရင် နတ်ဘုရားသုံးပါးက ကပ်ဘေးမီးတောက်အဆင့်ကို စဝင်ရောက်ပြီးတာနဲ့ နောက်ထပ် အဆင့်တတ်ဖို့ကို လက်လျော့လိုက်ကြပြီး သူတို့ရဲ့ ကပ်ဘေးမီးတောက်တွေကို ချိပ်ပိတ်လိုက်ကြတယ်… အဲ့ဒါကြောင့် သူတို့က အဆင့်မြင့်နတ်ဘုရားတွေဆိုပေမဲ့ နီလာနတ်သမီးထက် အများကြီး အားနည်းကြတယ် ”

“ ဒီတစ်ကြိမ်မှာ ငါ့အမြင်အရဆိုရင်… နတ်ဘုရားသုံးပါးရဲ့ ရည်ရွယ်ချက်က ကပ်ဘေးမီးတောက်ရဲ့ အန္တရာယ်အဆင့်ကို ခြေတစ်လှမ်းတည်းနဲ့ ကျော်လွှားပြီး ပြစ်ချက်မဲ့အဆင့်ကို တိုက်ရိုက် ရောက်ရှိသွားအောင်ပဲ… အဲ့ဒါက နတ်ဘုရားယဇ်ပလ္လင်ဆီ လမ်းကြောင်းပွင့်သွားစေပြီး သူတို့ကို နတ်ဘုရားယဇ်ပလ္လင်ကို မြင်နိုင်စေလိမ့်မယ် ”

ခေါင်းဆောင်က ထိုသို့ပြောနေစဉ် သူ၏ အသံက ရုတ်တရက် ရပ်သွားသည်။ သူတို့နှစ်ယောက်ဖြင့် ပေါင်းစပ်ထားသော ဝဲကတော့ထဲမှ အင်ပါယာအလောင်းက ရုတ်တရက် ခေါင်းမော့လိုက်ကြောင်း ရွှီချင်း အာရုံခံမိသွားသည်။

နတ်ဘုရားအလင်းတောက်ပနေသော ၎င်း၏ မျက်လုံးက ဝဲကတော့ကို ဖြတ်သန်းသွားပြီး အပြင်လောကဆီသို့ ကျရောက်သွားသည်။

ထိုအခါ ကြီးမားသော အပြောင်းအလဲတစ်ခုက အပြင်လောကမှာ ဖြစ်ပေါ်နေကြောင်း သူမြင်သွားသည်။

“ လေစတိုက်ပြီ ”

ခေါင်းဆောင်၏ အသံထဲမှာ ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။

All Chapters