← Chapters

ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းခြင်း

Vol. 85 Ch. 1310

ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းခြင်း

Vol. 85 Ch. 1310

ဂမ္ဘီရမှော်သခင်က နတ်ဘုရားတစ်ပါးဖြစ်ချင်ပြီး နတ်ဘုရားသုံးပါးက ပြစ်ချက်မဲ့အဆင့်သို့ ရောက်ချင်သည်။ သို့သော်လည်း နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာက အပိုင်းငါးပိုင်း ခွဲခြားခံထားရခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ နတ်ဘုရားနယ်မြေ၏ ဝဲကတော့ထဲတွင် အင်ပါယာအလောင်းကို ကြားခံနယ်အဖြစ်ထား၍ ဤအခွင့်အရေးသည် ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ ကျရောက်လာသည်။

“ ချင်းလေး… ဒီလိုအခွင့်အရေးကို မင်းဘယ်လိုမြင်လဲ ”

ခေါင်းဆောင်၏ လေသံထဲမှာ စိတ်လှုပ်ရှားမှုနှင့် ဘဝင်မြင့်မှုဖြင့် ပြည့်နှက်နေသည်။ သူက ရွှီချင်း၏ စိတ်ထဲသို့ အသံပို့လွှတ်လိုက်သည်။

“ ငါမင်းကို ပြောပြမယ်… ဒီလောကကြီးနဲ့ စကြာဝဠာထဲက အရာအားလုံးကို ငါတို့အသုံးချနိုင်တယ်… ကောင်းကင်ပေါ်က ခွေးမသားမျက်နှာပျက်ကြီးလည်း အတူတူပဲ ”

“ အတိတ်မှာ အနီရောင်လဂြိုလ်က အဆင့်မြင့်တတ်သွားတော့ ငါမနာလိုဖြစ်ခဲ့တယ်… ဒါပေမဲ့ အဲ့ဒီတုန်းက အခြေအနေတွေက ငါ့ကို လှုပ်ရှားဖို့ အခွင့်မသာစေခဲ့ဘူး… အထူးသဖြင့် အဲ့ဒါက ရုတ်တရက် ဖြစ်လာတော့ ငါဘာမှ ကြိုမပြင်ဆင်နိုင်ခဲ့ဘူး ”

“ ဒါပေမဲ့ ဒီတစ်ကြိမ်တော့… ”

ခေါင်းဆောင်၏ နှလုံးခုန်သံက မြန်ဆန်လာသည်။

“ …ကောင်းကင်ပေါ်တတ်ပြီး ရှုခင်းကြည့်ဖို့ ငါတို့အလှည့်ပဲ ”

ရွှီချင်းသည် မျက်လုံးဝင်းလက်သွားသည်။

“ ဂျူနီယာညီလေး… ငါမင်းကို ဝမ်ကူးကုန်းမြေရဲ့ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် ”

“ အဲ့ဒါက မင်းရဲ့လမ်းစဉ်၊ ငါ့ရဲ့လမ်းစဉ်၊ ဆရာရဲ့လမ်းစဉ်နဲ့ ဆက်စပ်နေတယ် ”

ခေါင်းဆောင်၏ စိတ်အားထက်သန်သော အသံက ရွှီချင်း၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ ‘ ဆရာ ’ဟူသော စကားကို ကြားသောအခါ ရွှီချင်းသည် နှလုံးခုန်မြန်လာသည်။

“ စောစောက ငါပြောပြလို့ နတ်ဘုရားတွေရဲ့ အဆင့်တွေကို မင်းသိပြီးလောက်ပြီ… နတ်ဘုရားမီးတောက်မတိုင်ခင် သူတို့အားလုံးက နတ်ဘုရားသက်ရှိတွေပဲ… ပြစ်ချက်မဲ့အဆင့်ပြီးသွားရင် နတ်ဘုရားယဇ်ပလ္လင်ပဲ… ဒါဆို နတ်ဘုရားယဇ်ပလ္လင်ပြီးသွားရင်ရော ”

“ ငါမင်းကို ပြောပြမယ်… အဲ့ဒါက နွေဦးအင်မော်တယ်နဲ့ အဆင့်အတူတူပဲ… အဲ့ဒါကို အစစ်အမှန်နတ်ဘုရားလို့ ခေါ်တယ် ”

ခေါင်းဆောင်က စကားပြောလိုက်သည်နှင့်ချက်ချင်း ရွှီချင်းသည် သူ၏ စိတ်ထဲမှာ မိုးကြိုးသန်းပေါင်းများစွာက တစ်ပြိုင်နက် ပေါက်ကွဲသွားသည့်အလား ခံစားမိသွားသည်။ ခေါင်းဆောင်က ဆက်ပြောသည်။ သူ၏ စကားလုံးတိုင်းက ကောင်းကင်ဘုံမိုးခြိမ်းသံအလား ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ အစစ်အမှန်နတ်ဘုရားပြီးရင် နတ်အရှင်သခင်… နတ်အရှင်သခင်ရဲ့ အထက်မှာ နတ်ဘုရင်ရှိတယ်… နတ်ဘုရင်ရဲ့ အထက်မှာ ဉာဏ်အလင်းပွင့်နတ်ဘုရား ရှိသေးတယ် ”

“ အဲ့ဒါက သေချာတဲ့ လမ်းစဉ်တစ်ခုပဲ… အတိတ်တုန်းက နီလာနတ်သမီးပဲဖြစ်ဖြစ် အခု နတ်ဘုရားသုံးပါးပဲဖြစ်ဖြစ် သူတို့အားလုံးက ဒီလမ်းစဉ်ကို လျှောက်လှမ်းနေကြတယ် ”

“ သူတို့ထဲမှာ လီဇီဟွားက အဆင့်တတ်တာ အမြန်ဆုံးပဲ… အတိတ်မှာ သူက အုပ်ချုပ်သူအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိတယ်… နှစ်ပေါင်းမြောက်များစွာကြာအောင် စီစဉ်ထားခဲ့တဲ့ သူ့ရဲ့ အစီအစဉ်က အောင်မြင်သွားတဲ့နောက် သူက နီလာနတ်သမီးရဲ့ ကမ္မနဲ့ ပေါင်းစပ်သွားပြီး နတ်ဘုရားယဇ်ပလ္လင်အဆင့်ရဲ့ အထွတ်အထိပ်ကို ခြေတစ်လှမ်းတည်းနဲ့ ရောက်သွားတယ် ”

တချို့ကိစ္စများကို ယခင်က ရွှီချင်း သိထားခဲ့သည်။ သူခန့်မှန်းနိုင်သော တချို့ကိစ္စများလည်း ရှိသည်။ သို့သော်လည်း ဤသည်မှာ ထိုအကြောင်းကို ရွှီချင်းက ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ နောက်ဆုံးမှာတော့ သူက နတ်ဘုရားလမ်းစဉ်ကို ကောင်းမွန်စွာ နားလည်သွားသည်။

ခေါင်းဆောင်သည် စကားဆုံးသည်နှင့် အင်ပါယာအလောင်းကို ထိန်းချုပ်လိုက်ပြီး ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က ဝဲကတော့နှင့် နတ်ဘုရားနယ်မြေကို ထွင်းဖောက်သွားပြီး ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးပေါ်သို့ ကျရောက်သွားဟန် ရသည်။

“ ဂျူနီယာညီလေး… နတ်ဘုရားမျက်နှာပျက်ကြီးကို ကြည့်စမ်း… ရှေးခေတ်က ဗလာမဟုတ်ဘူး… ထွန်းလင်းတောက်ပတဲ့ ရှေးဦးအပျက်အစီးရှိတယ်လို့ နေနတ်ဘုရားက ဘာလို့ပြောလဲ မင်းသိလား ”

“ ကနဦးစွမ်းအင်က အချိန်ထဲမှာ ဘာလို့ ပြန့်ကျဲသွားတာလဲ… သူ့ရဲ့ ရောက်ရှိလာမှုက ဝမ်ကူးကုန်းမြေရဲ့ နောက်ဆုံးနွေဦးအင်မော်တယ်ဖြစ်တဲ့ ရှေးဘုရင်ရွှမ်ယုံကို ထွက်ပြေးစေခဲ့တာလဲ ”

“ အဖြေက ရှင်းတယ် ”

“ ဘာလို့လဲဆိုတော့ သူ့ရဲ့ နာမည်က ရှေးဦးအပျက်အစီးဖြစ်လို့ပဲ ”

“ ဘာလို့လဲဆိုတော့ သူက ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရားဖြစ်လို့ပဲ ”

“ အတိအကျပြောရရင် သူက ဉာဏ်အလင်းပွင့်နတ်ဘုရားအဆင့်ကို ချိုးဖြတ်ဖို့ ကျရှုံးသွားတာကြောင့် အိပ်မောကျသွားခဲ့တယ် ”

“ ကျင့်ကြံသူတွေက ဘာလို့ နတ်ဘုရားတွေထက် နိမ့်ကျနေတာလဲ… ”

ခေါင်းဆောင်သည် စကားဆက်မပြောခင် တစ်ခဏ ရပ်လိုက်သည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ထိုအတွက် အဖြေက သူ့နှလုံးသားထဲမှာ ရှိပြီးသား ဖြစ်သည်။

“ ဂျူနီယာညီလေး… အတိတ်မှာ နတ်ဘုရားမျက်နှာပျက်ကြီးက ဝမ်ကူးကုန်းမြေကို ရောက်လာပြီးတဲ့နောက် ဘာကို အရင်ဆုံး လုပ်ခဲ့လဲ မင်းသိလား ”

“ သူက ပထမဆုံးရှေးဟောင်းကောင်းကင်ဘုံတာအိုကို ဝါးမျိုခဲ့တယ် ”

ခေါင်းဆောင်၏ အသံက တိုးညင်းစွာ ထွက်ပေါ်လာသည်။

“ အဲ့ဒါက ဝမ်ကူးကုန်းမြေရဲ့ အသန်မာဆုံး ကောင်းကင်ဘုံတာအိုဖြစ်တယ်… သူ့ရဲ့ မူလခန္ဓာကိုယ်က ရွှမ်ကမ္ဘာမြေကနေ ရောက်လာတဲ့ နွေဦးအင်မော်တယ်အနည်းစုထဲက အသန်မာဆုံး ကျင့်ကြံသူပဲ… သူက အတိတ်မှာ ဟွမ်ကောင်းကင်ဘုံက နတ်ဘုရားအများအပြားကို သတ်ဖြတ်ခဲ့တယ် ”

“ အဲ့ဒီအင်မော်တယ်က ဝမ်ကူးကုန်းမြေက နတ်ဘုရားတွေကို ဖိနှိပ်ပြီးတဲ့နောက် ကြယ်တွေကို ကြည့်နေရင်း တီးတိုးရေရွတ်လိုက်တယ်… ကံတရားက အင်မော်တယ်တွေကို မျက်နှာသာမပေးဘူး… ဒါကြောင့် နတ်ဘုရားလမ်းစဉ်က မြင့်တတ်လာတဲ့အခါ အင်မော်တယ်တွေရဲ့ အဆင့်အတန်းက ပျောက်ဆုံးသွားရလိမ့်မယ် ”

“ အဲ့ဒါကြောင့် အင်မော်တယ်က မျက်လုံးမှိတ်လိုက်တယ်… သူ့ရဲ့ အင်မော်တယ်ဝိညာဉ်က ခန္ဓာကိုယ်ကို စွန့်ခွာသွားပြီး ဝမ်ကူးကုန်းမြေရဲ့ ပထမဆုံးရှေးဟောင်းကောင်းကင်ဘုံတာအိုအဖြစ် ပြောင်းလဲသွားတယ်… အဲ့ဒီနောက် နတ်ဘုရားလမ်းစဉ်က အင်မော်တယ်လမ်းစဉ်အောက်ကို ရောက်သွားတယ် ”

“ ပထမဆုံးရှေးဟောင်းကောင်းကင်ဘုံတာအိုထဲမှာ ကျင့်ကြံခြင်းလမ်းစဉ်နဲ့ အင်မော်တယ်တွေရဲ့ အမွေအနှစ်တွေကို မှတ်တမ်းတင်ထားတယ် ”

“ ဒါပေမဲ့ သူက နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ ဝါးမျိုခံလိုက်ရတယ် ”

“ ဒါကြောင့် အင်မော်တယ်လမ်းစဉ်က အုပ်ချုပ်သူအဆင့်ပြီးရင် ဖြတ်တောက်ခံလိုက်ရတာပဲ ”

ခေါင်းဆောင်၏ အသံထဲမှာ စိတ်ပျက်မှုတစ်စွန်းတစ်စ ပါရှိသည်။

ရွှီချင်း၏ အသိစိတ်သည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ အစက သူတွေးထားခဲ့သည်မှာ လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီး၌ သူနားလည်ခဲ့သော အချက်အလက်များအရ အင်မော်တယ်လမ်းစဉ် ဖြတ်တောက်ခံရခြင်းမှာ နွေဦးအင်မော်တယ်များ၏ ပျောက်ဆုံးမှုကြောင့် ဖြစ်သည်။ ယခု သူက တခြားအကြောင်းအရင်းတစ်ခုကို သိသွားသည်။ အင်မော်တယ်လမ်းစဉ် ဖြတ်တောက်ခံရသည့် အဓိကအကြောင်းအရင်းမှာ နတ်ဘုရားမျက်နှာပျက်ကြီးက ပထမဆုံးရှေးဟောင်းကောင်းကင်ဘုံတာအိုကို ဝါးမျိုလိုက်သောကြောင့် ဖြစ်သည်။

“ ဒီအကြောင်းအရင်းကြောင့် ဝမ်ကူးကုန်းမြေရဲ့ အနာဂတ်မျိုးဆက်တွေထဲမှာ မဟာဧကရာဇ်တစ်ပါးမှ မထွက်ပေါ်လာခဲ့ဘူး… ပြီးတော့ မျိုးနွယ်စုအားလုံးက အင်မော်တယ်လမ်းစဉ်ကို ဆက်လျှောက်ဖို့အတွက် ကြိုးစားနေကြတယ် ”

ခေါင်းဆောင်က ဆက်ပြီး ပြောသည်။

“ အဲ့ဒီအချိန်ကစပြီး ဝိညာဉ်စုစည်းခြင်းအဆင့်ရဲ့ နောက်အဆင့်က ဖြတ်တောက်ခံလိုက်ရတယ်… တစ်စုံတစ်ယောက်က အမြင့်ဆုံးအနေနဲ့ ဝိညာဉ်စုစည်းခြင်းအဆင့်ရဲ့ မဟာလောကကိုးခုအထိပဲ ရောက်နိုင်တယ်… အဲ့ဒီအဆင့်ကို ရောက်သွားရင် သူတို့မှာ နောက်ထပ် ဆက်လျှောက်ဖို့ လမ်းမရှိတော့ဘူး ”

“ ဒါကြောင့် ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးတဲ့နောက်မှာ ဘယ်ကျင့်ကြံသူမှ နတ်ဘုရားယဇ်ပလ္လင်နဲ့ အဆင့်တူညီတဲ့ ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို မတတ်လှမ်းနိုင်တော့ဘူး… နွေဦးအင်မော်တယ်ကိုတော့ ပြောနေစရာတောင် မလိုဘူး ”

“ တကယ်လို့ ပထမဆုံးရှေးဟောင်းကောင်းကင်ဘုံတာအိုက ဝါးမျိုမခံရဘူးဆိုရင်တောင် ကျင့်ကြံသူတွေက အခုထက် ခြေလှမ်းနည်းနည်းပဲ ပိုလျှောက်နိုင်လိမ့်မယ်… အဆုံးမှာတော့ လမ်းစဉ်ပိတ်ဆို့သွားတယ်ဆိုတာက မရှောင်လွှဲနိုင်တဲ့ အချက်တစ်ချက်ပဲ ”

“ ဘာကြောင့်လဲဆိုတော့ ဝမ်ကူးကုန်းမြေမှာ နွေဦးအင်မော်တယ်က အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့် ဖြစ်လို့ပဲ ”

ခေါင်းဆောင်က နူးညံ့စွာ သက်ပြင်းချလိုက်သည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

“ ဒါပေမဲ့ နွေဦးအင်မော်တယ်က ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ အဆုံးသတ်မဟုတ်သေးဘူးလို့ ခိုင်ခိုင်မြဲမြဲ ယုံကြည်ထားကြတဲ့ လူတချို့ရှိတယ် ”

ခေါင်းဆောင်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

“ ဘာလို့ အဲ့ဒါကို နွေဦးအင်မော်တယ်လို့ခေါ်လဲ မင်းသိလား ”

“ နွေဦးဆိုတဲ့ စကားလုံးက အဆင့်နိမ့်ဆိုတဲ့ စကားလုံးနဲ့ အသံထွက်ချင်း တူတယ် ”

“ အောက်နယ်မြေကနေ တတ်လာတဲ့ အင်မော်တယ်တွေကို အဆင့်နိမ့်အင်မော်တယ်တွေလို့ ခေါ်တယ် ”

“ အဆင့်နိမ့်အင်မော်တယ်တွေရှိရင် သူ့အထက်မှာ အဆင့်မြင့်အင်မော်တယ်တွေလည်း ရှိနိုင်တယ်… ဒါပေမဲ့ ရှေးခေတ်ကာလကနေ လက်ရှိအချိန်ထိ ဝမ်ကူးကုန်းမြေက ဘယ်ကျင့်ကြံသူမှ အဆင့်မြင့်အင်မော်တယ်အဆင့်ကို မရောက်ခဲ့ဘူး ”

“ အချိန်ကြာလာတာနဲ့ ဘယ်သူမှ အဲ့ဒါကို မယုံကြည်ကြတော့ဘူး… အဆင့်နိမ့်အင်မော်တယ်က ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ အဆုံးသတ်လို့ သတ်မှတ်လိုက်ကြတယ် ”

“ နောက်ပိုင်းမှာ ‘ အဆင့်နိမ့် ’ဆိုတဲ့ စကားလုံးက အမင်္ဂလာဖြစ်တာကြောင့် အဲ့ဒါကို နွေဦးဆိုပြီး ပြောင်းလိုက်တယ် ”

“ ဒါပေမဲ့ ငါကတော့ အဆင့်မြင့်အင်မော်တယ်ရှိတယ်လို့ ယုံကြည်နေဆဲပဲ… အဲ့ဒါတင် မကသေးဘူး… အဆင့်မြင့်အင်မော်တယ်ရဲ့ အထက်မှာ အင်မော်တယ်ဘုရင်ဆိုတာ ရှိတယ်… အင်မော်တယ်ဘုရင်ရဲ့ လမ်းဆုံးကို ရောက်သွားတဲ့အခါ… နောက်ထပ် လမ်းစဉ်တစ်ခုရှိဦးမယ်လို့ သေချာပေါက် ငါယုံကြည်တယ် ”

“ ငါက အဲ့ဒီလမ်းစဉ်ကို ဦးတည်ရာတစ်ခုကနေ လျှောက်နေတယ်… ဆရာက တခြားဦးတည်ရာကနေ လျှောက်နေတယ်… ဝမ်ကူးကုန်းမြေက အသင်္ချေမျိုးနွယ်စုတွေထဲမှာ အဲ့ဒီလမ်းစဉ်ကို မတူညီတဲ့ ဦးတည်ရာတွေကနေ လျှောက်လှမ်းနေကြသူတွေ အများကြီး ရှိတယ် ”

“ သူတို့အားလုံးက အရှေ့ကို ဆက်လျှောက်ဖို့အတွက် စူးစမ်းရှာဖွေနေကြတယ် ”

“ ဒီနေ့ မင်းလည်းပဲ ငါတို့နဲ့အတူ ပူးပေါင်းပါဝင်ရလိမ့်မယ် ”

“ ဒါကြောင့် စောစောက မင်းအဆင့်တတ်တာကို ခဏနှောင့်နှေးထားဖို့ ငါပြောတာ… ဗလာနတ္ထိအဆင့်က အရေးကြီးတယ် ”

“ တကယ်တော့ မီးလျှံလဆီ ငါတို့ခရီးမထွက်ခင်မှာ ဆရာက မဟာနန်းမြို့တော်ဒေသကြီးဆီ ရောက်လာပြီး ငါ့ကို လာတွေ့တယ် ”

“ ဆရာရောက်လာတယ်လား ”

ရွှီချင်းသည် အံ့ဩသွားသည်။ သို့သော်လည်း သူက မြန်ဆန်စွာ နားလည်သွားသည်။ ခေါင်းဆောင်နှင့် ဆရာ့ဆီမှာ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံများရှိကြောင်း ဟိုးယခင်ကတည်းက သူနားလည်ခဲ့သည်။

သို့မဟုတ် အတိအကျဆိုရလျှင် သူတို့က ကိုယ်ပိုင်လမ်းစဉ်နှင့်အတူ အရှေ့သို့ ဆက်လျှောက်နေကြသူများ ဖြစ်သည်။

စီနီယာအကိုကြီး၏ လမ်းစဉ်သည် သူ၏ ယခင်ဘဝများနှင့် ဆက်စပ်နေလိမ့်မည်။

သူ့ဆရာ၏ လမ်းစဉ်ကိုတော့ ရွှီချင်းမသိသော်လည်း ယင်းက ပြန်လည်ကုသခြင်းနှင့် ဆက်စပ်နေလိမ့်မည်ဟု သူခန့်မှန်းမိသည်။

ရွှီချင်း၏ မေးခွန်းကို ခေါင်းဆောင်က နူးညံ့စွာ ပြန်ပြောသည်။

“ ဟုတ်တယ်… ဆရာက မင်းကို အဆင့်ချိုးဖြတ်တာ နှောင့်နှေးခိုင်းဖို့ ငါ့ကို မှာသွားတယ်… ဘာလို့ ဆရာက မင်းကို ကြိုမပြောတာလဲဆိုတော့ အဲ့ဒါက မင်းရဲ့ လမ်းစဉ်အပေါ် သက်ရောက်မှုရှိမှာကို စိုးရိမ်လို့ပဲ ”

ယခုအချိန်မှာ ခေါင်းဆောင်နှင့် ရွှီချင်း၏ စိတ်သည် တစ်ပေါင်းတစ်စည်းတည်း ဖြစ်နေသည်။ ထို့ကြောင့် ခေါင်းဆောင်၏ စကားထဲမှာ လေးနက်သော အဓိပ္ပာယ်ပါရှိသည်။

“ အခု ဂျူနီယာညီလေး… မင်းရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေဖို့ ဆန္ဒရှိပြီလား… ရွေးချယ်မှုက မင်းရဲ့ လက်ထဲမှာ… တကယ်လို့ မင်းက ဆန္ဒမရှိဘူးဆိုရင် နတ်ဘုရားနယ်မြေရဲ့ အခွင့်အာဏာကို လက်လျော့ပြီး အရင်အတိုင်း ဆက်ပြီး အဆင့်ချိုးဖြတ်လို့ ရတယ် ”

“ တကယ်လို့ မင်းက ကိုယ်ပိုင်လမ်းစဉ်ကို စူးစမ်းရှာဖွေချင်တယ်ဆိုရင် နတ်ဘုရားနယ်မြေရဲ့ အဆင့်တတ်မှုက မင်းရဲ့ ကျင့်ကြံခြင်းခရီးစဉ်မှာ ကြီးမားတဲ့ အကူအညီကို ပေးအပ်လိမ့်မယ်… ဒါပေမဲ့ ဒီလမ်းစဉ်က အရမ်းအန္တရာယ်များတယ်… အနာဂတ်မှာ သေခြင်းရှင်ခြင်းအန္တရာယ်တွေနဲ့ မင်းရင်ဆိုင်ရလိမ့်မယ်… မင်းက ဘယ်အထိ ဆက်သွားနိုင်မလဲဆိုတာ မသေချာဘူး… ဒါကြောင့် မင်း… သေချာစဉ်းစားပြီးမှ ရွေးချယ်ပါ ”

ရွှီချင်းသည် စကားမပြောပေ။ ခေါင်းဆောင်သည်လည်း စကားမပြောပေ။ သူက ဤအခွင့်အရေးကို အသုံးပြု၍ သူ့ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းပြီး သူ့ကိုယ်ပိုင်တာအိုကို ရှာဖွေနိုင်သည်။

“ ငါ့ကိုယ်ပိုင်လမ်းစဉ်… ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူ့အတွက် စဉ်းစားနေစရာ မလိုပေ။

အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက သူ့ကိုယ်ပိုင်လမ်းစဉ်ကို ရွှီချင်း ရှာတွေ့ပြီးသား ဖြစ်သည်။

ယင်းက မဟာနန်းမြို့တော်ဒေသကြီး၏ အင်ပါယာအကယ်ဒမီမှာ ဖြစ်သည်။ မူကွဲအင်မော်တယ်ကျောင်းတော်မှာ ကျင့်ကြံပြီးနောက် သူ့ကိုယ်ပိုင်လမ်းစဉ်ကို ဆုံးဖြတ်ထားခဲ့သည်။

ထိုလမ်းစဉ်တွင် သူက နတ်ဘုရားများကို လောင်စာစွမ်းအင်အဖြစ် အသုံးပြုပြီး နတ်ဘုရားအခွင့်အာဏာများကို ထိန်းသိမ်းလျက် သူတို့ကို နတ်ဘုရားအရင်းအမြစ်များအဖြစ် ပြောင်းလဲပစ်မည်။

သူက နတ်ဘုရားအရင်းအမြစ်များကိုလည်း လောင်စာစွမ်းအင်အဖြစ် အသုံးပြုပြီး မူကွဲအင်မော်တယ် ဝိညာဉ်ချည်မျှင်များအဖြစ် ပြောင်းလဲပစ်မည်။

ထို့နောက် သူက ဝိညာဉ်ချည်မျှင်များကို အသုံးပြု၍ အရာအားလုံးနှင့် နတ်ဘုရားခန္ဓာကိုယ်အားလုံးကို ရက်လုပ်လိမ့်မည်။ ဤလမ်းစဉ်တွင် အကန့်အသတ်မရှိပေ။ အကန့်အသတ်သည် သူ၏ စိတ်ကူးနိုင်စွမ်းသာ ဖြစ်သည်။

ထိုနည်းဖြင့် သူက နတ်ဘုရားအခွင့်အာဏာအားလုံးကို စုဆောင်းနိုင်ပြီး နတ်ဘုရားများထဲမှ နတ်ဘုရားတစ်ပါးဖြစ်လာလိမ့်မည်။

နောက်ဆုံးမှာ သူ့ကိုယ်ပိုင်စိတ်ဆန္ဒကို အခြေခံအုတ်မြစ်ထား၍ နတ်ဘုရားများ၏ စွမ်းအင်ကို အသုံးပြုပြီး အင်မော်တယ်လမ်းစဉ်ကို ဆက်လျှောက်မည်။

ယင်းက မူကွဲအင်မော်တယ်ဖြစ်သည်။

“ ဒီလိုဆိုရင် ငါ့ရဲ့ ဗလာနတ္ထိက… နတ်ဘုရားတွေရဲ့ ဗလာနတ္ထိဖြစ်လိမ့်မယ် ”

ရွှီချင်းက မျက်လုံးပြန်ဖွင့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ရတနာသိုက်ဂိတ်တံခါးငါးခုသည် စောစောတုန်းက အေးခဲနေခြင်းမှ ယခု ချက်ချင်း ပြန်လည်ပတ်လာသည်။ ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေမည့် မီးတောင်ပေါက်ကွဲသံများသည် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

ကမ္ဘာတုန်ဟီးစေမည့် အသံသည် ရွှီချင်း၏ စိတ်ထဲမှာ ဝုန်းခနဲ မြည်သွားသည်။ မီးတောင်များက ပေါက်ကွဲထွက်သွားစဉ် မီးတောင်ပြာမှုန်များက သူ၏ အသိစိတ်ပင်လယ်ထဲမှာ ပျံ့နှံ့သွားကြသည်။

ထိုမီးတောင်ပြာမှုန်သည် သာမန်ကျင့်ကြံသူများ ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းသည့်အခါနှင့် အတူတူသာ ဖြစ်သည်။ သို့သော်လည်း ယင်းထဲမှာ ပါဝင်သော ပစ္စည်းသည်တော့ ခြားနားသည်။

ရွှီချင်းမှာ နတ်ဘုရားရတနာသိုက်များနှင့် နတ်ဘုရားအရင်းအမြစ်များ ရှိသည်။ ထို့ကြောင့် သူ၏ ဗလာနတ္ထိသည် တခြားလူများနှင့် ခြားနားသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ဗလာနတ္ထိပြာမှုန်များထဲမှာ နတ်ဘုရား၏ အရှိန်အဝါ ပါရှိသည်။

ဤအခိုက်အတန့်မှာ သူဆက်လျှောက်ချင်သော လမ်းစဉ်အတွက် နတ်ဘုရားများ၏ အရှိန်အဝါသည် မလုံလောက်သေးပေ။

ထို့ကြောင့် ရွှီချင်းသည် လုံးဝတုံ့ဆိုင်းမနေပေ။ နောက်အခိုက်အတန့်မှာ (ဃ၁၃၂)ထဲ၌ အော်ဟစ်ညည်းညူသံများ ပဲ့တင်ထပ်လာသည်။ နတ်ဘုရားလက်ချောင်းသည် တိုက်ရိုက် ပြိုကွဲပျက်စီးသွားပြီး ရွှီချင်းအတွက် အာဟာရဓာတ်အဖြစ် ပြောင်းလဲသွားကာ မီးတောင်များသဖွယ် လှည့်ပတ်နေသော ရတနာသိုက်ဂိတ်တံခါးငါးခုဆီသို့ ဝင်ရောက်သွားသည်။

အပြင်းအထန် လောင်ကျွမ်းပြီးနောက် မီးတောက်ပြာမှုန်များထဲမှာ နတ်ဘုရား၏ အရှိန်အဝါသည် ပိုပြီးသိပ်သည်းလာသည်။

ထို့နောက် နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာနှင့်အတူ နတ်ဘုရားနယ်မြေအဆင့်တတ်သွားခြင်းမှ ဖြစ်ပေါ်လာသော စွမ်းအင်သည် အင်ပါယာအလောင်းဆီသို့ ဝင်ရောက်လာပြီး နှစ်ပိုင်းကွဲထွက်သွားကာ ရွှီချင်းနှင့် အားညိုဆီသို့ ကျရောက်လာသည်။

ရွှီချင်းဆီသို့ ကျရောက်လာသော စွမ်းအင်သည် ဗလာနတ္ထိပြာမှုန်များဆီသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ယင်းက နတ်ဘုရားကမ္ဘာ၏ စွမ်းအင်ဖြစ်ပြီး နတ်ဘုရားကမ္ဘာသည် နတ်ဘုရားယဇ်ပလ္လင်နှင့် တူညီသည်။ သို့ဖြစ်၍ ယင်းကို နတ်ဘုရားယဇ်ပလ္လင်၏ စွမ်းအင်ဟု သတ်မှတ်နိုင်သည်။

ရွှီချင်းက ထိုနတ်ဘုရားစွမ်းအင်ကို ဗလာနတ္ထိပြာမှုန်များအဖြစ် ပြောင်းလဲနေသည်။ ထိုနည်းဖြင့် သူက နတ်ဘုရားများကို မြေမြှုပ်နိုင်ပြီး သန့်စင်နိုင်သော ဗလာနတ္ထိကုန်းမြေတစ်ခုကို ဖွဲ့စည်းနိုင်လိမ့်မည်။

ဗုန်း… ဗုန်း… ဗုန်း…

ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများက ပဲ့တင်ထပ်သွားသည်။ အဆုံးမှာတော့ ယင်းက ကမ္ဘာတုန်ဟီးစေမည့် မိုးခြိမ်းသံအဖြစ် ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ သူ၏ အသိစိတ်ပင်လယ်ထဲတွင် ဗလာနတ္ထိပြာမှုန်များဖြင့် ပြည့်နှက်သွားသည်။

သူ၏ အသိစိတ်ပင်လယ်ထဲတွင် ပင်လယ်ကို မမြင်နိုင်တော့ပေ။

ပြာမှုန်ထုချည်းသာ ရှိတော့သည်။

ယင်းက အကန့်အသတ်မဲ့ပြီး အလွန်ကျယ်ပြောသည်။

အကယ်၍ ဗလာနတ္ထိအဆင့် တခြားကျင့်ကြံသူများသာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဗလာနတ္ထိကုန်းမြေကို မြင်နိုင်မည်ဆိုလျှင် သူတို့က သေချာပေါက် အံ့ဩထိတ်လန့်သွားလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရွှီချင်း၏ ဗလာနတ္ထိကုန်းမြေသည် ပုံမှန်ကျင့်ကြံသူတစ်ယောက်ထက် ဆယ်ဆထက်မနည်း ပိုပြီးကြီးမားသည်။

ထို့ပြင် ဗလာနတ္ထိကုန်းမြေ၏ ပါဝင်ပစ္စည်းသည် ပိုပြီးအံ့ဖွယ်ကောင်းသည်။

ဗလာနတ္ထိပြာမှုန်များက မြေကြီးအဖြစ် ပြောင်းလဲသွားပြီး အခြေခံအုတ်မြစ်ဖြစ်လာသည့်အခိုက် ရွှီချင်း၏ နတ်နန်းတော်များနှင့် ရတနာသိုက်ဂိတ်တံခါးငါးခုသည် ဗလာနတ္ထိကုန်းမြေပေါ်သို့ ကျဆင်းသွားကြသည်။

ယင်းတို့က ဗလာနတ္ထိကုန်းမြေနှင့် ပေါင်းစပ်သွားပြီး တစ်သားတည်း ဖြစ်သွားသည်နှင့်ချက်ချင်း ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံသည် အဆင့်ချိုးဖြတ်သွားသည်။

သူက ဗလာနတ္ထိအဆင့်သို့ ရောက်ရှိသွားသည်။

အတိအကျဆိုရလျှင် ဤဗလာနတ္ထိသည် တခြားကျင့်ကြံသူများနှင့် လုံးဝခြားနားသည်။ ယင်းက ရွှီချင်း၏ ပြိုင်ဘက်ကင်းလမ်းစဉ်ဖြစ်ပြီး သူ့ကိုယ်ပိုင်တာအို ဖြစ်သည်။ ယင်းကို နတ်ဘုရားဗလာနတ္ထိအဖြစ် ခေါ်နိုင်သည်။

ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဆက်လက် ထွက်ပေါ်လာသည်။ ထိုအဆင့်တတ်မှုက အဆင့်ကြီးတစ်ဆင့်ကို ချိုးဖြတ်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ရွှီချင်း၏ တိုက်ပွဲစွမ်းအားက ယခင်ထက် အဆပေါင်းများစွာ ပိုပြီးမြင့်မားသော အဆင့်အသစ်တစ်ခုသို့ ရောက်ရှိသွားသည်။

သို့သော်လည်း ဗလာနတ္ထိအဆင့်သည် ဤအခိုက်အတန့်မှာ မပြည့်စုံသေးပေ။ ဗလာနတ္ထိကုန်းမြေကို ဖွဲ့စည်းပြီးနောက် နောက်တစ်ဆင့်သည် တာအိုအမှတ်အသားများ ဖြစ်သည်။

ရွှီချင်း၏ တာအိုအမှတ်အသားများက အလွန်အံ့ဖွယ်ကောင်းသောကြောင့် ထုံးစံအားဖြင့် ယင်းတို့က တခြားလူများနှင့် ကွဲပြားခြားနားပေသည်။ အကယ်၍ အတိတ်ကို ပြန်ခြေရာကောက်မည်ဆိုလျှင် ရွှီချင်းနှင့် သူတို့ကြားမှ ကွာခြားမှုသည် အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်စဉ်ကတည်းက ဖြစ်သည်။

ရွှီချင်းနှင့် ခေါင်းဆောင်သော်လည်းကောင်း၊ နတ်ဘုရားဖြစ်လာနေသော ဂမ္ဘီရမှော်သခင်သော်လည်းကောင်း သို့မဟုတ် ကပ်ဘေးမီးတောက်အဆင့်ကို ကျော်လွှားပြီး ပြစ်ချက်မဲ့အဆင့်ကို ရောက်ချင်နေကြသော နတ်ဘုရားသုံးပါးသော်လည်းကောင်း ဤအခိုက်အတန့်မှာ သူတို့အားလုံးက အံ့ဖွယ်ကောင်းသော အကျိုးအမြတ်များကို ရရှိနေကြသည်။

သို့ဖြစ်၍ ထိုသို့အခြေအနေမျိုးကို လက်မခံချင်သော တည်ရှိမှုတချို့က သေချာပေါက် ထွက်ပေါ်လာကြလိမ့်မည်။

ဤအခိုက်အတန့်မှာ ဝဲကတော့၏ အပြင်ဘက်တွင် တားဆီးမှုက ဆင်းသက်လာသည်။

( ဘာသာပြန်သူ၏ မှတ်ချက်: ရွှီချင်းနေထိုင်တဲ့ စကြာဝဠာရဲ့ အဆင့်သတ်မှတ်ချက်တွေကို ရှင်းပြပေးပါမယ်…

*အင်မော်တယ်လမ်းစဉ်*

(ချီစုဆောင်းခြင်းမှ ဗလာနတ္ထိအဆင့်ထိ) = (ပထမအဆင့်)

(ဝိညာဉ်စုစည်းခြင်းအဆင့်) = (ဒုတိယအဆင့်)

(အုပ်ချုပ်သူ) = (တတိယအဆင့်)

(မဟာဧကရာဇ် သို့မဟုတ် ခြေလှမ်းဝက်အင်မော်တယ်အဆင့်) = (စတုတ္ထအဆင့်)

(နွေဦးအင်မော်တယ် သို့မဟုတ် အဆင့်နိမ့်အင်မော်တယ်အဆင့်) = (ပဉ္စမအဆင့်)

(အင်မော်တယ်အရှင်သခင် သို့မဟုတ် အဆင့်မြင့်အင်မော်တယ်အဆင့်) = (ဆဌမအဆင့်)

(အင်မော်တယ်ဘုရင်) = (သတ္တမအဆင့်)

*နတ်ဘုရားလမ်းစဉ်*

(နတ်ဘုရားသက်ရှိ) = (ပထမအဆင့်)

(နတ်ဘုရားမီးပွားအဆင့်) = (ဒုတိယအဆင့်)

(နတ်ဘုရားမီးတောက်အဆင့်) = (တတိယအဆင့်)

(နတ်ဘုရားယဇ်ပလ္လင်အဆင့်) = (စတုတ္ထအဆင့်)

(အစစ်အမှန်နတ်ဘုရား) = (ပဉ္စမအဆင့်)

(နတ်အရှင်သခင်) = (ဆဌမအဆင့်)

(နတ်ဘုရင်) = (သတ္တမအဆင့်)

(ဉာဏ်အလင်းပွင့်နတ်ဘုရား) = (အဌမအဆင့်)

ဒီမှာ ထူးခြားချက်အနေနဲ့ နတ်ဘုရားလမ်းစဉ်က အင်မော်တယ်လမ်းစဉ်ထက် အရှေ့ကို ခြေတစ်လှမ်းကြိုရောက်နေတာ မြင်ရပါလိမ့်မယ် )

All Chapters