← Chapters

ဒီကိုလာလေ

Vol. 85 Ch. 1303

ဒီကိုလာလေ

Vol. 85 Ch. 1303

ထိုသို့လုပ်ရဲကိုင်ရဲသော စိတ်ဝိညာဉ်ရှိသူသာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံ ဖြစ်ထိုက်သည်။

ထိုသို့လွှမ်းမိုးဖိနှိပ်သောသူသာ မျိုးနွယ်စု၏ ရွှမ်မီးလျှံဟူသော တာအိုဘွဲ့နာမည်ကို ခံယူထိုက်သည်။

သူ၏ ရည်မှန်းချက်သည် ဝိညာဉ်စုစည်းခြင်းအဆင့် မဟုတ်ပေ။ ယင်းအစား နတ်ဘုရားဖြစ်သည်။

သူက အင်မော်တယ်အင်ပါယာ၏ ခန္ဓာကိုယ်ကို သူ့အတွက် အာဟာရဓာတ်အဖြစ် ပြောင်းလဲပစ်ချင်သည်။ ထို့နောက် သူ့ကိုယ်ပိုင် နတ်ဘုရားမြေဆီလွှာကို ပုံဖော်ပြီး နတ်ဘုရားမီးတောက်ကို လောင်ကျွမ်းပစ်လိမ့်မည်။

ထိုအခါ သူက ခြေတစ်လှမ်းတည်းနှင့် နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်။

ယင်းက ထျန်းမိုဇီနှင့် တခြားနှစ်ယောက်၏ ရည်မှန်းချက်များထက် အများကြီး ကျော်လွန်သည်။ ရွှမ်မီးလျှံက အာရုံစိုက်မှုအလယ်မှာရှိနေစဉ် သူ၏ လွှမ်းမိုးဖိနှိပ်မှုသည် သူတို့၏ ယှဉ်ပြိုင်လိုသော စိတ်ဆန္ဒကို ချေမွဖျက်ဆီးပစ်လိုက်သည်။

သူတို့က ထိုသို့သောလူကို မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။

သူ့ကို မည်သို့တိုက်ခိုက်နိုင်မည်နည်း။

ထျန်းမိုဇီသည် သက်ပြင်းချလိုက်သည်။ ထုန်ရှီရှန်းသည် ခေါင်းငုံ့လိုက်သည်။ ဖန်းရှီရွှမ်းသည် ခါးသီးမှုကို ခံစားမိသွားသည်။

သို့သော်လည်း သူတို့မှာ အရှုံးပေးရန် ဆန္ဒမရှိပေ။ ထိုရည်မှန်းချက်က သူတို့လက်လှမ်းမီနိုင်သော အတိုင်းအတာထက် ကျော်လွန်နေသော်လည်း သူတို့ဆီမှာ ကိုယ်ပိုင်လမ်းစဉ်များ ရှိနေသေးသည်။ သူတို့၏ အဆင့်ချိုးဖြတ်မှုသည် တရားဝင်စတင်လာသည်။

အနာဂတ်မှာ သူတို့က ပိုပြီးအားစိုက်ထုတ်ရလိမ့်မည်။

ရွှီချင်းသည်ပင် မျက်လုံးဖွင့်လိုက်ပြီး ရွှမ်မီးလျှံကို ကြည့်လိုက်သည်။

သူက ခေါင်းဆောင်နှင့် အတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည့်တိုင် ရွှမ်မီးလျှံကို ချိပ်ပိတ်ထားရုံမျှသာ တတ်စွမ်းခဲ့သည်။ သူက ရွှီချင်းမြင်ဖူးသမျှ ကောင်းကင်အရွေးချယ်ခံများထဲမှာ ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦးဖြစ်သည်။

လူသားမျိုးနွယ်၏ ပဉ္စမမင်းသားသည် နယ်စပ်ဒေသမှ ပြန်ရောက်လာပြီးနောက် နန်းတော်ထဲမှာ ထိတ်လန့်ဖွယ်ကောင်းသော သတင်းတစ်ခုကို ပြောပြခဲ့သည်။

ထိုသတင်းမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က စတုတ္ထမြောက်နတ်ဘုရားကို ကြိုဆိုရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

အစက ရွှီချင်းသည် ဂျိဒုန်းဇီကို တွေးမိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဂျိဒုန်းဇီ၏ အသိစိတ်ပင်လယ်ထဲမှာ သေဆုံးသွားသော နတ်ဘုရားများထံမှ နတ်ဘုရားကျောက်တိုင်(၉၀)ကျော်က တည်ရှိနေပေသည်။ ယင်းက နတ်ဘုရားဖြစ်လာရန် ရိုးရာဓလေ့တစ်ခုနှင့် ဆင်တူသည်။

ထို့ကြောင့် သူက ဂျိဒုန်းဇီကို သတ်ခဲ့ပြီး နတ်ဘုရားကျောက်တိုင်များကို သူ၏ ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲမှာ ဖိနှိပ်ထားခဲ့သည်။ နောက်ပိုင်းမှာ နတ်ဘုရားကျောက်တိုင်များက သူ့အတွက် အာဟာရဓာတ် ဖြစ်လာသည်။

ဂျိဒုန်းဇီကို သတ်ပြီးနောက် သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ် ပျိုးထောင်ချင်သော စတုတ္ထမြောက်နတ်ဘုရားမဟုတ်ကြောင်း ရွှီချင်း သိသွားသည်။ အတိအကျဆိုရလျှင် ဂျိဒုန်းဇီသည် တစ်ဝက်သာ ပြီးမြောက်သေးသော ထုတ်ကုန်ဖြစ်သည်။

သူ့ကို ကျရှုံးသွားသော စမ်းသပ်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

ရွှီချင်းသည် ရွှမ်မီးလျှံကို ကြည့်လိုက်သည်။ ယခု ကြည့်ရသည်မှာ ရွှမ်မီးလျှံက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ် ပျိုးထောင်ချင်သော စတုတ္ထမြောက်နတ်ဘုရားဖြစ်ပုံပေါ်သည်။

“ ဒါပေမဲ့ တကယ်ပဲ သူဟုတ်လို့လား ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူက တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်မှာ အရိုးအေးမီးတောက်က တောက်လောင်နေကြောင်း သူမြင်လိုက်သည်။ ထို့ပြင် ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ အလွန်ပြင်းထန်သည်။ ဤသည်မှာ သူက နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆာလောင်မွတ်သိပ်နေသည့်အလား ပြင်းပြသော အလိုရမ္မက်က သူ့ထံမှ ထွက်ပေါ်နေသည်။

ရွှမ်မီးလျှံနှင့် တခြားလူများ စောင့်ဆိုင်းနေသော အခွင့်အရေးက ရောက်ရှိလာစဉ် ခေါင်းဆောင်စောင့်ဆိုင်းနေသော အခွင့်အရေးသည်လည်း ဤအခိုက်အတန့်မှာ ရောက်ရှိလာသည်။

“ နောက်ဆုံးတော့… ”

ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်သည်။ ရူးသွပ်မှုက ပိုပြီးပြင်းထန်လာစဉ် သူက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

“ ချင်းလေး… ထုန်ရှီရှန်းနဲ့ တခြားနှစ်ကောင်ကို ကြည့်စမ်း… ဒီကောင်တွေက စာကလေးတွေ… သူတို့ရဲ့ ပစ်မှတ်က နေနဲ့လစွမ်းအားထက် မပိုဘူး… သူတို့က ပြီးပြည့်စုံတဲ့ ဝိညာဉ်စုစည်းခြင်းအဆင့်ကိုပဲ ရည်မှန်းချက်ထားတယ်… အသုံးမကျလိုက်တာ ”

“ ပျံလွှားငှက်လေးကတော့ နည်းနည်း ရဲတင်းတယ်… သူက သက်တံ့ရောင်ခြည်စက်ဝန်းကို ကောင်းကင်အဖြစ် အသုံးပြုပြီး နတ်ဘုရားခန္ဓာကိုယ်ကို ထင်းအဖြစ် အသုံးပြုချင်တယ်… သူက ခြေတစ်လှမ်းတည်းနဲ့ နတ်ဘုရားဖြစ်လာဖို့ ကြိုးစားချင်တယ်… ဒါပေမဲ့ စီနီယာအကိုကြီးရဲ့ မျက်လုံးထဲမှာတော့ သူက ဟိုငတုံးကောင်တွေထက် နည်းနည်းပိုကြီးတဲ့ စာကလေးတစ်ကောင်ထက် မပိုပါဘူး ”

“ ဂျူနီယာညီလေး… ဒီတစ်ခေါက် ငါလုပ်မယ့် ကိစ္စကြီးက ပျံလွှားငှက်လေးထက် ပိုပြီးကြီးမားတယ်… ငါတို့က လင်းယုန်တွေ ”

ခေါင်းဆောင်သည် စကားပြောနေရင်း ရွှီချင်းနှင့် သူ့ကြားမှ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။ သူက ရွှီချင်းကို ကျောက်ဆူးအဖြစ် အသုံးမပြုတော့ပေ။ သူက လစန္ဒာထံမှ တွန်းကန်အားကို အသုံးပြု၍ အနောက်ဆုတ်သွားပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး အပေါ်ဘက်မှ ကြယ်(၁၀၈)လုံးကို လက်ညှိုးညွှန်လိုက်သည်။

“ အနောက်လှည့်စမ်း ”

ချက်ချင်းဆိုသလို အင်ပါယာနန်းတော်တစ်ခုလုံး ဝုန်းခနဲ မြည်သွားသည်။ ထိုအသံသည် အင်ပါယာနန်းတော်၏ ကြယ်တာရာကောင်းကင်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အတိအကျဆိုရလျှင် ယင်းက ကြယ်(၁၀၈)လုံး၏ အနောက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အစက ကြယ်(၁၀၈)လုံး၏ မျက်နှာမူထားသော ဘက်ခြမ်းသည် ကြယ်တာရာမြေကြီးဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ ကျောဘက်ခြမ်းတွင် နာကျင်စွာ အော်ဟစ်ညည်းညူနေသော မျက်နှာများ ရှိသည်။

ဤအခိုက်အတန့်မှာ ခေါင်းဆောင်က ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည့်အခါ ထိုမျက်နှာ(၁၀၈)ခု၏ နဖူးထံမှ ပုလဲတစ်လုံးစီ ထွက်ပေါ်လာကြသည်။

ထိုပုလဲများသည် အနီရောင်သွေးပင်လယ်ရှိ ကမာခွံလင်းယုန်များထံမှ ခေါင်းဆောင်တူးဖော်ခဲ့သော ပုလဲများသာ ဖြစ်ကြသည်။

စုစုပေါင်း ပုလဲ(၁၀၈)လုံးရှိသည်။

ဤသည်မှာ ခေါင်းဆောင်က တခြားလူများမရောက်လာခင်မှာ ကြိုပြင်ဆင်ထားခဲ့သော အစီအစဉ်ဖြစ်သည်။

ယခု ပုလဲများက တစ်ပြိုင်နက် ပေါက်ကွဲသွားသည့်အခါ အံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာသည်။

ယင်းက ကြယ်တာရာကောင်းကင်ကို လှုပ်ခါသွားစေပြီး ယင်း၏ အလင်းရောင်ကို ဆုံးရှုံးသွားစေသည်။

ပုလဲများထံမှ ထူးဆန်းသော စွမ်းအားနှင့် ခေါင်းဆောင်၏ နည်းလမ်းများကြောင့် ပုလဲများပေါက်ကွဲသွားသည်နှင့်ချက်ချင်း ကြယ်(၁၀၈)လုံးသည် တစ်ပြိုင်နက် လှည့်ပတ်သွားကြသည်။

ကျယ်လောင်သော ဝုန်းခနဲ မြည်သံများကြားမှာ ကြယ်(၁၀၈)လုံးသည် ပြောင်းလဲသွားသည်။ ထျန်းမိုဇီနှင့် တခြားနှစ်ယောက်ရှိနေသော ကြယ်တာရာမြေကြီးသည် အနောက်ဘက်သို့ ရွှေ့ပြောင်းသွားပြီး အော်ဟစ်ညည်းညူနေသော မျက်နှာများက အရှေ့ဘက်သို့ ရွှေ့ပြောင်းသွားသည်။

ထိုအခါ အော်ဟစ်ညည်းညူသံများသည် အင်ပါယာနန်းတော်တစ်ခုလုံးသို့ ရူးသွပ်စွာ ပျံ့လွင့်သွားသည်။

ပုလဲများ၏ ပေါက်ကွဲမှုအောက်မှာ ထိုမျက်နှာများထံမှ အော်ဟစ်ညည်းညူသံများက ပိုပြီးစူးရှလာသည်။ ထိုအသံများက တစ်စုတစ်ဝေးတည်းဖြစ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းကို ဖန်တီးလိုက်သည်။ ယင်းက နေကို အေးခဲသွားစေပြီး လကို အရှိန်တိုးမြှင့်သွားစေကာ ကြယ်အလင်းရောင်နဂါးများကို တုန်လှုပ်သွားစေသည်။ ထို့ပြင် ဈာပနအသုံးအဆောင်ပစ္စည်းများသည် ထိုအသံလှိုင်းအောက်မှာ ဖိနှိပ်ခံလိုက်ရသည်။

( ဘာသာပြန်သူ၏ မှတ်ချက်: နေက အေးခဲသွားတယ်ဆိုတာ ရေခဲဖြစ်သွားတာကို ဆိုလိုတာ မဟုတ်ပါဘူး… နေက သူ့ဂြိုလ်ပတ်လမ်းကြောင်းမှာ ရပ်တန့်သွားတာကို ဆိုလိုတာပါ )

ဤနေရာမှ လူတိုင်း၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားသည်။

ရွှီချင်းသည် လပေါ်မှ ချက်ချင်း ထွက်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ ခေါင်းဆောင်၏ ဘေးသို့ ရောက်ရှိသွားသည်။ သူ၏ မျက်လုံးသည် ဝင်းလက်နေပြီး သူ၏ အမူအရာသည် တည်ငြိမ်သည်။

ထိုအပြောင်းအလဲသည် သူ၏ မျှော်လင့်ထားမှုအတွင်းမှာ ရှိသည်။ ထို့ကြောင့် သူက မအံ့ဩပေ။ အထူးသဖြင့် ကြောက်စရာကောင်းသော ထိုအသံလှိုင်းအောက်မှာ နေသည် လုံးဝအေးခဲသွားပြီး လသည် ပိုပြီးမြန်ဆန်လာသည်။

‘ ဒါဆိုရင် နောက်တစ်ဆင့်က နေနဲ့လရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်နိုင်တယ် ’

ရွှီချင်းက နက်နဲစွာ တွေးတောနေစဉ် လသည် မြန်ဆန်စွာ ရွေ့လျားနေပြီး တဝီဝီမြည်သံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ၎င်းက အေးခဲနေသော နေလုံးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ယင်းက ဒီရေစွမ်းအားကို ဖြစ်ပေါ်စေပြီး အင်ပါယာနန်းတော်တစ်ခုလုံးကို ပရမ်းပတာဖြစ်စေသည်။

သို့သော်လည်း ခေါင်းဆောင်၏ ရူးသွပ်သော အသံက ဆက်ပြီး ပဲ့တင်ထပ်နေဆဲပင်။

“ ဂျူနီယာညီလေး… ဒီတစ်ကြိမ် ငါတို့လုပ်ဆောင်ကြမယ့် ကိစ္စကြီးကို မင်းအရမ်းသိချင်နေတာ မဟုတ်လား… အရင်က ငါမင်းကို မပြောပြဘူးဆိုတာ အပြင်မှာပဲဖြစ်ဖြစ် ဒီမှာပဲဖြစ်ဖြစ် အဲ့ဒါက နတ်ဘုရားတွေနဲ့ သက်ဆိုင်နေတယ်… ”

“ တကယ်လို့ အဲ့ဒါကို ငါပြောလိုက်မယ်ဆိုရင် မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်ပေါ်လာနိုင်တယ် ”

“ အခု အားလုံးက စတင်နေပြီဆိုမှတော့ အဲ့ဒါကို ငါပြောလို့ရသွားပြီ ”

“ ဂျူနီယာညီလေး… ငါ့ရဲ့ ပစ်မှတ်က ခေါင်းတလားထဲက ဘိုးဘေးအင်ပါယာရဲ့ ခန္ဓာကိုယ်ပဲ ”

ခေါင်းဆောင်သည် ယဇ်ပလ္လင်ကို လက်ညှိုးညွှန်ပြလိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။

“ တကယ်တော့ အဲ့ဒါက ဒီနတ်ဘုရားနယ်မြေရဲ့ အရှင်သခင်ဖြစ်တဲ့ နှစ်ပေါင်းမြောက်များစွာကြာအောင် နတ်ဘုရားသုံးပါးရဲ့ ချိပ်ပိတ်ခံထားရတဲ့ ပင့်ကူနတ်ဘုရားအတွက် ပြင်ဆင်ထားတဲ့ ခန္ဓာကိုယ်အသစ်ပဲ… ”

“ ငါက အဲ့ဒီခန္ဓာကိုယ်ကို ဖိနှိပ်ပြီး ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ချင်တယ်… အဲ့ဒါဆိုရင် ငါက သွယ်ဝိုက်တဲ့နည်းနဲ့ ဒီနတ်ဘုရားနယ်မြေရဲ့ အသိအမှတ်ပြုမှုကို ရရှိလိမ့်မယ် ”

“ ငါက အဲ့ဒီအခွင့်အရေးကို အသုံးချပြီးတော့ ဒီနတ်ဘုရားနယ်မြေရဲ့ အရှင်သခင်ဖြစ်လာအောင် လုပ်မယ် ”

“ မင်းရဲ့ ပစ်မှတ်ကတော့ ဘိုးဘေးအင်ပါယာရဲ့ ဝိညာဉ်ပဲ… အဲ့ဒါက နတ်ဘုရားရဲ့ ဝိညာဉ်လည်း ဟုတ်တယ်… ငါက ခန္ဓာကိုယ်ကို သိမ်းပိုက်မယ်… မင်းက နတ်ဘုရားဝိညာဉ်ကို မင်းရဲ့ ကောင်းကင်ဘုံတာအိုအဖြစ် ပြောင်းလဲပစ်ပါ… ငါတို့ အောင်မြင်သွားတဲ့အခါကျရင် မင်းလည်းပဲ ငါ့လို ဒီနတ်ဘုရားနယ်မြေရဲ့ အရှင်သခင်ဖြစ်လာလိမ့်မယ်… အဲ့ဒီအခါ ငါတို့နှစ်ယောက်စလုံး ဒီနတ်ဘုရားနယ်မြေရဲ့ အခွင့်အာဏာကို ပိုင်ဆိုင်နိုင်လိမ့်မယ် ”

“ ဒီဟာကို ငါစီစဉ်နေတာ အချိန်အတော်ကြာပြီ… နတ်ဘုရားဝိညာဉ်ရဲ့ နှောင့်ယှက်မှုကြောင့် ငါတစ်ယောက်တည်း ဆောင်ရွက်ရင် အောင်မြင်မှာ မဟုတ်ဘူး… ဂျူနီယာညီလေး… မင်းငါ့ကို ကူညီပေးရမယ် ”

ခေါင်းဆောင်၏ အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ ကြယ်(၁၀၈)လုံး၏ အော်ဟစ်ညည်းညူသံများက အလွန်ကျယ်လောင်သော်လည်း ယင်းက ခေါင်းဆောင်၏ အသံကို မဖုံးလွှမ်းပစ်နိုင်ပေ။ သို့ဖြစ်၍ ခေါင်းဆောင်၏ အသံက ပျံ့လွင့်သွားသည့်အခါ ထျန်းမိုဇီနှင့် တခြားလူများသည် နှလုံးတုန်သွားကြသည်။

သူတို့က ဝိညာဉ်စုစည်းခြင်းအဆင့်ကိုသာ ရောက်ချင်ပြီး ရွှမ်မီးလျှံက နတ်ဘုရားသာ ဖြစ်ချင်သည်။ သို့သော်လည်း ထိုလူသားနှစ်ယောက်ကတော့ ဤနတ်ဘုရားနယ်မြေ၏ အရှင်သခင်များ ဖြစ်ချင်နေကြသည်။

သူတို့က ဘယ်လိုတောင် ရဲတင်းတာလဲ…

ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာအမဲလိုက်ပွဲတော်ဖြစ်ပြီး နတ်ဘုရားသုံးပါး၏ ဦးဆောင်မှုအောက်မှာ ကျင်းပသော ပွဲတော်ဖြစ်သည်။ အမှန်မှာ နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာသည် နတ်ဘုရားသုံးပါးလိုချင်သောအရာ ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူတို့က ယင်းကို တားဆီးချင်သည်။ သူတို့က မျိုးနွယ်၏ အကျိုးအမြတ်ကို ထည့်မစဉ်းစားလျှင်ပင် ကိုယ့်ကျိုးအတွက် စဉ်းစားရလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ ထိုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ဤနေရာမှ အပြောင်းအလဲများက သူတို့၏ အဆင့်တတ်မှုကို အနှောင့်အယှက်ဖြစ်စေလိမ့်မည်။

ရွှမ်မီးလျှံရှိနေသော သက်တံ့ရောင်ခြည်စက်ဝန်းသည်လည်း အသံလှိုင်း၏ ရိုက်ခတ်မှုအောက်မှာ တုန်လှုပ်သွားသည်။ ထိုအခါ ရွှမ်မီးလျှံသည် ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ သိပ်သည်းလာသည်။

ရွှီချင်းတစ်ယောက်တည်းသာ မအံ့ဩပေ။

ကျားပါးစပ်ထဲမှ အစာလုခြင်းနှင့် ဓားသွားပေါ်မှာ လမ်းလျှောက်ခြင်းသည် ခေါင်းဆောင်၏ အလုပ်လုပ်ပုံ ဖြစ်သည်။

အမှန်မှာ နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် ခေါင်းဆောင်အပေါ် သူ၏ နားလည်မှုအရ အဖြေကို သူခန့်မှန်းထားပြီးသား ဖြစ်သည်။

အကယ်၍ ထိုသို့မဟုတ်လျှင် ယင်းကို ရူးသွပ်သည်ဟု မည်သို့ဆိုနိုင်မည်နည်း။ အကယ်၍ ထိုသို့မဟုတ်လျှင် သူက အားညိုမဟုတ်တော့ပေ။

သို့သော်လည်း ထိုအစီအစဉ်ကို တားဆီးရန် အလွန်ခက်ခဲသည်။ အနည်းဆုံးတော့ အင်ပါယာနန်းတော်ထဲမှာ လက်ရှိရှိနေသော လူများက သူတို့ကို မတားဆီးနိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် နေလုံးက အေးခဲနေပြီး နေနှင့်လ၏ ဂြိုလ်ပတ်လမ်းကြောင်းက ပြောင်းလဲသွားပြီ ဖြစ်သည်။ လသည် အဆုံးမဲ့သော အအေးဓာတ်ကို ထုတ်လွှတ်လျက် မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ မြန်ဆန်စွာ ရွေ့လျားနေပြီး နေဆီသို့ ဦးတည်သွားသည်။

ကြယ်(၁၀၈)လုံး၏ အော်ဟစ်ညည်းညူသံအောက်မှာ နေနှင့်လသည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားသည်။

ထိုအခါ လောကကြီးက ပြိုကွဲပျက်စီးသွားတော့မည့်ဟန် ရ၏။

ကြယ်တာရာကောင်းကင်သည် လှုပ်ခါသွားပြီး လေဟာနယ်သည် အက်ကွဲသွားသည်။

မီးတောက်နှင့် အအေးဓာတ်က ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ အမြစ်ဖြတ်သုတ်သင်ခြင်းစွမ်းအားက ပေါက်ကွဲထွက်လာသည်။

နေလုံးက အက်ကွဲသွားပြီး လက ပြိုကွဲသွားသည်။ မရေမတွက်နိုင်သော ဥက္ကာခဲများ၊ ရေခဲတုံးများနှင့် မီးတောက်မီးလျှံများက အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားကြသည်။

အင်ပါယာနန်းတော်တစ်ခုလုံးသည် မီးလျှံမိုး၊ ရေခဲမိုး၊ ဥက္ကာခဲမိုးဖြင့် ချက်ချင်း ဖုံးလွှမ်းခံလိုက်ရသည်။ ရွှီချင်းနှင့် ခေါင်းဆောင်ရှိသော နေရာသည်သာ ဘေးကင်းလုံခြုံသည်။ ဤသည်မှာ ထိုနေရာက မဟာတာအို၏ မရေမတွက်နိုင်သော ဆင့်ကဲပြောင်းလဲမှုများနှင့် ကင်းလွတ်သော တစ်ခုတည်းသောနေရာ ဖြစ်သည့်အလားပင်။

အင်ပါယာသင်္ချိုင်းတစ်ခုလုံး တုန်လှုပ်သွားသည်။

လောကတစ်ခုလုံး အပြင်းအထန် တုန်ခါသွားသည်။

နတ်ဘုရားနယ်မြေတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားသည်။

လေသည် အကြမ်းပတမ်း တိုက်ခတ်လာသည်။ ထိုလေသည် သာမန်မဟုတ်ပေ။ လေထဲမှာ မီးတောက်နှင့် ရေခဲ၏ ပေါင်းစပ်မှုမှ အမြစ်ဖြတ်သုတ်သင်ခြင်းစွမ်းအား ကိန်းအောင်းနေသည်။ ထို့နောက် နေနှင့်လက ပြိုကွဲပျက်စီးသွားသည့်အခါ ယင်နှင့် ယန်၏ ရောနှောပေါင်းစပ်မှုက မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ယင်းက ဖရိုဖရဲမုန်တိုင်းဖြစ်ပြီး အင်ပါယာနန်းတော်ပေါ်သို့ သက်ဆင်းလာကာ ကောင်းကင်ကို လွှမ်းခြုံသွားသည်။

ကြယ်အလင်းရောင်နဂါးများသည် အရောင်မှေးမှိန်သွားကြပြီး လေထဲမှာ ပြိုကွဲပျက်စီးသွားကြသည်။

ခေါင်းလောင်းများက တုန်ခါသွားကြပြီး မရဏတေးသံကို ထုတ်လွှတ်လိုက်သည်။

အိုးစည်များသည် ၎င်းတို့ဘာသာ မြည်သွားကြပြီး အသက်ဝင်လာကြသည်။

သက်တံ့ရောင်ခြည်စက်ဝန်းသည်တော့ မုန်တိုင်း၏ ရိုက်ခတ်မှုကြောင့် အဝေးသို့ လွင့်စင်သွားသည်။ ထိုအခါ မူလက သက်တံ့ရောင်ခြည်စက်ဝန်း၏ ဖုံးလွှမ်းခံထားရသော ယဇ်ပလ္လင်နှင့် ယင်းပေါ်မှ အထွတ်အမြတ်ခေါင်းတလားက ထင်ရှားစွာ ထွက်ပေါ်လာကြသည်။

ထို့ပြင် အရေပြားများဖြင့် ဖန်တီးထားသော အလွန်ကျယ်ပြောသည့် ကုန်းမြေပေါ်မှာ မရေမတွက်နိုင်သော မျက်လုံးများက ပွင့်သွားကြသည်။ မြေပြင်ပေါ်မှာ မတ်တတ်ရပ်နေကြသော သံချပ်ကာဝတ်စစ်သည်တော်တပ်ဖွဲ့များသည် ပြန်အသက်ဝင်လာကြသည်။ ၎င်းတို့၏ အရေအတွက်သည် မရေမတွက်နိုင်အောင် အလွန်များပြားသည်။

သို့သော်လည်း မည်သို့ဖြစ်ပါစေ လမ်းကြောင်းက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

ကြယ်တာရာကောင်းကင်သည်တော့ မုန်တိုင်းထဲမှာ မတည်မငြိမ်ဖြစ်လာသည်။ ထျန်းမိုဇီနှင့် တခြားနှစ်ယောက်သည်တော့ အစက ရွှီချင်းနှင့် ခေါင်းဆောင်ကို တားဆီးရန် ဆန္ဒရှိကြသည်။ သို့သော်လည်း ယခုကဲ့သို့ ကြီးမားသော အပြောင်းအလဲများဖြင့် ရင်ဆိုင်ရသောအခါ သူတို့က ကိုယ့်ကိုယ်ကို ကာကွယ်ရန်သာ ရွေးချယ်လိုက်ကြသည်။

အဆင့်တတ်ရန် နှောင့်ယှက်ခံလိုက်ရသော ရွှမ်မီးလျှံတစ်ယောက်တည်းသာ အသစ်တိုးပွားလာသော အမုန်းတရားများနှင့်အတူ ပျံသန်းလာသည်။

ရွှီချင်းက ထိုအရာအားလုံးကို မြင်နေသော်လည်း အမူအရာမပျက်သွားပေ။ ယင်းက သူ၏ မျှော်လင့်ထားမှုအတွင်းမှာသာ ရှိသေး၏။ စီနီယာအကိုကြီးဆီမှာ နောက်ထပ်လာမည့် အစီအစဉ်များ ရှိနေသေးကြောင်း သူသိသည်။

ခေါင်းဆောင်က ရွှမ်မီးလျှံအား ရင်ဆိုင်ရန် မည်သည့်နည်းလမ်းကို အသုံးပြုမည်ကိုတော့ ရွှီချင်း ခန့်မှန်းနိုင်သည်။ မည်သို့ဖြစ်ပါစေ ခေါင်းဆောင်ဆီမှာ သူ့အား ပြန်မပေးရသေးသော ပစ္စည်းတစ်ခု ရှိသည်။

သို့ဖြစ်၍ ရွှမ်မီးလျှံက ပျံသန်းလာနေကြောင်း ရွှီချင်းမြင်သော်လည်း မလှုပ်ရှားခဲ့ပေ။

သူ့ဘေးမှ ခေါင်းဆောင်သည် တဟားဟား ရယ်မောလိုက်သည်။ သူက ထိုမြင်ကွင်းအတွက် ယခင်ဘဝမှာကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးမှာတော့ ယခု ထိုမြင်ကွင်းကို သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်နိုင်သွားသည်။ သို့ဖြစ်၍ သူက ကြီးမားသော ဝမ်းသာပျော်ရွှင်မှုကို ခံစားမိသွားသည်။ ထို့ပြင် သူက ရွှမ်မီးလျှံအတွက်လည်း နည်းလမ်းတစ်ခုကို ကြိုစဉ်းစားထားပြီးသား ဖြစ်သည်။

ထို့ကြောင့် ရွှမ်မီးလျှံက ပျံသန်းလာသည်နှင့်ချက်ချင်း ခေါင်းဆောင်က ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို မြှောက်လိုက်သည်။

ထိုပစ္စည်းကို မြင်လိုက်သည်နှင့်ချက်ချင်း ရွှမ်မီးလျှံသည် အကြီးအကျယ် မျက်နှာပျက်သွားသည်။

“ အရူးကောင် ”

သူက အစွမ်းကုန်သုံး၍ အနောက်ဆုတ်သွားလေရာ သူ့ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်သည် ပေါက်ကွဲသွားသည်။

ခေါင်းဆောင်၏ လက်ထဲမှ ပစ္စည်းသည် စက်လုံးတစ်လုံးဖြစ်သည်။

ယင်းက ရှေးဟောင်းနေလုံးဖြစ်ပြီး လူသားမျိုးနွယ်၏ အစွမ်းထက်ဆုံး ဒေသစစ်လက်နက်ဖြစ်သော အာရုဏ်ဦးနေမင်းဖြစ်သည်။

“ ဒီကို လာလေ ”

ခေါင်းဆောင်သည် မြန်ဆန်စွာ အနောက်ဆုတ်သွားနေသော ရွှမ်မီးလျှံကို ကြည့်လိုက်ပြီး သူ၏ နှလုံးသားထဲမှ ဒေါသကို ထုတ်လွှတ်လိုက်သည်။ သူက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး အာရုဏ်ဦးနေမင်းကို အောက်ဘက်မှ ယဇ်ပလ္လင်ဆီသို့ ညွှန်လိုက်သည်။

ထို့နောက် သူက အာရုဏ်ဦးနေမင်းကို ပစ်ချလိုက်သည်။

All Chapters