← Chapters

အထွတ်အထိပ်သို့ တက်လှမ်းခြင်း

Vol. 105 Ch. 1566

အထွတ်အထိပ်သို့ တက်လှမ်းခြင်း

Vol. 105 Ch. 1566

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က ဘယ်လို ဂုဏ်အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသလဲ…။

သူတို့နှစ်ယောက်သည် တူညီသော ကျင့်ကြံမှုအဆင့်မှာ ရှိကြသော်လည်း သူတို့၏ အဆင့်အတန်းကြား ကွာဟချက်သည် ကြီးမားပြီး ပဟေဠိနန်းတော်၏ နန်းတော်အရှင်ထံမှ ဦးညွှတ်မှုသည် အတော်လေး တာသွားလေသည်။

ထိုစဉ်မှာပင်.. နှင်းပုံတောင်ကြား၏ တောင်ကြားသခင်က သူမ၏ ဒဏ်ရာအပြင်းအထန် ရရှိထားသော ခန္ဓာကိုယ်ကို ဒရွတ်တိုက် ဆွဲယူကာ အထီးကျန်သိုင်းသခင်ကို ဦးညွှတ်လိုက်၏။

“ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်”

ထို့နောက် ချက်ချင်းပင်.. မိုးပျံငှက်မွေးဂိုဏ်း၊ ဒီပင်္ကရာကျောင်းတော်နှင့် တစ်သီးပုဂ္ဂလ ၄ အုပ်စုမှ ဂိုဏ်းချုပ်များကလည်း တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ထွက်လာကြ၏။ သူတို့သည် ကျင့်ကြံရေးလောကတွင်​ ကျော်ကြားပြီး မြင့်မြတ်ထည်ဝါသော တည်ရှိမှုများ ဖြစ်ကြ၏။

“ကျေးဇူးတင်ပါတယ် အထီးကျန်သိုင်းသခင်”

များစွာသော ကျင့်ကြံသူများက သံပြိုင်အော်ဟစ်လိုက်ကြ၏။

အဲဒါသည် လူတိုင်းထံမှ လာသော အူလှိုက်သည်းလှိုက် ကျေးဇူးတင်မှု ဖြစ်လေသည်။

အဲဒါသည် အထီးကျန်သိုင်းသခင်သာ ထိုမြားမိုးကို ပစ်ထုတ်မပေးခဲ့လျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သူတို့၏ ဂိုဏ်းသားအဖော်များက သေဆုံးရမည် ဖြစ်သောကြောင့်ပင်။

ပို၍အရေးကြီးသည်မှာ.. အထီးကျန်သိုင်းသခင်၏ ပေါ်ထွက်လာမှုသည် လူသားမျိုးနွယ်၏ နောက်ဆုံး ဂုဏ်သိက္ခာ တစ်ပိုင်းတစ်စကို ကာကွယ်ပေးလိုက်နိုင်လေသည်။

ထိုအခိုက်အတန့်တွင် များစွာသော ကျင့်ကြံသူများက မျက်ရည်များ စို့လာကြ၏။

သူတို့သည် အထီးကျန်သိုင်းသခင်ထံမှ ရှေးဟောင်းခေတ် ဧကရာဇ်များ၏ ခမ်းနားထည်ဝါမှုကို ဝိုးတဝါး တွေ့မြင်လာနိုင်၏။

ထိုစဉ်မှာပင်… ကျင့်ကြံသူတစ်ယောက်က ညင်သာစွာ ရေရွတ်ပြောဆိုလိုက်၏။

“ဧကရာဇ်တွေ ဒီမှာ မရှိပေမဲ့ ငါရှိတယ်”

ထိုစကားသည် ဆူဇီမို ရွှေအမြုတေအဆင့်မှာ ရှိခဲ့စဉ်က အသင်္ချေနယ်မြေမြို့တော်တွင် နတ်ဘုရားမျိုးနွယ်နှင့် ယက္ခမျိုးနွယ်ကို သူပြောခဲ့သော စကားဖြစ်ကြောင်း ကျင့်ကြံသူများစွာက သိရှိထားကြ၏။

နောက်ပိုင်းတွင် ထိုစကားက ကျင့်ကြံရေးလောကမှာ ပျံ့နှံ့သွားသည့်အခါ အဲဒါသည် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ၏ လှောင်ပြောင်သရော်ခြင်းကို ခံခဲ့ရ၏။

ယခုအခါမှသာလျှင်.. အထီးကျန်သိုင်းသခင်ကသာ ဤကဲ့သို့သော တစ်စုံတစ်ရာကို ပြောဆိုနိုင်သောသူ ဖြစ်ကြောင်း လူတိုင်းက သိရှိလိုက်ကြ၏။

အထီးကျန်သိုင်းသခင်ကသာလျှင် ရှေးဟောင်းခေတ် ဧကရာဇ်များနှင့် ယှဉ်ဖို့ ထိုက်တန်မှု ရှိပေလိမ့်မည်။

အထီးကျန်သိုင်းသခင်သည် သူ့လက်ထဲရှိ လေးတစ်လက်နှင့်အတူ ကမ္ဘာဦးမျိုးနွယ် ၆ စုကို ခြိမ်းခြောက်နိုင်ခဲ့၏။ ဤမြင်ကွင်းသည် သမိုင်းစာအုပ်ထဲမှာ သေချာပေါက် မှတ်တမ်းတင်ခံရမည့်အရာ ဖြစ်လေသည်။

များစွာသော ကျင့်ကြံသူများသည် စိတ်ခံစားချက်များ မြင့်တက်လာပြီး ကမ္ဘာဦးမျိုးနွယ် ၆ စုမှ သခင်လေးများကတော့ မတူညီသော အမူအရာများ ရှိနေကြ၏။

သူတို့ကြားတွင် ယက္ခယု၏ အမူအရာက တွေဝေရှုပ်ထွေးမှု အရှိဆုံးဖြစ်၏။

အစကတော့.. သူမသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ဓမ္မဖြိုခွင်းလေးကို အတည်အတံ့ မှတ်ယူခဲ့ခြင်း မရှိပေ။

သူမ၏ ထင်မြင်ချက်အရ.. အဲဒါသည် အထီးကျန်သိုင်းသခင်၏ ကိုယ်ပွားတစ်ခုသာ ဖြစ်၏။

သူမ၏ အလျင်အဟုန်အရ… သူမသည် ဓမ္မဖြိုခွင်းလေး၏ သတ်ဖြတ်ခြင်းစွမ်းအားကို သေချာပေါက် ရှောင်တိမ်းနိုင်လေသည်။

သို့သော်လည်း စောစောက ဖြစ်ပျက်ခဲ့သည့်အရာသည် သူမ၏ စိတ်ကို လုံးဝ ပြောင်းလဲသွားစေ၏။

ဓမ္မစွမ်းအား မြား ၁၀၀ က သူမထံသို့ ပျံသန်းလာခဲ့မည်ဆိုလျှင် သူမမှာ နောက်ထပ် တောင်ပံအပိုများ ရှိမည်ဆိုလျှင်တောင် သူမသည် သေချာပေါက် ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

“ငါက အဲဒီ မုန်းစရာကောင်းတဲ့လူရဲ့ ကိုယ်ပွားကိုလည်း အနိုင်မရနိုင်ဘူးလား”

ယက္ခယုသည် လေထဲရှိ ပုံရိပ်ကို ငေးငိုင်နေသော အမူအရာနှင့် ကြည့်နေ၏။

ကြီးမားသော တိုက်ပွဲမြေပြင်က တိတ်ဆိတ်ငြိမ်သက်သွား၏။

ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် သုန်မှုန်သော အမူအရာများ ရှိနေကြပြီး ပို၍ပင် သတိကြီးကြီးထားကာ တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းနေကြ၏။

ထိုစဉ်မှာပင် နတ်မိမယ် ရှောင်ရှန်းက မလှမ်းမကမ်းတွင် ရှိသော ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို တစ်ချက်စွေကြည့်ကာ သူမ၏ မျက်လုံးထဲမှာ အေးစက်စက် အလင်းတစ်ခုက ဖျတ်ခနဲလက်သွား၏။

သတ္တမ မင်းသားသည် မလှမ်းမကမ်းရှိ ဖန်းလိုင်ကျွန်းမှ ကျွန်းသခင်ကို လှည့်ကြည့်လိုက်လေသည်။

ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဆတ်ခနဲ တုန်ယင်သွားပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ အော်ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်.. ဒီနေ့က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲရဲ့ နေ့ပဲ… ခင်ဗျားက အဲ့လောက်ထိ ကြမ်းကြုတ်ခက်ထန်ပြီး သတ်ဖြတ်မှုတွေကို ပြုလုပ်နေမယ်ဆိုရင် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ဘယ်လိုဆက်ပြီး ကျင်းပနိုင်မှာလဲ”

“ကမ္ဘာဦးမျိုးနွယ် ၆ စုနဲ့ ညှိနှိုင်းဆွေးနွေးမယ့် ဒီမျိုးနွယ်စုတစ်သောင်း စုဝေးပွဲက ခင်ဗျားကြောင့် ပျက်စီးသွားမယ်ဆိုရင် ခင်ဗျားက လူသားမျိုးနွယ်ရဲ့ အပြစ်သားတစ်ယောက် ဖြစ်လာလိမ့်မယ်”

“မင်းမေကြီးကို အဲ့ဒါ သွားပြောပါလား”

ဖက်တီးလေးက မနေနိုင်ဘဲ ကျိန်ဆဲလိုက်၏။

နှင်းပုံတောင်ကြား၏ တောင်ကြားသခင်ကလည်း အေးစက်စွာ ပြောလိုက်၏။

“ကောင်းကင်စင်ရော်ဂိုဏ်း.. ဒီနေ့ သတ်ဖြတ်မှုတွေကို စတင်ခဲ့တာက ကမ္ဘာဦးမျိုးနွယ်တွေလား.. အထီးကျန်သိုင်းသခင်လား…”

“သေဆုံးသွားတဲ့ လူအရေအတွက်က ကမ္ဘာဦးမျိုးနွယ်ဘက်က ပိုများတာလား.. လူသားမျိုးနွယ်ဘက်က ပိုများတာလား..”

ဆက်တိုက်ထွက်ပေါ်လာသော မေးခွန်းများတွင် ကောင်းကင်စင်ရော်ဂိုဏ်းချုပ်က ပြောစရာစကားမဲ့သွားရ၏။

ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်က ရှေ့သို့ ထွက်ရပ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“မျိုးနွယ်စုတစ်သောင်း စုဝေးလာပြီဆိုမှတော့.. ပဋိပက္ခတွေနဲ့ တိုက်ခိုက်မှုတချို့ ဖြစ်တတ်တာက ပုံမှန်ပဲ.. အခု အားလုံးက ရပ်တန့်သွားကြပြီဆိုတော့ ကျုပ်တို့က အေးဆေးထိုင်ပြီး စကားကောင်းကောင်း ပြောကြတာပေါ့”

“မင်း အဲ့လိုပြောတာနဲ့ပဲ ငါတို့က လိုက်နာပေးရမှာလား”

ဆူဇီမိုက ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်ကို တစ်ချက်စွေကြည့်လိုက်၏။

ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်သည် ဆူဇီမို၏ အကြည့်အောက်မှာ သူ၏ နှလုံးခုန်မှုက ရပ်တန့်သွားသည့်အလား ခံစားလိုက်ရ၏။ သူ၏ ဦးခေါင်းနောက်ဆီသို့ အေးစက်မှုတစ်ခုက တလိပ်လိပ် တိုးဝင်လာပြီး သူ၏ ပါးစပ်ကို ချက်ချင်းပင် ပိတ်လိုက်ရ၏။

ထိုအခိုက်အတန့်မှာ သူသည် သေခြင်းအော်ရာကို အမှန်တကယ်ပင် ခံစားမိသွား၏။

သူက နောက်ထပ်စကားတစ်ခွန်း ထပ်မံပြောဆိုရဲမည်ဆိုလျှင် အထီးကျန်သိုင်းသခင်က သူ့ကို သေချာပေါက် တိုက်ခိုက်ပြီး နေရာမှာပင် သတ်ဖြတ်လိုက်မည်ဟု သူက သေချာခံစားမိနေ၏။

ထိုစဉ်မှာပင်.. ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ဂိုဏ်းချုပ်က ရှေ့သို့ ထွက်ရပ်လာ၏။

“အထီးကျန်သိုင်းသခင်.. မင်းက ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ရန်ငြိုးရန်စ ရှိထားတယ်ဆိုတာ နားလည်လက်ခံလို့ ရတယ်.. ဒါပေမဲ့ ဒါက မျိုးနွယ်စုတစ်သောင်း စုဝေးပွဲပဲ.. မင်းရဲ့ ပုဂ္ဂိုလ်ရေး အငြိုးအတေးတွေကြောင့် မင်းရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ချင်တာနဲ့ပဲ လူသားမျိုးနွယ်တစ်ခုလုံးကို ဆွဲမထည့်နဲ့”

“ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားလဲ… အချက်အလက်တွေကို ပြောင်းပြန်လှန်ပြောနေတာပဲ”

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က အော်ပြောလိုက်လေသည်။

ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ကမ္ဘာဦးမျိုးနွယ်ရဲ့ သခင်လေးတွေက ညှိနှိုင်းဆွေးနွေးချင်တယ်ဆိုရင်.. အထီးကျန်သိုင်းသခင် ခင်ဗျားက တိုက်ခိုက်မှုကို ရပ်တန့်ပြီး စကားနဲ့ အေးဆေးပြောဆိုသင့်တယ်လို့ ကျုပ်ထင်တယ်”

ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် ဓားဂိုဏ်းသည် စောစောက သူတို့၏ ရပ်တည်ချက်ကို ဖော်မပြခဲ့ကြပေ။

သူတို့သည် ကမ္ဘာဦးမျိုးနွယ် ၆ စုဘက်ကနေ မရပ်တည်ခဲ့သော်လည်း သူတို့သည် သူတို့ကို တိုက်ခိုက်ဖို့လည်း သတ္တိမရှိပေ။

သို့သော်လည်း အထီးကျန်သိုင်းသခင် ပေါ်ထွက်လာပြီးနောက်.. ထိုဂိုဏ်းနှစ်ဂိုဏ်း၏ ဂိုဏ်းချုပ်များက ဒီတိုင်း ထိုင်မနေနိုင်ကြတော့ပေ။

အထီးကျန်သိုင်းသခင်သည် ပုဂ္ဂိုလ်ရေး ရန်ငြိုးရန်စများကို အလေးထားနေသည်ဟု ကစဉ့်ကလျားအမြုတေဂိုဏ်းက ပြောဆိုလိုက်သော်လည်း ထိုဂိုဏ်းချုပ်နှစ်ယောက်သည် သူတို့၏ ရပ်တည်ချက်များကို ဖော်ပြလာရသည့် အကြောင်းရင်းမှာ သူတို့သည် အထီးကျန်သိုင်းသခင်နှင့် ပုဂ္ဂိုလ်ရေး အငြိုးအတေး ရှိနေသောကြောင့် ဖြစ်လေသည်။

“အို..”

ဆူဇီမိုက မျက်ခုံးပင့်ပြီး မေးလိုက်၏။

“လူသားမျိုးနွယ်ကို ကိုယ်စားပြုရအောင် မင်းတို့ကိုယ်မင်းတို့ ဘယ်သူတွေ ထင်နေလို့လဲ”

“အထီးကျန်သိုင်းသခင်…”

မိုးကြိုးလေပြေနန်းတော်၏ နန်းတော်အရှင်က အော်ပြောလိုက်လေသည်။

“သိပ်ပြီးတော့ ရိုင်းပျမလာနဲ့.. အင်မော်တယ်ဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေအနေနဲ့ ငါတို့က လူသားမျိုးနွယ်ကို ဘာလို့ ကိုယ်စားမပြုနိုင်ရမှာလဲ”

“လူသားမျိုးနွယ်က ကမ္ဘာဦးမျိုးနွယ် ၆ စုရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်.. ဒါတောင် မင်းတို့တွေက မှင်သေသေ မျက်နှာထားနဲ့ ဒီတိုင်းထိုင်​ပြီး ကြည့်နေကြတယ်… မင်းတို့ကို လူသားတွေလို့ ခေါ်ဆိုဖို့တောင် ထိုက်တန်တယ်လို့ မင်းတို့ ထင်လို့လား”

“မင်းတို့ကို လူသားတွေလို့တောင် မခေါ်နိုင်ဘူး ဆိုမှတော့… မင်းတို့က လူသားမျိုးနွယ်ကို ကိုယ်စားပြုနိုင်ဦးမယ် ထင်လို့လား”

ထိုသို့ သူပြောလိုက်သောအခါ.. ကစဉ့်ကလျားအမြုတေဂိုဏ်း၊ ဓားဂိုဏ်းနှင့် အခြားဂိုဏ်းများ၏ ဂိုဏ်းချုပ်များသည် သူတို့၏ မျက်နှာများ နီမြန်းသွားပြီး ပူစပ်ပူလောင် ခံစားလာရ၏။

“အဲဒါ အမှန်ပဲ”

“မင်းတို့က ဒီလောက်ထိ သတ္တိကြောင်နေပြီးမှ မင်းတို့ကိုယ်မင်းတို့ အင်မော်တယ်ဂိုဏ်းတွေလို့ ဘယ်လိုတောင် ခေါ်ဆိုရဲတာလဲ.. မိုးပျံငှက်မွေးဂိုဏ်းက ငါတို့ ကျင့်ကြံသူတွေအတွက်တော့ မင်းတို့တွေနဲ့ တူညီတဲ့ အဖွဲ့အစည်းတစ်ခုထဲမှာ ရှိနေရတာ တကယ့်ကို အရှက်ရစရာပဲ”

“ဓားဂိုဏ်းကျင့်ကြံသူတွေက အညံ့ခံဖို့ထက်​ သေဖို့ကို ပိုလိုလားပြီး အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ ရှေ့ကိုပဲ ဆက်တိုးကြတယ်တဲ့… အခုလက်ရှိ ဓားဂိုဏ်းမှာတော့ ရှေးဟောင်းခေတ်က ဓားကျင့်ကြံသူတွေလို ထက်ရှမှုမျိုး မရှိတော့ဘူး… မင်းတို့တွေက မင်းတို့ရဲ့ မူလတည်ထောင်သူ သခင်တွေကို တကယ် အရှက်ရစေတာပဲ”

တိုက်ပွဲကနေ ရှင်သန်ကျန်ရစ်ခဲ့သော ကျင့်ကြံသူများစွာက လှောင်ရယ်လိုက်ကြ၏။

ထိုစကားကို ကြားသောအခါ.. ကစဉ့်ကလျားအမြုတေဂိုဏ်း၊ ဓားဂိုဏ်းနှင့် အခြားဂိုဏ်းများ၏ ဂိုဏ်းချုပ်များသည် ညိုမည်းသွားသော အမူအရာများနှင့်အတူ သူတို့၏ မျက်နှာများက ပို၍ပင် ပျက်ယွင်းလာကြ၏။

ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများသည် လေထဲကနေ လှောင်ရယ်ပြီး တိုက်ခိုက်ခြင်း မရှိဘဲ ပြပွဲကို ဘေးကနေ စောင့်ကြည့်နေကြ၏။

လူသားမျိုးနွယ်က သူတို့အချင်းချင်း တိုက်ခိုက်ကြမည်ဆိုလျှင် အဲဒါက သူတို့အတွက် အကျိုးရှိလေသည်။

“အထီးကျန်သိုင်းသခင်.. အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောမနေနဲ့”

ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ဂိုဏ်းချုပ်က အံကို တင်းတင်းကြိတ်လိုက်၏။

“အင်မော်တယ်ဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေအနေနဲ့…”

“ဟီးဟီး”

သူ့စကားဆုံးအောင် မပြောရသေးခင်မှာပင်.. သူ့ကို ဆူဇီမိုက ဖြတ်၍ လှောင်ရယ်လိုက်၏။

“မင်းတို့ကို ငါပြောလိုက်မယ်”

ဆူဇီမို၏ အကြည့်က ဓားဂိုဏ်း၊ ကစဉ့်ကလျားအမြုတေဂိုဏ်း၊ ကောင်းကင်စင်ရော်ဂိုဏ်းနှင့် အခြားသော အင်မော်တယ်နှင့် မိစ္ဆာဂိုဏ်းများအပေါ် ကျဆင်းသွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“လက်ရှိကျင့်ကြံရေးလောကက မင်းတို့ရဲ့ လောက မဟုတ်တော့ဘူး.. မင်းတို့တွေက လူသားမျိုးနွယ်ကိုယ်စား ဆုံးဖြတ်ချက်ကိုလည်း မချပေးနိုင်တော့ဘူး.. မင်းတို့ရဲ့ ဦးဆောင်မှုအောက်မှာ လူသားမျိုးနွယ်က အနိုင်ကျင့်ခံရပြီး ဖိနှိမ်ခံရဖို့ပဲ ရှိတယ်”

“အခု ဒီနေရာ ဒီအချိန် ပဟေဠိနန်းတော်မှာ.. ငါ အထီးကျန်သိုင်းသခင်က အထွတ်အထိပ်ပဲ… တာအိုရောင်းရင်းတို့.. ခင်ဗျားတို့တွေက ကျုပ်နောက်ကို လိုက်ပြီး ကျုပ်ရဲ့ အမိန့်ကို နာခံဖို့ ဆန္ဒရှိရဲ့လား”

ဆူဇီမိုသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ကျယ်လောင်စွာ မေးလိုက်၏။

“ကျုပ်တို့ ဆန္ဒရှိတယ်”

များစွာသော ကျင့်ကြံသူများက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အော်ပြောလိုက်ကြ၏။

“မင်း…”

ဓားဂိုဏ်း၊ ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် အခြားဂိုဏ်းများ၏ ဂိုဏ်းချုပ်များက ဒေါသူပုန်ထသွားကြ၏။

“ဟုတ်ပြီလေ”

ဆူဇီမို၏ အကြည့်က ဓားဂိုဏ်း၊ ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် အခြားဂိုဏ်းများ၏ ဂိုဏ်းချုပ်များအပေါ် ဆင်းသက်သွားပြီး သူက အေးစက်စွာ ပြောဆိုလိုက်၏။

“အဲဒါကို လက်ခံယုံကြည်မှု မရှိတဲ့သူ ဘယ်သူမဆို သနားညှာတာမှု မရှိ.. ငါသတ်မယ်”

ထိုသို့ပြောရင်း သူက ဓမ္မဖြိုခွင်းလေး၏ လေးကြိုးကို ဆွဲတင်လိုက်လေသည်။

ဇီး…

လေးကြိုးက တုန်ခါသွားပြီး အေးစက်နေသော သတ်ဖြတ်လိုစိတ်က ဖြာထွက်လာ၏။

ဓားဂိုဏ်း၊ ကစဉ့်ကလျားအမြုတေဂိုဏ်း၊ ကောင်းကင်စင်ရော်ဂိုဏ်းနှင့် အခြား ထိပ်သီးဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များသည် သူတို့၏ ပါးစပ်များကို ချက်ချင်းပိတ်ပြီး အသံတိတ်သွားကြ၏။

သူတို့သည် ကျင့်ကြံရေးလောက၏ အသန်မာဆုံး အဖွဲ့အစည်းများကို ကိုယ်စားပြုလေသည်။ သို့သော် ယခုအခါ သူတို့သည် လူတစ်ယောက်တည်း၏ အော်ရာဖြင့် အပြတ်အသတ် ဖိနှိမ်ခြင်းကို ခံလိုက်ရ၏။

အထီးကျန်သိုင်းသခင်က အထွတ်အထိပ်သို့ တက်လှမ်းသွားလေပြီ။

All Chapters