တကယ်လို့ အောင်မြင်သွားရင်ရော
Vol. 85 Ch. 1309
ဤအခိုက်အတန့်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နယ်နိမိတ်အတွင်းမှာရှိသော ဘိုးဘေးခန်းမအားလုံးထံမှ မရေမတွက်နိုင်သော ဝိညာဉ်များသည် ကြယ်မှုန်များသဖွယ် ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။
၎င်းတို့က အရပ်မျက်နှာအသီးသီးမှ စုဝေးရောက်ရှိလာကြပြီး ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်တွင် ဝိညာဉ်မြစ်တစ်စင်းကို ဖွဲ့စည်းသွားသည်။
ဝိညာဉ်မြစ်က ပိုပြီးမြင့်မားသော နေရာသို့ ပျံတတ်သွားလေ အရွယ်အစားက ပိုပြီးသေးငယ်လာလေ ဖြစ်သည်။ နောက်ဆုံးမှာတော့ ဝိညာဉ်မြစ်သည် နတ်ဘုရားမျက်နှာပျက်ကြီးဆီသို့ အနက်ရောင်ချည်မျှင်တစ်ခုပမာ ချဉ်းကပ်သွားသည်။
အဝေးမှကြည့်လျှင် ယင်းက အနက်ရောင်အလင်းတောက်ပနေပြီး ဝမ်ကူးကုန်းမြေဆီသို့ ကြယ်အလင်းရောင်ကို ထုတ်လွှတ်ပေးနေသည်။
ထို့နောက် ဝိညာဉ်မြစ်သည် မည်သည့်အစအနမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။
ဝမ်ကူးကုန်းမြေမှ ဒေသကြီးအများစုသည် ယင်းကို အာရုံမခံနိုင်ကြချေ။ အစွမ်းထက်မျိုးနွယ်စုကြီးများ၊ ပညာရှင်ကျင့်ကြံသူများနှင့် ဤနေရာမှာ ပုန်းအောင်းနေကြသော နတ်ဘုရားများသာ ယင်းကို အာရုံခံနိုင်ကြသည်။
ထိုပညာရှင်ကျင့်ကြံသူများက ခေါင်းမော့လိုက်စဉ် နတ်ဘုရားနယ်မြေထဲမှ ယဇ်ပူဇော်မှုသည် ဆက်လက် ဖြစ်ပွားနေသည်။
“ တတိယယဇ်ပူဇော်မှုအနေနဲ့ ရှေးဟောင်းကောင်းကင်ဘုံတာအိုကို ယဇ်ပူဇော်ပါတယ် ”
နေနတ်ဘုရား၏ အသံသည် နတ်ဘုရားနယ်မြေထဲမှာ ပဲ့တင်ထပ်သွားသည်။ ၎င်း၏ အသံသည် ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ကျယ်လောင်ပြီး ၎င်း၏ စကားလုံးတိုင်းမှာ ဖန်တီးမှုအငွေ့အသက် ပါရှိသည်။ ထိုအသံသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး မီးလျှံလ၏ ကောင်းကင်ပေါ်သို့ ပဲ့တင်ထပ်သွားသည်။
ထိုကောင်းကင်သည် ကြယ်တာရာကောင်းကင် မဟုတ်ပေ။ ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ သွေးမျိုးစက်ထဲမှ မွေးရာပါစွမ်းရည်၏ မူလဇစ်မြစ်ဖြစ်သည်။
ဤအခိုက်အတန့်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ကောင်းကင်သည် ပြိုကွဲပျက်စီးသွားသည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူအားလုံးသည် မိန်းမောတွေဝေသွားကြသည်။
သူတို့၏ မွေးရာပါစွမ်းရည်က ပျက်စီးသွားသည်နှင့် သူတို့၏ အသိစိတ်၊ သွေးမျိုးစက်နှင့် ဘဝထဲမှာ ပုန်းကွယ်နေသော ဗီဇသည် နတ်ဘုရားသုံးပါးကြောင့် အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသည်။
ထို့နောက် ယင်းက ဤလောကထဲမှာ မယုံကြည်နိုင်စရာကောင်းသော နည်းလမ်းနှင့်အတူ ထွက်ပေါ်လာသည်။
ထိုမွေးရာပါစွမ်းရည်နှင့် ဗီဇသည် ရှေးဟောင်းကောင်းကင်ဘုံတာအိုဖြစ်သည်။
ဤအခိုက်အတန့်မှာ ခွန်ပန်ကောင်းကင်ဘုံတာအိုသည် ဝမ်ကူးကုန်းမြေပေါ်မှာ ထွက်ပေါ်လာသည်။ အတိတ်မှာ ၎င်းသည် နတ်ဘုရားသုံးပါး၏ ဖမ်းဆီးခံခဲ့ရပြီး မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ကမ္မဖြင့် အတင်းအဓမ္မ ပေါင်းစည်းခံလိုက်ရသည်။ ထိုနည်းဖြင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များသည် မွေးရာပါစွမ်းရည် ရှိလာကြသည်။
ခွန်ပန်ကောင်းကင်ဘုံတာအိုထံမှ နှလုံးနာကျင်ဖွယ်ကောင်းသော အော်သံသည် ဝမ်ကူးကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ထို့နောက် သံကြိုးပွတ်တိုက်သံများက ထွက်ပေါ်လာသည်။ မကြာမီ မှော်သင်္ကေတများနှင့် ပြည့်နှက်နေသော အနက်ရောင်သံကြိုးများက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။
အနက်ရောင်သံကြိုးများ၏ အနောက်တွင် ဆိုးဝါးပြင်းထန်စွာ ဒဏ်ရာရထားသော ဧရာမခွန်ပန်တစ်ကောင်က ထွက်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ကြာပွတ်ရာများဖြင့် ပြည့်နှက်နေသည်။ ၎င်းက ဟင်းလင်းပြင်ထဲမှ အတင်းအကျပ် ဆွဲထုတ်ခံနေရသည်။
စူးရှသော အော်ညည်းသံများကြားမှာ ၎င်းက နတ်ဘုရားမျက်နှာပျက်ကြီးဆီသို့ အတင်းအကျပ် ဆွဲခေါ်ခံနေရသည်။
၎င်းက ရုန်းကန်ချင်သည်။ သို့သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်သည်။ ဤအခိုက်အတန့်မှာ ၎င်းကို မည်သူမှ မကယ်တင်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားမျက်နှာပျက်ကြီးက လှုပ်ရှားနေသောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ ခွန်ပန်ကောင်းကင်ဘုံတာအိုသည် အနက်ရောင်သံကြိုးများ၏ ဆွဲခေါ်မှုအောက်မှာ မြင့်သထက် အမြင်သို့ ရောက်ရှိသွားသည်။ နောက်ဆုံးမှာတော့ ၎င်းက ပြိုကွဲပျက်စီးသွားပြီး သေဆုံးသွားသည်။
ဝမ်းနည်းဖွယ်ကောင်းသော အော်ညည်းသံသည် ရှေးခေတ်မှစတင်၍ ပျံ့နှံ့လာသည်။
ဝမ်ကူးကုန်းမြေသည် တိတ်ဆိတ်သွားသည်။ ခွန်ပန်ကောင်းကင်ဘုံတာအို၏ ဥပဒေသများကို ကျင့်ကြံသော မည်သူမဆို ဤအခိုက်အတန့်မှာ ယင်းတို့ကို ဆုံးရှုံးသွားကြသည်။
အနာဂတ်တွင် ခွန်ပန်ကောင်းကင်ဘုံတာအိုနှင့်သက်ဆိုင်သော အသေးစား ဥပဒေသများသည် ဘယ်သောအခါမှ ထွက်ပေါ်လာတော့မည် မဟုတ်ပေ။ ယင်းတို့က ဝမ်ကူးကုန်းမြေမှ အပြီးတိုင် ဖယ်ရှားခံလိုက်ရသည်။
တစ်ချိန်တည်းမှာ ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးသည် ရုတ်တရက် တုန်ယင်သွားပြီး ဝေဝါးလာသည်။
နတ်ဘုရားမျက်နှာပျက်ကြီးက ကြည်လင်လာသည့်အခါ ၎င်း၏ မျက်နှာသည် နေရာရွှေ့ပြောင်းသွားပြီး မီးလျှံလ၏ တောင်တန်းပင်လယ်ဒေသကြီးဆီသို့ မျက်နှာမူလိုက်သည်။
ထိုနေရာသည် ဝမ်ကူးကုန်းမြေနှင့် နတ်ဘုရားနယ်မြေကြားမှ ကမ္မဆက်နွယ်မှုရှိသောနေရာ ဖြစ်သည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားနယ်မြေထဲတွင် စတုတ္ထယဇ်ပူဇော်မှု ထွက်ပေါ်လာသည်။
“ စတုတ္ထယဇ်ပူဇော်မှုအနေနဲ့ ပေဖန်းအင်မော်တယ်နတ်ဘုရားနယ်မြေထဲက နတ်ဘုရားသက်ရှိအားလုံးကို ယဇ်ပူဇော်ပါတယ် ”
အတိတ်မှာ နတ်ဘုရားများ၏ ကျူးကျော်ဝင်ရောက်လာမှုကြောင့် အင်မော်တယ်လောကသည် နတ်ဘုရားနယ်မြေအဖြစ် ပြောင်းလဲသွားပြီး ဤလောကထဲမှ သက်ရှိများသည် ဒြပ်နှောများ၏ သက်ရောက်မှုကြောင့် နတ်ဘုရားသက်ရှိများအဖြစ် သန္ဓေပြောင်းလဲသွားကြသည်။ နှစ်ပေါင်းမြောက်များစွာကြာမြင့်ပြီးနောက် နတ်ဘုရားနယ်မြေထဲမှာ နတ်ဘုရားသက်ရှိများ၏ အရေအတွက်သည် အဆပေါင်းများစွာ တိုးပွားလာသည်။ ယခု ၎င်းတို့က နတ်ဘုရားသုံးပါး၏ အခွင့်အာဏာအောက်မှာ ယဇ်ပူဇော်ခံလိုက်ရသည်။
မျိုးနွယ်စုခုနစ်ခု၊ မီးလျှံလ၏ ဝိညာဉ်များနှင့် ခွန်ပန်ကောင်းကင်ဘုံတာအိုကို ယဇ်ပူဇော်ပြီးနောက် နတ်ဘုရားနယ်မြေထဲမှ နတ်ဘုရားသက်ရှိများသည် အော်ဟစ်ညည်းညူလိုက်ကြသည်။
ပင့်ကူတစ်ကောင်ပြီးတစ်ကောင်သည် ပြိုကွဲပျက်စီးသွားကြပြီး သန္ဓေပြောင်းသားရဲများသည် ဖျက်ဆီးခံလိုက်ရကြသည်။ လူမျက်နှာသစ်ပင်များသည်လည်း ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။
အဝေးမှ ကြည့်မည်ဆိုလျှင် နတ်ဘုရားနယ်မြေတစ်ခုလုံးက ခြောက်သွေ့သွားနေကြောင်း မြင်နိုင်လိမ့်မည်။ ကြယ်ဂြိုလ်များသည် တုန်လှုပ်သွားကြပြီး ပျက်စီးသွားကြသည်။
နတ်ဘုရားနယ်မြေသည် ချက်ချင်း သုဿန်တစပြင် ဖြစ်လာသည်။
လမ်းတစ်လျှောက်မှာ ရွှီချင်းတွေ့ဆုံခဲ့သော အစွမ်းထက် သက်ရှိများဖြစ်ကြသည့် နှုတ်ခမ်းမွှေးငါးများနှင့် ဧရာမဂျယ်လီငါးသည်ပင် သေဆုံးမည့်ကပ်ဘေးမှ မလွတ်မြောက်နိုင်ကြပေ။ ၎င်းတို့အားလုံး သေဆုံးသွားကြသည်။
ထိုယဇ်ပူဇော်မှုသည် နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်လုံးကို အနည်းငယ် လှုပ်ခါသွားစေသည်။
တစ်ချိန်တည်းမှာ နတ်ဘုရားသုံးပါးသည် နောက်ဆုံးယဇ်ပူဇော်မှုကို ပြုလုပ်လိုက်ကြသည်။
“ ပဉ္စမယဇ်ပူဇော်မှုအနေနဲ့ ပေဖန်းအင်မော်တယ်နတ်ဘုရားနယ်မြေကို ယဇ်ပူဇော်ပါတယ် ”
ဤနယ်မြေသည် ၎င်းတို့၏ နောက်ဆုံးယဇ်ပူဇော်မှုဖြစ်သည်။
စတုတ္ထယဇ်ပူဇော်မှုနှင့် ပဉ္စမယဇ်ပူဇော်မှုသည် နတ်ဘုရားသုံးပါးနှင့် တိုက်ရိုက် သက်ဆိုင်သည်။
နတ်ဘုရားနယ်မြေထဲမှ နတ်ဘုရားသက်ရှိများသည် အသိစိတ်ကင်းမဲ့နေကြသော်လည်း ၎င်းတို့သည် တစ်ချိန်က ၎င်းတို့၏ ပြည်သူများ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း နတ်ဘုရားသုံးပါးက ၎င်းတို့ကို ယဇ်ပူဇော်ခဲ့သည်။
နတ်ဘုရားနယ်မြေသည် တစ်ချိန်က နတ်ဘုရားသုံးပါး၏ ဇာတိမြေဖြစ်ခဲ့သော်လည်း ၎င်းတို့က ယဇ်ပူဇော်ခဲ့သည်။
ထိုသို့လုပ်ဆောင်မှုကို ရူးသွပ်ပြီး စိတ်ဓာတ်ပြတ်သားသည်ဟု ဆိုနိုင်ပေသည်။
ထိုအကြောင်းအရင်းကြောင့် ဂမ္ဘီရမှော်သခင်က နတ်ဘုရားသုံးပါးအား ၎င်းတို့ကို စွန့်လွှတ်ရန် တကယ်ဆန္ဒရှိသလားဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရားသုံးပါးသည် ထိုမေးခွန်းကို ပြန်ဖြေပြီးပြီ ဖြစ်သည်။
နတ်ဘုရားဖြစ်လာပြီးနောက် ၎င်းတို့က လူသားများမဟုတ်တော့ပေ။
ချက်ချင်းဆိုသလို နတ်ဘုရားနယ်မြေသည် ဝုန်းခနဲ မြည်သွားသည်။ မမြင်နိုင်သော သဏ္ဍာန်မဲ့အင်အားတစ်ခုက ကျဆင်းလာသည့်အလား ကြယ်တာရာကောင်းကင်သည် တုန်ယင်သွားသည်။ ထို့နောက် နတ်ဘုရားနယ်မြေသည် ဟင်းလင်းပြင်အက်ကွဲကြောင်းများထဲမှ ဆွဲထုတ်ခံလိုက်ရသည်။
၎င်းက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး နတ်ဘုရားမျက်နှာပျက်ကြီးဆီသို့ ရွေ့လျားသွားသည်။
ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေမှ မျိုးနွယ်စုအားလုံးသည် နတ်ဘုရားနယ်မြေကို စိုက်ကြည့်နေကြသည်။ မရေမတွက်နိုင်သော ပညာရှင်ကျင့်ကြံသူများနှင့် ပုန်းအောင်းနေကြသော နတ်ဘုရားများက ၎င်းကို အာရုံခံမိသွားကြသည်။
နတ်ဘုရားသုံးပါး၏ ယဇ်ပူဇော်မှုသည် ထိုနေရာမှာ အဆုံးသတ်သွားသည်။
ယဇ်ပူဇော်မှုပြီးမြောက်သွားသည်နှင့်ချက်ချင်း ဝမ်ကူးကုန်းမြေပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးသည် မျက်လုံးဖွင့်လှစ်တော့မည့်အလား ၎င်း၏ မျက်ခွံက လှုပ်လာသည်။
ထိုအခိုက်အတန့်မှာ အရာအားလုံးကို ကြည့်ရှုနေသော ရွှီချင်းသည် ခေါင်းဆောင်၏ ရူးသွပ်သော အသံကို ကြားလိုက်ရသည်။
“ ဆဌမယဇ်ပူဇော်မှုအနေနဲ့ နတ်ဘုရားရဲ့ မူလဇစ်မြစ်ကို ယဇ်ပူဇော်ပါတယ် ”
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ရုပ်သေးရုပ်တစ်ရာကျော်သည် ခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာကြသည်။ ထိုရုပ်သေးရုပ်များသည် အသွင်သဏ္ဍာန်တစ်ပုံစံတည်း ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့၏ မျက်နှာပေါ်မှာ နာမည်တစ်ခုစီကို ရေးထွင်းထားသည်။
ရုပ်သေးရုပ်များသည် ခေါင်းဆောင်၏ ထိန်းချုပ်မှုအောက်မှာ အင်ပါယာအလောင်း၏ အပြင်သို့ ထွက်ခွာသွားကြသည်။ ထို့နောက် သူက အင်ပါယာအလောင်းကို ထိန်းချုပ်လိုက်ပြီး ထိုရုပ်သေးရုပ်များကို ဖျက်ဆီးပစ်လိုက်သည်။
သူ၏ အရှိန်အဟုန်သည် အံ့ဖွယ်ကောင်းသည်။ ယင်းကို ခေါင်းဆောင်၏ ရူးသွပ်သော အသံဖြင့် တွဲဖက်လိုက်သည့်အခါ ထူးခြားသော ခံစားမှုက ထွက်ပေါ်လာသည်။
ရုပ်သေးရုပ်များသည် ပျက်စီးလွယ်ပုံပေါ်သည်။ ၎င်းတို့၏ နာမည်များသည်တော့ ထိုထဲမှ ရင်းနှီးကျွမ်းဝင်သော နာမည်တချို့ကို ရွှီချင်း မြင်လိုက်သည်။
အလောင်းကောင်တားမြစ်နယ်မြေ၏ အရှင်သခင်၊ နီလာနတ်သမီး၊ နေနတ်ဘုရား…
“ ဂျူနီယာညီလေး… မင်းရဲ့ စီနီယာအကိုကြီးက အံ့ဩစရာမကောင်းဘူးလား… ဟား ဟား ”
“ ငါမင်းကို ပြောပြမယ်… ပုံမှန်အခြေအနေမျိုးမှာဆိုရင် ဒီရန်သူတွေကို ငါယဇ်ပူဇော်နိုင်မှာ မဟုတ်ဘူး… ဒါပေမဲ့ ဒီအခွင့်အရေးကို အသုံးပြုပြီးတော့ သူတို့တွေကို ငါယဇ်ပူဇော်နိုင်တယ် ”
ခေါင်းဆောင်၏ ဘဝင်မြင့်သော အသံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ရွှီချင်းသည် ပျက်စီးလွယ်သော ရုပ်သေးရုပ်များကို ကြည့်လိုက်သည်။ ၎င်းတို့ထံမှ မည်သည့်နတ်ဘုရားစွမ်းအင်ကိုမှ သူအာရုံမခံမိပေ။
၎င်းတို့က ရိုးရှင်းသော ရုပ်သေးရုပ်များသာ ဖြစ်ကြသည်။ ၎င်းတို့၏ မျက်နှာပေါ်မှာ ရေးထွင်းထားသော နာမည်များသာ ကွဲပြားခြားနားကြသည်။
သို့သော်လည်း ရုပ်သေးရုပ်များ၏ အရေအတွက်အရ ခေါင်းဆောင်ဆီမှာ မည်မျှရန်သူများကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
သို့သော်လည်း ရွှီချင်း၏ မျက်လုံးထဲမှာ ထိုသို့ယဇ်ပူဇော်မှုသည် အဓိပ္ပာယ်မရှိပေ။
ရွှီချင်း၏ အတွေးများကို ခေါင်းဆောင်က ရိပ်စားမိဟန် ရ၏။ ထို့ကြောင့် သူက ချောင်းဟန့်လိုက်သည်။
“ ငါ့ရဲ့ ရပ်တည်မှုကို ဖော်ပြရုံပဲလေ… တကယ်လို့ အောင်မြင်သွားရင်ရော… ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ မကြာမီ သူ၏ နတ်ဘုရားစိတ်အာရုံက ထွက်ပေါ်လာသည်။
“ သတ္တမယဇ်ပူဇော်မှုအနေနဲ့ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို ယဇ်ပူဇော်ပါတယ် ”
ခေါင်းဆောင်၏ စကားက အဓိပ္ပာယ်ရှိသည်ဟု သူခံစားမိသည်။
တကယ်လို့ အဲ့ဒါက အောင်မြင်သွားမယ်ဆိုရင်ရော…
နောက်အခိုက်အတန့်မှာ ခေါင်းဆောင်နှင့် ရွှီချင်း၏ ယဇ်ပူဇော်မှုကြောင့်လော မသေချာသော်လည်း ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ တောင်တန်းပင်လယ်ဒေသကြီးဆီသို့ မျက်နှာမူထားသော နတ်ဘုရားမျက်နှာပျက်ကြီးသည် ရုတ်တရက် မျက်လုံးဖွင့်လှစ်လိုက်သည်။
ထိုသို့မျက်လုံးဖွင့်လိုက်သည့်အခါ စကြာဝဠာက ပြောင်းပြန်လှည့်ပတ်သွားသည့်အလား အသင်္ချေကြယ်များက ၎င်းတို့၏ အလင်းရောင်ကို ဆုံးရှုံးသွားကြသည်။
ဝမ်ကူးကုန်းမြေ၏ လောကကြီးသည် သိသာစွာ ပြောင်းလဲသွားသည်။ ကောင်းကင်သည် ပုံပျက်တွန့်လိမ်သွားပြီး ပြိုကွဲပျက်စီးသွားသည်။
မြေပြင်ပေါ်မှ ဧရိယာအများအပြားသည် ပရမ်းပတာ တုန်ယင်သွားကြသည်။ မရေမတွက်နိုင်သော တောင်ထွတ်များသည် ပြိုကျပျက်စီးသွားကြသည်။ မြစ်ချောင်းများနှင့် ပင်လယ်များသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။
လေနှင့် တိမ်တိုက်များက ပရမ်းပတာဖြစ်သွားသည်။ လေကြမ်းများ တိုက်ခတ်လာပြီး မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားသည်။ တိမ်တိုက်များသည် လေးလံလာပြီး ရက်စက်ကြမ်းကြုတ်လာသည်။
လောကတစ်ခုလုံး ဝုန်းခနဲ မြည်ဟိန်းသွားပြီး မိုးကြိုးက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
ဗုန်း…
သဏ္ဍာန်မဲ့ အရာဝတ္ထုများ၏ ပေါက်ကွဲမှုသည် သက်ရှိအားလုံး၏ စိတ်ထဲသို့ ပဲ့တင်ထပ်သွားသည်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ ဤတစ်ကြိမ် မျက်လုံးဖွင့်လှစ်ခြင်းသည် ယခင်တစ်ကြိမ်နှင့် ခြားနားသည်။
အဘယ့်ကြောင့်ဆိုသော် နှလုံးခုန်သံက ဝမ်ကူးကုန်းမြေမှ သက်ရှိအားလုံး၏ နားထဲသို့ ပဲ့တင်ထပ်နေသောကြောင့် ဖြစ်သည်။
ဒုန်း… ဒုန်း… ဒုန်း…
နတ်ဘုရားမျက်နှာပျက်ကြီးက မျက်လုံးဖွင့်လိုက်သည်။
ကြယ်တာရာကောင်းကင်သည် ထိုဧရာမမျက်လုံး၏ အရှေ့မှာ မှေးမှိန်သွားဟန် ရသည်။ ထိုဧရာမမျက်လုံးထဲမှာ မရေမတွက်နိုင်သော ကမ္ဘာများ၊ အဆုံးမဲ့သော အတွေးများ၊ တာအိုအားလုံး၊ သက်ရှိအားလုံး၏ သံသရာစက်ဝန်းများနှင့် စကြာဝဠာ၏ မူလအစ ပါရှိသည်။
အရာအားလုံးက ၎င်း၏ မျက်လုံးထဲမှာ ရှိသည်။ ကမ္မသော်လည်းကောင်း သို့မဟုတ် ကံကြမ္မာသော်လည်းကောင်း ၎င်း၏ မျက်လုံးအောက်ထဲမှ မလွတ်မြောက်နိုင်ပေ။
၎င်းကြည့်လိုက်သော မည်သည့်အရာမဆို ၎င်း၏ အတွေးအတိုင်း လိုက်နာရလိမ့်မည်။
ယင်းက အနန္တအသိဉာဏ်ဖြစ်သည်။
ရွှီချင်း၏ အသိစိတ်သည် အေးခဲသွားသည်။ သူ၏ အတွေးများနှင့် အရာအားလုံးသည် အချိန်အယူအဆထံမှ ကင်းလွတ်သွားသည်။ သူနားလည်ထားသမျှ အရာအားလုံးသည် အဝေးသို့ စုပ်ယူခံလိုက်ရသည်။ သူ၏ အသိဉာဏ်က ဗလာဖြစ်သွားသည်။
အားညိုသည်လည်း ထို့အတူ အေးခဲသွားသည်။
ဝဲကတော့၏ အပြင်ဘက်မှ ဂမ္ဘီရမှော်သခင်နှင့် နတ်ဘုရားသုံးပါးသည်ပင် ဤအခိုက်အတန့်မှာ ၎င်းတို့၏ ဘဝများက ယာယီရပ်တန့်သွားကြသည်။
၎င်းတို့ရှိနေသော နတ်ဘုရားနယ်မြေသည်တော့ ကြီးမားသော အပြောင်းအလဲဖြင့် တွေ့ကြုံနေရသည်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြည့် ကျဆင်းလာသည့်အခါ နတ်ဘုရားနယ်မြေသည် နယ်မြေတစ်ခု မဟုတ်တော့ပေ။
ယင်းအစား နတ်ဘုရားနယ်မြေက ပန်းချီကားတစ်ချပ်ဖြစ်လာသည်။ ကြယ်များသော်လည်းကောင်း သို့မဟုတ် ကုန်းမြေသော်လည်းကောင်း နတ်ဘုရားသုံးပါး၊ ရွှီချင်းနှင့် တခြားလူများသည်ပင် ထိုပန်းချီကားထဲမှာ မင်ရည်စက်များ ဖြစ်လာသည်။
ပန်းချီကားထဲမှ ကြယ်များသည် မင်ရည်စက်များအဖြစ် ပြောင်းလဲသွားပြီး မှေးမှိန်သွားကာ ပျောက်ကွယ်သွားကြသည်။
ပန်းချီကားထဲမှ လောကသည်လည်း ထို့အတူပင်။
ပန်းချီကားကိုယ်တိုင်သည်တော့ လေထဲသို့ မြှောက်တတ်သွားပြီး ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။
ယင်းက ပိုပြီးနီးကပ်သွားလေ ပိုပြီးပျောက်ကွယ်လာလေ ဖြစ်သည်။ ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေထဲမှ ပညာရှင်ကျင့်ကြံသူများနှင့် နတ်ဘုရားများသည် ပုန်းအောင်းနေခြင်းဖြစ်စေ သို့မဟုတ် အိပ်မောကျနေခြင်းဖြစ်စေ ပြန်နိုးထလာကြသည်။ ၎င်းတို့က ခေါင်းမော့လိုက်ကြသည်။
၎င်းတို့အားလုံးက နတ်ဘုရားမျက်နှာပျက်ကြီးနှင့် ပန်းချီကားသဖွယ် နတ်ဘုရားနယ်မြေကို ကြည့်လိုက်ကြသည်။
၎င်းတို့အားလုံး ထိတ်လန့်သွားကြသည်။
အဘယ့်ကြောင့်ဆိုသော် ပန်းချီကားသဖွယ် နတ်ဘုရားနယ်မြေက တဖြည်းဖြည်း လွင့်ပြယ်နေသောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာ ယင်းက အဆင့်မြင့်တတ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် နတ်ဘုရားနယ်မြေထဲမှ ပေါ်လျှိုးလာသည်။ ထိုအရှိန်အဝါ၏ စွမ်းအားသည် နတ်ဘုရားများစွာကို နှလုံးတုန်သွားစေပြီး အကြောက်တရားကို ခံစားမိစေသည်။
စူးရှသော ရွှေရောင်အလင်းသည် ပန်းချီကားထဲမှ ထွက်ပေါ်လာသည်။ ထိုရွှေရောင်အလင်း၏ တောက်ပမှုသည် နေလုံးထက် အဆပေါင်းများစွာ သာလွန်သည်။ ယင်းက ဝမ်ကူးကုန်းမြေထဲမှ နေလုံးများနှင့် လစန္ဒာများကို အရောင်မှေးမှိန်သွားစေသည်။ ဤသည်မှာ ရွှေရောင်အလင်းက ဤလောက၏ တစ်ခုတည်းသော အလင်းရောင်ဖြစ်လာသည့်အလားပင်။
နတ်ဘုရားနယ်မြေသည် နတ်ဘုရားကမ္ဘာအဖြစ် အဆင့်မြင့်တတ်သွားသည်။
ဝမ်ကူးကုန်းမြေတစ်ခုလုံး ယင်းကို အာရုံစိုက်လာကြသည်။
တစ်ချိန်တည်းမှာ နတ်ဘုရားနယ်မြေက အဆင့်မြင့်တတ်နေစဉ် နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာကို ပိုင်ဆိုင်ထားကြသော သက်ရှိအားလုံးသည် ၎င်းတို့လိုချင်သော အရာကို ဤအခိုက်အတန့်မှာ ရရှိသွားကြသည်။ ထို့အတူ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဘဝအဆင့်အတန်းသည်လည်း မြင့်တတ်သွားကြသည်။
အစက ဂမ္ဘီရမှော်သခင်၏ ခန္ဓာကိုယ်ထဲတွင် မီးတောက်များ ရှိသည်။ ဤအခိုက်အတန့်မှာ ထိုမီးတောက်များက ချက်ချင်း တောက်လောင်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို နတ်ဘုရားခန္ဓာကိုယ်အဖြစ် သန့်စင်ပေးချင်သည်။
မီးတောက်များက သူ၏ ဝိညာဉ်ထဲထိ ပျံ့နှံ့သွားပြီး နတ်ဘုရားဝိညာဉ်အဖြစ် သန့်စင်ပေးလိုက်သည်။
မီးတောက်များသည် ပိုမိုအားကောင်းစွာ ပေါ်လျှိုးလာပြီး အရူးအမူး လောင်ကျွမ်းလာသည်။ ယင်းက မည်မျှနာကျင်ကြောင်း ဂမ္ဘီရမှော်သခင်၏ မျက်နှာကို ကြည့်ရုံဖြင့် သိနိုင်လိမ့်မည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ဇွဲကောင်းမှု ရှိသည်။ ထို့အတူ မျှော်လင့်သော အရိပ်အယောင်လည်း တစ်စွန်းတစ်စ ရှိသည်။
သူက နတ်ဘုရားဖြစ်ချင်သည်။
နတ်ဘုရားသုံးပါးသည် ဤအတွက် နှစ်ထောင်သောင်းချီကြာ ကြိုပြင်ဆင်ထားခဲ့ပြီး တန်ဖိုးကြီးကို ပေးဆပ်ခဲ့သည်။ ထုံးစံအားဖြင့် ဤအခိုက်အတန့်မှာ ၎င်းတို့က တစ်စုံတစ်ခုကို ရရှိသွားကြသည်။ ၎င်းတို့၏ သက်ဆိုင်ရာ နတ်ဘုရားအရင်းအမြစ်များက ပေါ်လျှိုးလာကြသည်။ ၎င်းတို့က ကပ်ဘေးမီးတောက်ကို ဆက်ပြီး မဖိနှိပ်ထားတော့ပေ။
နတ်ဘုရားနယ်မြေက နတ်ဘုရားကမ္ဘာအဖြစ် အဆင့်မြင့်တတ်သွားနေသည်ကို ၎င်းတို့က အခွင့်ကောင်းယူ၍ ကပ်ဘေးမီးတောက်၏ အန္တရာယ်များသော အဆင့်ကို ခြေတစ်လှမ်းတည်းဖြင့် ကျော်လွှားချင်ကြသည်။
၎င်းတို့က ကပ်ဘေးမီးတောက်အဆင့်ကို ကျော်လွှားပြီး ပြစ်ချက်မဲ့နတ်ဘုရားအဆင့်သို့ တိုက်ရိုက် တတ်လှမ်းချင်ကြသည်။
၎င်းတို့က အောင်မြင်သွားသည်နှင့် နတ်ဘုရားယဇ်ပလ္လင်အတွက် လမ်းစဉ်ကို ရှင်းလင်းစွာ မြင်နိုင်လာလိမ့်မည်။ ထိုအချိန်ကျလျှင် ၎င်းတို့က ကပ်ဘေးဒုက္ခရောက်လာမည်ကို ကြောက်နေစရာမလိုတော့ပေ။ အနာဂတ်မှာ ၎င်းတို့က နတ်ဘုရားယဇ်ပလ္လင်အဆင့်ကို အဆင်ပြေချောမွေ့စွာ တတ်လှမ်းနိုင်လိမ့်မည်။
ယင်းက နတ်ဘုရားအားလုံး၏ အိမ်မက်ဖြစ်သည်။
နီလာနတ်သမီးကဲ့သို့ အစွမ်းထက်သော အဆင့်မြင့်နတ်ဘုရားသည်ပင် ပြစ်ချက်မဲ့အဆင့်သို့ မရောက်ရှိခဲ့ပေ။ ၎င်းက ပြစ်ချက်မဲ့အဆင့်နှင့်နီးကပ်သော နတ်ဘုရားအစွမ်းကို အမှီပြု၍ ကပ်ဘေးဒုက္ခကို ရင်ဆိုင်ရန် တခြားနတ်ဘုရားများကို ဝါးမျိုပြီး စွမ်းအင်စုဆောင်းခဲ့သည်။ သို့သော်လည်း ၎င်းက ကပ်ဘေးဒုက္ခကို မကျော်လွှားနိုင်ခဲ့ပေ။
လီဇီဟွားကဲ့သို့ အစွမ်းကြီးမားသော ပုဂ္ဂိုလ်သည်ပင် ကပ်ဘေးဒုက္ခကို ရင်မဆိုင်ဝံ့သောကြောင့် နတ်ဘုရားဖြစ်လာပြီးနောက် ၎င်း၏ နတ်ဘုရားမီးတောက်ကို ငြိမ်းသတ်ပစ်ကာ အင်မော်တယ်လမ်းစဉ်ကို ပြောင်းလဲခဲ့သည်။ ထို့နောက် ၎င်းက နှစ်ထောင်သောင်းချီကြာအောင် အစီအစဉ်ဆွဲပြီး အတိတ်မှ ပစ္စုပ္ပန်ဆီသို့ ကူးပြောင်းလာကာ ၎င်း၏ တာအိုကို သက်သေပြုခဲ့သည်။
ပင့်ကူနတ်ဘုရားသည်တော့ နတ်ဘုရားသုံးပါးကဲ့သို့ မစွန့်စားဝံ့ပေ။ ၎င်းက နတ်ဘုရားသစ်သီးကို အကြောင်းပြချက်အဖြစ် အသုံးပြုပြီး ၎င်းကိုယ်တိုင် ဖွဲ့စည်းထားသော နတ်ဘုရားသစ်သီးကို ဝါးမျိုချင်သည်။ ထုံးစံအားဖြင့် ယင်းက ရှုပ်ထွေးသော ကမ္မကို ဖြစ်ပေါ်စေပြီး ၎င်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သေဆုံးစေခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားသုံးပါး၏ စွမ်းဆောင်နိုင်စွမ်းကို မြင်နိုင်ပေသည်။