← Chapters

ကျရောက်လာသောအန္တရာယ်

Vol. 105 Ch. 1561

ကျရောက်လာသောအန္တရာယ်

Vol. 105 Ch. 1561

နတ်ဆိုးမကျိက ရင်တစ်ချက် ထိတ်သွား၏။

နတ်မိမယ်ရှောင်ရှန်းက သာမန်နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက် မဟုတ်ပေ။ သူမသည် မကြာသေးခင်နှစ်များအတွင်း နတ်ဘုရားမျိုးနွယ်၏ အသန်မာဆုံး ပြန်ဝင်စားမွန်းစတားဖြစ်လေသည်။

နတ်ဆိုးမကျိသည် နတ်ဘုရားမျိုးနွယ်မှ ဤကဲ့သို့သော ပြန်ဝင်စားမွန်းစတား တစ်ယောက်၏ ပစ်မှတ်ထားခြင်းခံလာရသောအခါ သူမသည် အဆူရာကို စိုးရိမ်ပူပန်ဖို့အတွက် စိတ်အာရုံခွဲဝေမပေးနိုင်တော့ပေ။

“မမ... ကျွန်မက ရှင့်ရဲ့ ပြိုင်ဘက်မဟုတ်ဘူးလေ... ကျွန်မတို့ စကားနဲ့ ပြောလို့ မရဘူးလား”

နတ်ဆိုးမကျိ၏ မျက်လုံးများက အနည်းငယ်နီမြန်းလာပြီး စိတ်ထိခိုက်ခံစားနေရသည့်ပုံပေါ်ကာ မျက်ရည်များစီးကျနေသော မျက်လုံးများနှင့်အတူ ပြောလိုက်၏။

စင်ကြယ်အပျိုစင်သုတ္တန်၏ ညှို့ငင်ဖမ်းစားမှုနည်းစနစ်သည် မျိုးနွယ်စုများ သို့မဟုတ် ယောင်္ကျားဖြစ်ခြင်း မိန်းမဖြစ်ခြင်းအပေါ်မှာ ခွဲခြားထားခြင်း မရှိပေ။ အဲ့ဒါသည် လောကရှိ သက်ရှိများအားလုံးကို ညှို့ငင်ဖမ်းစားနိုင်သော တာအိုနည်းစနစ်တစ်ခုဖြစ်၏။

အဲ့ဒါက မည်သူပင်ဖြစ်စေ ကိစ္စမရှိပေ။ သူတို့သည် နတ်ဆိုးမကျိ၏ သနားစရာကောင်းသော အမူအရာကို တွေ့မြင်သောအခါ ချစ်ခင်မြတ်နိုးမှုနှင့် သနားကြင်နာမှုကို ခံစားရပေလိမ့်မည်။

ထျန်လောပင်လျှင် သူ၏ မျက်ဝန်းထောင့်ကနေ တစ်ချက်ခိုးကြည့်ပြီး အနည်းငယ်မှင်တက်သွားရ၏။

သို့သော်လည်း သူသည် အလျင်အမြန် နိုးထလာနိုင်ပြီး သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ တီးတိုးရေရွတ်လိုက်၏။

“အဲ့ဒီနတ်ဆိုးမလေးမှာ လှည့်ကွက်တချို့ရှိတဲ့ပုံပဲ”

အခြားသော နတ်ဘုရားမျိုးနွယ်သက်ရှိများသာဆိုလျှင် သူတို့သည် နတ်ဆိုးမကျိ၏ ညှို့ငင်ဖမ်းစားခြင်းကို သေချာပေါက်ခံရပေလိမ့်မည်။

သို့သော်လည်း နတ်မိမယ်ရှောင်ရှန်း၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်လေသည်။ သူမ၏ မျက်လုံးနှစ်ဖက်မှ နတ်ဘုရားဆန်ဆန် အလင်းနှစ်ခုက ရုတ်တရက် ပစ်လွင့်ထွက်ပေါ်လာပြီး သူမ၏ နတ်ဘုရားမျက်လုံးကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။

စက္ခုနည်းစနစ်က ချက်ချင်းဆင်းသက်လာပြီး နတ်ဆိုးမကျိ ဖန်တီးထားသော စိတ်ဆန္ဒကို ချက်ချင်းပင်ချိုးဖျက်ပစ်လိုက်လေသည်။

နတ်ဆိုးမကျိသည် လှပသိမ်မွေ့ခြေလှမ်းများကို အသုံးပြုပြီး စက္ခုနည်းစနစ်နှစ်ခုကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်၏။ သူမ၏ ပန်းရောင်ဝတ်ရုံက နတ်ဘုရားဆန်ဆန် အလင်းတန်းနှစ်ခုဖြင့် လှီးဖြတ်ခြင်းခံလိုက်ရပြီး ၎င်း၏ အနားသတ်များက ဘာမှမကျန်အောင် လောင်ကျွမ်းသွားလေသည်။

နတ်ဆိုးမကျိက တိတ်တဆိတ် ထိတ်လန့်သွား၏။

စင်ကြယ်အပျိုစင်ဂိုဏ်းသည် ညှို့ငင်ဖမ်းစားမှုနည်းစနစ်မှာ အထူးပြုပြီး သူမ၏ သွေးချီနှင့် ကိုယ်ကာယက သာမန်သာဖြစ်လေသည်။

ထိုနတ်ဘုရားအလင်းနှစ်ခုက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာမည်ဆိုလျှင် သူမ၏ ခန္ဓာကိုယ်က ထိုးဖောက်ခြင်းခံရနိုင်လေသည်။

ဘုန်း...

နတ်မိမယ်ရှောင်ရှန်းသည် ရှေ့သို့တက်လှမ်းပြီး နတ်ဆိုးမကျိထံသို့ ပစ်ထိုးလိုက်လေသည်။ ရွှေရောင်အလင်းက ပေါက်ကွဲထွက်ပေါ်လာပြီး သူမ၏ ထိုးချက် ဆင်းသက်မလာခင်မှာပင် လေဟာနယ်က တုန်ခါသွား၏။

ဤကဲ့သို့သော အမျိုးသမီးတစ်ယောက်က သာမန်ကာလျှံကာ ထိုးချက်တစ်ချက်နှင့်အတူ ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော စွမ်းပကားတစ်ခုကို ထုတ်ဖော်နိုင်သည်မှာ စဥ်းစားကြည့်ဖို့ တကယ်ပင် ခက်လေသည်။

နတ်ဆိုးမကျိက ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိဘဲ လှစ်ခနဲဆို ရှောင်းတိမ်းလိုက်၏။

နတ်မိမယ်ရှောင်ရှန်းက အေးစက်စွာလှောင်ရယ်၍ သူမ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ သူမ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းများက ဖြာထွက်လာပြီး သူမက နတ်ဘုရားတစ်ပါးကဲ့သို့ အဆက်မပြတ် လိုက်ပါလာ၏။

နတ်ဘုရားမျိုးနွယ်သည် ကိုယ်ကာယနှင့် မျိုးဆက်သွေးအရာမှာ ကမ္ဘာဦးမျိုးနွယ် ၉စု၏ ထိပ်ဆုံးမှာ ရပ်တည်လေသည်။

နတ်ဘုရားမျိုးနွယ်၏ ပြန်ဝင်စားမွန်းစတားတစ်ယောက်အနေဖြင့် နတ်မိမယ်ရှောင်ရှန်း၏ ကိုယ်ကာယနှင့် သွေးချီစွမ်းအားသည် အဆင့်တူခြင်းတွင် ပြိုင်စံရှားများအားလုံးကို ဖိနှိမ်နိုင်လေသည်။

သူမက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင် နတ်ဆိုးမကျိက သေချာပေါက်ရှုံးနိမ့်ရပေလိမ့်မည်။

အဲ့ဒါကြောင့် အစကတည်းက နတ်ဆိုးမကျိသည် လှပသိမ်မွေ့ခြေလှမ်းများကို အသုံးပြုပြီး အဆက်မပြတ် ရှောင်တိမ်းနေခဲ့၏။

နတ်မိမယ်ရှောင်ရှန်း၏ တိုက်ခိုက်မှုများက ကြမ်းကြုတ်ခက်ထန်သော်လည်း သူမသည် နတ်ဆိုးမကျိကို ချုပ်နှောင်နိုင်ခြင်းမရှိပဲ သူမ၏ တိုက်ခိုက်မှုများက ထပ်တလဲလဲလွဲချော်နေ၏။

လှပသိမ်မွေ့ခြေလှမ်းများသည် နတ်မိမယ်လင်းလုံထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး ပါချည်ပါချဲ့မဟုတ်ပေ။

နတ်မိမယ်ရှောင်ရှန်းပင်လျှင် နတ်ဆိုးမကျိကို ချက်ချင်းလက်ငင်း တစ်စုံတစ်ရာပြာလုပ်နိုင်ခြင်း မရှိပေ။

အခြားတစ်ဘက်မှာတော့ ယန်ပေးချန်သည် သခင်လေးဆန်းကြယ်တစ္ဆေ၏ အမြုတေစိတ်ဝိညာဥ် စွမ်းအားဖြင့် သက်ရောက်ခြင်းခံရပြီး ပုံရိပ်ယောင်တစ်ခုထဲမှာ နစ်မျောနေ၏။ သူသည် သူ့ကိုယ်သူ ရုန်းထွက်စေနိုင်ခြင်းမရှိပဲ အလွန်တရာအန္တရာယ်များလာခဲ့၏။

အမုန်းမိစ္ဆာဆေဘာ၏ ထပ်တလဲလဲသတိပေးမှုနှင့်ပင်လျှင် ယန်ပေးချန်က နိုးထမလာနိုင်ခဲ့ပေ။

စုန်းမျိုးနွယ်၏ အမြုတေစိတ်ဝိညာဥ် ကျင့်ကြံမှုက ကြောက်စရာအကောင်းဆုံး ဖြစ်၏။

သခင်လေးဆန်းကြယ်တစ္ဆေသည် လူတစ်ယောက်၏ စိတ်နှလုံးကို ထိန်းချုပ်နိုင်သော ကြောက်စရာကောင်းသည့်တည်ရှိမှုဖြစ်လေသည်။

ဤတစ်ခေါက် သူ၏ တိုက်ခိုက်မှုသည် ခြေသုံးချောင်းရွှေကျီးကန်းရာချီထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။

အဲ့ဒါသည် ယန်ပေးချန်၏ သေကွင်းသေကွက်ကို ကိုက်ခဲဖို့အတွက် အမှောင်ထဲကနေ စောင့်ဆိုင်းနေသော မြွေဆိုးတစ်ကောင်နှင့်တူလေသည်။

ပြင်ပအားတစ်စုံတစ်ရာသည် အမုန်းစိတ်ဆန္ဒကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။ ကမ္ဘာဦးမျိုးနွယ် ၆ စုက အတူပူးပေါင်းတိုက်ခိုက်ကြမည်ဆိုလျှင်တောင် သူတို့သည် ယန်ပေးချန်နှင့် အမုန်းစိတ်ဆန္ဒကို ခွဲထုတ်နိုင်လိမ့်မည် မဟုတ်ပေ။

အမုန်းစိတ်ဆန္ဒကို ပျက်ပြယ်စေဖို့တစ်ခုတည်းသောအရာမှာ ယန်ပေးချန်၏ အတွင်းစိတ်ကို ပစ်မှတ်ထားဖို့ဖြစ်လေသည်။

ချင်ဖျန်ရန်က ယန်ပေးချန်၏ တစ်ခုတည်းသောအားနည်းချက်ဖြစ်၏။

ချွမ်း... ချွင်...

ရုတ်တရက် အမုန်းမိစ္ဆာဆေဘာသည် ယန်ပေးချန်၏ လက်ဖဝါးထဲကနေ ရုန်းထွက်ပြီး အနက်ရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ သူ့ကိုလှည့်ပတ်၍ ဝင်ရောက်လာသော ဓမ္မလ​က်နက်များကို ပိတ်ဆို့တားဆီးလိုက်၏။

ထို့နောက် ချက်ချင်းပင် အမုန်းမိစ္ဆာဆေဘာသည် ၎င်း၏ ဓားသွားကိုလှည့်ပြီး ယန်ပေးချန်၏ ရင်ဘတ်ကို ထိုးစိုက်လိုက်၏။

ဖောက်…

ထိုထိုးချက်က ယန်ပေးချန်၏ ရင်ဘတ်ကို ထုတ်ချင်းပေါက်သွားစေ၏။

“ဘာဖြစ်နေတာလဲ”

“မိစ္ဆာဆေဘာက သူ့သခင်သူ သတ်နေတာလား”

“တစ်ခုခုတော့ လွဲနေပြီ... အဲ့ဒီမိစ္ဆာဆေဘာက ယန်ပေးချန်ကို နိုးထလာစေဖို့ ကူညီပေးနေတဲ့ပုံပဲ”

ကျင့်ကြံသူများသည် ထိုသည်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။

ပုံရိပ်ယောင်ထဲမှာ နစ်မျောနေသော ယန်ပေးချန်သည် နာကျင်သွားသော အမူအရာနှင့်အတူ သူ၏ ရင်ဘတ်ကို လက်ဖြင့် အုပ်ကိုင်လိုက်၏။ ခပ်ထိုင်းထိုင်းညည်းတွားသံနှင့်အတူ သူသည် ပုံရိပ်ယောင်ထဲကနေ ရုန်းထွက်လာနိုင်ပြီး သူ၏ မျက်လုံးများက သူတို့၏ ကြည်လင်ရှင်းလင်းမှုကို တဖြည်းဖြည်းပြန်လည်ရရှိလာ၏။

“ကျေးဇူးပဲ ညီကို”

ယန်ပေးချန်သည် တီးတိုးရေရွတ်၍ အမုန်းမိစ္ဆာဆေဘာကို လက်ပြန်ဆုပ်ကိုင်ကာ သူ၏ ရင်ဘတ်ထဲကနေ ဆွဲထုတ်လိုက်လေသည်။

အမုန်းမိစ္ဆာချီသည် သူ၏ ဒဏ်ရာကို လှည့်ပတ်၍ မည်သည့်သွေးတစ်စက်ကမှ စီးကျမလာခဲ့ပေ။

ယန်ပေးချန်သည် အမုန်းမိစ္ဆာဆေဘာကို နောက်တစ်ဖန်ဆုပ်ကိုင်ပြီး အားနည်းမှုနှင့် ပင်ပန်းနွမ်းလျမှု လှိုင်းများကို ရုတ်တရက်ခံစားလိုက်ရ၏။

အစကတော့ သူသည် အမုန်းစိတ်ဆန္ဒအဆင့်သို့ ဝင်ရောက်ပြီးနောက် မည်သည့်နာကျင်မှု သို့မဟုတ် မည်သည့်ပင်ပန်းနွမ်းလျမှုကိုမှ မခံစားခဲ့ရပေ။

အမုန်းမိစ္ဆာချီ၏ နိုးဆွမှုအော​က်တွင် သူက ပို၍ပို၍ ကြမ်းကြုတ်ခက်ထန်စွာ တိုက်ခိုက်ခဲ့၏။

သို့သော်ယခု... သူသည် သခင်လေးဆန်းကြယ်တစ္ဆေ၏ ပုံရိပ်ယောင်ကနေ ရုန်းထွက်လာနိုင်သော်လည်း သူ၏ အမုန်းစိတ်ဆန္ဒက ပျက်ပြယ်သွားပြီး သူက စူးရှသော နာကျင်မှုတစ်ခုကို ခံစားလာရ၏။

တိုက်ပွဲ၏ ဤနေရာအရောက်တွင် ရွှေကျီးကန်းမျိုးနွယ်၏ ဝန်းရံတိုက်ခိုက်မှုအောက်၌ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာပေါင်းများစွာက ပေါ်ထွက်လာခဲ့ပြီဖြစ်၏။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေလျှင် သူက သိပ်ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။

မျောက်နှင့် အခြားသူများကလည်း ဝန်းရံတိုက်ခိုက်ခံနေရပြီး အခြေအနေက သူတို့အတွက် အလေးမသာဖြစ်လာခဲ့၏။ လူတိုင်းက အန္တရာယ်ရှိလာခဲ့၏။

သခင်လေးဆန်းကြယ်တစ္ဆေက သတ္တမမင်းသားကို ညင်သာစွာ ပြုံးပြလိုက်၏။

“အမုန်းစိတ်ဆန္ဒကို ချေဖျက်ပေးပြီးပြီ... ကျန်တာကတော့ မင်းတို့ဘာသာ ကြည့်ရှင်းလိုက်တော့”

“ကျေးဇူးပဲ”

သတ္တမမင်းသားက ခေါင်းညိတ်ပြလိုက်၏။

အမုန်းစိတ်ဆန္ဒ၏ ထောက်ပံ့မှုမရှိဘဲ ယန်ပေးချန်သည် ရွှေကျီးကန်းမျိုးနွယ်၏ ဝန်းရံတိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဘန်း...

ထိုစဥ်မှာပင် မနှိုင်းယှဥ်သာအောင်တုတ်ခိုင်သော သွေးနွယ်ပင်တစ်ပင်က လေထုကို ဆုတ်ဖြဲ၍ ယန်ပေးချန်၏ ရင်ဘတ်ပေါ်ကို ပြင်းထန်စွာ လွှဲရိုက်ကာ သူ့ကို လွင့်စင်ထွက်သွားစေ၏။

“ဟားဟားဟားဟား”

ထန်လောက ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဆန်းကြယ်တစ္ဆေ... မင်းက မင်းလုပ်ချင်တာကို လုပ်ပြီးသွားပြီ ဒါပေမဲ့... ငါကတော့ အခုထိ မတိုက်ခိုက်ရသေးဘူး”

ထိုသည်ကို တွေ့မြင်သောအခါ ပဟေဠိနန်းတော်၏ နန်းတော်အရှင်က ဒေါသထွက်သွားပြီး ဆက်လက်၍ သည်းမခံနိုင်တော့ပဲ အော်ပြောလိုက်လေသည်။

“ထန်လော... မင်းတို့ကမ္ဘာဦးမျိုးနွယ် ၆စုက စည်းမျဥ်းစည်းကမ်းတွေကို လုံးဝအလေးမထားဘူးလား”

“ဒီမှာ တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်မယ်လို့ မင်းတို့ပဲ ပြောခဲ့တာ... အခုမင်းတို့က မနိုင်တော့ဘူးလည်းဆိုရော အဆူရာကို ဖိနှိမ်ဖို့အတွက် မျိုးနွယ်စုတစ်ခုလုံးကို အသုံးပြုလာခဲ့တယ်... အခု သွေးနွယ်ပင် ၊ နတ်ဘုရားနဲ့ စုန်းမျိုးနွယ်တို့ကပါ အတူပူးပေါင်းတိုက်ခိုက်လာကြပြီ အဲ့ဒါက ဘာအဓိပ္ပါယ်လဲ”

“အဲ့ဒါအမှန်ပဲ”

နှင်းပုံတောင်ကြား၏ တောင်ကြားသခင်က စားပွဲကို ပြင်းထန်စွာပစ်ရိုက်ပြီး မတ်တတ်ထရပ်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“မျိုးနွယ်စုတစ်သောင်းက သက်ရှိအားလုံးက ဒီနေရာမှာ ရှိ​နေကြတယ်... ဒီလိုပုံစံနဲ့ မင်းတို့ကမ္ဘာဦးမျိုးနွယ် ၆ စုကို မျိုးနွယ်စုတစ်သောင်းက ဘယ်လိုလက်ခံယုံကြည်နိုင်မှာလဲ... မင်းတို့တွေက ကိုယ့်စကားကိုယ်မတည်သလို... စည်းမျဥ်းစည်းကမ်းတွေကိုလည်း အလေးထားမှု လုံးဝမရှိဘူး”

အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ကျင့်ကြံသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်ကာ အော်ပြောလာကြ၏။

“စည်းမျဥ်းစည်းကမ်းလား”

ထန်လော၏ မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားပြီ သူ၏ အမူအရာက အေးစက်လာ၏။

သူက ထိပ်သီးဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။

“စည်းမျဥ်းစည်းကမ်းဆိုတာ မင်းတို့လို ငပျော့တွေအတွက် ချမှတ်ထားတာပဲ... သန်မာတဲ့သူက စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖျက်နိုင်တယ်”

“နောက်ပြီး... ဒီနေ့ကစပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ စည်းမျဥ်းစည်းကမ်းတွေအားလုံးကို ငါတို့ကမ္ဘာဦးမျိုးနွယ် ၆စုကပဲ ဆုံးဖြတ်ပေးမယ်... မင်းတို့တွေက ငါတို့ရဲ့ အမိန့်ကို နာခံရလိမ့်မယ်”

“ဘာလို့အဲ့လိုဖြစ်ရမှာလဲ”

ကျင့်ကြံသူတစ်ယောက်က မကျေမနပ်ဖြင့်အော်ပြောလိုက်လေသည်။

“ဖွီး...”

ထိုကျင့်ကြံသူ၏ ခြေထောက်အောက်ရှိ မြေပြင်ကနေ သွေးနွယ်ပင်တစ်ပင်က ရုတ်တရက်ထိုးထွက်လာပြီး သူ၏ ရင်ဘတ်ကို ထိုးဖောက်လိုက်လေသည်။

ထိုကျင့်ကြံသူ၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ ဦးခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်၏။ သူ၏ ရင်ဘတ်ကနေ ပြူထွက်လာသော တုတ်ခိုင်သည့် သွေးနွယ်ပင်ကိုကြည့်ပြီး သူ၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်လာကာ သူ၏ ပါးစပ်ကနေ သွေးများက အဆက်မပြတ်စီးကျလာ၏။

သွေးနွယ်ပင်၏ ထိပ်ဖျားရှိ ဧရာမပါးစပ်က ဖြည်းဖြည်းချင်း ပွင့်ဟပြီး အေးစက်စက်အလင်းတစ်ခုကို ထုတ်ဖော်လာ၏။ ၎င်း၏ ယှက်ဖြာနေသော သွားစွယ်များဖြင့် ထိုကျင့်ကြံသူ၏ ဦးခေါင်းကို တစ်ချက်တည်းကိုက်ကာ ဝါးမျိုလိုက်၏။

၎င်း၏ သွားစွယ်များကို ပိတ်ချလိုက်သည့်အခါ ၎င်းသည် ထိုကျင့်ကြံသူ၏ ဦးခေါင်းကို ပြတ်ကျလုနီးပါးဖြစ်စေပြီး သွေးများက ပန်းထွက်လာခဲ့၏။

လူတိုင်း၏ ရှေ့မှောင်မှာပင် သွေးနွယ်ပင်က တွန့်လိမ်သွားပြီး သိပ်မကြာခင် ထိုကျင့်ကြံသူကို ဝါးမျိုလိုက်လေသည်။

သွေးအဆီအနှစ်သည် တုတ်ခိုင်သောသွေးနွယ်ပင်မှတစ်ဆင့် ထန်လော၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်တိုးဝင်သွားလေသည်။

All Chapters